ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်ကို ရန်ကုန်မြို့တွင် မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ရှမ်းမြောက်မှာဝင်ပြိုင်မဲ့ ကချင်အမျိုးသား ဦးမော်ထွန်းအောင်နှင့် တွေ့ဆုံခြင်း

ကချင်လူမျိုး၊ မြစ်ကြီးနားဇာတိဖြစ်တဲ့ ဦးမော်ထွန်းအောင်ဟာ နိုဝင်ဘာရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီကို ကိုယ်စားပြုပြီး မူဆယ်ခရိုင်အတွင်း မူဆယ်၊ ကွတ်ခိုင်နဲ့ န့မ်ခမ်းသုံးမြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

ဟောင်ကောင်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ ဘာသာရပ်တွေကို လေ့လာသင်ယူခဲ့ပြီး ၂၀၁၄ကစလို့ သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ Natural Resource Governance Institute မှာလည်း မြန်မာနိုင်ငံဆိုင်ရာဌာနေမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဖရွန်းတီးယားမြန်မာသတင်းဌာနက သူ့ရဲ့ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်နဲ့ တကယ်လို့သာ အရွေးကောက်ခံခဲ့ရရင် လုပ်ဆောင်မဲ့ ရည်မှန်းချက်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဟိန်းသာ မေးမြန်းတင်ဆက်သည်။

ဘာကြောင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ပြိုင်ဖို့ ရွေးချယ်ခဲ့တာပါလဲ။ ဘာကြောင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)မှာ ဝင်ပြိုင်ဖို့ ရွေးချယ်ခဲ့တာလဲ။

SNLD အတွက်လည်း ဒါကျွန်တော်လိုမျိုးကိုထားတယ်ဆိုတာလည်း ဘာပဲပြောပြော မူဝါဒပြောင်းလဲခြင်းမှာ စမ်းသပ်ကြည့်တာလည်းပါတယ်။ ပြီးတော့ ကျွန်တော့်အတွက်ကလည်း ဖောက်ထွက်ရမဲ့ဘောင်တွေများတယ်။ State boundary (နယ်နိမိတ်ဘောင်) ရှိတယ်။ Religon boundary (ဘာသာရေးအရဘောင်) တွေရှိတယ်။ Geography (ပထဝီဝင်) ဘောင်တွေရှိတယ်။

နယ်မြေရွေးတဲ့နေရာမှာတော့ ကိုယ့်ဘက်က ခိုင်လုံမဲအများဆုံးရနိုင်တဲ့ နေရာတွေကို မဟာဗျူဟာအရ စဉ်းစားရတယ်ပေါ့နော်။ အဲဒီလိုစဉ်းစားတဲ့ နေရာမှာတော့ ရှမ်းမြောက်၊ အထူးသဖြင့် ကချင်လူမျိုးနဲ့ရှမ်းလူမျိုးတွေ ရောပြီးတော့နေတဲ့နေရာ။ ပြီးတော့ပါတီရဲ့ထောက်ခံသူတွေကလည်း အားကောင်းတယ်၊ အဲဒီလိုနေရာကို ဦးစားပေးစဉ်းစားရတာပေါ့နော်။ မူဆယ်ခရိုင်က ကျွန်တော်တို့စဉ်းစားတဲ့ criteria (စံနှုန်း)တွေနဲ့လည်းပြည့်စုံတယ်။ ပါတီထဲကလူတွေအနေနဲ့ကလည်း ဒါတွေကိုလိုလိုလားလားရှိတယ်။

အဲဒါကြောင့်မို့လို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် မူဆယ်ခရိုင်ကိုရွေးဖြစ်တာပေါ့။ ဒါကျွန်တော်တို့ပါတီဘက်က ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ စဉ်းစားတဲ့ပုံစံပေါ့နော်။ ကျွန်တော့်ဘက်က ကျတော့လည်း representလုပ်မယ်ဆိုရင် (ကိုယ်စားပြုမယ်ဆိုရင်) ကချင်ပြည်နယ်လိုမျိုးမှာထက် ကချင်ပြည်နယ်ပြင်ပမှာရှိတဲ့ ကချင်လူမျိုးတွေကို ကိုယ်စားပြုချင်တယ်။ နိုင်ငံရေးမှာဆိုရင် အသစ်ဖြစ်တာမျိုးတွေဖြစ်စေချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ တစ်ခါတစ်လေကျရင် identity (လူမျိုးအမှတ်သညာ)တွေနဲ့ တအားကိုရစ်ပတ်နှောင်ဖွဲ့တာတွေများတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာထက် ဒါမျိုးလေးတွေလည်း စဉ်းစားလို့ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာ goal(ရည်မှန်းချက်)က တူနေတာပဲပေါ့နော်။ ဖက်ဒရယ်ဆိုတဲ့ ရည်မှန်းချက်ကလည်း တူနေတာပဲ။ နောက်ပြီးနိုင်ငံရေးလုပ်ရခြင်း ရည်ရွယ်ချက်ကလည်း ဒီထဲမှာ ကျွန်တော်တို့ဒီဒေသမှာနေတဲ့ လူတွေအရေးတွေ အားလုံးပါတယ်။ အဲဒီအရေးတွေထဲမှာ ယဉ်ကျေးမှု၊ စာပေ၊ collective right (စုပေါင်းဘုံအခွင့်အရေး)တွေ၊ ethnic right (တိုင်းရင်းသားအခွင့်အရေး)တွေ အဲဒါတွေလည်း အလိုလိုပါပြီးသားပဲပေါ့နော်။ ဆိုတော့ အဲဒီတစ်ခုကိုလည်း ကျွန်တော်စဉ်းစားတယ်ပေါ့နော်။ နောင်လာမဲ့ မျိုးဆက်တွေကိုလည်း ကျွန်တော်တို့နိုင်ငံရေးစဉ်းစားတဲ့ပုံစံမှာ တစ်အားကြီးကို identity politics (လူမျိုးစုကိုယ်ပိုင်အမှတ်သညာအခြေပြုနိုင်ငံရေး)တစ်ခုတည်းကိုပဲ မစဉ်းစားစေချင်ဘူး။ ဒါကအရေးမကြီးဘူးမဟုတ်ဘူး အရေးကြီးတယ်။ ဒါပေမဲ့ဒါတစ်ခုထဲပဲနဲ့ ရပ်စရာမလိုဘူးပေါ့နော်။ တခြားကိုယ့်ရဲ့ inclusiveness ပေါ့။ ကျယ်ပြန့်တဲ့ပုံစံအနေနဲ့လည်း ကိုယ့်ရဲ့လူမျိုးအရေး၊ ဒေသအရေးကို လုပ်လို့ရတယ်ဆိုတာကို ကျွန်တော်က ပြချင်တာလည်းပါတယ်။

ရှမ်းပါတီဝင်တဲ့အပေါ် ကချင်လူမျိုးတွေက ဘာပြောကြလဲ။

ပထမကတော့ သူတို့နည်းနည်းတော့ shock(အံ့ဩ) ဖြစ်သွားတယ်ပေါ့နော်။ ဘာဖြစ်လို့ ရှမ်းပါတီကိုရွေးတာလဲပေါ့နော်။ ကျွန်တော်အနေနဲ့ ပြန်ရှင်းပြတယ်။ နိုင်ငံရေးမှာတော့ It’s all about number (ကိန်းဂဏန်းတွက်ချက်မှုကအဓိက)ပဲလေ။ နိုင်ဖို့လည်းလိုအပ်သေးတာကိုး။ မူဝါဒတွေ ဘယ်လောက်ပဲ ခိုင်မာနေပါစေဦး။ နိုင်အောင်လုပ်ဖို့အရေးကြီးတယ် အဲဒါလေးကိုလည်းရှင်းပြဖြစ်ပါတယ်။

ရှမ်းပြည်မှာ ကချင်လူမျိုးတွေအများကြီးရှိတယ်ဆိုပေမဲ့ သူတို့ကိုကိုယ်စားပြုပေးနိုင်မဲ့လူမရှိတာ ကြာပြီပေါ့နော်။ ဆိုတော့ သူတို့ရဲ့ political space (နိုင်ငံရေးအခွင့်အရေးကျင့်သုံးမှု)တွေ ဆုံးရှုံးရတယ်။ အဲဒီအခါကျတော့ သူတို့အတွက် ကွက်လပ်တစ်ခုဖြစ်နေတယ်။ အဲဒီကွက်လပ်ကိုဖြည့်ဖို့ဆိုရင် ရှမ်းပြည်နယ်မှာ ကချင်ပါတီသီးသန့်ကနိုင်ဖို့ဆိုရင် မြို့နယ်ထဲမှာအရမ်းနည်းတယ်။ ဒါတောင်မှ တအားစည်းရုံးရမှာပေါ့နော်။ အဆင်မပြေနေဘူး။ အဲဒီစိတ်အခံလည်း ပါပါတယ်။

ပြီးတော့ နိုင်ငံရေးမှာ လွှတ်တော်ထဲမှာ နေရာရအောင်ယူတဲ့အခါမျိုးမှာ ကျွန်တော်တို့က တိုင်းရင်းသား အင်အားစုတွေအချင်းချင်းညီညွတ်တယ်ဆိုတာကို အောက်ခြေအဆင့်က ပြတဲ့အခါမျိုးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာဖြစ်စေ၊ နိုင်ငံရေးဆွေးနွေးပွဲမှာပဲဖြစ်စေ၊ ဒေသရဲ့ညီညွတ်ခြင်းကို ပြနိုင်တာမို့လို့ ကျွန်တော်တို့ရဲ့လမ်းသစ်လည်းဖြစ်တယ်။ အားပေးသင့်တယ်လည်းဖြစ်တော့ ရိုးရိုးရှင်းရှင်းပဲပြန်ပြောပါတယ်။ identityဆိုတာထက် ဘယ်သူက ဘာလုပ်ပေးနိုင်မလဲက ပိုအရေးကြီးတယ်ပေါ့။ ရေကန်ထဲမှာ မွန်၊ ဗမာ၊ ရခိုင်ဆိုတဲ့ လှေလေးသုံးစင်းရှိတယ်ဆိုပါစို့။ ရေကန်မြင့်လာရင် လှေတွေကလည်း သုံးစင်းလုံးမြင့်လာမှာပါပဲ။ လှေကပေါက်နေရင် အဲဒါကတော့ လှေပိုင်ရှင်တွေ ဖာရမှာပေါ့နော်။

ဒီအမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)မှာ အဓိကပြိုင်ဘက်က ၂၀၁၀မှာပြည်ခိုင်ဖြိုးကနိုင်တယ်။ ၂၀၁၅မှာ တအာင်းပလောင်ပါတီနိုင်တယ်ပေါ့နော်။ ပြီးတော့ ပြည်ခိုင်ဖြိုးက ပြီးခဲ့တဲ့နှစ်မှာဆိုရင် ကြိုတင်မဲတွေအများကြီး အသုံးချထားတာပေါ့။ ပြီးတော့ ဒီမဲဆန္ဒနယ်က မဲမသမာမှုတွေ ဖြစ်နိုင်တဲ့နေရာဆိုတော့ ရလဒ်အပေါ် ဘယ်လိုမျှော်လင့်ထားတာလဲ။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့ ဘယ်လိုပဲအကောင်ထည်ဖော်ဖော်ဖော် ဒီကြားထဲမှာ ပုံမှန်မဟုတ်တဲ့ ဟာမျိုးလေးတွေတော့ရှိမှာပဲပေါ့နော်။ ကျွန်တော်တို့ဘက်တော့ တက်နိုင်သလောက်ကတော့ နံပါတ်တစ်၊ မဲပေးသူစာရင်းတွေ မှန်ကန်ဖို့လိုတယ်။ ဒီရွေးကောက်ပွဲဥပဒေပြောင်းလိုက်တာတစ်ခုက တပ်မဲတွေကို ကျွန်တော်တို့ အပြင်ထုတ်ရမယ်။ ဒါကိုမှန်ကန်ချက်ရှိ၊ မရှိ ပြန်လည်စိစစ်ဖို့လိုတယ်။ ပြီးတော့ တပ်ရဲ့သဘောက လှုပ်ရှားတပ်တွေရှိတယ်။ ရှေ့တန်းသွားရတာတွေရှိတယ်။ သူတို့ရဲ့ ခုနကပြောတဲ့ ရက်၉၀အတွင်း မူရင်းတပ်ရင်းမှာမရှိဘဲ ရွာတွေမှာရောက်နေပြီးတော့ ရွာတွေမှာမဲပေးမယ်ဆိုရင် အဲဒီစာရင်းနဲ့ တပ်မမှာရှိနေတဲ့ စာရင်းကိုက်ဖို့လိုတယ်။ အဲဒါကိုတော့ ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ကြည့်ပေးဖို့လိုတယ်။ အဲဒီစာရင်းကိုလည်း UECက ထုတ်ပြန်ပေးရမှာဖြစ်သလို တပ်မဲပေးသူစာရင်းက ရွာထဲကိုရောက်တယ်ဆိုရင် သူ့တပ်ရင်းမှာ ကျန်လို့မရဘူး။ အဲဒီလိုမျိုး မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ဖို့လိုတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲမှာ မဲပေးဖို့ရန်အတွက် မသင့်တော်တဲ့လူ အဲဒီထဲမှာ သေသွားတဲ့လူတွေလည်းပါမယ်။ တစ်နယ်တစ်ကျေးရောက်နေတဲ့ လူတွေ၊ အဲဒီလိုလူတွေ မှန်၊ မမှန်လုပ်ပေးရမယ်။ ဒါsystem (စနစ်) အပိုင်းကိုပြောတာ။ ဒါကိုဘယ်လောက်ကို ဘယ်လိုလုပ်လဲဆိုတာကို UECက ပါတီတွေရော ပြည်သူတွေကိုရော မှန်ကန်စွာ ထုတ်ပြန်နိုင်ရမယ်။ ဒါကျွန်တော်တို့ဘက်က မျှော်လင့်တဲ့အချက်ပေါ့နော်။ နောက်တစ်ခုက မဲပေးနိုင်တဲ့ကိုယ့်ကို ဘယ်သူကမှ အတင်းအဓမ္မခြိမ်းခြောက်ပြီးတော့ မဲပေးခိုင်းတဲ့ကိစ္စမဖြစ်အောင် UECက ရွေးကောက်ပွဲနေ့မှာ မဲရုံမှူးတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့လူတွေကို သေချာပညာပေးထားဖို့လိုတယ်။ အခြေအနေတစ်စုံတစ်ရာ အတင်းဖိအားပေးပြီးတော့ တစ်ယောက်တည်းက မဲလက်မှတ်တွေကို ဒိုင်ခံထုသွားတာမျိုးတွေ ဖြစ်လား၊ မဖြစ်လားဆိုတာကိုလည်း UECက စိစစ်ရမယ်။ အရင်ရွေးကောက်ပွဲကဟာရော တစ်ကမ္ဘာလုံးကဟာ ကြည့်ပြီးတော့ မြင်တဲ့အရာ။ ဒီလိုစိန်ခေါ်မှုတွေရှိတယ်။ ဒါတွေကို UECက အရပ်ဘက်အဖွဲ့အစည်းနဲ့ သူ့ရဲ့ယန္တရားကို အသုံးချပြီးတော့ လုပ်သင့်တယ်။ ဒီလိုမြင်တယ်။

ကချင်လူမျိုးဖြစ်တယ်။ ဝင်ပြိုင်မဲ့နေရာကလည်း အင်အားကောင်းတဲ့ ရှမ်းပါတီဖြစ်တယ်။ ဒါပေမဲ့ ဦးမောင်ထွန်းအောင်ရွေးထားတဲ့ မဲဆန္ဒနယ်မှာကျတော့ တအာင်းပလောင်လူမျိုးတွေရဲ့အင်အားကိုလည်း လျှော့တွက်လို့မရဘူး။ မဲနိုင်ထားတယ်။ ခိုင်မာမဲကလည်းရှိနေတယ်။ တအာင်းပလောင်လူမျိုးတွေဆီကမဲရဖို့ ဘယ်လိုပြင်ဆင်ထားသလဲ။ 

အဲဒီကိစ္စကတော့ ဘယ်လောက်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်သလဲဆိုတာနဲ့ သွားဆက်စပ်တယ်ဗျ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင်တော့ မကြောက်ဘူး။ မကြောက်ဘူးဆိုတာက ကျွန်တော်လုပ်ပေးနိုင်တဲ့အရာ၊ ကိုယ့်ရဲ့ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ ပါတီရဲ့မူဝါဒခိုင်ခံ့မှုကို ကျွန်တော်ကယုံကြည်တယ်။ ဆိုလိုတဲ့သဘောက ကျွန်တော်သည် လူမျိုးတစ်မျိုးတည်းအတွက်ပဲ လုပ်မှာလည်းမဟုတ်ဘူး။

ကျွန်တော်အနေနဲ့ အာမခံနိုင်တာက ရွေးကောက်တင်မြှောက်ခံလိုက်ရပြီဆိုရင် ကိုယ့်ကိုမဲမထည့်ခဲ့တဲ့ရွာတွေ၊ မနိုင်ခဲ့တဲ့ ရွာတွေ၊ မြို့တွေကို လှည့်မကြည့်ဘူးဆိုတဲ့ အစီအစဉ်လည်းမရှိဘူး။ ဒါက ကျွန်တော့်ရဲ့ ခံယူချက်က ဒီဒေသမှာ မဲဘယ်လောက်နဲ့ပဲနိုင်နိုင် ဒီဒေသမှာရှိတဲ့ လူအားလုံးအတွက် ကိုယ်ကလုပ်ရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ ပါတီအနေနဲ့လည်းအာမခံနိုင်တယ်။ လူပုဂ္ဂိုလ်အနေနဲ့လည်း အာမခံနိုင်တယ်။ ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတရင် ကျွန်တော့်အနေနဲ့ကတော့ မကြောက်ပါဘူး။

ရှမ်းမြောက်ရဲ့ ရှုပ်ထွေးပြီး ပြဿနာများတဲ့ မြို့နယ်သုံးခုအတွက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကိုရွေးထားတယ်။ ပြီးတော့ မိုင်ပေါင်းများစွာဝေးတဲ့ နေပြည်တော်မှာနေပြီးတော့ လွှတ်တော်နိုင်ငံရေးကိုဝင်မယ်ဆိုရင် ဒေသအတွက် အကောင်းဆုံးပြန်ကြည့်ပေးနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပါသလား။

ကျွန်တော်ပြန်ပြောရမှာက ကျွန်တော်နိုင်ငံရေးထဲဝင်တယ်ဆိုတော့ အဲဒါတွေကိုလည်း စဉ်းစားထားပြီးသားပါ။ ဒါကတစ်ယောက်တည်း အစွမ်းပြရတဲ့ ကိစ္စဟုတ်ဘူးပေါ့နော်။ ကိုယ့်ရဲ့မဟာမိတ်တွေနဲ့ လုပ်ရမှာပေါ့နော်။

မဲဆန္ဒနယ်အတွက်က ကျွန်တော်တို့စဉ်းစားထားတာကတော့ ပါတီကလည်း မြို့နယ်မှာဆိုလည်း လူငယ်တွေရှိမယ်၊ ပါတီဝင်တွေရှိမယ်။ သူတို့တွေနဲ့ ပူးပေါင်းပြီးတော့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုကို ပိုပြီးအားကောင်းအောင် လုပ်ဖို့အစီအစဉ်တွေရှိမယ်။ အထူးသဖြင့် နိုင်ငံရေးစိတ်ဝင်စားတဲ့ လူငယ်တွေကိုလည်း နိုင်ငံရေးထဲမှာသူတို့ရနိုင်မဲ့ အခွင့်အလမ်းတွေရော၊ သူတို့လုပ်နိုင်မဲ့ နေရာကိုလည်းရောက်အောင် လက်တွဲခေါ်သွားဖို့။ ဥပမာလူငယ်တွေကို အလုပ်သင်ပုံစံမျိုး၊ ရုံးအဖွဲ့တွေကို စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် ထိထိရောက်ရောက်လုပ်သွားဖို့စဉ်းစားထားပါတယ်။

နေပြည်တော်မှာ တစ်ယောက်တည်း လုပ်တာမျိုးမဟုတ်ဘူး။ နေပြည်တော်မှာဆိုရင်လည်း ကျွန်တော့်ရဲ့ပါတီမှာ နိုင်ငံရေး၊ မူဝါဒပိုင်းစိတ်ဝင်စားတဲ့လူငယ်တွေ လက်တွေ့လုပ်နိုင်မဲ့ အလုပ်သင်အစီအစဉ်တွေ စီစဉ်မယ်။ စေတနာ့ဝန်ထမ်းအဖွဲ့တွေကိုလည်း စနစ်တကျဖြစ်အောင် လုပ်သွားမှာဖြစ်တယ်။ အခုလက်ရှိ ကျွန်တော့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှာလှုပ်ရှားနေတဲ့ လူတွေဖြစ်တယ်။

သူတို့ကိုလည်း ရွေးကောက်ပွဲပြီးသွားလို့ နိုင်သွားရင်တော့ ဒီလက်ရှိရှိနေတဲ့ အဖွဲ့တွေကိုလည်း ခိုင်ခံ့တဲ့ နိုင်ငံရေးစက်ယန္တရားတစ်ခုအနေနဲ့ မဲဆန္ဒရှင်တွေနဲ့ အမြဲတမ်း ထိထိရောက်ရောက် ဆက်သွယ်လို့ရနိုင်တဲ့ နည်းလမ်းတွေထူထောင်တာတို့၊ အဲဒါတွေလည်း စဉ်းစားထားပြီးသားရှိပါတယ်။ အစီအစဉ်တွေကတော့ စီမံကိန်းတွေရှိပြီးသားပါ။ ကျွန်တော်အနေနဲ့ကတော့ လုပ်နိုင်တာ လူစွမ်းကောင်းလုပ်နိုင်တာမဟုတ်ပါဘူး။ အဲဒီလိုလုပ်လို့လည်းမရတော့ နိုင်ငံရေးစက်ယန္တရားတစ်ခု ထောင်ရမှာပေါ့။

ကျွန်တော်က အဓိကကတော့ hardware and software (ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ) ပိုင်းဆို softwareအပိုင်းကို ပိုစိတ်ဝင်စားတယ်။ အဲဒါက အခြေခံအဆောက်အအုံတွေ၊ နယ်စပ်ကုန်သွယ်ရေးတွေထက် အဲဒီဒေသမှာရှိတဲ့ လူတွေက အာဏာပိုင်တွေကိုရော၊ လက်နက်ကိုင်တွေကိုရော တုန်လှုပ်ခြောက်ခြားနေရတဲ့ ဘဝမျိုးတော့မဖြစ်စေချင်ဘူး။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ နေထိုင်စေချင်တယ်။ လက်နက်ကိုင်ကလည်း မရှိလို့မရဘူး၊ ရှိပါ။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုထိပါးစေတဲ့ လုပ်ဆောင်ချက်မျိုးတွေနဲ့ မဆက်ဆံတာမျိုးဖြစ်စေချင်တယ်။

ဥပမာလက်နက်ကိုင်လှုပ်ရှားတဲ့ ဒေသဖြစ်တဲ့အတွက် ဒေသခံတွေရဲ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့အညီဖြစ်အောင်ပေါ့။ ဒါကကျတော့လက်နက်ကိုင်ကိစ္စမှ မဟုတ်ဘူး။ အစိုးရရုံးတွေ၊ အာဏာပိုင်တွေနဲ့ဆက်ဆံတဲ့အခါမှာလည်း ပြည်သူတွေက မတရားအောက်ကျို့ပြီးတော့ ကြောက်နေရတာမျိုးမဖြစ်စေချင်ဘူး။ ကျွန်တော်က အဲဒါကိုအဓိကထားပြီးတော့ အဲဒါလေးကိုတော့ပြောင်းစေချင်တယ်။ ငါတို့ကို အာဏာပြဖို့မဟုတ်ဘူး။ ငါတို့အားလုံးရဲ့ အခွင့်အရေးအတွက် ဒီယန္တရားကရှိနေတာဖြစ်တယ်။ အဲဒီမှာရှိတဲ့ လူဘယ်သူကိုမဆို ဆက်ဆံတဲ့နေရာမှာ လူ့ဂုဏ်သိက္ခာကို ထောက်တဲ့ဆက်ဆံရေးတွေဖြစ်စေချင်တယ်။

၂၀၁၅မှာ လက်ရှိ အာဏာရပါတီအင်န်အယ်လ်ဒီကို လူငယ်ပညာတတ်တွေ အမတ်လောင်းအဖြစ် ဝင်အရွေးခံကြတယ်။ အာဏာရပါတီရဲ့အမတ်ဖြစ်လာတဲ့အချိန်မှာ အဆိုကို လွတ်လွတ်လပ်လပ် မတင်ရတာတွေ။ ကိုယ်ကလုပ်ချင်ပေမဲ့ အစိုးရယန္တရားက ကြီးက တလွဲတွေဖြစ်လာတွေကြုံရမှာပေါ့။ ဦးမော်ထွန်းအောင်အနေနဲ့ရော တကယ်လို့သာအမတ်ဖြစ်လာခဲ့ရင် လွှတ်တော်အတွင်း အဆိုတင်သွင်းတာတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရဖို့ပါတီနဲ့ ဘယ်လိုစကားပြောထားသလဲပေါ့။

ပါတီမှာ ဒုဥက္ကဋ္ဌက ပြောထားပြီးသားပေါ့။ ကိုယ်စားလှယ်တွေက ပြည်သူအပေါ်သစ္စာရှိဖို့ ပိုအရေးကြီးတယ်။ ပါတီအပေါ်သစ္စာရှိဖို့ထက် ပြည်သူကိုသစ္စာရှိဖို့ ပိုအရေးကြီးတယ်။ ပါတီအနေနဲ့ ကိုယ့်ရဲ့မူဝါဒအပေါ်မှာ ယုံကြည်ပြီးတော့ အဆုံးအစွန်အထိ အာမခံပြီးပြောတဲ့စကားလို့လည်း ကျွန်တော်ယူဆတယ်။ ငါတို့ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့အကျိုးကိုပဲကြည့်မယ်ဆိုတော့ ပါတီကနေခွင့်မပြုလို့အဆိုတွေ တင်လို့မရဘူးဆိုတာကတော့ SNLDမှာ ရှိလာမှာမဟုတ်ဘူးပေါ့။ ဒါကပါတီခေါင်းဆောင်ရဲ့ ကတိစကားအပေါ် အခြေခံပြီးပြန်လည်ဖြေကြားခြင်းဖြစ်တယ်။

နောက်တစ်ခုက အစိုးရရဲ့ ဗျူရိုကရေစီယန္တရားအရတော့ မကောင်းဘူး၊ အလုပ်မဖြစ်ဘူးလို့ထင်ရင် ပြင်ရမှာကလွှတ်တော်ရဲ့တာဝန်ဖြစ်တယ်။ အဲဒီတော့ အဲဒါကို မပြင်ဘဲနဲ့ ဒီယန္တရားကြီးက အလုပ်မလုပ်ပါဘူးလို့ ထိုင်အော်နေတာ အဓိပ္ပာယ်မရှိဘူး။ လွှတ်တော်မှာ ပြင်ဖို့အာဏာရှိတယ်။ အလုပ်မလုပ်တဲ့ အပိုင်းကိုဖြုတ်လဲဖို့လည်း ကျွန်တော်တို့တိုက်တွန်းလို့ရတယ်။ အလုပ်မဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြင်လို့ရတယ်။ ဆိုတော့ အဲဒါကိုတော့ ကျွန်တော်က တစ်စိုက်မတ်မတ်လုပ်သွားမှာဖြစ်တဲ့အတွက် ဗျူရိုကရေစီယန္တရားကြောင့် ဒီ ပြုပြင်ပြောင်းလဲမှုတွေ နှေးတယ်ဆိုရင် ဒီယန္တရားကို အဖြေရှာရမှာဖြစ်တယ်လေ။

ကိုးလိုးကန့်လန့်တွေကို သွားပြောရမှာမဟုတ်ဘူး။ ကိုးလိုးကန့်လန့်လုပ်နေရင် အစိုးရက ဖြုတ်လိုက်လေ။ ဟုတ်တယ်မလား။ ဘာလို့မဖြုတ်ဘဲနဲ့ သူ့ကိုဆက်ထားပြီး ညည်းညူနေမလဲ။ ပြဿနာ​ဖြေရှင်းရာ မရောက်ဘူးလေ ကျွန်တော်ပြောတာ။ အဲဒီလိုမျိုးတွေကို ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်။ အဲဒါမျိုးတွေကို လုပ်ချင်လို့ကို ကျွန်တော်က လွှတ်တော်ထဲကို သွားချင်တာပေါ့။

ဘယ်အချက်တွေကြောင့် SNLDကို အင်န်အယ်လ်ဒီနဲ့ တခြားပါတီတွေထက် ပိုပြီးသဘောကျခဲ့တာလဲ။

ကျွန်တော့်အနေနဲ့ကတော့ SNLD ရဲ့သဘောထားတွေကို နှစ်နှစ်ခြိုက်ခြိုက်ယုံကြည်တယ်။ နိုင်ငံရေး လုပ်တယ်ဆိုရင် ကိုယ်ယုံကြည်တဲ့ မူဝါဒတွေ၊ ပေါ်လစီတွေရှိတဲ့ နေရာမှာပဲလုပ်တာကောင်းတယ်လေနော်။ ကိုယ်ရဲ့ ပုဂ္ဂိုလ်ရေး၊ ကိုယ်ပိုင်ရပ်တည်ချက်တွေက ကိုယ့်ရဲ့ပါတီနဲ့ အတတ်နိုင်ဆုံး တူရင်ကောင်းတယ်လေနော်။ ကျွန်တော့်အနေနဲ့ကတော့ အင်န်အယ်လ်ဒီပါတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရဲ့ ဖက်ဒရယ်မူဝါဒက အတွင်းထဲမှာဘာတွေပါနေလဲဆိုတာ ကျွန်တော်မမြင်နိုင်ဘူးဗျ။ သူတို့မပြောတာလား၊ မရှိသေးတာလားပေါ့။ သူတို့က ဖက်ဒရယ်နဲ့ပတ်သက်ပြီး မီးစဉ်ကြည့်ကသလိုဖြစ်နေတယ်။ သူတို့က ဖက်ဒရယ်နဲ့ပတ်သက်ပြီး အမြော်အမြင်က တိကျပြတ်သားမှုမရှိဘူးပေါ့နော်။ ကျွန်တော်တို့က ဖက်ဒရယ်ကို စာတွေ့တင်မကဘူး လူတွေ့ပါခံစားလာရတဲ့ မျိုးဆက်ဗျာ။ ကိုယ်တွေကလည်း ကချင်၊ ရန်ကုန်မှာကြီးတယ်။ ဒါပေမဲ့ ဒီမူဝါဒတွေရဲ့ မညီမျှမှုကို ကိုယ်ကိုယ်တိုင်ကလည်းမြင်တယ်။ ဖက်ဒရယ်ကိုသွားရမယ်ဆိုတာ အခိုင်အမာယုံကြည်တဲ့ လူတစ်ယောက်။

အင်န်အယ်လ်ဒီပါတီကကျတော့ ဖက်ဒရယ်ကိုသွားမယ်။ ဒါပေမဲ့ ဘယ်လိုဖက်ဒရယ်အမျိုးအစားလဲဆိုတဲ့ အထဲကအရာတွေကို ကျွန်တော်မမြင်ဘူး။ ဘယ်လိုလုပ်မယ်၊ ဘယ်လိုသွားမယ်ဆိုတာကို သူတို့မလုပ်ဘူးဆိုတာက ကျွန်တော်သဘောမတွေ့ဘူး။ အဲဒီလိုပြောလို့ အင်န်အယ်လ်ဒီက ကျွန်တော့်ကိုကိုယ်စားလှယ်လောင်းအဖြစ် လိုက်ခေါ်နေတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူး။ ကျွန်တော်လိုချင်တဲ့ စံနှုန်းတွေကိုပြောပြတာပေါ့နော်။ ဒါပေမဲ့SNLDကျတော့ အရမ်းရှင်းတယ်။ သူ့ရဲ့မူဝါဒတွေကို မြင်လိုက်တာနဲ့ သဘောကျတယ်။ ဒီကလူတွေလုပ်နေတာကလည်း မမှိတ်မသုန်လုပ်နေတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနယ်နိမိတ်ဘောင်တွေအများကြီး ဖောက်ထွက်ရတယ်ဆိုတာ သိသော်ငြားလည်း တမင် သဘောကျလို့ ဆုံးဖြတ်လိုက်တာ။

SNLDက စပြီးကမ်းလှမ်းတာလား။ ဦးမော်ထွန်းအောင်က စပြီးချဉ်းကပ်တာလား။

ကိုယ်ကိုယ်၌က သဘောကျလို့ စတင်ခဲ့တာပေါ့နော်။ စပြီးတော့စကားပြောတယ်။ ပြီးတော့မှ အသေးစိတ်ကို ဆွေးနွေးဖြစ်တယ်။ ပါတီခေါင်းဆောင်တွေမူဝါဒတွေကို ကိုယ်တိုင်ယုံကြည်ခဲ့တာဖြစ်လို့ အခက်အခဲမရှိပါဘူး။ စ,စကားပြောကတည်းက ရှမ်းပြည်နယ်ရဲ့ တစ်နေရာရာမှာ ပြိုင်ဖို့စဉ်းစားခဲ့တာပါ။

အင်န်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်မဖြစ်ရခြင်းက အကောင်းနဲ့အဆိုးနှစ်ခုရှိတယ်လို့ ကျွန်တော်မြင်တယ်။ အကောင်းကတော့ ပါတီရဲ့အနှောင်အဖွဲ့မရှိဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မယ်။ အဆိုးကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေပြောနေသလို ဒီမိုကရေစီအနိုင်ကျင့်တယ်ဆိုတဲ့ အမတ်နေရာများတဲ့လူရဲ့ သဘောထားခံရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အဆိုတိုင်းက သူတို့ထောက်ခံမှုမရှိဘဲ အတည်ဖြစ်မလာနိုင်ဘူး။ ဒါကိုရော ဘယ်လိုကျော်လွှားနိုင်မယ်ထင်လဲ။

ကျွန်တော်လွှတ်တော်ထဲ ဝင်သွားတယ်ဆိုတာက အားလုံးနဲ့အလုပ်လုပ်ဖို့လေနော်။ ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ ဥပဒေပြုကိုယ်စားလှယ်တွေ အားလုံးနဲ့လက်တွဲလုပ်ဆောင်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ ယူဆထားလို့ ဒါကိုပြဿနာလို့မမြင်ဘူး။ ကျွန်တော်တို့ ကောင်းကောင်းအသုံးချနိုင်ဖို့လည်း လိုတယ်။ မှန်တယ်။ နေရာအများစုအနိုင်ရတဲ့ပါတီကတော့ သူတို့ဒီကစားပွဲရဲ့ စည်းမျဉ်းရေးဆွဲရာမှာသူတို့ အားကောင်းတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း အင်န်အယ်လ်ဒီကလည်း သူသွားချင်တဲ့ လမ်းကလည်း ဒီမိုကရေစီကိုသွားမယ်၊ ဖက်ဒရယ်ကိုသွားမယ်လို့ သူကိုယ်တိုင်ပြောထားတဲ့ ဒီမိုကရေစီဘက်တော်သားပါတီဖြစ်တယ်။ ကျွန်တော်အနေနဲ့ကတော့ လက်တွဲပြီးမလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ မြင်တယ်။

တစ်ချို့အရာတွေကတော့ ခက်ခဲမှာမှန်ပေမဲ့ တပ်ကိုယ်စားလှယ်ပြောတဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတာကလည်း ကျွန်တော်တို့ အရပ်ဘက်အခြမ်းမှာ ဖြစ်မယ်လို့မထင်ဘူး။ ဒီမိုကရေစီရဲ့သဘောက နှီးနှောဖလှယ် တိုင်ပင်တဲ့သဘောဖြစ်တယ်။ ပြီးတော့မှ မဲခွဲဆုံးဖြတ်ခံယူမယ်ပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ညှိနှိုင်းပေါင်းစပ်မှုစွမ်းရည်လည်းရှိပြီးသား။ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေ အတော်များများကလည်း ကျွန်တော်နဲ့ ရင်းနှီးပြီးသားဖြစ်တယ်။ ဒီမိုကရေစီမှာ ယုံကြည်သက်ဝင်တဲ့ လူတွေအချင်းချင်းပဲပေါ့နော်။ လွှတ်တော်ထဲရောက်သွားရင်ပိုတောင်မှ အားကောင်းတဲ့ အဆိုပြုငြင်းခုံမှုတွေ ဖြစ်လာနိုင်တယ်။

ဦးမော်ထွန်းအောင်ရဲ့ အဓိကကျွမ်းကျင်မှုနယ်ပယ်တွေက ဘာတွေဖြစ်မလဲ။ ဘယ်ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး ဘယ်အချက်တွေကို အဓိကပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ထားပါသလဲ။

ကျွန်တော်ကကျတော့ မူဝါဒပိုင်းဆိုင်ရာတွေ ပြဿနာကိုဖြေရှင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်တွေ့လုပ်ငန်းတွေ အတော်များများလည်း နိုင်ငံတွင်းမှာ အကောင်အထည်ဖော်ခဲ့ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်တာမှာ ကျွန်တော်ကိုင်တွယ်ခဲ့တာတော့ သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ ပြည်သူ့ဘဏ္ဍာ။ ဒီသုံးခုကိုတော့ အဓိကကိုင်တွယ်ပြီး လုပ်ဆောင်ခဲ့တဲ့ အရာတွေရှိတယ်။ ဒါကကျွန်တော့်ရဲ့ အဓိကကျွမ်းကျင်မှုနယ်ပယ်ပေါ့နော်။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျွန်တော်ဘာလုပ်ရမလဲဆိုတာ သိလာမှာပေါ့။ နိုင်ငံရေးပါတီတွေအချင်းချင်း စကားပြောတဲ့အချိန်တော့ ရောက်လာမယ်ထင်တယ်။ အဲဒီအချိန်ကျရင် ပါတီကဘယ်လိုတာဝန်ပေးမလဲ၊ လွှတ်တော်က ဘယ်လိုတာဝန်ပေးမလဲ၊ လွှတ်တော်က ဘယ်ကော်မတီထဲကို ရောက်မလဲဆိုတာလည်း ပြောလို့ရသေးဘူးပေါ့။ စိတ်ကြိုက်ကော်မတီဆိုရင်တော့ ဥပဒေကြမ်းတို့၊ ပြည်သူ့ငွေစာရင်းတို့ဆိုရင်တော့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုနယ်ပယ်နဲ့ ကိုက်ညီတဲ့ဟာတွေပေါ့။ ပိုကောင်းတဲ့ မူဝါဒတွေလွှတ်တော်က ထွက်လာအောင် ပိုပြီးခိုင်မာတဲ့ ဥပဒေမူဘောင်တွေထွက်လာအောင် လုပ်သွားမယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ။

လွှတ်တော်မှာ ဖက်ဒရယ်နဲ့ဆိုင်တဲ့ စကားတွေအများကြီးပြောလာတာ တွေ့ရတယ်။ ဆိုတော့ တကယ်လို့အရွေးကောက်ခံခဲ့ရရင် အမျိုးသားလွှတ်တော်ကနေ ဖက်ဒရယ်လုပ်ငန်းစဉ်တွေမှာ ဘယ်လိုပံ့ပိုးလုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလဲ။

လက်ရှိကာလမှာတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ရွေးကောက်ပွဲဝင်ရတာဖြစ်တဲ့ အတွက် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာဖို့တာဝန်ရှိတယ်ပေါ့နော်။ ဒီအနေအထားမျိုးမှာဆိုရင်တော့ ဖက်ဒရယ်မူဝါဒတွေက ချလို့မရတာသေချာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖက်ဒရယ်ကို ဦးတည်တဲ့မူဝါဒတွေကိုတော့ ချလို့ရတယ်။ အဲဒီနှစ်ခုကမတူဘူး။

ကျွန်တော် ဥပမာတစ်ခုပြောမယ်။ အစိုးရက အခုကြေငြာတယ်။ တက္ကသိုလ်၁၆ခုကို အမှီအခိုကင်းတဲ့ တက္ကသိုလ်တွေအဖြစ်လုပ်မယ်လို့ သူတို့ကြေငြာတယ်ပေါ့။ ဒါပေမဲ့ ဒီကျောင်းတွေက ရန်ကုန်နဲ့မန္တလေးက ကျောင်းတွေပဲပါနေတယ်။ စဉ်းစားကြည့်လေ ဖက်ဒရယ်ကိုဦးတည်တဲ့ မူဝါဒချမယ်ဆိုရင် ဒါကြီးကဖြစ်သင့်သလား။ ရန်ကုန်၊ မန္တလေးက ကျောင်းပဲ အမှီအခိုကင်းတာမျိုးဖြစ်သင့်သလား။ စွမ်းအားအရင်းအမြစ်တွေမရှိလို့၊ ဘာလို့ လာမပြောနဲ့။ ဒါတွေက ဖြည့်ဆည်းလို့ရတဲ့ဟာတွေချည်းပဲ။ မြစ်ကြီးနားမှာ၊ တောင်ကြီးမှာ ဒီလိုကျောင်းတစ်ခုဖြစ်ဖို့ အစိုးရက စွမ်းအားအရင်းအမြစ်တွေပေးပြီးတော့ လုပ်လို့မရဘူးလား။ ရတယ်လေ။

ဆိုလိုချင်တဲ့ သဘောက ကျွန်တော်တို့က ၂၀၀၈ဖွဲ့စည်းပုံကိုပဲ ပုံချပြီးတော့ ဖက်ဒရယ်ကိုဦးတည်တဲ့ မူဝါဒတွေကိုမချဘဲ တာဝန်ပျက်ကွက်နေတာ။ မော်လမြိုင်မှာဆိုရင် ရေကြောင်းအဏ္ဏဝါသိပ္ပံတက္ကသိုလ်တစ်ခု၊ စစ်တွေမှာဆိုတစ်ခု ဖွင့်သင့်တာကြာလှနေပြီ။ ဘာကြောင့်ရန်ကုန်နဲ့ မန္တလေးကိုပဲ လူရာသွင်းနေတာလဲ။ ကျွန်တော်ဆိုလိုတဲ့ သဘောကလေ။ အဲဒါကို ကျွန်တော်က မကြိုက်တာ။ ဒီလွှတ်တော်အောက်မှာ ဒါတွေလုပ်လို့ရတယ်။ ဖက်ဒရယ်ကိုဦးတည်တဲ့ မူဝါဒတွေချလို့ရတယ်။

ကျွန်တော့် မဲဆန္ဒနယ်မှာဆိုရင်လည်း အစိုးရရုံးတွေ၊ လက်နက်ကိုင်တွေနဲ့ပတ်သတ်ပြီး ခိုင်မာတဲ့မူဝါဒတွေချချင်တဲ့ စိတ်မျိုးရှိသလို နောက်ဆုံး လူငယ်တွေရဲ့ အနာဂတ်ကိုသတ်နေတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး ထိရောက်တဲ့ မူဝါဒတွေအကောင်အထည်ဖော်ချင်တယ်။ ဒါကလည်း လုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တာကို။

ဦးမော်ထွန်းအောင်ရဲ့ မဲဆန္ဒနယ်လိုနေရာမျိုးကျတော့ တပ်မတော်ရဲ့ အခင်းအကျင်းနဲ့ ဌာနေပြည်သူ့စစ်တွေရဲ့အခန်းကဏ္ဍကလည်း ကွဲပြားတဲ့အနေအထားမှာရှိနေတော့ ပြောင်းလဲမှုတွေလုပ်ဆောင်တဲ့ အခါမှာ ဒီအဖွဲ့တွေမပါဝင်ဘဲနဲ့တော့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးက ခက်နိုင်တယ်ပေါ့။ အဲ့အတွက်ရော ဘယ်လိုကျော်လွှားဖို့ မျှော်လင့်ထားလဲ။

တပ်ကကျတော့ ကျွန်တော်တစ်ယောက်တည်းလှုပ်ရှားလို့မရဘူး။ ဘာတွေနဲ့ပြန်သွား ဆက်စပ်နေသလဲဆို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ်မှာ အများကြီးဆက်စပ်နေသလို အစိုးရနဲ့တပ်နဲ့ ဆက်ဆံရေးကြားမှာလည်း အများကြီးချိတ်ဆက်နေတယ်။ ကျွန်တော့်အနေနဲ့ ညှိနှိုင်းဆောင်ရွက်ချင်လို့ တပ်နဲ့သွား စကားပြောချင်ရင်တောင် အကျိုးစီးပွားသက်ဆိုင်သူတစ်ဦးအနေနဲ့ ပူးဆောင်ရွက်ပါလို့ တပ်ချုပ်က အမိန့်မပေးဘူးဆိုရင် ကျွန်တော်နဲ့ဘယ်သူက ရာထူးအကျခံပြီးစကားပြောမှာလဲပေါ့။ ပြီးတော့ ပြည်သူ့စစ်တွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း ပြည်သူ့စစ်ရဲ့ဖြစ်ပေါ်လာပုံကိုအရင်ပြောရမယ်။ 

တရားဥပဒေစိုးမိုးရေးကို ဗဟိုအစိုးရက လုပ်ဆောင်ဖို့အားနည်းလာတဲ့အခါမှာ ပြည်သူ့စစ်တွေ ပေါ်လာခဲ့တယ်ပေါ့။ လုံခြုံရေးအရ၊ စစ်ရေးအရ၊ နယ်မြေလုံခြုံအောင်၊ အေးချမ်းမှုရှိအောင် မဟာမိတ်တွေဖွဲ့ရင်းထွက်ပေါ်လာတဲ့ ကိစ္စဆိုတော့ ဒါကလည်း ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့လည်း ဆိုင်နေတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ normal life relationship (သာမန်ဘဝဆက်ဆံမှုပုံစံမျိုး)ဖြစ်ပြီးကျန်ခဲ့တာပေါ့နော်။ အဲဒါကို ချက်ချင်းပျောက်သွားအောင်လုပ်လို့မရဘူး။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်လို့တော့ရတယ်။

ဥပမာပြည်သူ့စစ်တွေရဲ့ လက်နက်ကိုင်တပ်တွေတည်ရှိမှုကို လက်ခံပြီးတော့ သူ့တို့ကိုလည်း ကျွန်တော်တို့နိုင်ငံရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ရည်းမှန်းချက်ကို ပြန်ပြီးတော့ရှင်းလင်းပြနိုင်မယ်။ သူတို့မှာလဲ အဲဒီခံစားချက်ရှိရမယ်။ အခုက သူတို့မှာ အဲဒီလိုခံစားချက်မရှိတော့ဘဲနဲ့ old normal (အရင်ပုံစံဟောင်း) ဖြစ်သွားပြီး အဖွဲ့ရဲ့ရပ်တည်ချက်က ဘာမှန်းမသိတော့ဘူး။

ခုနကပြောသလို ဖက်ဒရယ်ကိုဦးတည်တဲ့မူဝါဒတွေ ချမှတ်မယ်ဆိုရင် ဒေသတွင်းလုံခြုံရေးမူဝါဒတွေချမှတ်တဲ့အခါမှာလည်း ကျွန်တော်တို့ မူဝါဒသည်​ ဖက်ဒရယ်ကို ဦးတည်နေရမယ်။ လက်နက်ကိုင်တွေကလည်း ဒါနဲ့ကိုက်ညီတဲ့ အဖွဲ့အစည်းဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုပြီး စဉ်းစားဖို့လိုတယ်။ ဒါဆိုရင်တော့ ဦးတည်ချက်ချင်းတူလာတဲ့အခါ ဆုံမှတ်တစ်ခုမှာ ဆုံကြမှာပါ။

ကျွန်တော့်မေးခွန်းတွေမှာ မပါပေမဲ့ သီးခြားဖြေကြားချင်တာများရှိသေးလား။

ကျွန်တော်စိတ်ပူတာတစ်ခုက ရာသီဥတုပြောင်းလဲမှုပေါ့နော်။ ကျွန်တော်တို့ ဒါကိုသေချာစဉ်းစားသုံးသပ်ပြီး စိတ်ပူရမယ်လို့ ကျွန်တော်ကထင်တယ်။ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တဲ့ ဘေးအန္တရာယ်ကနေ ကျွန်တော်တို့မှာ ဘာဖြစ်လာနိုင်လဲဆိုတော့ အခုလူတွေ အစုလိုက်အပြုံလိုက် ရေကြည်ရာ၊ မြက်နုရာရွှေ့ပြောင်းမှု၊ ပြည်တွင်းရွှေ့ပြောင်းမှုတွေ အရမ်းများလာတယ်။ ဒါကထင်သာတဲ့ ပြဿနာတစ်ခုပဲရှိသေးတယ်ပေါ့။

ကျွန်တော်တို့ မြန်မာပြည်အလယ်ပိုင်းက လူတွေဆိုရင် နိုင်ငံအနှံ့အပြင် နိုင်ငံခြားမှာပါ သွားအလုပ်လုပ်နေရတယ်။ ကျွန်တော်က အဲဒါကို အရမ်းစိုးရိမ်တယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေးတွေကို စဉ်းစားဖို့အချိန်က တကယ်ရောက်နေပြီ။ ကျွန်တော်တို့ ရန်ဖြစ်ရမဲ့အချိန် မဟုတ်တော့ဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ နိုင်ငံအနာဂတ်က တကယ်အန္တရာယ်ရှိနေပြီဆိုတာ တွေးစေချင်တယ်။

နောက်တစ်ခုက ပညာရေးပိုင်းမှာ ကျွန်တော်တို့နိုင်ငံက ဒီအတိုင်းသွားလို့မရတော့ဘူး။ တီထွင်ဆန်းသစ်တဲ့ မူဝါဒတွေ၊ ဖောက်ထွက်တွေးခေါ်မဲ့ မူဝါဒချမှတ်သူတွေ အများကြီးလိုနေပြီ။ အလုပ်လုပ်နေရင်း တစ်ခြားတစ်ဖက်မှာ ပညာသင်လို့ရတယ်ဆိုတဲ့ ပညာရေးစနစ်မျိုး ကျွန်တော်တို့နိုင်ငံမှာမရှိသေးဘူး။ ဘာလို့လဲ။ စွမ်းအားအရင်းအမြစ်တွေကြောင့် မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေနဲ့ မူဝါဒတွေကြောင့် မလုပ်နိုင်တာ။ အဲဒါကို ကျွန်တော်က စိတ်တိုတာ။

ကျွန်တော်တို့က ဖိနပ်မတော်ရင် ခြေထောက်ဖြတ်လိုက်တဲ့ မူဝါဒဖြစ်နေတယ်။ အခုကိုဗစ်-၁၉ကာလမှာ အွန်လိုင်းနဲ့သင်မယ်လုပ်တယ်။ အွန်လိုင်းနဲ့က အဆင်မပြေဘူးလည်းဆိုရော ဘာမှမလုပ်နဲ့တော့ ဖြစ်သွားရော။ ဆိုတော့ မကောင်းဘူး။ resource (စွမ်းအားအရင်းအမြစ်တွေ)ကိုပဲ အပြစ်တင်နေလို့လည်းမရဘူး။ resourceပြဿနာမရှိတဲ့ တိုင်းပြည်ဆိုတာမရှိဘူး။ နတ်ပြည်ပဲရှိမယ် ဟုတ်တယ်မလား။

ကျေးဇူးတင်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar