မုန်းဝန်းလူမျိုးနှင့် နိုင်ငံသားဖြစ်မှု ပြဿနာ

ယခင်အစိုးရက မန်ဒရင်း တရုတ်ဘာသာစကား ပြောဆိုသော လူ့အဖွဲ့အစည်းကို ဗမာ့လူ့အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့သဖြင့် ထိခိုက်လွယ်သော လူမျိုးရေး ပြဿနာရှိသည့် မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သည်။

စာသားနှင့် ဓာတ်ပုံ – စတိဗ် တစ်ခ်နာ 

လူမျိုးရေးသည် မြန်မာနိုင်ငံတွင် ထိခိုက်လွယ်သော အရေးကိစ္စ တစ်ခုဖြစ်သည်။ မကြာသေးမီ နှစ်များက အမျိုးသားရေး စိတ်ဓာတ်များ တက်ကြွပြီး ဘာသာရေး အခြေခံသော နိုင်ငံသားဖြစ်မှုဆိုင်ရာ ယူဆချက်များသည် တိုးပွားလာခဲ့ပြီး တခါတရံ အကြမ်းဖက်မှုများပင် ဖြစ်ပွားခဲ့သည်။

ဆွေးနွေးငြင်းခုံမှု အများအပြားသည် ရိုဟင်ဂျာဟု မိမိကိုယ်ကို သတ်မှတ်သော လူမျိုးများ၏ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်နေခဲ့သည်။ ၎င်းတို့အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရသစ်က ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်းဟု ခေါ်ဆိုမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လူမျိုးရေးသည် မြန်မာနိုင်ငံမှ လက်နက်ကိုင် ပဋိပက္ခများ၏ အကြောင်းရင်းခံလည်း ဖြစ်သည်။ မတူကွဲပြားသော လူမျိုးစုများသည် မိမိတို့ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းများကို ပိုင်ဆိုင်ထားကြသည်။

တာမိုးညဲမှ အဘွားတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တာမိုးညဲမှ အဘွားတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

မတ်လတွင် စစ်တပ် အထောက်အခံ ရရှိသော ယခင်အစိုးရဟောင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှ မုန်းဝန်း Mong Wong ဟု လူသိကြသော လူမျိုးစုများကို လူမျိုးစုအမည် ပြောင်းလဲ သတ်မှတ်ပေးခဲ့သဖြင့် ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ဖြင့် ယင်းလူမျိုးစုများကို ယခင် မုန်းဝန်း(တရုတ်)ဟု သိထားခဲ့ကြရာမှ မုန်းဝန်း(ဗမာ)ဟု တရားဝင် စာရွက်စာတမ်းများတွင် ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မီဒီယာ သတင်းများက မုန်းဝန်းလူမျိုးစုများကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သော တရားဝင် တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ခဲ့သည်ဟု ဖော်ပြသည်။ သို့ဖြင့် မြန်မာနိုင်ငံ၏ တရားဝင် တိုင်းရင်းသား လူမျိုးစု စုစုပေါင်း ၁၃၆ ခုအထိ ရှိသွားစေခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အငြင်းပွားမှုများကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။

သို့သော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မုန်းဝန်း လူမျိုးစုများကို တရားဝင် တိုင်းရင်းသား မျိုးနွယ်စုများအတွင်းသို့ မထည့်သွင်းရသေးကြောင်း ဆိုသည်။ ထို့ကြောင့် ၎င်းတို့ကို ဒေသခံ တိုင်းရင်းသားအဖြစ် မသတ်မှတ်ဟု သဘောသက်ရောက်သည်။ သို့ဖြင့် ၎င်းတို့သည် နိုင်ငံသားအဖြစ် အပြည့်အဝ ရရှိနိုင်မည်မဟုတ်ဘဲ နိုင်ငံသားပြုခွင့်ရသူအဖြစ်သာ နေထိုင်နိုင်မည် ဖြစ်သည်။

မုန်းဝန်းအဘွားအိုက အိမ်ရှေ့တွင် လက်ဖက်ခြောက် ရွေးသန့်နေခိုက် ရေထည့်ရှူသောက်ရသည့် ရိုးရာဝါးပြောင်းဖြင့် ဆေးလိပ်သောက်နေသော ခင်ပွန်းသည် အဘိုးအိုကို နောက်နား၌ တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

မုန်းဝန်းအဘွားအိုက အိမ်ရှေ့တွင် လက်ဖက်ခြောက် ရွေးသန့်နေခိုက် ရေထည့်ရှူသောက်ရသည့် ရိုးရာဝါးပြောင်းဖြင့် ဆေးလိပ်သောက်နေသော ခင်ပွန်းသည် အဘိုးအိုကို နောက်နား၌ တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သို့သော် သူတို့၏ လူမျိုးစု နာမည်နောက်တွင် မုန်းဝန်း(ဗမာ)ဟု တရားဝင်ထည့်သွင်း ခေါ်ဆိုခြင်းသည် မုန်းဝန်းလူမျိုးစုများကို အသိအမှတ်ပြု မခံရသည့် အခြားလူမျိုးစုများထက် တရားဝင် လူမျိုးစုအဖြစ် ပိုမိုသဘောရောက်စေသည်။ ၎င်းတို့သည် တရုတ်လူမျိုးစုများမှ ဆင်းသက်လာသူများဖြစ်ရာ ယင်းမှာ ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်စေသည်။

သို့သော် မုန်းဝန်းတို့၏ သမိုင်းသည် ထူးခြားဆန်းကြယ်မှုများ၊ အငြင်းပွားဖွယ်ရာများနှင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် လူဦးရေအားဖြင့် ၆၀,၀၀၀ ခန့်ရှိပြီး ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့အနီးတဝိုက်တွင် စုစည်းနေထိုင်ကြသည်။ ယင်းမြို့သည် တရုတ်နယ်စပ်နှင့် မဝေးသော နေရာတွင် တည်ရှိပြီး အစိုးရကို ထောက်ခံသော အုပ်စု၊ ဆန့်ကျင်သော လက်နက်ကိုင်အုပ်စုများ အများအပြား ကျက်စားသော နေရာလည်း ဖြစ်သည်။

ယင်းဒေသသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သော ပလောင် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်၊ ကေအိုင်အေ၊ အက်စ်အက်စ်အေ(တောင်ပိုင်း)နှင့် အက်စ်အက်စ်အေ(မြောက်ပိုင်း) တို့ကြား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားသော ဒေသဖြစ်သည်။ အစိုးရက ဖွဲ့စည်းပေးထားသော နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်တပ်များလည်း ပါဝင်တိုက်ခိုက်တတ်သည်။

တာမိုးညဲ တနင်္ဂနွေဈေးသို့ ကုန်ပစ္စည်း လာရောင်းသည့် ရှမ်းအမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ တာမိုးညဲ၌ မုန်းဝန်းတို့အပြင် ကချင်၊ ပလောင်နှင့် ရှမ်းလူမျိုးတို့လည်း နေထိုင်ကြသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တာမိုးညဲ တနင်္ဂနွေဈေးသို့ ကုန်ပစ္စည်း လာရောင်းသည့် ရှမ်းအမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ တာမိုးညဲ၌ မုန်းဝန်းတို့အပြင် ကချင်၊ ပလောင်နှင့် ရှမ်းလူမျိုးတို့လည်း နေထိုင်ကြသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ယင်းဒေသသည် အစိုးရက လယ်သမားများအား လက်ဖက်နှင့် အခြားသီးနှံများ စိုက်ပျိုးရန် တွန်းအားပေးနေ သော်လည်း စီးပွားဖြစ် ဘိန်းစိုက်ခင်းများနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုများ အများအပြားနှင့် ချိတ်ဆက်နေသော ဒေသဖြစ်သည်။ ထိုဒေသမှ လယ်သမားများအဖို့ ဘိန်းအစား အခြားသီးနှံများ စိုက်ပျိုးခြင်းသည် ၎င်းတို့၏ ဝင်ငွေကို များစွာလျော့ကျစေသည်။

မုန်းဝန်းတို့ကို ဗမာအဖြစ် သတ်မှတ်ပေးခြင်းကို ယခင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၁၉၉၈ ခုနှစ်တွင် တာမိုးညဲဒေသသို့ သွားရောက်လည်ပတ်စဉ်က ကတိပြုခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ထိုဒေသတွင် တပ်မတော် အရာရှိငယ်အဖြစ် ဦးသန်းရွှေ တာဝန်ထမ်းဆောင်ခဲ့စဉ် တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်လွင်နှင့် ရင်းနှီးစွာ ဆက်ဆံခဲ့ကြဖူးသည်။ ဦးမြင့်လွင်သည် နောက်ပိုင်းတွင် ရှမ်းပြည်နယ် လွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

တာမိုးညဲမှ အမျိုးသမီးကြီးများကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တာမိုးညဲမှ အမျိုးသမီးကြီးများကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက မုန်းဝန်းတို့ကို ဗမာအဖြစ် သတ်မှတ်ပေးခြင်းသည် ၎င်းတို့၏ ပြည်သူ့စစ်တပ်ဖွဲ့များက ဒေသတွင်း လက်နက်ကိုင် အုပ်စုများကို စစ်ဆင်ရာတွင် တပ်မတော်ကို ကူညီပေးခဲ့သောကြောင့် ဆုအဖြစ် ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။ ဦးသိန်းဆွေသည် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ ရရှိခဲ့ခြင်းအတွက် ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

