ထောင်ဒဏ် ၇ နှစ်က သင့်လျော်သည့်ပြစ်ဒဏ်ဖြစ်သည်ဟုဆိုကာ ရိုက်တာအမှုအယူခံကို ပလပ်

ရဲမွန်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအား ချိုးဖောက်သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခြင်းခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏ အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပယ်ချလိုက်သည်။ ယခင်တရားရုံး၏ ဆုံးဖြတ်ချက်သည် သင့်လျော်သည်ဟုလည်း တရားသူကြီးက အယူခံအမိန့်တွင် သုံးသပ်ချက်အဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

သတင်းထောက်နှစ်ဦးဖြစ်သူ ကိုသက်ဦးမောင်(ခ)ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကိုယ်စား ၎င်းတို့၏ရှေ့နေများက အယူခံလျှောက်လဲချက်ကို ဒီဇင်ဘာ ၂၄ ရက်က လျှောက်ထားခဲ့ပြီးနောက် တရားသူကြီး ပယ်ချသည့် အမိန့်ကို ယနေ့ ချမှတ်ခဲ့ရခြင်း ဖြစ်သည်။

အယူခံတရားလိုများသည် ဥပဒေကြောင်းအရ မှားယွင်းနေသည်ကို ထောက်ပြခဲ့ခြင်းမရှိဘဲ အကြောင်းအရာပေါ်ကိုသာ တင်ပြခဲ့ခြင်းဖြစ်သည့်အပြင် လျှို့ဝှက်ချက်ဥပဒေကို မကျူးလွန်ကြောင်းပြသသည့် သက်သေများကိုလည်း တင်ပြရန် ပျက်ကွက်ခဲ့သည်ဟု တိုင်းတရားသူကြီး ဦးအောင်နိုင်က ပြောကြားသည်။

ထို့အပြင် အယူခံတရားလိုနှစ်ဦး၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိူးစီးပွားကို မထိခိုက်ဟု သုံးသပ်နိုင်ရန်အတွက် သက်သေတင်ပြရန်လိုအပ်သည်ဟု တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့ပြီး ထောင်ချောက်ဆင် ဖမ်းဆီးခြင်းလည်းမဟုတ်ကြောင်းလည်း သုံးသပ်ပြောဆိုခဲ့သည်။

အယူခံကို ပယ်ချလိုက်ခြင်းကြောင့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မူလပြစ်ဒဏ်အတိုင်း အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ပြစ်ဒဏ် ကျခံနေရဦးမည်ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်သို့ အယူခံထပ်မံဝင်ရောက်ရန် ကာယကံရှင်နှစ်ဦးအပြင် မိသားစုများနှင့်ပါ တိုင်ပင်ရဦးမည်ဟု ၎င်းတို့၏ ရှေ့နေများက တရားရုံးအမိန့်ချမှတ်အပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

သတင်းထောက်နှစ်ဦး၏ ရှေ့နေတစ်ဦးဖြစ်သည့် ဦးသန်းဇော်အောင်က တိုင်းဒေသကြီးတရားလွှတ်တော်၏ အမိန့်ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်းနှင့် အဆိုပါအမိန့်သည် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်များကို များစွာအဟန့်အတားဖြစ်စေသည်ဟု ပြောကြားသည်။

အယူခံတရားလိုများ၏ ရှေ့နေများက အယူခံလျှောက်လဲချက်ပေးရာတွင် အကြောင်းပြချက် ခုနစ်ချက်ဖြင့် ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံတော်လုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေနိုင်သည့် ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အပြင် ရန်သူတစ်ဦးတစ်ယောက်နှင့်မျှ တနည်းနည်းဖြင့် ဆက်သွယ်ခဲ့သော သူလျှိုများမဟုတ်ဘဲ သတင်းထောက်များ၏ တာဝန်ဝတ္တရား၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နေသူများသာ ဖြစ်သည်ဟု လျှောက်လဲချက်တွင် ဖော်ပြထားသည်။

ယနေ့တရားခွင်သို့ လာရောက်နားထောင်ခဲ့သည့် ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ၎င်း၏ ခင်ပွန်းနှင့် ကိုကျော်စိုးဦးတို့အနေဖြင့် ယနေ့ဆုံးဖြတ်ချက်အပေါ် မျှော်လင့်ချက်များဖြင့် စောင့်မျှော်နေကြသည့်အတွက် ယနေ့အမိန့်အပေါ် မိသားစုအနေဖြင့် စိတ်ပျက်မိသည်ဟု Frontier ကို ပြောသည်။

တရားရုံး၏ ယနေ့ဆုံးဖြတ်ချက်သည် အမှားတစ်ခုကို အမှန်ပြင်ဆင်နိုင်ရန် အခွင့်အရေးတစ်ရပ်ကို လက်လွတ် ဆုံးရှုံးခဲ့ခြင်းပါသည်ဟု ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂက ပြောကြားသည်။

“ဤသည်မှာ မီဒီယာများ၏လွတ်လပ်ခွင့်၊ ပြည်သူလူထု၏ သတင်းအချက်သိရှိပိုင်ခွင့်နှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအတွက် နောက်ထပ် အဟန့်အတားတစ်ခုလည်း ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ကျေးရွာလူသတ်မှု သတင်းအား ရိုက်တာသတင်းဌာနအတွက် ရေးသားရန် သတင်းအချက်အလက်များ စုဆောင်းနေစဉ် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၌ ရန်ကုန်မြို့ပြင် တစ်နေရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.