A Facebook user browses one of several groups and pages belonging to the "no vote" community. (Thuya Zaw | Frontier)
မဲမပေးရေးလှုပ်ရှားမှုအတွက် လှုံ့ဆော်သည့် လူမှုကွန်ရက်စာမျက်နှာတစ်ခုက ပို့စ်များကို ကြည့်ရှုနေသူ တစ်ဦးကို မြင်ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

မြန်မာနိုင်ငံက ဆန္ဒမဲမပေးလိုသူများ

အပြောင်းအလဲကြီးကြီးမားမား ဖော်ဆောင်နိုင်မည်မဟုတ်၍ လာမည့်ရွေးကောက်ပွဲတွင် မဲမပေးရန် ဖေ့စ်ဘွတ်ခ်ပေါ်တွင် လှုံ့ဆော်မှုများရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့က အလေးအနက်ထားတုံ့ပြန်ခဲ့ရာ ယင်းလှုပ်ရှားမှုသည် ပို၍လူသိများလာခဲ့သည်။

ပြည့်စုံအောင် ရေးသားသည်။

ကိုမျိုးမင်းတင်သည် နိုဝင်ဘာတွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲပေးခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများကို လူအများဆွေးနွေးရန် နေရာတစ်ခုအဖြစ် No-Vote Community Myanmar ဖေ့စ်ဘွတ်ခ်အဖွဲ့တစ်ခုကို ဇူလိုင်၂၁ရက်တွင် ဖန်တီးခဲ့သည်။

“မဲမပေးဘူးဆိုတဲ့သူတွေကို အုပ်စုနှစ်စုခွဲလိုက်ရင် တပ်မတော်ကရေးဆွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတဲ့ရွေးကောက်ပွဲတွေကို ဘယ်တော့မှမဲပေးဘူးဆိုတဲ့ အုပ်စုနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ မဲပေးခဲ့ပေမဲ့ အာဏာရပါတီရဲ့ စွမ်းဆောင်ရည်နဲ့ နိုင်ငံရေးအရည်အချင်းမပြည့်မီမှုတွေကို မကျေနပ်လို့မဲမပေးတော့ဘူးဆိုတဲ့ အုပ်စုကိုတွေ့ရတယ်။ အများစုက ဒုတိယအုပ်စုထဲမှာ”ဟု အသက်၄၂နှစ်ရှိပြီဖြစ်သည့် ရန်ကုန်အခြေစိုက်အိုင်တီပညာရှင်တစ်ဦးဖြစ်သူ ကိုမျိုးမင်းတင်ကပြောသည်။

နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံမရှိသော်လည်း မဲမပေးခြင်းအပေါ် လူအများ၏ သဘောထားကိုသိနိုင်ရန် ယင်းဖေ့စ်ဘွတ်ခ်အဖွဲ့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သို့သော် ကိုမျိုးမင်းတင်က ဆွေးနွေးမှုကို ဦးဆောင်ခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် အကြောင်းအရာတစ်ခုကို ဆွေးနွေးငြင်းခုံရန် စေ့ဆော်အားပေးရာ၌ ကျယ်ပြန့်အရေးပါလာသည့် ဆိုရှယ်မီဒီယာ (လူမှုကွန်ယက်စာမျက်နှာ)၏ အခန်းကဏ္ဍကို လေ့လာခြင်းသာဖြစ်သည်ဟု ဆိုသည်။ 

ဇွန်၁၅ရက်က “ခေတ်သစ်ဒဿနိဗေဒနိဒါန်း”စာအုပ်ရေးသားသူ စာရေးဆရာလင်းထက်ဆွေသည် ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တို့အကြား တိုက်ပွဲများကိုအကြောင်းပြုကာ အစိုးရကိုဝေဖန်ရေးသားခဲ့သည်။ ယင်းအခြေအနေများသည် နိုဝင်ဘာ၈ရက်တွင် မဲမပေးလိုသည့် အကြောင်းရင်းဖြစ်သည်ဟု သူက ရေးသားခဲ့သည်။ ဆရာလင်းထက်ဆွေ၏ အဆိုပါရေးသားမှုသည် မဲပေးရေး၊ မပေးရေးအတွက် ငြင်းခုံမှုများကို အစပျိုးလိုက်သည်။ ၎င်း၏ရေးသားမှုကို ရခိုင်လွှတ်တော်အမတ် ဦးကျော်ဇောဦးက ထပ်မံမျှဝေခဲ့သည်။

ဆရာလင်းထက်ဆွေသည် မဲမပေးလိုသည့် သူ၏ယူဆချက်များကို ဆက်တိုက်ရေးသားခဲ့သည်။ တစ်ချိန်တည်းမှာပင် မဲမပေးရေးလှုပ်ရှားမှုအတွက် နာမည်တူဖေ့စ်ဘွတ်ခ်အုပ်စုများ ထပ်မံထွက်ပေါ်လာပြီး ၎င်းတို့၏ မဲပေးခြင်းနှင့်ဆက်စပ်သည့် မကျေနပ်ချက်အကြောင်းရင်းများကို ရေးသားဖော်ပြလာကြသည်။ ကိုမျိုးမင်းထွန်း တည်ထောင်ခဲ့သည့်ဖေ့စ်ဘွတ်ခ်အုပ်စုသည် အဆိုပါအုပ်စုများထဲက တစ်ခုဖြစ်သည်။

သို့သော် မဲမပေးရေးလှုပ်ရှားမှုအုပ်စုတွင် ပါဝင်နေသူအဖွဲ့ဝင်ဦးရေသည် ၁,၀၀၀ပင်မပြည့်ပေ။ ဇူလိုင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီကို ထောက်ခံသူများသည် မဲမပေးရေးလှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် Go-Vote (မဲပေးကြမယ်)ဟု အမည်ပေးထားသည့် မဲပေးရေးလှုပ်ရှားမှု‌ ဖေ့စ်ဘွတ်ခ်အုပ်စုများကို တည်ထောင်လိုက်ကြသည်။ ထို့နောက် အင်န်အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများကပါ မဲမပေးရေးလှုပ်ရှားသူများကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ယင်းတုံ့ပြန်မှုများသည် နိုင်ငံရေးသမားများအတွက် မဟာဗျူဟာအမှားဖြစ်ခဲ့သည်။ ၎င်းတို့၏ အမျက်ဒေါသများကို သတင်းမီဒီယာများကတစ်ဆင့် တုံ့ပြန်ခြင်းဖြင့် “မဲမပေးရေးလှုပ်ရှားမှု” သည် နိုင်ငံတစ်ဝန်းတွင် လူသိများလာပြီး ထင်ရှားသောတက်ကြွလှုပ်ရှားသူများပါ ပါဝင်လာခဲ့သည်။

ဩဂုတ်၈ရက်တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ ၃၂နှစ်မြောက်အထိမ်းအမှတ်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် မဲမပေးရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကလည်း ယင်းလှုပ်ရှားမှုကို ထောက်ခံခဲ့သည်။

လှုံ့ဆော်သူများ

သြဂုတ်၅ ရက်ကပြုလုပ်ခဲ့သော အွန်လိုင်းက အပြန်အလှန်ဆွေးနွေးသည့် အစီအစဉ်တစ်ခုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်နိုင်ငံအတွက်ကိုယ် တာဝန်ယူချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာရှိရမယ်။ ကိုယ်ကြိုက် သလို မဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူးတို့၊ ဟိုဟာမကြိုက်ဘူး တို့ပြောတာက အင်မတန်တာဝန်မဲ့တာပဲ”ဟု ပြောဆိုဆွေးနွေးခဲ့သည်။

“လူတစ်ယောက်၏ဘဝတွင် အသက်၁၈နှစ်ကစပြီး မဲပေးမည်ဆိုလျှင် ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ် ကျင်းပသည့်အတွက် အသက်၈၀အထိ နေနိုင်မည်ဆိုပါက ၁၂ကြိမ်သာ မဲပေးပိုင်ခွင့်ရှိ”သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

၎င်း၏မှတ်ချက်သည် မဲမပေးရေးငြင်းခုံမှုများ ပျံ့နှံ့သွားသည့်အတိုင်းအတာကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်သည်။

ထို့ပြင် ယင်းသို့ပြောဆိုမှုသည် ထပ်မံအငြင်းပွားစရာဖြစ်ခဲ့သည်။ အင်န်အယ်လ်ဒီပါတီသည် ၂၀၁၀တွင်ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် သာဓကရှိ၍ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အသာစီးရအောင် မျက်နှာသာပေးခဲ့ပြီး ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုမရှိဟုဆိုကာ ၂၀၁၀ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အပြင်းအထန်ဝေဖန်ခဲ့သည်။

ထိုစဉ်က အင်န်အယ်လ်ဒီပါတီ၏ ဒလမြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်းရင်သည် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးရေးလှုံ့ဆော်သည့် သတင်းစကားပါဝင်သော လက်ကမ်းစာစောင်များဖြန့်ဝေမှုအတွက် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲဝင်ခွင့်မရအောင် ဥပဒေအရတားမြစ်ထားခြင်းနှင့် ရွေးကောက်ပွဲသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပသည့် ရွေးကောက်ပွဲဖြစ်နေခြင်းတို့ကြောင့် အင်န်အယ်လ်ဒီပါတီက ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က လွှတ်တော်အတွင်း ၂၅ရာခိုင်နှုန်းနေရာယူထားသည့်အပြင် လုံခြုံရေးနှင့်သက်ဆိုင်သော အရေးပါသည့်ဝန်ကြီးဌာနသုံးခုကို ချုပ်ကိုင်ထားသည်။ ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းချက်များကို ဗီတိုအာဏာသုံး၍ ပိတ်ပင်တားဆီးနိုင်သည့် အခွင့်အာဏာလည်းရှိနေသည့်အတွက် အင်န်အယ်လ်ဒီပါတီက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယခင်က ကန့်ကွက်ခဲ့သည့်တိုင် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ နေရာအများစုတွင် အနိုင်ရခြင်းကတစ်ဆင့် လွှတ်တော်နိုင်ငံရေးတွင် စတင်ပါဝင်လာသည်။ ထို့ပြင် အင်န်အယ်လ်ဒီပါတီသည် ၂၀၀၈‌ဖွဲ့စည်းပုံအခြေခံဥပဒေအရပင် ကျင်းပခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ နေရာအများစုအနိုင်ရရှိခဲ့သည်။ ထို့နောက် ပါတီက အများစုနိုင်ထားသည့်အမတ်အင်အားကို အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ယခုနှစ်အစောပိုင်းတွင် ကြိုးပမ်းခဲ့သော်လည်း တပ်မတော်၏ ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ပေ။

“သူ (ဒေါ်အောင်ဆန်းစုကြည်)ပြောတာ ရှေ့နောက်ညီညွတ်မှုမရှိဘူး။၂၀၁၀တုန်းက လူတွေ မဲပေးချင်ပေးနိုင်တယ်။ မပေးဘဲနေတာကလည်း ဥပဒေပါအခွင့်အရေးပဲဖြစ်တယ်လို့ ဆိုခဲ့တယ်။ ဆန္ဒမဲပေးတယ်ဆိုတာ လူထုရဲ့သဘောထားကို ဖော်ပြခြင်းဖြစ်တယ်။ လူတွေကို ဖိအားပေးပြီးမဲပေးခိုင်းရင် မဲပေးခြင်းရဲ့အနှစ်သာရပျက်ယွင်းသွားပြီး လူထုရဲ့ဆန္ဒအမှန်မဟုတ်တော့ဘူး”ဟု ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးခေါင်းဆောင် ကိုကျော်ကိုကိုကပြောသည်။

မဲမပေးလိုသူများကို ပြစ်တင်ရှုတ်ချသည့်လုပ်ရပ်က သာမန်ငြင်းခုံမှုတစ်ခုကို အများပြည်သူအကြား ပိုမိုကျယ်ပြန့်စေခဲ့ရုံမက နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးသူဦးရေနည်းပါးမည့် အလားအလာအပေါ် နိုင်ငံရေးသမားများ၏ စိုးရိမ်မှုကိုလည်း ထင်ဟပ်လျက်ရှိသည်။ ထို့အတူ အများကမျှော်လင့်ထားသည့်အတိုင်း အင်န်အယ်လ်ဒီပါတီသည် လာမည့်ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ထပ်မံအောင်ပွဲခံနိုင်သည့်တိုင် မဲပေးသူဦးရေနည်းပါးပါက အစိုးရသစ်၏ တရားဝင်ဖြစ်မှု (နိုင်ငံရေးဩဇာ)လျော့ကျသည့် သဘောဖြစ်ပြီး တပ်မတော်နှင့် ယှဉ်လျှင် အင်န်အယ်လ်ဒီပါတီကို နိုင်ငံရေးအရ လေးစားထောက်ခံမှု လျော့နည်းလာသည့် လက္ခဏာလည်းဖြစ်သည်။

မဲမပေးရန်လှုံ့ဆော်သူများအား ရွေးကောက်ပွဲဥပဒေအရ အရေးယူမည်ဟု အင်န်အယ်လ်ဒီအစိုးရက ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ထုတ်ဖော်သတိပေးလာသည်။ ဆန္ဒမဲပေးရန် ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန် စည်းဝေးဟောပြောခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုများစသည့် ပြစ်မှုများကို အရေးယူနိုင်သည့် ပုဒ်မခြောက်ခုကို ကိုးကား၍ ကော်မရှင်က လှုံ့ဆော်သူများကို သတိပေးခဲ့သည်။ သို့သော် ဥပ‌ဒေတွင်ပြဋ္ဌာန်းထားသည့် အရေးယူခံရနိုင်သော ပြစ်မှုများသည် လူမှုကွန်ရက်ပေါ်တွင် ငြိမ်းချမ်းစွာလုပ်ဆောင်နေသည့် မဲမပေးရေးလှုပ်ရှားမှုများနှင့် ချိန်ထိုးကြည့်ပါက မည်သို့မျှမအပ်စပ်သကဲ့သို့ ဖြစ်နေသည်။

ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ

လူအတော်များများအတွက်မူ ရွေးကောက်ပွဲများပုံမှန်ကျင်းပခြင်းက အနည်းဆုံးအားဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဦးတည်လျှောက်လှမ်းနေကြောင်း သက်သေပြစရာဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသည့် တတိယအကြိမ်ရွေးကောက်ပွဲနှင့် အင်န်အယ်လ်ဒီအစိုးရ၏ ဦးဆောင်မှုအောက်တွင် ပထမဆုံးကျင်းပမည့်ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် လာမည့်ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းတွင် ‌အရေးပါသော နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

“ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဆိုတာ အင်မတန်အဓိပ္ပာယ်ရှိတယ်။ ဒီနှစ်ခုက ခွဲခြားလို့မရဘူး”ဟု အင်န်အယ်လ်ဒီပါတီ သတင်းနှင့်ပြန်ကြားရေးဗဟိုကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဖရွန်းတီးယားမြန်မာကိုပြောသည်။

‘’ဆန္ဒမဲပေးခြင်းဆိုတာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အသုံးပြုပြီး အစိုးရတစ်ရပ်ကိုရွေးချယ်တာဖြစ်တယ်။ မဲပေးတယ်ဆိုတာ လူ့အခွင့်အရေးကို အပြည့်အဝအသုံးချနေတာ။ လူတွေကို မဲမပေးဖို့ပြောတာဆိုရင်တော့ ဒါလူ့အခွင့်အရေးချိုးဖောက်မှုပဲ”ဟု မဲမပေးရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ မုံရွာအောင်ရှင်ကပြောသည်။

ဆန္ဒမဲမပေးရေးလှုပ်ရှားသူများကို ကန့်ကွက်သူများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရန်ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူများ၏ ဆုံးရှုံးခဲ့ရသောဘဝများ၊ ထောင်ထဲတွင် ကုန်လွန်ခဲ့ရသည့် အချိန်များ၊ ပြိုလဲသွားသည့် မိသားစုများ၏ဘဝများနှင့် ပျက်စီးသွားသည့်အိပ်မက်များကို မီးမောင်းထိုးပြောဆိုလာကြသည်။

ယင်းသို့ပြောဆိုသူများအနက် တစ်ဦးဖြစ်သော ဦးမျိုးရန်နောင်သိန်းသည် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာထူးမှနှုတ်ထွက်ရန် ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ဝေဖန်ရေးသား၍ ၂၀၁၇တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်ခြောက်လချမှတ်ခံခဲ့ရသည်။ သူသည် အင်န်အယ်လ်ဒီပါတီ၏ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးအဖြစ် ၂၀၁၉အထိ တာဝန်ယူခဲ့သူဖြစ်သည်။ လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်သည့် ကိစ္စတစ်ခုကြောင့် ယင်းနှစ်တွင်ပင် ပါတီကသူ့ကို တာဝန်ကရပ်ဆိုင်းခဲ့သည်။

“မဲပေးခွင့်ဆိုတာသံတိုင်ကို ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေရဲ့အားပါ။ ငိုကျွေးနေခဲ့ရတဲ့ မိခင်တွေရဲ့ မျက်ရည်စက်ပါ။ မဲမပေးရန်လှုံ့ဆော်နေသူဟာ မစားရတဲ့အမဲ သဲနဲ့ပက်ချင်သူတွေပါ။ စိတ်ဓာတ်နိမ့်ကျသူ ပြည်သူ့အန္တရာယ်တွေပါ။ သူယုတ်မာများကို ဆန့်ကျင်ကြပါ။ ချေမှုန်းကြပါ”ဟု ဇူလိုင်၂၅ရက်တွင် သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ 

မုံရွာအောင်ရှင်ကမူ လူအချို့တွင် ၎င်းတို့ပါတီအပေါ် ဘဝင်မကျမှုများရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ “အခြေခံဥပဒေပြင်ဆင်နိုင်ဖို့နဲ့ ပြည်သူတွေအတွက်ထိရောက်တဲ့ အခွင့်အလမ်းတွေ တိုးတက်မှုတွေ အောင်မြင်အောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ ဆက်ပြီးကြိုးစားဦးမှာပါ။ မအောင်မြင်ခဲ့လို့ ဆက်မလုပ်သင့်ဘူးဆိုတာက မှန်ကန်တဲ့ပြောဆိုမှုမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

မဲမပေးရန်လှုံ့ဆော်ခြင်းသည် “ဒီမိုကရေစီကို ဆန့်ကျင်ခြင်း”ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိနှစ်သက်သည့်ပါတီကို လွတ်လပ်စွာမဲပေးခွင့်ရှိသည်ဟု သူကပြောသည်။ သို့သော် မဲမပေးခြင်းသည် “တရားမဲ့ဝါဒ”ဖြစ်သည်ဟုလည်း သူကဆက်လက်ပြောကြားသည်။

ယင်းသို့ပြောဆိုမှုသည် ၂၀၁၀ရွေးကောက်ပွဲကို မဲမပေးကြရန် သပိတ်မှောက်ခဲ့စဉ်က ၎င်းတို့ပါတီ၏ သဘောထားရပ်တည်ချက်နှင့် ဆန့်ကျင်နေသည့်အပေါ်မေးမြန်းရာ “လက်ရှိအခြေအနေတွေက မတူတော့ဘူး။ တိုင်းရင်းသားလူမျိုးတိုင်းလက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်ဖို့ ကျွန်တော်တို့ကြိုးစားနေတယ်။ ခုလိုအချိန်မှာ မဲမပေးရေးလှုပ်ရှားမှုတွေက ကျွန်တော်တို့သွားနေတဲ့လမ်းစဉ်နဲ့ လုံးဝမကိုက်ညီပါဘူး”ဟု မုံရွာအောင်ရှင်က တုံ့ပြန်သည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက်တွင်သာ ရှိနေသေးသည်ဟု ရိုဟင်ဂျာအရေးလေ့လာသူ အလွတ်တန်းသုတေသီ ကိုမျိုးမင်းကပြောသည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

အကြံအဖန်ကစားပွဲ

ကိုကျော်ကိုကိုသည် နိုင်ငံရေးအဖွဲ့တစ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင်သူသည် မည်သည့်အခါကမျှ မဲပေးခဲ့ခြင်းမရှိဟု ဆိုသည်။ အလားတူ လာမည့်ရွေးကောက်ပွဲတွင်လည်း မဲမပေးရန်ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

“ရွေးကောက်ပွဲကို နိုင်ငံရေးစနစ်ကိုပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ လက်ရှိအခင်းအကျင်းနဲ့ ကျင်းပတဲ့ရွေးကောက်ပွဲကို ကျွန်တော်မထောက်ခံဘူး”ဟု ၎င်းက ပြောသည်။

“တစ်ခြားနည်းလမ်းနဲ့ ပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ်”ဟု သူကပြောသည်။ ၎င်းပြောသည့် တစ်ခြားနည်းလမ်းဆိုသည်မှာ လက်နက်ကိုင်တော်လှန်ခြင်းမဟုတ်ဘဲ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ ကျောင်းသားနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ပေါင်းစည်းထားသည့် အဖွဲ့တစ်ခုဖွဲ့စည်းကာ အားလုံး၏ အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်မည့် ဒီမိုကရေစီနည်းလမ်းကျတော်လှန်ရေးဖြစ်ကြောင်း ၎င်းကဆိုသည်။

အများနည်းတူ သူ့ကိုစိတ်ပျက်စေသည့်အချက်မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ လက်ရှိအုပ်ချုပ်ရေးစနစ်သည် လွှတ်တော်နှင့်အရပ်သားအစိုးရ၏ အာဏာကို အကန့်အသတ်ဖြင့် ခွင့်ပြုထားသော တပ်မတော်က စနစ်တကျစီစဉ်ထားသည့် စနစ်မျိုးဖြစ်နေသည်ဟု ၎င်းကဝေဖန်သည်။

“၂၀၀၈ဖွဲ့စည်းပုံကို အခြေခံထားတဲ့ နိုင်ငံရေးအထိုင်ကို ဖျက်ပစ်ရမယ်။ နိုင်ငံရေးအင်အားစုတွေဟာ ဒီအထိုင်၊ ဒီအခင်းအကျင်းထဲမှာ တဖြည်းဖြည်း နစ်ဝင်သွားတာ။ ဒီရဲ့တခြားတစ်ဘက်မှာ ဘာရှိတယ်ဆိုတာကို မတွေးခေါ်နိုင်တော့တာ၊ မတွေးခေါ်တော့တာ တွေ့ရတယ်။ ရန်ငါမပြတ်တဲ့သဘောပဲ”လို့ သူကပြောပါတယ်။

မဲမပေးခြင်းသည် နိုင်ငံရေးတွင် တပ်မတော်၏ပါဝင်မှုကို အသိအမှတ်ပြုရန် ငြင်းပယ်ခြင်း တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဗဟိုကော်မတီဝင် ကိုအောင်ဖုန်းမော်က ပြောသည်။

“မြန်မာပြည်မှာ ရွေးကောက်ပွဲတွေဘာလို့ရှိနေသလဲဆိုရင် စစ်အာဏာရှင်ဟာ အာဏာကို စစ်အာဏာရှင်ပုံစံနဲ့ပဲ အမြဲတမ်း မပြောင်းမလဲကျင့်သုံးနေလို့မရဘဲ လူထုကရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတဲ့ တရားဝင်မှုကို ရှာဖို့လိုမှန်း နားလည်လို့ရှိနေတာပဲ”ဟု ၎င်းကပြောသည်။

“မဲမပေးဘဲနေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူးဆိုပြီး လူတွေကပြောတာရှိတယ်။ ကျွန်တော် သဘောတူပါတယ်။ မဲပေးလည်း ဘာမှထူးခြားပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာတော့ ထပ်ထည့်ချင်တယ်။ လူတွေ တစ်ခုခုလုပ်ဖို့ကြိုးစားနေပြီး တစ်ချိန်လုံး ဆိုးဆိုးရွားရွား မအောင်မမြင်ဖြစ်နေချိန်မှာ ဘာမှမလုပ်ဘဲနေတာကိုယ်၌က ခိုင်မာစစ်မှန်မှုရှိတဲ့ နိုင်ငံရေးလုပ်ရပ်တစ်ခုဖြစ်တယ်”ဟု ကိုအောင်ဖုန်းမော်ကပြောသည်။

မဲပေးခြင်းသည် ပြည်သူများနိုင်ငံရေးတွင် ပါဝင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမဟုတ်ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မရွန်းလဲ့က ယုံကြည်သည်။ သူသည် အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးဆောင်ရွက်နေသည့် Rainfall Feminist Organizationကို ပူးတွဲတည်ထောင်သူ ဖြစ်သည်။

ရွေးကောက်ပွဲသည် တပ်မတော်၏ အမျိုးသားများသာကြီးစိုးထားသည့် အုပ်ချုပ်ရေးပုံစံတစ်ခုကို ပိုပြီးအချေခိုင်အောင် ကြိုးပမ်းအားထုတ်မှုသာဖြစ်သည်ဟု မရွှန်းလဲ့ယူဆသည်။ “ရွေးကောက်ပွဲက တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ကျွန်မ မထင်ဘူး။ တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုတွေကတစ်ဆင့်သာ ရနိုင်တယ်”ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် ခွဲခြားဆက်ဆံခံနေရဆဲဖြစ်သည်ဟု မရွှန်းလဲ့က ဆိုသည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်အား အစဉ်အလာစံတန်ဖိုးဆိုသည့် အယူအဆများဖြင့် အကျဉ်းချ ချုပ်ချယ်သည့် အယူဝါဒထွန်းကားနေဆဲဖြစ်ပြီး အမျိုးသမီးတို့၏ အခွင့်အရေးများလည်း ကန့်သတ်ခံထားရဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

၂၀၁၅က ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင်ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေလေးမျိုးကို ပြင်ဆင်ရန်ငြင်းဆန်ခြင်းဖြင့် လက်ရှိအင်န်အယ်လ်ဒီအမတ်များလွှမ်းမိုးထားသည့်လွှတ်တော်သည် ဘာသာမတူသည့်လူများအကြား လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်ထားပြီး တစ်ဦးထက်ပိုသည့် အိမ်ထောက်ဘက်ထားရှိခြင်းနှင့် တရားဝင်လက်မထပ်ဘဲ အတူနေလိုသည့်စုံတွဲများကို ပြစ်ဒဏ်ပေးသည့် ဥပဒေများကိုထောက်ခံသည့် သဘောသက်ရောက်စေသည်။

“ဘာကြောင့် ကျွန်မတို့က အမျိုးသမီးတွေကို ဒီလိုဖောက်ပြန်ပျက်စီးနေပြီး ယောကျ်ားသားတွေသာ ကြီးစိုးတဲ့နိုင်ငံရေးစနစ်တစ်ခုမှာ တစ်တပ်တစ်အားပါဖို့ တိုက်တွန်းရမှာလဲ”ဟု မရွှန်းလဲ့က ပြောသည်။ “ကျွန်မက မဲမပေးဘူးဆိုတဲ့ဘက်ကပဲ။ ဘာလို့လဲဆိုတော့ ဒီအပေါ်ယံ အနှစ်မရှိတဲ့ လွှတ်တော်ဆိုတာတွေဟာ အမျိုးသမီးတွေအတွက် စနစ်တစ်ခုလုံးပြောင်းလဲဖို့ ကြိုးစားအားထုတ်ခြင်းမရှိဘူး။ လုပ်သမျှအရာမထင်အောင် ကာဆီးထားသလို ဖြစ်နေလို့ပဲ”ဟု ၎င်းက ပြောသည်။

လိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ လိင်ကွဲပြားမှုအပေါ်မူတည်၍ ခွဲခြားဆက်ဆံမှုများသည် မြို့ကြီးပြကြီးများရှိ အလုပ်ရုံ၊ စက်ရုံများနှင့် ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်သည်။ သို့တိုင် တစ်ချိန်က အမျိုးသမီအရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးအမတ်များကိုယ်တိုင် လွှတ်တော်တွင် ယင်းကိစ္စရပ်များကို ဆွေးနွေးပြောဆိုရမည့်အစား နှုတ်ဆိတ်နေကြသည်ဟု သူကပြောသည်။

“ဒီလိုသာဆို ရွေးကောက်ပွဲရဲ့ ဦးတည်ချက်ကဘာလဲ”ဟု မရွှန်းလဲ့က မေးခွန်းထုတ်သည်။

ဖယ်ကြဉ်ခံရသူများ

၎င်းတို့ကို အစိုးရက လျစ်လျူရှုထားသည်ဟူသည့်ခံစားမှုသည် တိုင်းရင်းသားလူနည်းစုများအကြား လက်ရှိအချိန်အထိ နေရာယူနေဆဲဖြစ်သည်။ ၎င်းတို့ရရှိထားသည့် ရွေးကောက်ပွဲနေ့တွင်ပေးရမည့် ဆန္ဒမဲများသည် အပြောင်းအလဲကို မည်မျှဖော်ဆောင်နိုင်မည်ကို သံသယရှိသည့်တိုင် တိုင်းရင်းသားလူနည်းစုများသည် ၎င်းတို့၏ မဲပေးပိုင်ခွင့် အခွင့်အရေးကို အလွယ်တကူ အဆုံးရှုံးမခံပေ။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တီးတိန်မြို့နယ်အတွင်းရေးမှူး ကိုဝုန်ခမ်းမွန်က မဲပေးခြင်း၏ အဓိပ္ပါယ်ကို ယခုလိုရှင်းပြသည်။ “မဲပေးတယ်ဆိုတာ ကျွန်တော်တို့ရတဲ့ အခွင့်အရေးအနည်းအကျဉ်းလေးထဲက တစ်ခုပဲ”ဟု သူကပြောသည်။

မဲမပေးလိုသူများ၏ ခံစားချက်ကိုလည်း နားလည်ကြောင်း သူကဆိုသည်။ “သူတို့ ဘယ်လိုအခြေအနေတွေကြောင့် မဲမပေးချင်တာလဲ။ ရွေးကောက်ပွဲအပေါ် ဘာလို့အယုံအကြည်နည်းတာလဲဆိုတာ ကျွန်တော်နားလည်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မဲပေးချင်ပေးဖြစ်မယ်။ မပေးချင်ဘူးဆိုတဲ့ သူတွေအတွက်လည်း ဒါသူတို့အခွင့်အရေးပဲ”ဟု ၎င်းကပြောသည်။

၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ကိုဇော်လင်းအောင်က တိုင်းရင်းသားလူနည်းစုများ၏ ဘဝတိုးတက်ရန် ရွေးကောက်ပွဲနိုင်ငံရေး၏ စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီဖြစ်သည်ဟု ဆိုသည်။ လာမည့်ရွေးကောက်ပွဲတွင်လည်း မဲပေးမည်မဟုတ်ဟု ၎င်းကဆိုသည်။

“အင်န်အယ်လ်ဒီက ဗမာအများစုလွှမ်းမိုးထားတဲ့လွှတ်တော်မှာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အသံကိုဖော်ထုတ်ဖို့ ဘယ်တော့မှ အခွင့်အရေးမရခဲ့ဘူး”ဟု ကိုဇော်လင်းအောင်ကပြောသည်။ “မဲမပေးတာက ကျွန်တော့်ရဲ့ နိုင်ငံသားအခွင့်အရေးပဲ”ဟုသူက ပြောသည်။

သို့သော် လူနည်းစုအုပ်စုတစ်ခုအတွက်မူ မဲပေးမည်၊ မပေးမည်ကိုရွေးချယ်ရန် အခွင့်အလမ်းမရှိပေ။ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာများကို လုံးဝနီးပါးမဲပေးခွင့်မရှိအောင် ရွေးကောက်ပွဲက ဖယ်ထုတ်လိုက်ခြင်းသည် ၎င်းတို့ကို အပြင်လူအဖြစ်ရှုမြင်သည့် မြန်မာလူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာသိပ်မရှိသော်လည်း ၎င်းတို့မဲပေးခွင့်မရသည့် မြန်မာ့ရွေးကောက်ပွဲများကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိမှတ်ပြု၊ လက်ခံနိုင်ရန်မှာ ခက်ခဲမည်ဖြစ်သည်။

ရိုဟင်ဂျာများသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရန် ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ၂၀၁၀ရွေးကောက်ပွဲတွင်မဲပေးခွင့် ရရှိခဲ့ကြသည်။ ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးကောက်တင်မြှောက်ခံရသည့် ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ်များလည်း ရှိခဲ့သည်။ သို့သော်လည်း နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရသော ရိုဟင်ဂျာအများစု၏ မဲပေးပိုင်ခွင့်ကို ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ အစိုးရက ပြန်လည်ရုတ်သိမ်းလိုက်ပြီး ၎င်းတို့လည်း ယနေ့အထိ မဲပေးခွင့်ပြန်မရတော့ပေ။ ထို့ပြင် နိုင်ငံသားဖြစ်ခွင့်ရထားသည့် ရိုဟင်ဂျာလူနည်းစုအတွက်ပင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ကန့်သတ်သည့် ဥပဒေများလည်းရှိနေသည်။

နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော မွတ်စလင်များဦးဆောင်သည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက ကိုယ်စားလောင်းလေးဦးကို ကိုယ်စားလှယ်လောင်းအရည်အချင်းနှင့် မကိုက်ညီဟုဆိုတာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယှဉ်ပြိုင်ခွင့်ငြင်းပယ်ခဲ့သည်။ ၎င်းတို့၏မိဘများသည် ၎င်းတို့မွေးဖွားချိန်တွင် နိုင်ငံသားမဖြစ်သည့်အတွက် ရွေးကောက်ပွဲဥပဒေအရ အရည်အချင်းမမီဟု သတ်မှတ်ခံခဲ့ရသည်။ ပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့မိဘများ၏ နိုင်ငံသားဖြစ်မှုကို သက်သေအထောက်အထားများနှင့်တစ်ကွ တင်ပြ၍ အသနားခံလွှာတင်ခဲ့ကြသည်။ 

ပါတီဥက္ကဋ္ဌဦးကျော်မင်းသည် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခံလိုက်ရသည့် ကိုယ်စားလှယ်လောင်းများအနက် တစ်ဦးဖြစ်သည်။ သူသည် စစ်အစိုးရက အသိအမှတ်မပြုခဲ့သည် ၁၉၉၀အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး အနိုင်ရရှိခဲ့သည့် အမတ်တစ်ဦးလည်းဖြစ်သည်။ သို့သော် မဲမပေးသူများကို သူက “အင်မတန်မိုက်မဲသူများ”ဟု အမည်တပ်လိုက်သည်။ 

“မဲပေးခွင့်ရချိန်မှာ မပေးဘဲနေတာဟာ ဆုံးရှုံးမှုတစ်ခုပဲ”ဟု ဉီးကျော်မင်းကပြောသည်။ မြန်မာပြည်တွင် အများရနေသည့် အခြေခံအခွင့်အရေးများကိုပင် လူနည်းစုအချို့မှာ ဆုံးရှုံးနေရဆဲဖြစ်သည်ဟုသူက မချိတင်ကဲပြောသည်။ 

သို့သော် ရိုဟင်ဂျာအရေးလေ့လာသူ အလွတ်တန်းသုတေသီကိုမျိုးမင်းက ရွေးကောက်ပွဲသည် ရိုဟင်ဂျာများ အတွက်သော်လည်းကောင်း၊ တစ်နိုင်ငံလုံးအတွက်သော်လည်းကောင်း အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေလိမ့်မည်မဟုတ်ဟု ပြောသည်။

စစ်အစိုးရခေတ်ကကဲ့သို့ပင် အင်န်အယ်လ်ဒီပါတီဦးဆောင်သည့် အစိုးရလက်ထက်တွင် အစိုးရက ဆန္ဒပြထုတ်ဖော်သူများကိုတရားစွဲဆိုခြင်းနှင့် ထောင်ချခြင်းများသည် ရပ်တန့်မသွားခဲ့ဟု ၎င်းက ဆိုသည်။

“နိုင်ငံရေးစနစ်က နာမည်သာပြောင်းသွားတာ။ အနှစ်သာရက မပြောင်းဘဲဘူး။ စစ်အာဏာရှင် စနစ်ထဲမှာပဲ ရှိနေသေးတယ်”ဟု ကိုမျိုးမင်းကပြောသည်။ မြန်မာပြည်က လူအများစုအတွက် ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်ထွန်းတိုးတက်မှုကို ကိုယ်စားပြုသည့်တိုင် ၎င်းတို့အတွက်မူနိုင်ငံရေးဖြစ်စဉ်မှ အဆုံးစွန်ဖယ်ထုတ်ခြင်းခံထားရသည့် အနေအထားတွင်ရောက်ရှိနေသည်ဟု ကိုမျိုးမင်းကပြောသည်။ 

“ကျွန်တော်တို့ ဆွေစဉ်မျိုးဆက်ရခဲ့တဲ့ နိုင်ငံသားဖြစ်မှုကို ပြန်သိမ်းခံလိုက်ရတယ်။ ရွေးကောက်ပွဲဆိုတာကလည်း လူအများစုက ကျွန်တော်တို့ကို ဘယ်လိုခွဲခြားဆက်ဆံတယ်ဆိုတာကို အမှတ်ရနေအောင် ထပ်ပြီးသတိပေးလိုက်သလိုပဲ”ဟု ကိုမျိုးမင်းက ပြောသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar