A 500 kilovolt transmission line at Meiktila in Mandalay Region. Most of the 30 proposed solar power projects are in central Myanmar, where solar irradiance is high. (Teza Hlaing | Frontier)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့အနီးက ဖြတ်သန်းသွားသော ကေဗွီ၅၀၀အားရှိ ဓာတ်အားလိုင်းတစ်ခုကို မြင်တွေ့ရစဉ်။ ဆိုလာစွမ်းအင်စီမံကိန်းဖော်ဆောင်မည့် နေရာအများစုသည် နေရောင်ခြည်စွမ်းအားမြင့်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ရှိသည်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

ဆိုလာစွမ်းအင်စီမံကိန်းအတွက် တက်သုတ်ရိုက်ကြိုးပမ်းခြင်း

ယခုနှစ်၏ အငြင်းပွားဖွယ်အကောင်းဆုံးတင်ဒါဟုဆိုနိုင်သော နေရောင်ခြည်သုံးစွမ်းအင်စီမံကိန်းလေလံတွင် ယှဉ်ပြိုင်သည့်ကုမ္ပဏီများသည် လုပ်ငန်းမြေနေရာကို ကတိုက်ကရိုက်ရှာဖွေခဲ့ကြရသည်။ တင်ဒါတွင် စီမံကိန်းလုပ်ကွက်တစ်ခုကလွဲ၍ ကျန်လုပ်ကွက် အခု၃၀လုံး လုပ်ကိုင်ခွင့်ရသည့် လုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများပါဝင်ခဲ့သည်။

ကျော်ရဲလင်းနှင့် သောမတ်စ်ကင်း ရေးသားသည်။

မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင် (ဆိုလာစွမ်းအင်)မှ ၁,၀၆၀မဂ္ဂါဝပ် ပမာဏရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံစွဲရေးအတွက် စီမံကိန်းတင်ဒါကို စက်တင်ဘာ၉ရက်တွင် ဖွင့်လှစ်ခဲ့ရာ Sungrow Power  Supply Co Ltd ၊ China Mechanical Engineering Corporation၊ State Power Investment Corporation ၊ China Gezhouba Group နှင့် Xian Longi Clean Energy Co Ltd. စသည့် ကုမ္ပဏီများ၏ အမည်များမှာ ထပ်ကာတလဲလဲ ပါဝင်ခဲ့သည်။

နောက်ဆုံးတွင် မဂ္ဂါဝပ်၃ဝမှ၅ဝ အထိထုတ်လုပ်နိုင်သော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ တည်ဆောက်မည့်လုပ်ကွက် အခု၃ဝအနက် တစ်ခုကလွဲ၍ ကျန်လုပ်ကွက်များကို လေလံအောင်သူများတွင် တရုတ်ကုမ္ပဏီများပါဝင်ခဲ့သည်။ လေလံအောင်သည့်ကုမ္ပဏီများကို ရွေးချယ်ရာတွင် နည်းပညာစံနှုန်းသတ်မှတ်မှု ပြည့်မီသည့် လုပ်ငန်းများအနက်က အဆိုပြုဈေးနှုန်းအပေါ် အခြေခံ၍ ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Sungrow ကုမ္ပဏီက လုပ်ကွက်ကိုးကွက်နှင့် CMECကုမ္ပဏီက လုပ်ကွက်ရှစ်ကွက်တို့ဖြင့် လေလံအောင်ခဲ့ကြသည်။ လေလံအများဆုံးအောင်သည့် မြန်မာကုမ္ပဏီများမှာ ရွှေတောင်အုပ်စုနှင့် ခိုင်လုံကျောက်မျက်ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြသည်။ ယင်းကုမ္ပဏီနှစ်ခုစလုံးသည် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများလည်းဖြစ်သည်။

လေလံအောင်သည့် ကုမ္ပဏီများ၏ အဆိုပြုလျှပ်စစ်ဓာတ်အားခဈေးနှုန်းများမှာ တစ်ကီလိုဝပ်နာရီလျှင် မြန်မာငွေ ၄၅ကျပ်ခန့် (အမေရိကန်ဒေါ်လာ ၃ဒသမ၄၈ဆင့်) မှ ၆၅ကျပ်ခန့် (ဒေါ်လာ ၅ဒသမ၁ဆင့် ) အထိဖြစ်သည်။ ယင်းပမာဏသည် ၂၀၁၈ကတည်းက တရိပ်ရိပ်မြင့်တက်လာသော တစ်ကီလိုဝပ်နာရီလျှင် ငွေ ၁၀၃ကျပ် (ဒေါ်လာ ၈ဒသမ၁ဆင့်) နှင့်ညီမျှသည့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်စရိတ် ပျမ်းမျှစျေးနှုန်းအောက် အတော်ပင်လျော့နည်းသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားဝယ်ယူရေး သဘောတူညီချက်(ပီပီအေစာချုပ်)ကို ပထမအဆင့်လေလံအောင်သူများနှင့် စတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီး တင်ဒါစာရွက်စာတမ်းများတွင် ဖော်ပြထားသည့် အစီအစဉ်အရတင်ဒါအောင်သည့်ကုမ္ပဏီများကို အောက်တိုဘာလအစောပိုင်းတွင် လုပ်ငန်းစတင်ရန်လက်ခံကြောင်းစာလွှာ (Letter of Acceptance) ကို ပေးအပ်မည်ဖြစ်သည်။

လုပ်ငန်းစတင်ရန်စာလွှာ (Letter of Acceptance) ထုတ်ပေးသည့်ရက်မှ ရက်ပေါင်း၁၅၀အတွင်း ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (ပီပီအေ)ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။ သို့ရာတွင် ပထမအဆင့် လေလံအောင်သူများနှင့် ၁၅ရက်အတွင်း ပီပီအေစာချုပ်ကို အပြီးသတ် ညှိနှိုင်းနိုင်ခြင်းမရှိပါက ဝန်ကြီးဌာနသည် ဒုတိယအဆင့်လေလံအောင်သူများနှင့် စတင်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်းလည်း တင်ဒါစည်းမျဉ်းများက ဆိုသည်။ 

(စီမံကိန်း ၁၆ခုအတွက် ပီပီအေစာချုပ်ကို အပြီးသတ်ညှိနှိုင်းနိုင်ခဲ့သော တင်ဒါအောင်ကုမ္ပဏီများအား လုပ်ငန်းစတင်ရန်လက်ခံကြောင်းစာလွှာကို အောက်တိုဘာ၆ရက်က ထုတ်ပေးခဲ့ကြောင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။)

ဆိုလာစွမ်းအင်တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်နေရာများ၏ တည်နေရာပြမြေပုံ။ (ကိုးကား | China Dialogue)

မျှော်လင့်မထားသည့် တင်ဒါပြိုင်တရုတ်ကုမ္ပဏီများ

တင်ဒါလျှောက်လွှာပိတ်ရက် ဇူလိုင်၁၇ရက်တွင် ဝန်ကြီးဌာနကလက်ခံရရှိသော လေလံလျှောက်လွှာများအနက် အများစုမှာ တရုတ်ကုမ္ပဏီများဖြစ်ရာ တင်ဒါအောင်သည့်ကုမ္ပဏီစာရင်းတွင် တရုတ်လုပ်ငန်းစုများ ပါဝင်လာသည်မှာ ကြိုတင်မှန်းဆနိုင်သည့်အရာဖြစ်သည်။ သို့သော် တရုတ်ကုမ္ပဏီများထံမှ အုံနှင့်ကျင်းနှင့် လျှောက်လွှာလက်ခံရရှိသည့်အပေါ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများ စိတ်မသက်မသာဖြစ်ခဲ့ကြသည်ဟု လေ့လာသိရှိရသည်။

ယခင်က နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရန် စိတ်ဝင်စားကြောင်းဝန်ကြီးဌာနသို့ တိုက်ရိုက်အဆိုပြုလွှာတင်သွင်းခဲ့သည့် အနောက်နိုင်ငံများက ကုမ္ပဏီများ၊ ဂျပန်နှင့် ထိုင်းကုမ္ပဏီများက လေလံလျှောက်ထားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြောင်း ရေအားလျှပ်စစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဌာနခွဲက အရာရှိတစ်ဦးကဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လေလံပွဲမှာ တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးခဲ့တယ်ဆိုတာကို ကြားရတော့ တခြားသူတွေလိုပဲ ကျွန်တော်တို့လည်း အံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက တရုတ်တွေက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို သိပ်ပြီးစိတ်ဝင်စားခဲ့ဘူးလေ”ဟု ၎င်းက ပြောသည်။

ထူးခြားသည့်အချက်မှာ လေလံအောင်သည့် ကုမ္ပဏီအများစုသည် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွေ့အကြုံ များများစားစားမရှိကြပေ။ ဥပမာအားဖြင့် Sungrow ကုမ္ပဏီသည် မီးအားမြှင့်စက်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး Longiသည် နေရောင်ခြည်ဖမ်း ဆိုလာပြားများအတွက် ကိုယ်ထည်၊​ ဘောင်စသည့်ပစ္စည်းများကို ထုတ်လုပ်သည်။ CMEC သည် အခြားလုပ်ငန်းများအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်းနှင့် တည်ဆောက်ခြင်း (EPC) တို့ကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီအမျိုးအစားဖြစ်သည်။

“ကျွန်တော်တို့က ကိုယ့်ကိုဆိုလာပြားကိုယ်ထည်တွေလုပ်ပေးတဲ့လုပ်ငန်းနဲ့ ဘယ်လိုပြိုင်နိုင်မှာလဲ”ဟု သတင်းရင်းမြစ်တစ်ဦးက မေးခွန်းထုတ်သည်။ ၎င်းလုပ်ကိုင်နေသည့် ကုမ္ပဏီပါဝင်သောလုပ်ငန်းစုက တင်ပြခဲ့သည့် တင်ဒါလျှောက်လွှာသည် အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်လျှင် လျှပ်စစ်ဓာတ်အားရောင်းချရန် အဆိုပြုဈေးနှုန်းသည် အလွန်မြင့်မားသည်။

တင်ဒါစည်းမျဉ်းများအရ လေလံဝင်ရောက်ယှဉ်ပြိုင်သူများသည် လွန်ခဲ့သည့် ၁၀နှစ်အတွင်း Photovoltaic နည်းပညာအပါအဝင် စွမ်းအင်စီမံကိန်းသုံးခုတွင် ပါဝင်ခဲ့ကြောင်းသာ သက်သေပြန်ရန် လိုအပ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လေလံဝင်ပြိုင်သည့် ကုမ္ပဏီများအကြောင်း အကျွမ်းတဝင်မရှိခြင်းနှင့် ၎င်းတို့သည် အမှန်တကယ်အရည်အချင်းပြည့်မီသည့် လုပ်ငန်းများဟုတ်၊ မဟုတ် သတိကြီးစွာစိစစ်နေခဲ့သောကြောင့် တင်ဒါရွေးချယ်မှုအဆင့်သည် လိုအပ်သည်ထက် အချိန်များစွာကြာမြင့်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတာဝန်ရှိသူက ဆိုသည်။ အကျိုးဆက်အဖြစ် တင်ဒါကြေညာစဉ်က ရက်၂၀အတွင်း လေလံအောင်သည့်ကုမ္ပဏီများကို ရွေးချယ်ထုတ်ပြန်မည်ဟုဆိုခဲ့သည့်တိုင် ယင်းသို့ထုတ်ပြန်ရန် ဝန်ကြီးဌာနက ရက်ပေါင်း၅၀တိုင် အချိန်ယူခဲ့ရသည်။

“တင်ဒါရွေးချယ်ရေးကော်မတီကလည်း တရုတ်ကုမ္ပဏီတွေ ဒီလောက်များများ လေလံလာဆွဲကြမယ်လို့ မျှော်လင့်မထားဘူး။ နောက်ပြီးကော်မတီက နေရောင်ခြည်ကလျှပ်စစ်ထုတ်တဲ့ စီမံကိန်း တည်ဆောက်၊​ လည်ပတ်တာနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိဘူး။ ကျွန်တော့်အထင်တော့ နည်းပညာစံနှုန်းမီတဲ့ တင်ဒါအောင်ကုမ္ပဏီတွေရဲ့ နောက်ကြောင်းရာဇဝင်တွေကို လိုက်နေရလို့ ကော်မတီက အချိန်ကြာသွားတယ်လို့ထင်ပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

လေလံခေါ်ယူမှုကိုကြီးကြပ်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ကို ယခုဆောင်းပါးအတွက် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးကမူ ယခင်သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် နှိုင်းယှဉ်ပါက ယခုစီမံကိန်းအတွက် တင်ဒါအောင်ကုမ္ပဏီကို ရွေးချယ်ရသည်မှာ “အလွန်ခေါင်းကိုက်ရ”ကြောင်း ဆိုသည်။

“သဘာဝဓာတ်ငွေ့ရည်တင်ဒါတွေ(၂၀၁၉)တုန်းက လေလံအောင်တဲ့ကုမ္ပဏီတွေကို ဝန်ကြီးဌာနက ကောင်းကောင်းသိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကတည်းက ဒီကုမ္ပဏီတွေနဲ့ အလုပ်လုပ်ခဲ့တာလေ။ ဒါပေမဲ့ ဒီကုမ္ပဏီတွေက (ဆိုလာလုပ်ငန်းစီမံကိန်းအတွက်)ပေးတဲ့ လေလံစျေးနှုန်းတွေက အနိမ့်ဆုံးဖြစ်နေတဲ့အပြင် ဒီကုမ္ပဏီတွေဟာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်တာ ဒါမှမဟုတ် လုပ်ငန်းဆောင်ရွက်တာနဲ့ပတ်သက်ပြီး အတွေ့အကြုံ များများစားစားမရှိဘူး။ အဲဒါက ရွေးချယ်ရေးကော်မတီကို ဦးနှောက်ခြောက်စေခဲ့တာပါပဲ”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

နောက်ဆုံးတွင် လေလံဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့ပြီး စီမံကိန်းများအတွက် ၎င်းတို့၏ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် စက်ရုံလည်ပတ်ခြင်းစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍​ ဆွေးနွေးခဲ့ပြီးမှသာ တင်ဒါရွေးချယ်ရေး ကော်မတီက လေလံအောင်လုပ်ငန်းများရွေးချယ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော် နားလည်သဘောပေါက်တာကတော့ လေလံအောင်တဲ့ ကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို သူတို့ဘာသာ လုပ်ကြမှာမဟုတ်ဘူး။ လုပ်ငန်းစီမံကိန်းတည်ဆောက်ဖို့နဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် တခြားကန်ထရိုက်တာတွေကိုလည်း ခေါ်လာပြီးလုပ်ခိုင်းမယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပီပီအေစာချုပ်မူကြမ်းပါ လိုက်နာရမည့်အချက်များအရ လုပ်ငန်းစုတစ်ခုသည် လုပ်ငန်းစတင် လည်ပတ်ချိန်မှ လေးနှစ်အတွင်း စီမံကိန်းနှင့်သက်ဆိုင်သည့် အလုပ်များကို ၄၉ရာခိုင်နှုန်းထက်ပို၍ အခြားကန်ထရိုက်တာများအား လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးအပ်ခြင်းမပြုရဟု ပါရှိသည်။ သို့သော် ဝန်ကြီးဌာနသည် ပီပီအေစာချုပ်ကို နောက်ဆုံးအဆင့်ကိုညှိနှိုင်းချိန်တွင် ယင်းကိစ္စနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ဖြေလျှော့လိုက်လျောလိမ့်မည်ဟု ယူဆကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

“အဲဒါပြဿနာတစ်ခုလို့တော့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တချိန်လုံးလိုက်နာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခြေအနေအရ သင့်တော်သလို လုပ်ကိုင်ကြရတာပါ။ ဒီကိစ္စမှာဆိုရင် ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားကို စျေးပေါပေါနဲ့ လိုချင်တယ်။ တရုတ်ကုမ္ပဏီတွေက အဲဒါကိုကမ်းလှမ်းခဲ့တယ်။ တကယ်လို့ စျေးချင်းတူရင်တော့ ဝန်ကြီးဌာနက အနောက်နိုင်ငံကုမ္ပဏီတွေကို ပိုပြီးသဘောကျမယ်ထင်တယ်။ ဒါပေမဲ့ အဲဒီအနောက်နိုင်ငံ ကုမ္ပဏီတွေကမ်းလှမ်းတဲ့ လျှပ်စစ်ဓာတ်အားဈေးနှုန်းက အရမ်းဈေးကြီးလွန်းတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီများသည် “စွန့်စားပြီး အခြေအနေကိုလိုက်၍ အလျင်အမြန်တုံ့ပြန်တတ်သည့် သဘောရှိသည်ကို လေလံအောင်စာရင်းများအရ သိသာထင်ရှားစွာ မြင်တွေ့ရကြောင်း” တရုတ်စွမ်းအင်လုပ်ငန်းစုတစ်ခုတွင် လုပ်ကိုင်နေပြီး စွမ်းအင်နယ်ပယ်အကြောင်း အတွင်းကျကျ သိရှိသူ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ထို့ပြင် တရုတ်စွမ်းအင်လုပ်ငန်းများ၏ ပြည်ပသို့ လုပ်ငန်းတိုးချဲ့ရာတွင် ကုန်ကြမ်းမှကုန်ချောထုတ်လုပ်ငန်းကွင်းဆက်တစ်ခုလုံးကို စီမံခန့်ခွဲခြင်းနှင့် ယင်းလုပ်ငန်းများကို ဈေးကွက်ဝင်အောင်အုပ်ချုပ်ရာတွင် အတွေ့အကြုံရှိမှုကို ပြသရာလည်းရောက်ကြောင်း ၎င်းကဆိုသည်။

“ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဈေးကွက်ဖွင့်ပေးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ပိုများလာတဲ့အလျောက် ဒေသတွင်းနိုင်ငံတွေရဲ့ ကာဘွန်လျှော့ချစွမ်းအင်သုံးစွဲမှု အကူးအပြောင်းမှာ တရုတ်ကုမ္ပဏီတွေပါဝင်ဖို့ အခွင့်အလမ်း ပိုရရှိလာပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

မည်သို့ပင်ဆိုစေ လေလံအောင်သည့် တရုတ်ကုမ္ပဏီများ၏ နောက်ကြောင်းကို စုံစမ်းကြည့်ပါက တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်တင်ဒါလာရောက်ယှဉ်ပြိုင်ခြင်းသည် တရုတ်ပြည်မတွင်းက ထုတ်လုပ်ပြီးကုန်ပစ္စည်းများကို မြန်မာပြည်သို့ယူလာ၍ အစွံထုတ်ရန်အကြံဖြစ်သည်ဟူသော စွပ်စွဲချက်များကို ပို၍အားကောင်းစေမည်မှာ အမှန်ပင်ဖြစ်သည်။

တရုတ်ပြည်တွင် ဆိုလာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ငန်းများ ကြီးထွားမှု အရှိန်တန့်သွားခြင်းကြောင့် ဆိုလာပြားအစိတ်အပိုင်း ထုတ်လုပ်သည့်လုပ်ငန်းများတွင် ထုတ်လုပ်ပြီးကုန်ပစ္စည်းများ အလွန်များပြားစွာ ပိုလျှံလျက်ရှိသည်။ ယင်းသို့ပိုလျှံခြင်းကြောင့် တရုတ်အစိုးရက အဆိုပါလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို ကန့်သတ်ခဲ့သည်။

တရုတ်ကုမ္ပဏီများသည် နိုင်ငံခြားဆိုလာစွမ်းအင်စျေးကွက်တွင် အတွေ့အကြုံ ကြီးကြီးမားမား ရှိပုံမပေါ်သော်လည်း “တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အစကပင် ဂျာမနီနိုင်ငံကိုကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် ဆိုလာစွမ်းအင်အတွက် ပြည်တွင်းတွင် ငွေကြေးအများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် တည်ရှိခဲ့သည်”ဟု Institute of Energy Economics and Financial Analysis အဖွဲ့ဒါရိုက်တာ တင်မ် ဘက်ကလေက ပြောသည်။ “ဆိုလာစွမ်းအင်ထုတ်လုပ်မှုစီမံကိန်းများသည် အလွန်ခက်ခဲရှုပ်ထွေးသော နည်းပညာမဟုတ်”ကြောင်း ၎င်းကဆိုသည်။

သို့သော် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လေလံအောင်စာရင်းကိုကြည့်ရှုပါက ကုမ္ပဏီအမျိုးအစားမစုံလင်မှုသည် ဈေးနှုန်းသက်သက် သာသာဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးအတွက် တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံက စံပြုသင့်သည့်အလေ့အကျင့်မဟုတ်ကြောင်း ၎င်းကဆိုသည်။

သာစည်မြို့နယ်အတွင်းက မဖြစ်မြောက်ခဲ့သော ဆိုလာစွမ်းအင်စီမံကိန်းအတွက် ကြော်ငြာဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ ယခင်က ဆိုလာစွမ်းအင်စီမံကိန်းကို စိတ်ဝင်တစားအဆိုပြုခဲ့သောကုမ္ပဏီများ တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်ကြလိမ့်မည်ဟု လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနတာဝန်ရှိသူများက မျှော်လင့်ခဲ့ကြသည်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

ဟာကွက်များနှင့် တင်ဒါလုပ်ငန်းစဉ်

မေလ၊ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း အရှိန်မြင့်တက်နေစဉ် ကြေညာခဲ့ခြင်းကြောင့် တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်အပေါ် ဝေဖန်မှုများရှိခဲ့သည့်တိုင် အမှန်တကယ် လေလံလျှောက်ရာတွင် ကုမ္ပဏီအများအပြားပါဝင်လာခြင်းက အံ့ဩစရာဖြစ်ခဲ့သည်။ ပါဝင်လိုသည့် ကုမ္ပဏီများအတွက် တင်ဒါလျှောက်ရာတွင်လိုအပ်ချက်တစ်ခုဖြစ်သော စီမံကိန်းမြေနေရာရှာဖွေရေးမှာ ပြည်တွင်းခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် အလွန်ခက်ခဲသည်ဖြစ်ရာ စွမ်းအင်လုပ်ငန်းနယ်ပယ်အတွင်းမှ အစိုးရအပေါ် ဝေဖန်သံများ ဆူဆူညံညံ ထွက်ပေါ်လာသည်။

ယခင်က ဝန်ကြီးဌာနသို့ နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်လိုကြောင်း စီမံကိန်းအဆိုပြုချက် တိုက်ရိုက်တင်ပြခဲ့သည့်လုပ်ငန်းများကို ဦးတည်ရည်ရွယ်၍ ၎င်းတို့ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဟု မျှော်လင့်လျက် ဆိုလာစွမ်းအင်စီမံကိန်းတင်ဒါကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးအပါအဝင် တင်ဒါလုပ်ငန်းစဉ်ကို ထဲထဲဝင်ဝင်သိကျွမ်းသူ သတင်းရင်းမြစ်သုံးဦးက ဆိုသည်။

“တချို့လူတွေက အဆိုပြုလွှာတွေ တင်သွင်းပြီးပြီ။ သူတို့မှာလုပ်ငန်းစဖို့ မြေလည်းလျှောက်ထားပြီးပြီ။ အဲဒီတော့ ဒီတင်ဒါက တခြားသူတွေအတွက်ကျတော့ တကယ့်ကို စိန်ခေါ်မှုကြီးဖြစ်နေတာပေါ့”ဟု တင်ဒါလုပ်ငန်းစဉ်တွင် လျှောက်ထားခဲ့သည့် ကုမ္ပဏီတစ်ခုမှ သတင်းရင်းမြစ်တစ်ဦးက မေလတွင် ပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မြို့ရှိ၊ အနောက်နိုင်ငံစီးပွားရေးအသိုင်းအဝိုင်းမှ တင်ဒါလုပ်ငန်းစဉ်အပေါ် ဝေဖန်ကန့်ကွက်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသောအခါ အစိုးရက တင်ဒါပိတ်ရက်ကို ဇူလိုင်လလယ်အထိ တစ်လနောက်ဆုတ်ပေးခဲ့သည်။ ယင်းသို့ နောက်ဆုတ်ပေးလိုက်ခြင်းက တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တင်ဒါလုပ်ငန်းစဉ်နှင့် ဆက်စပ်လုပ်ငန်းများအတွက် အခြားနိုင်ငံများမှလုပ်ငန်းရှင်များ ပြည်တွင်းသို့လာရောက်ရန် ခက်ခဲနေချိန်တွင် တရုတ်လုပ်ငန်းရှင်များမှာ အသွားအပြန်လမ်းကြောင်း (Fast-track Lane) ဖြင့် မြန်မာနိုင်ငံသို့ အလွယ်တကူလာရောက်ကာ တင်ဒါကိစ္စများ ဆောင်ရွက်နိုင်ခဲ့သည်။ အသွားအပြန်လမ်းကြောင်း (Fast-track Lane)ဆိုသည်မှာ ဇွန်လအစောပိုင်းကတည်းက တရုတ်နှင့်မြန်မာ အစိုးရတို့အကြား စီးပွားရေးလုပ်ငန်းများအတွက်ရည်ရွယ်၍ နှစ်နိုင်ငံသဘောတူဖွင့်လှစ်ခဲ့သော ခရီးသွားခွင့်ဖြစ်သည်။

တင်ဒါပိတ်ရက်နှင့် လုပ်ငန်းအတွက် မြေနေရာရှာဖွေရေးစသည့် အခက်အခဲများသာအက ပီပီအေစာချုပ်မူကြမ်းပါ အချက်အလက်များကလည်း ဆိုလာစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံလိုသူ အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းအများအပြားကို လက်တွန့်စေခဲ့သည်။ ၎င်းတို့က သမားရိုးကျနည်းလမ်းများဖြင့် စီမံကိန်းကိုငွေကြေးထောက်ပံ့လိုသော်လည်း ပီပီအေစာချုပ် မူကြမ်းတွင် မပြည့်မစုံဖော်ပြထားသည့် Take-or-Pay (ပေးသွင်းသူထံမှကုန်ပစ္စည်းကိုယူလျှင်ယူ သို့မဟုတ်ပေးသွင်းသူကိုလျော်ကြေးပေး) စနစ်ကိုကျင့်သုံးမည်ဆိုသည့် အချက်က အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် အကျပ်ရိုက်စေခဲ့သည်။

ထို့ပြင် ရက်ပေါင်း၁၈၀အတွင်း တည်ဆောက်ပြီးစီးရုံမက စီမံကိန်းကိုစတင်လည်ပတ်ရမည်ဟူသော စည်းမျဉ်းလည်းရှိရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆိုလာဓာတ်အားစက်ရုံတည်ဆောက် နေချိန်တစ်ပြိုင်နက်တွင် ပီပီအေစာချုပ်ကိုပါ အစိုးရနှင့်ညှိနှိုင်းရမည့်သဘောဖြစ်နေပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံငွေရှာဖွေရန်မှာ မည်သို့မျှမဖြစ်နိုင်သည့်အခြေအနေဖြစ်သည်။ 

သို့တိုင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်တစ်ဦးဖြစ်သူ ဦးစိုးမြင့်ကမူ ဆိုလာလျှပ်စစ်ဓာတ်အားထုတ်စီမံကိန်းအတွက် ခေါ်ယူခဲ့သည့်လေလံသည် အောင်မြင်သော လေလံတစ်ခုဖြစ်ခဲ့ကြောင်း စက်တင်ဘာ ၁၇ရက်တွင် အခိုင်အမာဆိုသည်။

“တင်ဒါစည်းမျဉ်းတွေနဲ့စပ်လျဉ်းလို့ ဝေဖန်တာတွေကတော့ အများကြီးပဲ။ အဓိက ကတော့ တင်ဒါတင်သွင်းဖို့ နောက်ဆုံးရက်သတ်မှတ်ချက်ပေါ့”ဟု ၎င်းက ဖရွန်းတီးယားမြန်မာ၏ တယ်လီဖုန်းဖြင့် မေးမြန်းမှုကို ပြန်လည်ဖြေဆိုသည်။

ယင်းကဲ့သို့လုပ်ဆောင်ရခြင်းမှာ စီမံကိန်းကို မြန်နိုင်သမျှမြန်အောင် စတင်လိုခြင်းကြောင့်ဖြစ်ပြီး တင်ဒါတွင် နိုင်ငံခြားကုမ္ပဏီအတော်များများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် တင်ဒါလုပ်ငန်းစဉ်သည် မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ကြောင်းနှင့် ဝန်ကြီးဌာနသည် လိုချင်သောဈေးနှုန်းနှင့် နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အားထုတ်မည့်လုပ်ငန်းကိုလည်း ရွေးချယ်နိုင်ခဲ့ကြောင်း ဦးစိုးမြင့်က ဆိုသည်။

သာစည်မြို့နယ်အတွင်းက မြေအရောင်းကြော်ငြာဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

စိတ်ချရသည့်မြေနေရာ အပြိုင်အဆိုင်ရှာဖွေကြသည်

မေလတွင် တင်ဒါခေါ်ယူပြီးနောက် ကုမ္ပဏီများက လျှပ်စစ်ဓာတ်အားသွယ်တန်းမည့် နေရာ၃၀ခုနှင့် အနီးစပ်ဆုံးဒေသများတွင် မြေရရှိရန် အပြိုင်အဆိုင်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြေရောင်း၊ မြေဝယ်လုပ်ငန်းများမှာ လွန်ခဲ့သည့်လအနည်းငယ်တွင် ခေတ်ထလာခဲ့သည်။ ဆိုလာစွမ်းအင်စီမံကိန်းအတွက် အစိုးရကသတ်မှတ်ပေးထားသော နေရာများသည် အပူချိန်မြင့်မားပြီး (မိုးရာသီတွင်ပင်) နေရောင်ခြည်စွမ်းအားမြင့်သော မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ 

“ဇွန်လကတော့ အင်မတန်ထူးခြားတဲ့ လတစ်လပဲ။ သာစည်ကို မြေနေရာရှာဖို့ လူတွေအတော်များများ ရောက်လာကြတယ်။ တချို့က တရုတ်နဲ့ ကုလားတွေပဲ။ အများစုကတော့ ဗမာတွေပါ။ နိုင်ငံခြား ကုမ္ပဏီတွေက ဝန်ထမ်းတွေရော ပွဲစားတွေရောပေါ့။ တချို့က မြေဝယ်ချင်လို့၊ တချို့ကတော့ မြေငှားချင်ကြတာ။ အရောင်းအဝယ် အပေးအယူတွေကတော့ အတော့်ကိုထူးခြားတယ်”ဟု သာစည်မြို့ကအမည် မဖော်လိုသော အိမ်ခြံမြေလုပ်ငန်းအကျိုးဆောင်တစ်ဦးက ဖရွန်းတီးယား မြန်မာကို ပြောသည်။

သာစည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ သပြေဝကျေးရွာတို့သည် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းနှစ်ခုတည်ရှိရာ ဒေသများဖြစ်သည်။

တရုတ်ကုမ္ပဏီတစ်ခုက သာစည်ဘူတာအနီး မြေကွက် ၁၃၀ဧကကျော် ရှာပေးရန်တောင်းဆိုခဲ့ပြီး ရက်ပေါင်းများစွာရှာဖွေသော်လည်းမတွေ့ခဲ့ဟု အဆိုပါအကျိုးဆောင်ကဆိုသည်။

“သာစည်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ မြေယာအများစုက ဆည်ရေသောက်စိုက်ပျိုးမြေတွေ ဖြစ်တာမို့ မြေစျေးက မြင့်တယ်။ တစ်ဧကကို သိန်း၄၀ကနေ သိန်း၅၀အကြား ပေါက်ဈေးရှိတယ်။ ပြီးတော့ လယ်ရှင်အတော်များများက မရောင်းချင်ကြဘူး”ဟု ၎င်းကပြောသည်။

သာစည်မြို့နှင့်အနီးတစ်ဝိုက် ကျေးရွာများတွင် လွန်ခဲ့သောလများအတွင်းက မြေရောင်း၊ မြေဝယ်ကိစ္စ လာရောက်စုံစမ်းသူများပြားခဲ့ကြောင်း၊ သို့သော် မြေငှားရမ်းမှုနှင့် အရောင်းအဝယ်ဖြစ်ရန်မှာ အလွန်ခက်ခဲကြောင်း ယင်းဒေသတစ်ဝိုက်က ကျေးရွာအုပ်ချုပ်ရေးမှူးများက ဖရွန်းတီးယားမြန်မာကို စက်တင်ဘာလအစောပိုင်းတွင် ပြောသည်။

“ရွာသားတချို့ကတော့ သူတို့နဲ့မြေကိစ္စစကားပြောဖို့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ပြဿနာက တစ်ဆက်တည်းရှိတဲ့ ဧက၁၅၀ လောက်ကြီးကို သူတို့က ရှာနေတာ”ဟု ဇီးပင်ပေါက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းအောင်က ပြောသည်။ ဇွန်နှင့်ဇူလိုင်တွင် ပွဲစားအများအပြား မြေကိစ္စစုံစမ်းရန် ၎င်းတို့ရွာသို့ လာရောက်ခဲ့ကြပြီး တစ်ခါတစ်ရံ နိုင်ငံခြားသားများပင် ပါလာတတ်သေးသည်ဟု ၎င်းက ဆိုသည်။

တစ်ဆက်တည်း ၁၅၀ဧကကျယ်သည့် မြေကိုရှာရခက်သဖြင့် နောက်ဆုံးတွင် မြေပွဲစားက သပြေဝကျေးရွာဘူတာအနီးရှိ မြို့ကြီးကုန်းရွာတွင် ဒေသခံများကို စည်းရုံးကာ ၎င်းတို့၏ မြေများကို စပိန်ကုမ္ပဏီ Enerlandနှင့် ၎င်း၏မြန်မာမိတ်ဖက်ကုမ္ပဏီ Myanmar Infinite Energy တို့အား ငှားရမ်းရန် ညှိနှိုင်းပေးခဲ့သည်။

ညှိနှိုင်းမှုအရ လယ်သမား၄၀ဦးက ၎င်းတို့၏ ဧက၁၃၀အကျယ်ရှိသော စုပေါင်းမြေကို အဆိုပါကုမ္ပဏီနှစ်ခုသို့ တစ်ဧကလျှင် ငွေကျပ် ၁၈သိန်း၊ ၁၅နှစ်စာချုပ်ဖြင့် နှစ်ရှည်ငှားရမ်းရန် သဘောတူညီခဲ့ကြသည်။ သို့သော် သဘောတူညီမှုအရ ကုမ္ပဏီက ထိုစဉ်က စပေါ်ငွေအဖြစ် တစ်ဧကလျှင် ငွေကျပ် ၃၀,၀၀၀သာ ပေးခဲ့ပြီး ဆိုလာစွမ်းအင်တင်ဒါ အရွေးချယ်ခံရလျှင် ကျန်ငွေများကို ပေးချေမည်သည်။

သာစည်မြို့နယ်အတွင်းရှိ ဇီးပင်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းအောင်က ဖရွန်းတီးယားမြန်မာကို လက်ခံတွေ့ဆုံ စကားပြောခဲ့သည်။ ဇီးပင်ပေါက်နှင့် အနီးတဝိုက်ကျေးရွာများတွင် နွားများကို တရုတ်ပြည်သို့ တရားဝင်တင်ပို့ခွင့်ပြုသည့် ၂၀၁၇နောက်ပိုင်း နွားမွေးမြူသည့်လုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

“ကျွန်တော်တို့ရဲ့အစီအစဉ်က ကျွန်တော်တို့ရဲ့မြေတွေကို ၁၅နှစ်ငှားမယ်။ တကယ်လို့ အဆင်ပြေတယ်ဆို နောက်ထပ် ငါးနှစ်သက်တမ်းထပ်တိုးမယ်။ ဒီသဘောပါပဲ။ မြေကလည်း စိုက်ပျိုးလို့မဖြစ်ထွန်းဘူး။ ဒါကြောင့် ဒီမြေကတစ်ခုခုများ အကျိုးမြတ်ရမလားလို့ ငှားဖို့သဘောတူခဲ့တာ”ဟု ပိုင်ဆိုင်သည့်မြေ ၂၅ဧကအနက် ၁၈ဧကကို နှစ်ရှည်ငှားရမ်းရန် သဘောတူခဲ့သူ မြို့ကြီးကုန်းရွာသား ဦးသန်းထွန်းက ပြောသည်။

သို့သော် ဖရွန်းတီးယားမြန်မာက ကွင်းဆင်း၍သွားရောက်သတင်းမရယူမီ ရက်အနည်းငယ်အလိုတွင် မြေပွဲစားက ၎င်းတွေ့ဆုံခဲ့သည့် ရွာသားများကို မြေမငှားရမ်းဖြစ်တော့ကြောင်း အကြောင်းကြားခဲ့သည်။ ယင်းသို့ဖြစ်သည်မှာ အဆိုပါကုမ္ပဏီနှစ်ခုသည် ဆိုလာစွမ်းအင်တင်ဒါဝင်ပြိုင်ရာတွင် အရွေးမခံရသောကြောင့်ဖြစ်သည်။

မြို့ကြီးကုန်းရွာသားများ၏ ပြောဆိုချက်အရ ၎င်းတို့ရွာတွင် အခြားမြေငှားရမ်းမှုကိစ္စများလည်း ဇွန်လအတွင်း ရှိခဲ့သည်။ ဒေါ်ဖြူဖြူမြိုင်ဟုအမည်ရသည့် အမျိုးသမီးတစ်ဦးသည် မြို့ကြီးကွင်းအနောက်ဘက်တွင် မြေတစ်ဧကလျှင် ငွေကျပ်၁၁သိန်းအထိ ပေးဝယ်ခဲ့ကြောင်း ရွာခံများကဆိုပြီး၊ ဒေသခံတစ်ဦးဖြစ်သူ ဦးသံချောင်းကမူ ၎င်းပိုင်ဆိုင်သည့် မြေ၂၀ဧကကို အဆိုပါအမျိုးသမီးထံ ရောင်းချခဲ့သည်ဟု ဆိုသည်။

ကနဦးပေးငွေအဖြစ် ယင်းအမျိုးသမီးက မြေတစ်ဧကလျှင် ငွေကျပ်၁၃၀,၀၀၀ပေးအပ်ခဲ့သော်လည်း ဩဂုတ်လလယ်အထိ လက်ကျန်ငွေကို မပေးချေသဖြင့် ဦးသံချောင်းက ဆက်သွယ်သောအခါ ဩဂုတ်လကုန်အထိ ထပ်မံစောင့်ဆိုင်းပေးရန် ၎င်းက တောင်းဆိုခဲ့သည်။

အမှန်တကယ်တွင်မူ ဒေါ်ဖြူဖြူမြိုင်သည် Royal Ace Trading ကုမ္ပဏီဒါရိုက်တာဖြစ်ပြီး ၎င်း၏ကုမ္ပဏီသည် အကျိုးတူပူးပေါင်းသည့် ထိုင်းအခြေစိုက် PCS Machine Group Holdings ကုမ္ပဏီနှင့် ဆိုလာစွမ်းအင်တင်ဒါ လျှောက်ထားသော်လည်း မအောင်မြင်ခဲ့ပေ။ သို့ဖြစ်ရာ ဦးသံချောင်းနှင့် သဘောတူထားခဲ့သော မြေအရောင်းအဝယ်ကိစ္စမှာ အမှန်တကယ် ဖြစ်လာဖွယ်မရှိပေ။

သာစည်မြို့နယ်၊ မြို့ကြီးကုန်းကျေးရွာအနီး နွားကျောင်းနေသော ရွာခံတစ်ဦးကို မြင်တွေ့ရစဉ်။ တင်ဒါအောင်ကုမ္ပဏီ Gold Energy က ဆိုလာစွမ်းအင်စီမံကိန်းအတွက် မြေဝယ်ယူခဲ့သဖြင့် ၎င်းတို့၏ နွားမွေးမြူရေးအတွက် စားကျက်ပျောက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

လေလံအောင်သူတွေအတွက် ဒုက္ခများလား

ဇွန်နှင့်ဇူလိုင်လများအတွင်းက ဆိုလာစွမ်းအင်တင်ဒါအတွက် မြေနေရာရရှိရန် ကတိုက်ကရိုက် ရှာဖွေခဲ့ကြရာ အချို့တင်ဒါအောင်ကုမ္ပဏီများ၏ မြေနေရာရယူပုံမှာ အငြင်းပွားဖွယ်ဖြစ်သည်။  

သပြေဝရွာအနီးဆိုလာစွမ်းအင်လုပ်ကွက်အတွက် တင်ဒါလျှောက်ထားရာတွင် ပြည်တွင်း အေးရှားဝေါလ်နှင့် တရုတ်ပြည်၊ ရှန်ဟိုင်းအခြေစိုက် Universal Energy ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ Gold Energy အမည်ဖြင့် ဝင်ပြိုင်ခဲ့သည်။ Gold Energy ကုမ္ပဏီသည် တစ်ကီလိုဝပ်နာရီအတွက် အမေရိကန်ဒေါ်လာ ၃ဒသမ၉၅ဆင့်ဖြင့် ပြိုင်ဘက် SPIC Yunan International Power Investment နှင့် Primus Advanced Technologies ကုမ္ပဏီတို့ကို ကျော်ဖြတ်၍ တင်ဒါတွင်အရွေးခံခဲ့ရသည်။

Enerland နှင့် Royal Ace ကုမ္ပဏီများကဲ့သို့မဟုတ်ဘဲ Gold Energy ကုမ္ပဏီက မြို့ကြီးကွင်းအရှေ့ဘက်ရှိ အများပိုင်မြေဖြစ်သော စားကျက်မြေဧက၂၀၀ခန့်ကို ဒေသခံများကို အသိမပေးဘဲ တိတ်တဆိတ် ဝယ်ယူခဲ့သည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဒီနေရာကို ကောက်ပဲသီးနှံမျိုးစုံစိုက်ပျိုးဖို့ အသုံးပြုခဲ့တာ”ဟု မြို့ကြီးကုန်းရွာခံ အသက်၈၀အရွယ် ဦးသာရက ပြောသည်။

လွန်ခဲ့သည့် ၃၅နှစ်ခန့်ကစတင်၍ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးနည်းကာ မကြာခဏရေကြီးရေလျှံဖြစ်ပြီး မြို့ကြီးကွင်းအရှေ့ဘက်ရှိ ကွင်းပြင်များသည် စိုက်ပျိုး၍မရသည်အထိဖြစ်လာကြောင်း ၎င်းကဆိုသည်။ ယင်းသို့ အခြေအနေများကြောင့်ပင် ဒေသခံများသည် လယ်ယာစိုက်ပျိုးသည့်လုပ်ငန်းများက စွန့်လွှတ်၍ ဝမ်းရေးအတွက် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြရကြောင်း ဦးသာရကဆိုသည်။

နောက်ပိုင်း ဆပ်ပြာချက်လုပ်ရာတွင်အသုံးပြုသော ကုန်ကြမ်းထွက်ရှိသဖြင့် ထိုကွင်းပြင်များသည် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဆပ်ပြာချက်စက်ရုံအတွက် ကုန်ကြမ်းရှာဖွေရာ ဒေသဖြစ်လာသည်။ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နှစ်နှစ်ဆယ်တိုင်အောင် အဆိုပါကုန်ကြမ်းများ ဝန်ကြီးဌာနအတွက် ရှာဖွေတူးဖော်ခဲ့ကြောင်း ဦးသာရက ပြန်ပြောင်းပြောပြသည်။ သို့သော် ဆပ်ပြာကို ပြည်ပက အလွယ်တကူ တင်သွင်းလာနိုင်သဖြင့် ၂၀၁၁ဝန်းကျင်တွင် ယင်းသို့ရှာဖွေမှုများ ရပ်တန့်သွားသည်။ အဆိုပါ ကွင်းပြင်များကို ပုဂ္ဂလိကကုမ္ပဏီက လုပ်ကိုင်တော့ခြင်းမရှိသည့် စွန့်ပစ်ထားသောမြေအဖြစ် ဒေသခံများက ထင်မှတ်ခဲ့ကြသည်။

၂၀၁၇နှစ်ကုန်တွင် အစိုးရကပြည်ပသို့ နွားအရှင်တင်ပို့မှုကို တရားဝင်ခွင့်ပြုခဲ့ရာ တရုတ်ပြည်သို့ နွားတင်ပို့မှုမြင့်တက်ခဲ့ပြီး မြို့ကြီးကုန်းရွာခံများအကြားတွင်လည်း နွားမွေးမြူရေးလုပ်ငန်း ခေတ်စားလာခဲ့သည်။ မြို့ကြီးကုန်းရွာတစ်ရွာလုံးတွင် နွားအကောင်ရေ ၄,၀၀၀ခန့် ရှိမည်ဟု ဒေသခံများက ခန့်မှန်းပြီး ယင်းအရေအတွက်အရဆိုလျှင် စားကျက်မြေလိုအပ်ချက်မှာ အလွန်ကြီးမားသည်။ သို့သော် မြို့ကြီးကွင်းအရှေ့ဘက်ရှိ ၎င်းတို့နွားလွှတ်ရာ စားကျက်မြေ အများအပြားကို ဆိုလာစွမ်းအင်တင်ဒါအောင်သည့် ကုမ္ပဏီက ဝယ်ယူလိုက်ကြောင်း ဇွန်လအစောပိုင်းမှ လေ့လာသိရှိရသောအခါ ဒေသခံအများအပြားမှာ အထိတ်တလန့်ဖြစ်ကုန်ကြသည်။

သာစည်မြို့ရှိစိုက်ပျိုးမြေစီမံခန့်ခွဲမှုနှင့်မြေစာရင်းရုံးမှ အရာရှိတစ်ဦးက Gold Energyကုမ္ပဏီသည် ဇွန်လအစောပိုင်းတွင် မြေအကျယ် ၁၃၃ဒသမ၃၄ဧကကို ဝယ်ယူခဲ့ကြောင်း အတည်ပြုသည်။

“ကျွန်တော်သိသလောက်ကတော့ အေးရှာဝေါလ်ကုမ္ပဏီက ဒီမြေတွေကို သပြေဝနေ ရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းစီမံကိန်းအတွက် လေလံဆွဲရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်”ဟု အမည်မဖော်လိုသည့် အဆိုပါအရာရှိက ဖရွန်းတီးယားမြန်မာကို ပြောသည်။

မေတွင် ဆိုလာစွမ်းအင်တင်ဒါအောင်သည့် လုပ်ငန်းများကို ကြေညာခဲ့စဉ်ကစပြီး သာစည်မြို့နယ်အတွင်း မြေအရောင်းအဝယ် အများအပြားရှိခဲ့ကြောင်း၊ သို့သော် မြေဝယ်ယူသူများသည် ၎င်းတို့ထံသို့ အကြောင်းကြားစရာမလိုကြောင်း အဆိုပါမြေစာရင်းရုံးအရာရှိက ပြောသည်။ ၎င်းတို့၏ ရုံးဌာနသည် Gold Energy ကုမ္ပဏီ၏ မြေဝယ်ယူမှုကို မြို့ကြီးကုန်း ဒေသခံများထံမှ ဝေဖန်သံ ကျယ်လောင်စွာထွက်ပေါ်လာမှသာ သိရှိခဲ့ရသည်ဟုဆိုသည်။

ဒေသခံအယောက်၁၀၀ခန့်က မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ လက်မှတ်ရေးထိုးတိုင်ကြား၍ Gold Energy ကုမ္ပဏီ၏ မြေဝယ်ယူမှုကို ပြန်လည်စိစစ်ရန် တောင်းဆိုခဲ့သည်။ အဆိုပါကုမ္ပဏီက ၎င်းတို့ဒေသရှိ မြေ ၁၂၁ဒသမ၆၆ဧကကို ဇွန်၁၃ရက်တွင် လူပုဂ္ဂိုလ်ခုနှစ်ဦးထံမှ ဝယ်ယူခဲ့ကြောင်းနှင့် အဆိုပါလူပုဂ္ဂိုလ်ခုနှစ်ဦးမှာ ဒေသခံများမဟုတ်ဘဲ အပြင်လူများဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ 

မြေစာရင်းအရာရှိကမူ လယ်ယာမြေဥပဒေကိုပြဋ္ဌာန်းပြီး တစ်နှစ်အကြာ၂၀၁၃နှစ်ကုန်ပိုင်းတွင် အစိုးရက မြေယာအသုံးချခွင့်နှင့် မြေယာပိုင်ဆိုင်မှု အထောက်အထားပုံစံ(၇)ကို   အဆိုပါလူပုဂ္ဂိုလ်ခုနှစ်ဦးအား ချထားပေးခဲ့ကြောင်းနှင့် ထိုစဉ်က ဒေသခံများထံက ကန့်ကွက်မှုမရှိခဲ့ကြောင်း ဆိုသည်။

မြို့ကြီးကုန်းရွာခံများကလည်း ထိုစဉ်က အစိုးရသည် အဆိုပါမြေများကို မြေယာပိုင်ဆိုင်ခွင့်အတွက် မည်သူမည်ဝါက လျှောက်ထားသည်ကို ၎င်းတို့အား အသိပေးရန်ပျက်ကွက်ခဲ့ကြောင်း ဆိုသည်။

မြို့ကြီးကွင်းအရှေ့ဘက်ရှိ မြေကွက်များမည်သူ့အမည်ပေါက်သည်ကို ၎င်းတို့လုံးဝ မသိရှိခဲ့ရကြောင်းနှင့် အဆိုပါမြေကွက်များကို အစိုးရစီမံခန့်ခွဲမှုအောက်က မြေလွတ်၊ မြေရိုင်းဟုသာ ထင်မှတ်ထားခဲ့ကြောင်း ဦးသာရက ဆိုသည်။ 

“ဒီစားကျက်မြေဟာ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီစားကျက်မြေမရှိရင်တော့ ကျွန်တော်တို့ နွားတွေဆက်မွေးနိုင်မယ်မထင်ဘူး” ဟု ဦးသာရက ပြောသည်။

Gold Energy ကုမ္ပဏီ၏ ဆက်ဆံရေးဒါရိုက်တာကိုခရစ္စလုံးက ၎င်းတို့ကုမ္ပဏီအနေဖြင့် တရားဝင် ပိုင်ဆိုင်မှုအထောက်အထား အတိအကျရှိသူများထံမှ အဆိုပါမြေများကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ပိုင်ဆိုင်မှုအငြင်းပွားမှုကိစ္စကို မသိရှိကြောင်းပြောဆိုသည်။ ယင်းထက်ပို၍ မှတ်ချက်ပြုရန် ၎င်းက ငြင်းဆန်ခဲ့သည်။

ဆိုလာစွမ်းအင်စီမံကိန်းတည်ရှိရာ သာစည်မြို့နယ်၊ မြို့ကြီးကွင်းရွာအနီးက စိမ်းဆိုနေသော လယ်ကွက်များကို မြင်တွေ့ရစဉ်။ တင်ဒါစည်းမျဉ်းများအရ ဆိုလာစွမ်းအင်စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီများသည် ပတ်ဝန်းကျင်နှင့်လူမှုထိခိုက်မှုဆန်းစစ်လေ့လာချက်ကို တင်ပြရမည်ဟုဆိုသည်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

အလျင်စလိုဆောင်ရွက်ရသည့် ပတ်ဝန်းကျင်ဆိုင်ရာစိစစ်မှု

မြန်မာနိုင်ငံတွင်၂၀၁၅မှ စတင်အသက်ဝင်ခဲ့သည့် အကြီးစားစီမံကိန်းများ ဆောင်ရွက်ရာတွင် ဥပဒေအရ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆန်းစစ်ရန်လိုအပ်သည့်စနစ်ကြောင့် ဆိုလာစွမ်းအင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများသည် ခြောက်လအတွင်း လုပ်ငန်းစတင်လည်ပတ်ရမည် ဟူသည့် တင်ဒါစည်းမျဉ်းမလိုက်နာနိုင်မည်ကို စိုးရိမ်ကြသည်။

ယခင်အတွေ့အကြုံများအရ စီမံကိန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်လေ့လာချက်များ (EIA) နှင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ချက် (IEE)များ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုရှိခဲ့သည်။ ယင်းသို့ကြန့်ကြာမှုကြောင့် စီမံကိန်းစတင်ရန် မရှိမဖြစ်လိုအပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) အစိုးရထံမှ ရရှိရေးတွင် အချိန်ကြာမြင့်စေခဲ့သည်။ အမှန်တယ်တွင်မူ ကုမ္ပဏီများသည် အီးစီစီလက်မှတ်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းများစတင်နေကြပြီဖြစ်ပြီး အချို့ကမူ မည်သည့်ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာချက်မှပြုလုပ်မထားသည်ကို လေ့လာတွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်လေ့လာချက်လုပ်ထုံးလုပ်နည်းများအရ ၅၀မဂ္ဂါဝပ်ထက် ကျော်လွန်ခြင်းမရှိသော ဆိုလာစီမံကိန်းများသည် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ချက် (IEE) ဆောင်ရွက်ရန် မလိုအပ်ပေ။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်လေ့လာချက်မှာလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကတောင်းဆိုမှသာ ဆောင်ရွက်ရခြင်းဖြစ်သည်။

တင်ဒါအောင်မြင်သည့် စီမံကိန်းအားလုံးနီးပါးသည် တစ်ခုလျှင် ထုတ်လုပ်မည့်လျှပ်စစ်ဓာတ်အား ပမာဏသည် ၅၀မဂ္ဂါဝပ်အောက် လျော့နည်းသော်လည်း ပီပီအေစာချုပ်မူကြမ်းကမူ ကုမ္ပဏီများအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများနှင့်အညီလိုအပ်သော ပတ်ဝန်းကျင်နှင့်လူမှုထိခိုက်မှု ဆန်းစစ်လေ့လာချက်တစ်ရပ် (ESIA)ကို တင်သွင်းရမည်ဟု ဖော်ပြထားရာ လုပ်ငန်းရှင်များအတွက် ရှုပ်ထွေးစရာဖြစ်နေသည်။

ထို့ပြင် ပီပီအေစာချုပ်မူကြမ်းပါ စည်းမျဉ်းများအရ ပတ်ဝန်းကျင်နှင့်လူမှုထိခိုက်မှု ဆန်းစစ်လေ့လာချက်ဆောင်ရွက်ရာတွင် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်းက သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ဆောင်ရွက်ရမည်ဟုဆိုသည်။ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းသည် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်လုပ်ငန်းတစ်ခုဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအကူအညီများ ပေးအပ်လျက်ရှိသည်။

ပုံမှန်အားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ကုမ္ပဏီများက တင်သွင်းသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်လေ့လာချက်တစ်ခုကို အများဆုံးအချိန်နှစ်လခန့်ယူ၍ စိစစ်ရကြောင်း အဆိုပါဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဆန်းနိုင်ကဆိုသည်။ သို့ဖြစ်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်လေ့လာချက် အခု၃၀ခန့်ကိုအချိန်တိုအတွင်း စိစစ်ရန်မှာမဖြစ်နိုင်ဟု ၎င်းကဆိုသည်။

ကုမ္ပဏီများက တင်သွင်းလာသည့် ထိခိုက်မှုဆန်းစစ်လေ့လာချက်တစ်ခုကို သုံးသပ်ရန် ဝန်ကြီးဌာနပေါင်းစုံပါဝင်သော အဖွဲ့တစ်ခုဖွဲ့စည်းရကြောင်း၊ သို့သော် ဆိုလာစွမ်းအင်စီမံကိန်းများသည် ပတ်ဝန်းကျင်ကိုထိခိုက်မှုအတိုင်းအတာနည်းပါး၍ ၎င်းတို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာချက်များကို အချိန်အနည်းငယ်အတွင်း ပြီးစီးအောင် သုံးသပ်စိစစ်နိုင်ကြောင်း ဦးကျော်ဆန်းနိုင်က ဆိုသည်။

ထို့ပြင် အစိုးရသဘောတူညီချက်ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများဖြစ်သဖြင့် ဝန်ကြီးဌာနက ဆိုလာစီမံကိန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်လေ့လာချက်များကို ဦးစားပေး၍ သုံးသပ်စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကုမ္ပဏီများအနေဖြင့် ECCလက်မှတ်ကိုစောင့်ဆိုင်းနေစဉ်တွင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လုပ်ငန်းအချို့စတင်နိုင်ကြောင်း ဦးကျော်ဆန်းနိုင်ကဆိုသည်။

“မြေနေရာရှင်းလင်းတာနဲ့ ခြံစည်းရိုးခတ်တာမျိုးလို လုပ်ငန်းတွေကတော့ ECC လက်မှတ်မရခင် ကြိုပြီးလုပ်လို့ရပါတယ်”ဟု ၎င်းက ပြောသည်။

ဤဆောင်းပါးသည် ဖရွန်းတီးယားမြန်မာနှင့် China Dialogue တို့ ပူးတွဲတင်ဆက်သော သတင်းဆောင်းပါးဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့်သာမက တရုတ်ဘာသာဖြင့်ပါ ဖတ်ရှုနိုင်ပါသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar