၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ဆောင်းပါး ဖြစ်ပါသည်။
နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် စိတ်ပျက်အားငယ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လာအိုနိုင်ငံရှိ ရွှေတြိဂံ အထူးစီးပွားရေးဇုန်သို့ ပိုမိုဦးတည်လာနေကြပြီး ထိုဇုန်၏ တရားမဝင်စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်မှုရှိနေသည်။
ဖရွန်တီးယား
“ကျနော် သဘောပေါက်တဲ့အချိန်မှာ နောက်ကျနေပြီ။ ဒါက ခရီးသွားကုမ္ပဏီ လုံးဝမဟုတ်ဘူး။ ဒါက ကျားဖြန့် ကုမ္ပဏီ ဖြစ်နေတယ်” ဟု အသက် ၃၀ ကျော်အရွယ် စီဒီိအမ် ကျောင်းဆရာ တစ်ဦးဖြစ်သူ ကိုညွန့်တင်က ကျားဖြန့်လုပ်ငန်းသို့ မလိမ့်တပတ်ဖြင့် ပို့ဆောင်ခံလိုက်ရပုံကို ပြောပြသည်။
ကိုညွန့်တင်သည် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကျားဖြန့် ခေါ် အွန်လိုင်း ငွေကြေး လိမ်လည်မှု လုပ်ငန်းသို့ ရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲက တစ်ဦးဖြစ်သည်။
ထိုင်း၊ မြန်မာနှင့်လာအို ၃ နိုင်ငံနယ်စပ်ကို မဲခေါင်မြစ်ဖြင့် ပိုင်းခြားထားသည့်နေရာတွင် ရှိနေသော ၎င်း ရွှေတြိဂံ အထူးစီးပွားရေးဇုန်တွင် ကြီးမားသည့်ကျားဖြန့် လုပ်ငန်းများ အမြစ်တွယ် နေသည်။ ယင်းကျားဖြန့်လုပ်ငန်းများတွင် ကိုညွန့်တင်ကဲ့သို့ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းခံထားရသည့် ထောင်ပေါင်းများစွာသော အလုပ်သမားများကို အဓမ္မခိုင်းစေခြင်းများ ရှိနေသည်။
တိုင်းပြည်ကို နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းသို့ တွန်းပို့ခဲ့သော ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်က ကိုညွန့်တင်နှင့်ဇနီး တို့သည် ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာတစ်ခုတွင် မူလတန်းပြ ဆရာ၊ ဆရာမများ ဖြစ်ကြသည်။
သူတို့သည်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စီဒီအမ်-အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကာ အစိုးရ ဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး ဇနီးဘက်မှ အမွေရရှိခဲ့သော လယ်မြေအနည်းငယ်ပေါ်တွင် ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ကြရသည်။
သို့သော် လယ်လုပ်ငန်းအတွေ့အကြုံ နည်းပါးခြင်းနှင့် စိုက်ပျိုးရေးသွင်းအားစုစရိတ်များ မြင့်မားခြင်း တို့ကြောင့် အသက် ၁၃ နှစ်အရွယ် သားတစ်ဦးရှိသော မိသားစု၃ဦး၏ စားဝတ်နေရေးအတွက် များစွာ ရုန်းကန်ခဲ့ကြရသည်။
လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်၌ အလုပ်လုပ်နေသော မိတ်ဆွေတစ်ဦးက ကိုညွန့်တင်ကို ဆက်သွယ်လာသောအခါ အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ သူငယ်ချင်းက ခရီးသွားလုပ်ငန်းတွင် ဧည့်သည်ဝန်ဆောင်မှုအလုပ်ကို လုပ်ကိုင်နေပြီး ကုမ္ပဏီ၌ လစ်လပ်နေရာတစ်ခု ရှိကြောင်း သူ့ကို ပြောခဲ့သည်။
“အစမ်းခန့်ကာလအတွင်းမှာ ယွမ် ၃,၀၀၀ အဲဒီအချိန်က ခန့်မှန်းခြေ ကျပ် ၁၂ သိန်းလောက် ရမယ်၊ တဖြည်းဖြည်း တိုးလာနိုင်တယ်လို့ သူက ပြောတယ်။ ဒါကြောင့် ကျနော်လည်း သူ့ဆီမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ကိုညွန့်တင်က ပြောသည်။
ကိုညွန့်တင်သည် ရန်ကုန်မြို့မှ ရွှေတြိဂံဒေသ နှင့်နီးသော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့သည်။
ထိုမှတဆင့် မဲခေါင်မြစ်ကိုဖြတ်၍ လာအိုဘက်သို့ ရောက်ရှိစဉ် အဆိုပါ မိတ်ဆွေနှင့် သူစိမ်းတစ်ဦးတို့သည် တရားမဝင်လှေဆိပ်တစ်ခုတွင် စောင့်နေကြသည်။
“ကျနော့်သူငယ်ချင်းက အဲဒီသူစိမ်းကို ဒါက သူ့သူငယ်ချင်းဖြစ်ကြောင်း၊ မြန်မာစကားတော့ မပြောတတ် ဘူးလို့ ပြောတယ်။ နောက်ပိုင်းကျမှ အဲဒီလူက ကုမ္ပဏီအတွက် လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်ပြီး ကျနော် ထွက်မပြေးနိုင်အောင် လုပ်မဲ့ “ဝ” လူမျိုး ဆိုတာ သိခဲ့ရတယ်” ဟု ကိုညွန့်တင် က ရှင်းပြသည်။
ကိုညွန့်တင်ကြုံတွေ့ခဲ့ရသော “ဝ” လုံခြုံရေး အစောင့်များသည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် နှင့် ဆက်စပ်မှုရှိ၊ မရှိ မသေချာကြောင်း ပြောကြသည်။
သို့သော် ၂၀၂၃ ခုနှစ်အတွင်း ဖရွန်တီးယားက သွားရောက်လေ့လာစဉ်တွင် အထူးစီးပွားရေးဇုန်၏ အကြီးဆုံး နိုက်ကလပ်တစ်ခုမှ “ဝ” အစောင့်တစ်ဦးက UWSA သည် လာအိုအမျိုးသားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အရန်ရဲတပ်ဖွဲ့ အဖြစ် လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။

နယ်စပ်မှ အထူးစီးပွားရေးဇုန်သို့ ပြဿနာမရှိဘဲ ဖြတ်ကျော်ပြီးနောက် ကားသည် ကိုညွန့်တင်ကို ၅ ထပ်အဆောက်အအုံတစ်ခုရှိသော ဝင်းခြံတစ်ခု သို့ ခေါ်ဆောင်သွားသည်။
ဖရွန်တီးယားက လေ့လာခဲ့စဉ်က အထပ်မြင့်တိုက်ခန်းများအား အမြင့် ၁၀ ပေ ခန့်ရှိသော ဝါယာကြိုး၊ ဆူးကြိုးများ ခတ်ထားသည့် ခြံစည်းရိုးများ၊ စစ်ဆေးရေးဂိတ်များဖြင့် စောင့်ကြပ်ထား သည်ကို တွေ့ရသည်။ အဆောက်အဦတွင်းက အလုပ်သမားများကို အပြင်သို့မထွက်နိုင်စေရန် ထိန်းချုပ်ထားခြင်းဖြစ်သည်။
“ကုမ္ပဏီမန်နေဂျာက ကျနော် အဲဒီမှာ အလုပ်လုပ်ဖို့အတွက် ၆ လစာချုပ် လက်မှတ်ထိုးရမယ်လို့ ပြောတယ်။ စာချုပ်က တရုတ်ဘာသာနဲ့ဆိုတော့ ကျနော် နည်းနည်း စိတ်မသက်မသာ ဖြစ်ခဲ့ပေမဲ့ သူငယ်ချင်းက လက်မှတ်ထိုးဖို့ တိုက်တွန်းတာကြောင့် ကျနော် လက်မှတ်ထိုးလိုက်တယ်။ အစပိုင်းမှာ အလုပ်သိပ်မပေးသေးဘဲ ကွန်ပျူတာစနစ်နဲ့ ရင်းနှီးအောင်ပဲ လုပ်ခိုင်းတယ်” ဟု ကိုညွန့်တင် က ပြောသည်။
၃ ရက်ခန့်အကြာတွင် သူ့သူငယ်ချင်းက ခွင့် ၁၀ ရက်ရ၍ မြန်မာပြည် ပြန်လည်မည်ဟု ပြောခဲ့သည်။ သို့သော် သူငယ်ချင်း လုံးဝ ပြန်မလာသောအခါမှသာ ကိုညွန့်တင်ကို အစားထိုးအလုပ်သွင်းပြီး ကျားဖြန့်လုပ်ငန်းမှ ၎င်းလွတ်မြောက်အောင် လုပ်ဆောင်သွားသည်ကို သိရှိသွားသည်။
အဆိုပါကုမ္ပဏီသည် “အတုအယောင်စီးပွားရေးများတွင် ရင်းနှီးမြုပ်နှံရန် ဆွဲဆောင်ခြင်း” နည်းလမ်းကို အသုံးပြုပြီး လိမ်လည်ခြင်း ဖြစ်သည်။ လိမ်လည်သူများသည် လူမှုမီဒီယာပေါ်တွင် ပစ်မှတ်များကို ရှာဖွေပြီးနောက် အွန်လိုင်းပေါ်တွင် အချစ်ရေးကို ထူထောင်ကာ သားကောင်များကို cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) ပလက်ဖောင်းတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်သည်။
ရင်းနှီးမြှုပ်နှံသူများသည် အစပိုင်းတွင် ငွေအနည်းငယ်ကိုသာ ထည့်သွင်းလေ့ရှိသော်လည်း အမြတ်အစွန်းများစွာကို အချိန်တိုအတွင်းရနိုင်သည်ကို တွေ့သောအခါ များစွာရင်းနှီးမြှုပ်နှံ လာကြသည်။ ထိုအချိန်တွင် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံလာသော ငွေများကို ထုတ်ယူပြီး သားကောင်ကို အဆက်အသွယ်ဖြတ်လိုက်တော့သည်။
“ကျနော်က ဆိုရှယ်မီဒီယာကနေ လိမ်လည်မယ့်သူ(သားကောင်)တွေကို ရှာရတယ်။ သူတို့က ငွေ ပမာဏ ပစ်မှတ်တွေ သတ်မှတ်ပေးတယ်။ ဥပမာ အလုပ်သမားတစ်ဦးက တစ်လကို ယွမ် ၁၀,၀၀၀ ရအောင် လိမ်ပေးရမယ်ဆိုတာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။
ကိုညွန့်တင်၏ သူငယ်ချင်းပြောခဲ့သော စကားအများစုသည် အလိမ်အညာများဖြစ်သော်လည်း လစာမှာမူ အစစ်အမှန်ဖြစ်သည်။ တစ်လလျှင် ယွမ် ၃,၀၀၀ ရရှိပြီး မြန်မာနိုင်ငံရှိ မိသားစုထံ ထောက်ပံ့နိုင်ခဲ့သည်။
ကိုညွန့်တင်က အင်္ဂလိပ်လို ရေးသားနိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုရှိ သားကောင်များကို ပစ်မှတ်ထားသည့် လူ ၅၀ ပါ အဖွဲ့သို့ ထည့်သွင်းခံရသည်။
၎င်းသည် အိမ်ထောင်ကွဲ အမျိုးသမီးတစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဆိုရှယ်မီဒီယာကို သုံးစွဲရသည်။ တဖက်လူက သံသယဝင်ပြီး ဖုန်းပြောရန် တောင်းဆိုပါက အင်္ဂလိပ်စကားပြောကျွမ်းကျင်သည့် အမျိုးသမီးဝန်ထမ်း တစ်ဦးက ဝင်ရောက်ဖြေရှင်းပေးသည်။
ကိုညွန့်တင်၏ အလုပ်ချိန်မှာ ၁၃ နာရီ ဖြစ်သည်။ အလုပ်သမားများသည် ၂၄ နာရီပတ်လုံး နေ့ဆိုင်းနှင့် ညဆိုင်း အချိန်များခွဲကာ လုပ်ကိုင်ကြရသည်။ အချို့က တရုတ်နိုင်ငံရှိလူများကို လိမ်လည်ကြရသည်။

ကိုညွန့်တင်လုပ်ကိုင်ခဲ့ရသည့် ကျားဖြန့်လုပ်ငန်းရှိရာ ရွှေတြိဂံအထူးစီးပွားရေးဇုန်သည် လာအိုနိုင်ငံတွင် အကြီးဆုံး အထူးစီးပွားရေးဇုန်ဖြစ်ပြီး လောင်းကစား၊ ငွေကြေးခဝါချမှု၊ ပြည့်တန်ဆာလုပ်ငန်း၊ လူနှင့် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုများကဲ့သို့သော တရားမဝင်စီးပွားရေး လုပ်ငန်းများစွာ ရှိရာနေရာ ဖြစ်သည်။
ထို့နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားလာသည်။
ထိုအထူးစီးပွားရေးဇုန်ကို ၂၀၀၇ ခုနှစ်တွင် ဟောင်ကောင်၌ မှတ်ပုံတင်ထားသော Kings Romans Group က တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့ကို တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင် ကျောင်းဝေက ဦးဆောင်သည်။ ၎င်းသည် ရာဇဝတ်မှုပေါင်းများစွာကြောင့် အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ခြင်း ခံထားရသူဖြစ်သည်။
ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ် နှင့် ကမ္ဘောဒီးယားရှိ ဆီဟာနုဗီးလ် ကဲ့သို့သော အခြားဒုစရိုက်မြို့များ နည်းတူ ရွှေတြိဂံအထူးစီးပွားရေးဇုန်သည် ခမ်းနားကြွယ်ဝမှုနှင့် ချို့တဲ့ နွမ်းပါးမှုတို့ ရောထွေးနေသော ထူးဆန်းဖွယ်နေရာတစ်ခု ဖြစ်သည်။
၎င်း၏ အချက်အချာနေရာတွင် မီးရောင်များဖြင့် ထိန်လင်းနေသော Kapok Star ဟိုတယ်ကြီးနှင့် တွဲလျက် ကာစီနိုလောင်းကစားရုံများသည် ဆောက်လုပ်မှုရပ်နားထားသော အဆောက်အအုံများနှင့် ဆောက်လုပ်ဆဲ လုပ်ငန်းခွင်များကြား ထည်ဝါစွာ တည်ရှိနေသည်။
ဟိုတယ်နှင့် တွဲလျက်ရှိသော Blue Shield ကာစီနိုတွင် တိုကင်လဲလှယ်သည့် ကောင်တာမှတရုတ် ယွမ်ငွေများကို ၁၂ ဂါလန်ဆံ့ အမှိုက်ထည့်အိတ်ကြီး ၂ လုံး အပြည့် ထုတ်ယူသွားသည်ကို ဖရွန်တီးယားက ယမန်နှစ်က သွားရောက်လေ့လာခဲ့စဥ်က တွေ့ရှိခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့ The Basel Institute က ရာဇဝတ်သားများသည် ကာစီနိုများမှတဆင့် “ငွေသားသွင်း၊ ငွေသားထုတ်” နည်းလမ်းကို အသုံးပြု၍ ငွေကြေးခဝါချလေ့ရှိကြောင်း ပြောသည်။
“ငွေသား သို့မဟုတ် အွန်လိုင်းကာစီနိုမှတဆင့် ငွေကြေးခဝါချသည့် အသုံးအများဆုံးနည်းလမ်းမှာ ရာဇဝတ်မှုဖြင့် ရရှိသောငွေကို ချစ်ပ်များ သို့မဟုတ် အီလက်ထရွန်နစ်လက်ကျန်ငွေအဖြစ်သို့ ရိုးရှင်းစွာ ပြောင်းလဲကာ ခဏတာ လောင်းကစားပြီးနောက် ရန်ပုံငွေများကို ငွေသားထုတ်ယူခြင်း ဖြစ်သည်” ဟု ထိုအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခင်က အဆိုပါကျားဖြန့်လုပ်ငန်းများသည် မြန်မာစစ်အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြား စောင့် တပ်ဖွဲ့ကိုးကန့်ဒေသနှင့် UWSA ထိန်းချုပ်ရာဒေသ အပါ အဝင် ရှမ်းပြည်မြောက်ပိုင်းတို့တွင် အခြေပြုလုပ်ကိုင်ခဲ့သည်။
ထိုလုပ်ငန်းများသည် တရုတ်နိုင်ငံသားများထံက အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာကို အွန်လိုင်းမှတဆင့် လိမ်လည်ခဲ့သည်။ ထိုသို့ လိမ်လည်နိုင်ရန်အတွက် တရုတ်နိုင်ငံသားများကိုပင် အတင်းအဓမ္မ စေခိုင်းခဲ့သည်။
ထို့ကြောင့်တရုတ်သည် UWSA အပါအဝင် ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခဲ့ပြီး ထိုလုပ်ငန်းများတွင် ပါဝင်သည့် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ ကို ပြန်လည်ပို့ဆောင်စေခဲ့သည်။
အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အပြီးတွင် မြန်မာစစ်အစိုးရလက်အောက်ခံ နယ်မြေအများအပြားကို သိမ်းယူခဲ့ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့သည့် စစ်အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ကို ဖျက်ဆီးခဲ့သည်။
ကျားဖြန့် လုပ်ငန်းများကို နှိမ်နင်းရန် ၁၀၂၇ စစ်ဆင်ရေးကို တရုတ်က ကျောထောက်နောက်ခံ ပြုပေးခဲ့သည်ဟု အများက ယုံကြည်ခဲ့သည်။
စစ်ဆင်ရေးကြောင့် အချို့လုပ်ငန်းများကို လုံးဝဖျက်သိမ်းခဲ့သော်လည်း အချို့မှာမူ စစ်တပ်လက် အောက်ခံ နယ်ခြားစောင့်တပ်များ နှင့် လက်နက်ကိုင်အဖွဲ့အချို့ ထိန်းချုပ်ရာ ကရင်ပြည်နယ် မြဝတီမြို့ အနီးဝန်းကျင်ရှိ နေရာများ နှင့် ကိုညွန့်တင် အလုပ်လုပ်နေသည့် လာအိုနိုင်ငံရွှေတြိဂံအထူးစီးပွားရေးဇုန် ကဲ့သို့ လိမ်လည်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးနေသည့် နေရာများသို့ ပြောင်းရွှေ့လာခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုက အရှေ့တောင်အာရှရှိ ရာဇဝတ်ဂိုဏ်း များသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၄ ဘီလျံ ကျော်အထိ လိမ်လည်နေသည်ဟု ခန့်မှန်း ထားသည်။

ကိုညွန့်တင်ကဲ့သို့ လိမ်လည်ခေါ်ဆောင်ခြင်းခံရသူများရှိသလို လစာကောင်းသောကြောင့် ကျားဖြန့်လုပ် ငန်းမှန်း သိလျက်နှင့် လာရောက်လုပ်ကိုင်သူများလည်း ရှိသည်။ ယင်းတို့အထဲတွင် မကျော့ကျော့ (အမည်လွှဲ) လည်း ပါဝင်သည်။
လိမ်လည်သူများစွာသည် အလုပ်ကို လိမ်လည်ခံရ၍ ရောက်ရှိလာကြသည် ဆိုသော်လည်း ကုမ္ပဏီများ စွာသည် ကျားဖြန့်အလုပ်များကို ပွင့်ပွင့်လင်းလင်း ကြော်ငြာထားပြီး အလုပ်ခေါ်ယူကြောင်းကို TikTok၊ Facebook နှင့် Telegram ကဲ့သို့သော ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဖရွန်တီးယားက စောင့်ကြည့် လေ့လာခြင်းဖြင့် တွေ့ရှိရသည်။
“ကျမကုမ္ပဏီက မန်နေဂျာက သိပ်မတင်းကျပ်ဘူး။ တခြားသူတွေထက် လစာနည်းနည်း ပိုနည်းပေမဲ့ ဖိအားသိပ်မရှိဘူး၊ တစ်လကို ၂ရက် နားရက်ရတယ်။ တချို့မန်နေဂျာတွေကတော့ ရိုင်းစိုင်းပြီး အလုပ်သမားတွေကို ကျွန်တွေလို ဆက်ဆံတယ်” ဟု ၎င်းက ဖရွန်တီးယားသို့ ဖုန်းဖြင့် ပြောသည်။
သူ၏ ကုမ္ပဏီတွင် အခန်းသန့်ရှင်းရေးနှင့် အဝတ်လျှော်ရန်အတွက် ဝန်ထမ်းများပင် ရှိသောကြောင့် ၎င်းတို့သည် “အွန်လိုင်းမှာ လိမ်လည်မယ့်လူတွေကို ရှာဖွေဖို့ပဲ အာရုံစိုက်လို့ရတယ်” ဟု ဖြည့်စွက်ပြောသည်။
“ဒါပေမဲ့ ဘယ်သူ့ကိုမှ မရှာနိုင်တဲ့နေ့တွေဆိုရင်တော့ စိတ်ဖိစီးမှု အရမ်းများပါတယ်” ဟု သူက ပြောသည်။
မကျော့ကျော့က ၎င်း၏လုပ်ဖော်ကိုင်ဖက်အချို့သည် အလုပ်ကို လိမ်လည်ခံရပြီး ရောက်ရှိလာပုံရပြီး လူတိုင်းသည် လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရကာ အနီးကပ် စောင့်ကြည့်ခံနေရကြောင်း ပြောသည်။
သူကိုယ်တိုင်လည်း တစ်ခါတစ်ရံ နှုတ်ဖြင့် စော်ကားမှု နှင့် လစာဖြတ်တောက်ခံရမှုများ ခံစားခဲ့ရ ကြောင်း၊ အခြားအလုပ်သမားများကို စွမ်းဆောင်ရည် မကောင်းသည့်အတွက် အပြစ်ပေးသည့်အနေဖြင့် အစားအစာ မကျွေးသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောသည်။
ကျားဖြန့်တွင် လုပ်ကိုင်ရသူများသည် ခြံဝန်းထဲတွင်သာနေရပြီး ပစ်မှတ်ပမာဏပြည့်မှသာ တစ်လလျှင် တစ်ရက် မြို့ထဲသို့ သွားရောက်လည်ပတ်နိုင်သည်။ ပမာဏမပြည့်ပါက လစာဖြတ်တောက်ခံရခြင်း သို့မဟုတ် ဒဏ်ရိုက်ခံရခြင်းများ ရှိသည်။ ဒဏ်ငွေမပေးနိုင်ပါက မကြာခဏ ရိုက်နှက်ခံရပြီး အခြား ကျားဖြန့်များထံ ထပ်မံရောင်းချခံရလေ့ ရှိသည်။
ကိုညွန့်တင် က “ကျနော် အဲဒီအလုပ်နဲ့ မပျော်ဘူး။ ဒါကြောင့် ၃လ အကြာမှာ ကျနော် ထွက်ချင်တယ်လို့ မန်နေဂျာကို ပြောလိုက်တယ်။ သူက ထွက်ချင်ရင် စာချုပ်ထဲမှာ ကျန်တဲ့ ၃လစာ လစာကို လျော်ကြေး ပေးရမယ်လို့ ပြောတယ်” ဟု ပြောသည်။
သူသည် အိမ်ကို ငွေပြန်မှာကာ လျော်ကြေးငွေပေးပြီး အလုပ်ထွက်ခဲ့သည်။ “ကျနော် ဇနီးက သူ့ရဲ့ လက်ဝတ်ရတနာနဲ့ မြေတစ်ဧက ကို ရောင်းချပြီး ငွေလွှဲပေးလိုက်တော့ သူတို့က ပထမနေ့မှာ သိမ်းထားတဲ့ ကျနော်ရဲ့ ကိုယ်ရေးကိုယ်တာစာရွက်စာတမ်းတွေကို ပြန်ပေးပြီး အလုပ်ကနေ ထွက်ခွင့် ပေးလိုက်တယ်” ဟု ကိုညွန့်တင်က ပြောသည်။
၎င်းကြုံတွေ့ခဲ့ရသလို အခြားလူတစ်ဦး အစားထိုးပေးပြီး ထွက်နိုင်သော်လည်း လျော်ကြေးပေးပြီး ထွက်ခဲ့ရခြင်းကို “ကျနော့်လို တခြား သူတစ်ယောက်ကို ဒုက္ခမရောက်စေချင်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ကျားဖြန့်လုပ်ငန်းများ မဖွံ့ဖြိုးမီကပင် ရွှေတြိဂံအထူးစီးပွားရေးဇုန်သည် မြန်မာရွှေ့ပြောင်းအလုပ် သမားများအတွက် လူကြိုက်များသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ယခုလ အစောပိုင်းက ဖရွန်တီးယား သို့ ဖုန်းဖြင့် ပြောဆိုခဲ့သည့် မချောချော(အမည်လွှဲ)သည် ၂၀၁၈ ခုနှစ်က စ၍ ထိုနေရာတွင် သန့်ရှင်းရေး လုပ်ငန်း၌ လုပ်ကိုင်နေသည်။
မြန်မာနိုင်ငံသားအများစုသည် ဆောက်လုပ်ရေး၊ သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး၊ သို့မဟုတ် မီးဖိုချောင်ဝန်ထမ်းများအဖြစ် COVID-19 ကပ်ရောဂါမတိုင်မီကတည်းက အလုပ်လုပ်ခဲ့ကြသည်ဟု သူက ပြောသည်။
ဖရွန်တီးယားက ပြီးခဲ့သည့်နှစ်က သွားရောက်လေ့လာစဉ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းနီးပါးတွင် ပုဆိုးနှင့် ညှပ်ဖိနပ်များ ဝတ်ဆင်ထားသော အမျိုးသားများ ပြည့်နှက်နေပြီး စက်ယန္တရားများ၏အသံများ ကြားမှ မြန်မာစကားသံများ တစ်ခါတစ်ရံ ပျံ့လွင့်လာသည်။
ငယ်ရွယ်ပြီး ပညာတတ်သော မြန်မာလူမျိုးများသည် လစာနည်းသည့် ကိုယ်ကာယအားကိုး အလုပ်များကို လုပ်ကိုင်မည့်အစား အွန်လိုင်းငွေလိမ်လည်မှုစင်တာများတွင် အလုပ်လုပ်ရန် လာရောက်ကြသည်ဟု မချောချောက ပြောသည်။
“သူတို့က ကွန်ပျူတာကျွမ်းကျင်မှုရှိတဲ့ အလုပ်သမားတွေကို ပစ်မှတ်ထားတယ်။ အလုပ်သမား တစ်ယောက်က အင်္ဂလိပ်လို ရေးနိုင်၊ ပြောနိုင်ရင် လစာများများ ပေးတယ်” ဟု ၎င်းက ဆိုသည်။ ထိုသူများသည် တစ်လလျှင် ကျပ် ၃၀-၄၀ သိန်းအထိ ရရှိနိုင်သည်။
အထူးစီးပွားရေးဇုန်ရှိ ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် အမည်မဖော်လိုသူ အကူအညီ ပေးရေးအဖွဲ့ဝင်တစ်ဦးက မြန်မာပွဲစားများသည် ထိုနေရာတွင် ဖြစ်ပွားနေသော အတင်းအဓမ္မ လုပ်အားခိုင်းစေမှုတွင် အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်း ပြောသည်။
“ကုမ္ပဏီမှာ လိုအပ်တာထက် ပိုများတဲ့ အလုပ်သမားတွေ ရှိနေရင် သူတို့က အလုပ်သမားတွေကို တခြားပွဲစားဆီ ရောင်းချလိုက်တယ်။ အလုပ်သမားတွေက သူတို့ ရောင်းချခံနေရတာကိုတောင် မသိကြဘူး။..တစ်ခါတစ်လေမှာ အလုပ်သမားတစ်ဦး စွမ်းဆောင်ရည်မကောင်းလို့ အလုပ်ထုတ်ခံရရင် ကုမ္ပဏီတွေက ပွဲစားကို ဒဏ်ရိုက်တယ်။ အဲဒီလိုဆိုရင် ပွဲစားတွေက သူတို့ကို ပိုဆိုးတဲ့ အလုပ်နေရာကို ရောင်းပစ်လိုက် တယ်” ဟု ၎င်းက ပြောသည်။
တချို့အမျိုးသမီးများသည် ပြည့်တန်ဆာလုပ်ငန်းများသို့ ရောင်းချခံရကြောင်းလည်း သူက ဖြည့်စွက် ပြောသည်။
အထူးစီးပွားရေးဇုန်သို့ ရွှေ့ပြောင်းနေထိုင်မှုနှင့်ပတ်သက်၍ ခိုင်မာသော ကိန်းဂဏန်းများ မရှိသေးသော်လည်း မြန်မာနိုင်ငံသား ၄၀,၀၀၀ မှ ၅၀,၀၀၀ ကြား ရှိသည်ဟု အကူအညီပေးရေးအဖွဲ့များ က ခန့်မှန်းထားသည်။
အစိုးရသည် မြန်မာအလုပ်သမားများကို လာအိုသို့ လေကြောင်းဖြင့်သာ တရားဝင် သွားရောက်ခွင့် ပြုထားပြီး လာအိုနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်သူအရေအတွက်နှင့် ပတ်သက်၍ အချက်အလက် မရှိကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က ဖရွန်တီးယား သို့ ပြောသည်။
လာအိုကို ရွေးချယ်ရခြင်းမှာ ပွဲစားခ ပိုမိုသက်သာသောကြောင့် ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများက ဖရွန်တီးယားကို ပြောသည်။
လာအိုသို့လာရောက်ပါက လမ်းစရိတ် အပါအဝင် ကျပ် ၁၃ သိန်း ဝန်းကျင်သာ ကုန်ကျသည်။ ထိုင်းသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက ကျပ်သိန်း ၂၀ ကျော်နှင့် မလေးရှားဆိုပါက ကျပ်သိန်း ၅၀ ခန့် ကုန်ကျသည်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ရှိနေပြီးသား အလုပ်သမားများသည် ပွဲစားကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ ပေးရလေ့ရှိသော်လည်း၊ ကျားဖြန့်ကုမ္ပဏီများက ရှာဖွေခိုင်းသော အလုပ်သမားများမှာမူ ပွဲစားများကို အလုပ်အတွက် အခကြေးငွေ ပေးစရာမလိုပေ။
ရွှေတြိဂံ အထူးစီးပွားရေးဇုန် သို့ ရောက်ရှိလာသည့် အထောက်အထားမဲ့ ပြောင်းရွှေ့ အလုပ်သမား များသည် ဇုန်အုပ်ချုပ်ရေးရုံးက ဖွင့်လှစ်ထားသည့် အလုပ်သမားကြီးကြပ်ရေး ရုံးတွင် ၎င်းတို့၏ အလုပ်ရှင် ထောက်ခံချက်ဖြင့် မှတ်ပုံတင်ရသည်။
မှတ်ပုံတင်ကို ၆လ တစ်ကြိမ် သက်တမ်းတိုးရပြီး ယွမ် ၈၀၀ ကုန်ကျသည်ဟု ဆိုသည်။
ဤကုန်ကျစရိတ် ကြောင့် များစွာသောအလုပ်သမားများသည် မှတ်ပုံတင်ခြင်းကို ရှောင်ကြဉ်ကြသည် ဟု ပွဲစား ကိုသန်းလွင် (အမည်လွှဲ)က ပြောသည်။
“သူတို့မှာ (စာရွက်စာတမ်းတွေ) မရှိရင် ရဲတွေနဲ့ ပုန်းလျှိုးကွယ်လျှိုး ကစားရမယ်။ ဒါပေမဲ့ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေကို သူတို့ရဲ့ အလုပ်ရှင် ဒါမှမဟုတ် ပွဲစားရဲ့ အာမခံချက်နဲ့အတူ ယွမ် ၁,၀၀၀ ဒဏ်ငွေပေးပြီး လွယ်လွယ်ကူကူ ပြန်လွှတ်ပေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။
အထူးစီးပွားရေးဇုန်ရှိ အလုပ်ရှင်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင် ပဋိပက္ခနှင့် မကြာသေးမီက စတင်လိုက်သော စစ်မှုထမ်းဥပဒေကို သိရှိကြ၍ မြန်မာ အလုပ်သမားများကို အခွင့်ကောင်းယူ အမြတ်ထုတ်ကြကြောင်း အကူအညီပေးရေးအဖွဲ့ဝင်က ပြောသည်။
“မြန်မာအလုပ်သမားတွေကို သူတို့ရသင့်တာထက် လစာနည်းနည်းပဲ ပေးတဲ့ အလုပ်ရှင်တွေ အများကြီး ရှိတယ်။ တချို့သူဌေးတွေက အလုပ်ခိုင်းပြီး လုံးဝ လစာမပေးတာ တောင် ရှိတယ်” ဟု သူက ဆိုသည်။
ထို့ကြောင့် ရွှေတြိဂံအထူးစီးပွားရေးဇုန်သို့ လာရောက်လိုသူ ရွှေ့ပြောင်းနေထိုင်သူများကို ၂ခါပြန်စဉ်း စားရန် သူက တိုက်တွန်းခဲ့သည်။
ရိုးသားတဲ့ အလုပ်က ရှားပါးနေပြီး မြန်မာနိုင်ငံသားတွေ ပိုပြီးတော့ အကျင့်ပျက်ခြစားတဲ့ လုပ်ငန်းခွင် တွေထဲကို ဝင်ရောက်နေဖို့ တွန်းပို့ခံနေရတယ်။ ဒီနိုင်ငံကို မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် မိန်းကလေးတွေ မလာစေချင်ဘူး။ အရမ်း အန္တရာယ်များတယ်” ဟု ၎င်းက သတိပေးသည်။“
ရနွယ် နှင့် အန်ဒရူးနယ်ချမ်ဆန် တို့ ရေးသားသည်။