၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် လူဝင်မှုကြီးကြပ်ရေးယာဉ်တစ်စီးဖြင့် ခေါ်ဆောင်သွားစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

“မလေးရှားက ကျနော်အတွက် ငရဲပဲ” – တရားမဝင်ရွေ့ပြောင်းမြန်မာတို့၏ ရုန်းကန်သံများ

ပြည်တွင်းပဋိပက္ခများ၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် သန်းနှင့်ချီသော မြန်မာရွေ့ပြောင်းအလုပ်သမားများအနက် အချို့မှာ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှု၊ လူမိုက်ဂိုဏ်းများ၏ အနိုင်ကျင့်မှုများနှင့်အတူ အာဏာပိုင်များ၏ ဖမ်းဆီး အရေးယူဒဏ်ရိုက်မှုများကိုလည်း ရင်ဆိုင်နေကြရသည်။  

ဖရွန်တီးယား 

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်သို့ ကိုသူရတစ်ယောက် ပြီးခဲ့သည့်နှစ် မေလက စတင်အခြေချခဲ့သည်။  အလုပ်အကိုင် အခွင့်အလမ်းကောင်းရရှိရေးအတွက် ပွဲစားတစ်ဦးကို ငွေကျပ် သိန်း ၆၀ ပေးကာ တရားမဝင် လမ်းကြောင်းကတဆင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။​ “အိမ်ကို ငွေပြန်ပို့နိုင်ရေး” မျှော်လင့်ချက်ဖြင့်  အရဲစွန့်ကာ ကိုသူရ နေရပ်စွန့်ခွာခဲ့သည်။ 

သူ့မျော်လင့်ချက် မပြည့်ခဲ့သည့်အပြင် မလေးရှားတွင် တစ်နှစ်နီးပါး နေထိုင်ခဲ့သည့် အချိန်များမှာ ၎င်းဘဝ၏ အခက်ခဲဆုံးကာလများဖြစ်ကြောင်း သူက ဆိုသည်။

“ပွဲစားခထဲမှာ အလုပ်ပါ ရှာပေးမယ်လို့ ပြောထားတဲ့အတိုင်း ကျနော် ရောက်ရောက်ချင်းမှာပဲ ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ခုမှာ သူတို့ အလုပ်ရှာပေးခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားလူမျိုး မန်နေဂျာက ကျနော်ကို ခွဲခြားဆက်ဆံလို့ နေ့တိုင်း စိတ်ဆင်းရဲခဲ့ရတယ်” ဟု အသက် ၂၉ နှစ်အရွယ် ကိုသူရ (အမည်လွှဲ) က ဖရွန်တီးယားကို ပြောသည်။ 

“သူပြောတာကို နားမလည်ရင် တခါတလေဆို ပါးရိုက် နားရိုက် လုပ်သေးတယ်” ဟု ကိုသူရက သူကြုံတွေ့ခဲ့ရသည့် လုပ်ငန်းခွင်တွင်း ကိုယ်ထိလက်ရောက် စော်ကားခံရမှုကို ပြန်လည် ရှင်းပြသည်။ 

သူ့ကို မလေးရှားသို့ ပို့ဆောင်ပေးခဲ့သော ပွဲစားထံသို့ အလုပ်ပြောင်းပေးရန် တောင်းဆိုခဲ့သော်လည်း ပွဲစားဖြစ်သူက ငြင်းဆန်ခဲ့သည်။ 

“ဒါနဲ့ပဲ အံကြိတ်ပြီး အဲဒီအလုပ်မှာ ခြောက်လလောက် လုပ်ခဲ့ရတယ်။ ပွဲစားခပေးဖို့ အိမ်နဲ့ လယ်မြေကို ပေါင်နှံထားရတာဆိုတော့ အလုပ်သစ်မရခင် အလုပ်ထွက်ဖို့ မရဲခဲ့ဘူး။ လစဉ် အိမ်ကို ငွေမပို့နိုင်ရင် မိသားစုက အိုးမဲ့အိမ်မဲ့ ဖြစ်သွားမှာ” ဟု ကိုသူရက ဆိုသည်။

တစ်လလျှင် လစာ မလေးရှားရင်းဂစ် ၁,၅၀၀ (မြန်မာငွေ ၁၅ သိန်းခန့်) ရရှိခဲ့ပြီး လစာတော်တော်များများကို ချေးယူထားသော အတိုးနှင့်အရင်း ပေးဆပ်နိုင်ရန် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ မိဘများနှင့် ညီမဖြစ်သူထံသို့ လစဉ် ပို့ဆောင်ပေးခဲ့သည်။

ခြောက်လအကြာတွင် ပေါင်နှံထားသည့် အိမ်နှင့်လယ်မြေကို ပြန်လည် ရွေးယူနိုင်ခဲ့ပြီးနောက် သူ အလုပ်က ထွက်နိုင်ခဲ့သည်။ အလုပ်ထွက်ပြီးချိန် သူ၏ ရွာနီးမျိုးစပ် အသိတစ်ဦး နေထိုင်သည့်အဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ 

အလုပ်သစ်ရှာဖွေရင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် အွန်လိုင်းကတဆင့် တွေ့ရှိသော ပွဲစားတစ်ဦးကို ဆက်သွယ်ခဲ့ရာတွင် ထပ်မံကာ သူ ဒုက္ခရောက်ခဲ့ရပြန်သည်။

“အလုပ်ရှိတဲ့နေရာကို လာခဲ့ဖို့ ပွဲစားက ခေါ်တယ်။ ကျနော် ရောက်တာနဲ့ အခန်းတစ်ခုထဲမှာ ပိတ်လှောင်ပြီး ခြိမ်းခြောက် ရိုက်နှက်ကြတော့တာပဲ။ ဖုန်းကိုလည်း သိမ်းသွားပြီး ရင်းဂစ် ၅,၀၀၀ (ကျပ် ၅၅ သိန်းခန့်)​ ပေးမှ လွှတ်ပေးမယ်လို့ ပြောတယ်။ လာမရွေးရင် သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်သေးတယ်” ဟု ကိုသူရက ဆိုသည်။ 

တစ်ပတ်ခန့် ပိတ်လှောင်ခံရပြီးနောက် ကိုသူရမှာ မိသားစုထံသို့ ငွေလွှဲပေးရန် ဆက်သွယ် အကူအညီတောင်းခဲ့ရသည်။ ငွေရရှိသွားချိန်မှသာ ပြန်ပေးဆွဲသူများက သူ့ကို လွှတ်ပေးခဲ့သည်။

အလုပ်ရှာရင်း ပြန်ပေးဆွဲခံရခြင်းကြောင့် ကိုသူရနှင့် သူ၏မိသားစု ပိုင်ဆိုင်မှုများကို ထပ်မံပေါင်နှံရပြန်သည်။​ ဤသို့ဖြင့် အလုပ်ရှင်၏ ရိုက်နှက်မှုခံရင်း ရုန်းထွက်ခဲ့ရသည့် အကြွေးသံသရာထဲသို့  ပြန်လည်ရောက်ရှိခဲ့ရပြန်သည်။ လက်ရှိတွင် အလုပ်သစ်တစ်ခု ရနေပြီဖြစ်သော်လည်း မိသားစု၏အကြွေးများကို ဆပ်ရန်အတွက် တော်တော်် ရုန်းကန်ရဦးမည်ဟု ၎င်းက ဆိုသည်။

ခြိမ်းခြောက်နှိပ်စက်ခံ သားကောင် သို့  ‘ငရဲ’ ကျ တရားမဝင် ရွေ့ပြောင်းလုပ်သားဘဝ

ကိုသူရ၏ ဖြစ်စဥ်မှာ မလေးရှားရှိ တရားမဝင် မြန်မာအလုပ်သမားများကြား ထူးဆန်းသော အကြောင်းအရာ မဟုတ်ပါ။ ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးကို မကြာခဏ ကိုင်တွယ်ဖြေရှင်းနေရကြောင်း မလေးရှားအခြေစိုက် မြန်မာအလုပ်သမားရေးရာနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့ (MLARO) ဥက္ကဋ္ဌ ကိုမင်းထိုက်က ဖရွန်တီးယားကို ပြောသည်။

“ဓားနဲ့ထိုးခံရလို့ သေလုမျောပါး ဖြစ်သွားရတဲ့ အမှုတွေတောင် ရှိခဲ့ဖူးတယ်။.. ဒီပွဲစားတချို့က ဒေသခံ အိန္ဒိယ-မလေးရှား လူမိုက်ဂိုဏ်းတွေ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်လူမျိုးတွေနဲ့ ပူးပေါင်းကြတာမျိုး ရှိပေမဲ့ များသောအားဖြင့်ကတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်ကပဲ ဒီအဖွဲ့တွေကို ဦးဆောင်ပြီး အဓိက ကျူးလွန်သူတွေအဖြစ် လုပ်ဆောင်နေကြတာပါ” ဟု ၎င်းက ဆိုသည်။  

လူမိုက်ဂိုဏ်းများ၏ သားကောင်များမှာ တရားမဝင်နေထိုင်သူများ ဖြစ်သဖြင့် ယင်းရာဇဝတ်မှုများကို မလေးရှားအာဏာပိုင်များထံ တိုင်ကြားခွင့် မရကြကြောင်း ကိုမင်းထိုက်က ရှင်းပြသည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်တွင်  ၎င်းတို့၏ အခြေအနေကို ဖွင့်ဟပြောဆိုရန်ပင် ကြောက်ရွံ့နေကြသည်။

“သူတို့ ကြုံတွေ့ခဲ့ရတဲ့ ခေါင်းပုံဖြတ်မှုတွေ၊ အနိုင်ကျင့်ခံရတာတွေနဲ့ ငွေညှစ်ဖို့ ပြန်ပေးဆွဲခံရတာတွေကို အွန်လိုင်းမှာ တင်ဖို့ ကြောက်နေကြတယ်။ ပွဲစားတွေက လူမိုက်တွေလွှတ်ပြီး ရန်ရှာမှာကို သူတို့ စိုးရိမ်ကြတယ်” ဟု သူက ပြောသည်။  

ကိုသူရကိုယ်တိုင်လည်း လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်နေဆဲဖြစ်သည်။ သူ ပြန်ပေးဆွဲခံခဲ့ရသည်ကို သူ၏မိသားစုနှင့် သူငယ်ချင်း အနည်းငယ်သာ သိကြသည်။ သူ့ကို ပြန်ပေးဆွဲခဲ့သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ရန် အလွန်ကြောက်ရွံ့နေသဖြင့်၊ ၎င်းတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထည့်သွင်းမရေးသားရန် သူက ဖရွန်တီးယားကို မေတ္တာရပ်ခံခဲ့သည်။ 

“ကျနော် ဘယ်မှာနေပြီး၊ ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာ သူတို့ အတိအကျ သိတယ်။ ကျနော်ကို လွှတ်ပေးတုန်းက သူတို့အကြောင်း ထုတ်ပြောရင် လာသတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။ 

 “မလေးရှားက ကျနော်အတွက် ငရဲပဲ” ဟု သူက ညည်းတွားသည်။  

မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူရှိ ပက်ထရိုနက်စ် အမြွှာမျှော်စင်ကို နောက်ခံထား၍ မြင်တွေ့ရသော အလုပ်သမားတစ်ဦးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

တရားမဝင်ရွေ့ပြောင်းလုပ်သား စျေးကွက် နောက်ကွယ်

မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက် အတိအကျကို မသိရသော်လည်း၊ သန်းနှင့်ချီ၍ ရှိနေမည်ဟု MLARO  က ကိုမင်းထိုက်က ဆိုသည်။

“နေ့စဉ် ဝင်ရောက်လာတဲ့ အရေအတွက်က အံ့မခန်း များပြားသလို၊ မလေးရှားအစိုးရက ဖမ်းဆီးတဲ့ အရေအတွက်ကလည်း များပြားပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်တည်းမှာတင် လူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ကျနော်တို့အဖွဲ့က အဲဒီတရားရေးကိစ္စတွေကို လိုက်လံလုပ်ဆောင်နေဆဲဖြစ်ပြီး ပြီးပြတ်ဖို့ အဝေးကြီး လိုပါသေးတယ်” ဟု ၎င်းက ဆိုသည်။  

ထို့အပြင် ဖမ်းဆီးခံရသည့် အလုပ်သမားများအပေါ် ချမှတ်သော ဒဏ်ကြေးများကတဆင့် မလေးရှားအစိုးရသည် သန်းနှင့်ချီ၍ ဝင်ငွေရရှိနေသည်ဟု ကိုမင်းထိုက်က ထောက်ပြသည်။

“အစိုးရကိုယ်တိုင်က အနိုင်ကျင့်နေတယ်လို့ ကျနော်ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ ဒဏ်ကြေးငွေရထားတဲ့ ပိုက်ဆံတွေက စုစုပေါင်း ၂၃ ဖေဖော်ဝါရီအထိကို မလေးငွေ ၈၈ သန်းလို့ သူတို့က ဂုဏ်ယူနေကြတာ။ Immigration အကြီးအကဲကိုယ်တိုင် သတင်းစာရှင်းပွဲမှာ ထုတ်ဖော်ပြောလာခဲ့တယ်။ နိုင်ငံအတွက် သူတို့က မလေးငွေ ၈၈ သန်း ရှာပေးနိုင်ခဲ့တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ကို ပြောတာ” ဟု ၎င်းက ပြောသည်။  

ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုဌာနသို့ ဖရွန်တီးယားက အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် မလေးရှားအစိုးရသည် လူကုန်ကူးမှု ပပျောက်ရေးအတွက် သိသာထင်ရှားသည့် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သော်လည်း အဓိကကျသော ကဏ္ဍများ၌ အနည်းဆုံး သတ်မှတ်စံနှုန်းများကို မပြည့်မီသေးကြောင်း ဖော်ပြထားသည်။ 

အစိုးရအနေဖြင့် လူကုန်ကူးသူ အရေအတွက် အနည်းငယ်ကိုသာ တရားစွဲဆို အပြစ်ပေးနိုင်ခဲ့သည်ဟု အစီရင်ခံစာက ထောက်ပြခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူအချို့၏ ကိုယ်တိုင်ပါဝင်နေမှုနှင့် အဂတိလိုက်စားမှုများက လူကုန်ကူးမှု တိုက်ဖျက်ရေးကြိုးပမ်းမှုများကို အားနည်းစေပြီး လူကုန်ကူးသူများ ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ကင်းလွတ်စေရန် လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားသကဲ့သို့ ဖြစ်နေကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

မလေးရှားသို့ သွားရောက်သည့် လမ်းကြောင်း သုံးသွယ်

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လမ်းခရီးစဉ်အစမှာပင် ၎င်းတို့၏ အခက်အခဲများ စတင်သည်။

မြန်မာမှ မလေးရှားသို့ သွားရောက်ကြရာတွင် ပထမ နည်းလမ်းအနေဖြင့် ပြည်တွင်းရှိ တရားဝင်အေဂျင်စီများမှတဆင့် မလေးရှားအစိုးရထံမှ အလုပ်အကိုင်ပါမစ်များ ရယူပြီး တရားဝင်အလုပ်အကိုင်ပါမစ်ဖြင့် သွားရောက်နိုင်သည်။

သို့သော် မလေးရှားအစိုးရမှ တင်းကျပ်စွာ ကန့်သတ်ထားသောကြောင့် တရားဝင်သွားရောက်နိုင်သူ အရေအတွက်မှာ လွန်စွာနည်းပါးကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခု၏ လုပ်သက် ၁၂ နှစ်ခန့်ရှိသည့် မန်နေဂျာတစ်ဦးက ပြောသည်။

“ဒုတိယနည်းလမ်းဖြစ်တဲ့ မြန်မာအလုပ်သမား အများစု အသုံးပြုနေတဲ့ လမ်းကြောင်းကိုတော့ လူတိုင်းသိကြပါတယ်။ ဒီနည်းလမ်းကတော့ ထိုင်းနိုင်ငံကို ဖြတ်ပြီး ကားတတန် ခြေလျင်တတန် သွားကြရတယ်” ဟု ၎င်းက ဆိုသည်။  

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကစ၍ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ၁၄ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်ဖြင့် မလေးရှားနိုင်ငံသို့ လည်ပတ်ခွင့်ပြုသည့် အစီအစဉ်ကို ရည်ညွှန်းလျက်၊ “တတိယနည်းလမ်းကတော့ မလေးရှားအစိုးရရဲ့ Visit Malaysia Year အစီအစဉ်ကို အခွင့်ကောင်းယူတာပါပဲ” ဟု ၎င်းက ဆိုသည်။

“ပွဲစားတွေက ဒီလမ်းကြောင်းကနေတဆင့် အလုပ်သမားတွေကို ပို့ဆောင်နေပါတယ်။ သူတို့က ပွဲစားခ သိန်း ၁၅၀ လောက်အထိ ယူထားပြီး VIP ပတ်ကေ့ချ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ကြေညာပြီး လူတွေကို ပို့နေကြပါတယ်” ဟု ၎င်းက ရှင်းပြသည်။ 

“ပွဲစားတွေက တရားဝင် အလုပ်သမားတွေ ဖြစ်လာမယ်လို့ ယုံကြည်အောင် သွေးဆောင်ပြီး လိမ်လည်နေကြတယ်။ တကယ်တော့ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့် သက်တမ်းကုန်သွားတာနဲ့ သူတို့ဟာလည်း အောက်လမ်းက ဝင်လာတဲ့သူတွေနဲ့ ဘာမှမကွာတဲ့ တရားမဝင် အလုပ်သမားတွေ ဖြစ်သွားကြတာပါပဲ” ဟု သူက ဆိုသည်။

မလေးရှားနိုင်ငံသို့ အောက်လမ်းကတဆင့် တရားမဝင် ဝင်ရောက်ပြီးနောက် ဖမ်းဆီးခံရသည့် အလုပ်သမားများသည် ဒဏ်ကြေးငွေ ရင်းဂစ် ၃,၀၀၀ မှ ၇,၀၀၀ ကြား ပေးဆောင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းခံရကြောင်း ကိုမင်းထိုက်က ပြောသည်။ 

သို့သော် ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာပြီး ၁၄ ရက်ကျော်လွန် နေထိုင်သူများမှာမူ ပိုမိုမြင့်မားသော ပြစ်ဒဏ်များကို ရင်ဆိုင်ရလေ့ရှိပြီး၊ ပုံမှန်အားဖြင့် ရင်းဂစ် ၁၀,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရတတ်သည်။  

“ဒါကြောင့် ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ဖို့ ကြိုးစားနေသူတွေကို ကျနော်တို့ အမြဲ သတိပေးနေတာပါ။ ဒီကို ရောက်ဖို့အတွက်တင် ပွဲစားတွေကို သိန်း ၁၅၀ ဝန်းကျင် ပေးခဲ့ရပြီး ဖမ်းဆီးခံရရင် သူတို့ရင်ဆိုင်ရမယ့် ဒဏ်ကြေးတွေကလည်း မတန်တဆ များပြားလွန်းပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က မလေးရှားနိုင်ငံမြောက်ပိုင်း ပီရတ်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတစ်ခုသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို မလေးရှားရဲတပ်ဖွဲ့က စောင့်ကြပ်ပို့ဆောင်နေစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

အန္တရာယ်များလွန်းသည့် ခရီးစဉ်

အောက်လမ်းကို ရွေးချယ်သူများမှာ အနည်းဆုံး သုံးရက်ကြာမြင့်သော ခရီးစဉ်တစ်လျှောက်တွင် ဖမ်းဆီးခံရနိုင်ခြေအပြင် အခြားသော အန္တရာယ်များကိုပါ ရင်ဆိုင်ရသည်။

ပွဲစားများသည် များသောအားဖြင့် လူ ၁၀ ဦးမှ ၁၂ ဦးခန့်အထိ အုပ်စုလိုက် ပို့ဆောင်လေ့ရှိသည်။ အများစုမှာ တနင်္သာရီတိုင်းဒေသကြီး တစ်ဖက်ကမ်းရှိ ထိုင်းနယ်စပ်မြို့ဖြစ်သော ရနောင်းကတဆင့် မလေးရှားသို့ ဝင်ရောက်ကြကြောင်း ကိုသူရနှင့် အခြားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများက ဖရွန်တီးယားကို ရှင်းပြသည်။

၎င်းတို့ကို ကုန်တင်ကားများထဲတွင် ပြည့်ကျပ်နေအောင် သိပ်ထည့်လေ့ရှိပြီး အသက်ရှူကျပ်မတတ် ဆိုးရွားသော အခြေအနေများဖြင့် သွားလာကြရသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆိုသည်။  

အချို့မှာမူ တစ်ကိုယ်တော် ခရီးသွားခဲ့ရသည်။

ကိုညို (အမည်လွှဲ)​သည် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာက မူလတန်း ကျောင်းအုပ်တစ်ဦး ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် သူ ပါဝင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မလေးရှားသို့ ထွက်ခွာရန် ကိုညို ဆုံးဖြတ်ခဲ့ပြီး ယင်းမတိုင်မီ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ ဝရိန်ဆော်သူအဖြစ် ကိုညိုတစ်ယောက် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။  

CDM ကျောင်းဆရာ ကိုညိုတစ်ယောက် ထိုင်းနိုင်ငံသို့ ကူးရန်အတွက် သူပါဝင်ရမည့် အဖွဲ့နှင့် အချိန်းအချက် လွဲချော်သွားခဲ့သဖြင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ အိမ်ငယ်လေး တစ်လုံးတွင် ရက်ပေါင်း ၂၀ ခန့် သောင်တင်ခဲ့ရသေးသည်။ ထို့နောက် နံနက်ခင်းတစ်ခုတွင်မူ ထိုင်းအမျိုးသားတစ်ဦးက သူ့ကို လာကြိုခဲ့သည်။  

“ထိုင်းဘက်ခြမ်းကို ရောက်တာနဲ့ သူက ကျနော်ကို ကတ်ထူဖာတွေ တင်ထားတဲ့ ကားတစ်စီးပေါ်ကို တင်ပါတယ်။ အလယ်မှာ လူတစ်ယောက်စာလောက်ပဲဆန့်တဲ့ နေရာလေးလုပ်ထားပြီး သစ်သားတွေစီပြီး အပြင်ကနေ မမြင်ရတော့တဲ့အထိ ကတ်ထူဖာတွေ အများကြီးနဲ့ ဖုံးအုပ်ထားတယ်” ဟု ၎င်းက ပြန်ပြောင်း ရှင်းပြသည်။ 

နာရီအနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ယာဉ်မောင်းက ကိုညိုအား ကားပေါ်က ဆင်းခိုင်းကာ ကျဉ်းမြောင်းသော အခန်းငယ်လေးတစ်ခုထဲတွင် တစ်ဦးတည်း ထားရစ်ခဲ့သည်။

“ထမင်းပေါင်းအိုးရယ် ကြက်ဥရယ် ငါးသေတ္တာရယ် ထားခဲ့ပြီးတော့ ပျောက်သွားပြန်ရော။ ဖုန်းတွေလည်း သိမ်းသွားတာ။ ထိုင်းစတက်ထဲက ဖုန်းကို ကောက်သိမ်းသွားတာ။ ယောက်ျားလေးမို့လို့ မိန်းကလေးဆို မလွယ်ဘူး။ ကိုယ့်စိတ်ကိုယ် တင်းထားရတာပေါ့” ဟု သူက ပြောသည်။  

တစ်ည၌ ထိုထိုင်းအမျိုးသား ပြန်ရောက်လာပြီး ကိုညို၏ လက်ကောက်ဝတ်တွင် ကြိုးနီလေးတစ်ချောင်း ချည်ပေးကာ သူ့ကို ကားတစ်စီးပေါ်သို့ တင်ပေးခဲ့သည်။ ခရီးစဉ်တစ်လျှောက်တွင် ကားလေးကြိမ်တိုင်တိုင် ပြောင်းစီးခဲ့ရသည်ဟု ကိုညိုက ဆိုသည်။

“ယာဉ်မောင်းက ဆင်းခိုင်းတဲ့ နေရာတိုင်းမှာ ဆင်းခဲ့ရတယ်။ နောက်လူတစ်ယောက် ပေါ်လာပြီး ကျနော်လက်ကောက်ဝတ်က အနီရောင်အမှတ်အသားကို စစ်ဆေးပြီး နောက်ကားတစ်စီးနဲ့ ခေါ်သွားတယ်။ အဲဒီလိုနဲ့ပဲ ကျနော် ထိုင်း-မလေးရှား နယ်စပ်ကို ရောက်လာခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ 

ထိုနေရာတွင် မလေးရှားသို့ တရားမဝင် ဝင်ရောက်ရန် ပြင်ဆင်နေကြသည့် အခြားလူအများအပြားနှင့် သူ တွေ့ခဲ့ရသည်။  နံနက် ၃ နာရီခန့်တွင် သူနှင့်အဖွဲ့သည် နယ်စပ်ကို ဖြတ်ကျော်ရန် တောထဲ၌ ခြေလျင် တစ်နာရီခန့် လမ်းလျှောက်ခဲ့ရသည်။ 

ထိုသို့ တရားမဝင် နိုင်ငံဖြတ်ကျော်ခြင်းများကို လူကုန်ကူးသူများ၏ အကူအညီဖြင့် ဖြတ်သန်းပြီးနောက် ကိုညိုမှာ မလေးရှားသို့ ရောက်ရှိလာခဲ့သည်။ ယခုအခါ ကွာလာလမ်ပူမြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည်။ 

မြန်မာလူမျိုးများသော လုပ်ငန်းခွင်ဖြစ်သဖြင့်  ဘာသာစကား အခက်အခဲ မရှိသလို အခြားလူများ ကြုံတွေ့ခဲ့ရသကဲ့သို့ နှိပ်စက်ခံရခြင်း ပြဿနာများလည်း မကြုံတွေ့ရကြောင်း ကိုညိုက ဆိုသည်။​ သို့သော် သူ့တွင် တရားဝင်အထောက်အထား မရှိသဖြင့် ဖမ်းဆီးခံရမည်ကို အမြဲတစေ စိုးရိမ်ပူပန်စွာဖြင့် နေထိုင်နေရသည်။  

မြန်မာအလုပ်သမားများ မလေးရှားတွင် ကြုံတွေ့နေရသော အခက်အခဲများက အခြားသူများ၏ သွားရောက်လုပ်ကိုင်လိုသည့် ဆန္ဒများကို တားဆီးနိုင်ပါသလား။ 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်က အသက် ၂၂ နှစ်အရွယ် မသီတာနှင့်အတူ ခင်ပွန်း ဖြစ်သူတို့သည် ၎င်းတို့၏ နှစ်နှစ်အရွယ် သားငယ်ကို မိဘများထံ အပ်နှံထားရစ်ကာ မလေးရှားတွင် သွားရောက်အလုပ်လုပ်ရန် စီစဉ်နေကြသည်။

“အန္တရာယ်တွေကို သိပေမဲ့ ဒီမှာက အလုပ်အကိုင်တွေမှ မရှိတာ။ ကျမတို့မှာ ကျွေးမွေးစောင့်ရှောက်ရမယ့် ကလေးရှိပြီး ဒီမှာက စားဝတ်နေရေး မလောက်ငဘူး။ အဲဒါကြောင့် မလေးရှားကို ထွက်သွားဖို့ ပြင်ဆင်နေတာပါ” ဟု မသီတာက ပြောသည်။

သူက  စိုက်ပျိုးရေး သို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်စသဖြင့် ရရာလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် အသင့်ဖြစ်နေကြောင်း ဆိုသည်။​ 

“ကျမ အသိတွေကို ပို့ပေးဖူးတဲ့ အေးဂျင့်တစ်ယောက်နဲ့ သွားမှာဖြစ်လို့ လူကုန်ကူးခံရမှာကိုတော့ မစိုးရိမ်ပါဘူး။ ကျမ စိုးရိမ်တာက လမ်းမှာ အဖမ်းခံရမှာ ဒါမှမဟုတ် မလေးရှားကို ဝင်ပြီးမှ အဖမ်းခံရမှာကိုပါ။ အဲဒီလိုဖြစ်ခဲ့ရင် အသက်အန္တရာယ်မရှိရင်တောင် အေဂျင်စီခတွေ ဆုံးရှုံးသွားမှာ” ဟု သူ၏ စိုးရိမ်ပူပန်မှုကို ဖွင့်ဟသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.