အင်အား ၁၀၀ ခန့်ရှိသော တာမိုးညဲ ပြည်သူ့စစ်အဖွဲ့များအကြောင်း မေးမြန်းကြည့်သောအခါ ဒေသခံများက ၎င်းတို့ရှိသဖြင့် ဒေသတွင် ပိုမိုလုံခြုံသည်ဟု ခံစားရကြောင်း ပြောကြသည်။ တာမိုးညဲ ပြည်သူ့စစ်များသည် ဒေသတွင်း၌ ယခင်က မရှိခဲ့သော လျှပ်စစ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးများအပြင် အခြားသော အခြေခံ ဝန်ဆောင်မှုများ ရရှိအောင် လုပ်ဆောင်ပေးသဖြင့် နာမည်ရလျက်ရှိသည်။

မုန်းဝန်းတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ဓလေ့ထုံးတမ်းများသည် တရုတ်လူမျိုးများ၏ သြဇာလွှမ်းမိုးမှု အများအပြား ရှိသည်။ မုန်းဝန်းအများစုသည် မန်ဒရင်းတရုတ်စကားကိုသာ ပြောကြပြီး အချို့သည် ဗမာနှင့် ရှမ်းစကားကို ပြောတတ်သည်များ ရှိသည်။ တာမိုးညဲဒေသရှိ လူဦးရေတွင် ရှမ်း၊ ကချင်နှင့် ပလောင်လူမျိုး အနည်းငယ်လည်း ပါဝင်သည်။ 

တရုတ်လူမျိုးများ ကစားလေ့ရှိသည့် မာဂျောင်းကစားနည်းကို တာမိုးညဲ၌ ဒေသခံများ ကစားလေ့ရှိသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တရုတ်လူမျိုးများ ကစားလေ့ရှိသည့် မာဂျောင်းကစားနည်းကို တာမိုးညဲ၌ ဒေသခံများ ကစားလေ့ရှိသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ထိုဒေသ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေး ဗဟိုဖြစ်သော တာမိုးညဲမြို့၏ အုပ်ချုပ်ရေးကို လူဝင်မှု ကြီးကြပ်ရေးမှ အစ ရဲစခန်းအထိ ဗမာလူမျိုး ပြည်သူ့ဝန်ထမ်းများက လုပ်ဆောင်ပေးသည်။ ၎င်းတို့သည် ဒေသတွင်းမှ ကိစ္စရပ်များအကြောင်း အမေးအဖြေကဏ္ဍ ပြုလုပ်ရန် Frontier က တောင်းခံသောအခါ ငြင်းဆိုခဲ့ကြသည်။

တာမိုးညဲ ဗဟိုဈေးကြီးသည် တရုတ်လူမျိုးများ၏ အငွေ့အသက်များ လွှမ်းမိုးနေသည်။ ရှေးဟောင်း တရုတ် အဆောက်အအုံများ၊ အိမ်များနှင့် ဈေးဆိုင်များတွင် အနီရောင် တရုတ်စာများ ရေးခြယ် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

ထုံးတမ်းစဉ်လာ မုန်းဝန်းဝတ်စုံသည် အပြာရောင်နှင့် အနက်ရောင် ဖြစ်သည်။ ယခင်ကမူ အမျိုးသမီးများသည် ရှည်လျားသော ကော်လံပါသည့် ကြယ်သီးတပ် ဝတ်စုံကို ဆင်မြန်းခဲ့ကြသည်။ သို့သော် ထိုဓလေ့သည် ယခု မှေးမှိန်သွားပြီ ဖြစ်သည်။

တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး မြို့တွင်း၌ လမ်းလျှောက်ထွက်နေစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး မြို့တွင်း၌ လမ်းလျှောက်ထွက်နေစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ရှမ်းပြည်နယ် မြောက်ပိုင်းမှ တရုတ်လူမျိုးများမှာ ၁၉၄၉ ခုနှစ်က ကွန်မြူနစ်များ၏ တိုက်ထုတ်မှု ခံရသဖြင့် မြန်မာနိုင်ငံသို့ ထွက်ပြေးလာသော အမျိုးသားရေးဝါဒီ ကူမင်တန်တပ်ဖွဲ့များမှ ဆင်းသက်လာသည်ဆိုသော ထင်မြင်ယူဆချက်နှင့် မုန်းဝန်းများအကြောင်း ပါးစပ်ပြောသမိုင်းတို့သည် ဆန့်ကျင်နေကြသည်။

တာမိုးညဲဒေသမှ သက်ကြီးရွယ်အိုများက မုန်းဝန်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် နယ်စပ်ကို ဖြတ်ကျော်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ယင်းမှာလည်း လက်ခံနိုင်လောက်သည့် တစ်ခုတည်းသော အဖြေမဟုတ်ပေ။

မုန်းဝန်းတို့သည် ဗမာများ ဟုတ်သည်၊ မဟုတ်သည် ဆိုသည်ကို အသက် ၄၂ နှစ်အရွယ်၊ ကလေး ၆ ယောက် မိခင်၊ ဈေးဆိုင်ပိုင်ရှင် ဒေါ်ခင်လင်းခိုင်က နှစ် ၄၀၀ ခန့်အထိ ကြာမြင့်နိုင်သော ရှေးပဝေဏီက နှုတ်ပြောသမိုင်း တစ်ခုကို ပြောပြသည်။

တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ဝင်များအား မြို့တွင်း၌ ကားဖြင့်သွားလာနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ဝင်များအား မြို့တွင်း၌ ကားဖြင့်သွားလာနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၎င်းက ၁၆ ရာစုလယ်ပိုင်းခန့်တွင် ထိုင်းနှင့်မြန်မာ ဆက်ဆံရေး တင်းမာခဲ့စဉ်က မြန်မာမင်း ဘုရင့်နောင်သည် သူ၏ စစ်တပ်ကြီးကို ရှမ်းတောင်တန်းများကိုဖြတ်၍ ထိုင်းနိုင်ငံကို တိုက်ခိုက်ရန် ဦးဆောင်ချီတက်သွားခဲ့သည်။

လမ်းတလျှောက်တွင် ဘုရင့်နောင်သည် တရုတ်လူမျိုးများကို အထမ်းသမားများအဖြစ် အသုံးပြုရန် ခေါ်ဆောင်သွားခဲ့သည်ဟု ဒေါ်ခင်လင်းခိုင်က ၎င်း၏ ထင်မြင်ချက်ကို ပြောပြသည်။

ဘုရင့်နောင်သည် ထိုင်းများကို ပထမတိုက်ပွဲတွင် ရှုံးနိမ့်သွားသောအခါ ထိုအထမ်းသမားများထဲမှ တရုတ်လူမျိုး တစ်ဦးက ဘုရင်ကို အကြံဉာဏ် ပေးခဲ့သည်။

တာမိုးညဲမြို့တွင် ကိုရင်ငယ်များ ဆွမ်းခံကြွလာစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တာမိုးညဲမြို့တွင် ကိုရင်ငယ်များ ဆွမ်းခံကြွလာစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ထိုသူ၏ နာမည်မှာ တွမ်ဝူ Twang Wu ဖြစ်ပြီး သူသည် တရုတ်စစ်ရေး မဟာဗျူဟာများ ကျွမ်းကျင်သူ ဖြစ်သည်။ သူက ဘုရင့်ကိုပေးသော စစ်ဆင်ရေး အကြံဉာဏ်အားဖြင့် ဗမာစစ်တပ်သည် ထိုင်းများကို အောင်နိုင်ခဲ့သည်။

ဘုရင့်နောင်သည် ၎င်းကို နှစ်သက်သဘောကျခဲ့သဖြင့် သူ တောင်းဆိုသော အရာမှန်သမျှကို ပေးအပ်မည်ဟု ဆိုခဲ့သည်။

တွမ်ဝူက သူ့လူမျိုးကို ကိုယ်ပိုင်မြေတစ်နေရာ သတ်သတ်မှတ်မှတ်ဖြင့် သူ အုပ်ချုပ်လိုကြောင်း ဆိုခဲ့သည်။ ဘုရင့်နောင်က မည်သည့်နေရာတွင် သူ၏လူမျိုးများကို နေထိုင်စေလိုသနည်းဟု မေးသောအခါ သူက မြေပုံပေါ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ယခုတည်နေရာကို ညွှန်ပြခဲ့သည်။

၎င်း၏ ရွေးချယ်မှုသည် မှန်ကန်ခဲ့သည်။ ထိုဒေသသည် မြေသြဇာ ကောင်းမွန်ပြီး သယံဇာတ ပေါကြွယ်ဝသော ဒေသတစ်ခု ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ဆောင်ရန် သင့်တော်ပြီး ရာသီဥတုသည် သမပိုင်းဇုန်အတွင်း ကျရောက်သည်။ မုန်းဝန်းတို့သည် ယင်းနေရာတွင် ထိုအချိန်ကတည်းက နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်ဟု ဒေါ်ခင်လင်းခိုင်က ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar