စိတ်ဝေဒနာ ကုသရာဝယ်

စိတ်ဝေဒနာကုသရန် မြန်မာနိုင်ငံ၌ ရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ထားပြီးဖြစ်သော်လည်း ဆေးဝါးအသုံးပြု စိတ်ရောဂါကုသမှုအပေါ် အလွန်အမင်း မှီခိုအားထားပြီး ခေတ်မီ စံကုထုံးများဖြင့် အမီလိုက်ရန် စတင်ခြေလှမ်းသည့်အဆင့်မှာသာ ရှိနေသေးသည်။ 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

စိတ်ပညာရှင် ဒေါက်တာ ဦးအုန်းလှိုင်ထံ လွှဲပို့ခံရသည့် စိတ်ကျဝေဒနာသည် ဆယ်ကျော်သက်တစ်ဦးမှာ အကောင်းဆုံး ဖြစ်မည့် ကုသစောင့်ရှောက်မှုကို ရရှိခဲ့သည်။

ယင်းလူငယ်မှာ ကျောင်းသစ်တွင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ပြီးနောက် လက်မြှောက်အရှုံးပေးကာ စာဆက်မသင်လိုတော့ကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏မိသားစုက ရန်ကုန်ရှိ စိတ်ကျန်းမာရေး ဆေးခန်းတစ်ခန်းသို့ ၎င်းအား ခေါ်ဆောင်ပြသသည့်အခါ ယင်းလူငယ်မှာ စိတ်ကျရောဂါခံစားနေရကြောင်း စိတ်ရောဂါကုဆရာဝန်က စစ်ဆေးတွေ့ရှိခဲ့သော်လည်း ဆေးဝါးများမှာ အကောင်းဆုံး ရွေးချယ်မှုမဟုတ်ဟု ယုံကြည်သဖြင့် အကြံပြုဆွေးနွေးနှစ်သိမ့်မှုဖြင့် ကုသနိုင်စေရန် ဒေါက်တာဦးအုန်းလှိုင်ထံ လွှဲပြောင်းပေးခဲ့သည်။

ယင်းမှာ မိသားစု၊ ဆရာဝန်တစ်ဦးနှင့် စိတ်ရောဂါကုပညာရှင်တစ်ဦးတို့အကြား ပြောဆိုဆွေးနွေးရာမှ ပေါ်ထွန်းလာသော ထိရောက်သည့် တစ်ဦးချင်းအထူးပြု ကုသမှုတစ်ခုဆီသို့ ရောက်ရှိစေခဲ့သည့် အကောင်းဆုံးမြင်ကွင်း တစ်ခုပင် ဖြစ်သည်။ စိတ်ရောဂါကုသမှုအဖြစ် မြန်မာနိုင်ငံသားအများစု မရရှိနိုင်သေးသော မြင်ကွင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စိတ်လှုပ်ရှားမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မူးယစ်ဆေးစွဲမှု၊ ရူးသွပ်မှုနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာရပ်များကို ကုသပေးရန် စနစ်တစ်ခု ရှိနေသော်လည်း ခြားနားဆန့်ကျင်မှုများကို လေ့လာတွေ့ရှိခဲ့ရသည်။ စိတ်ကျန်းမာရေးမှာ နိုင်ငံတော် ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ တစ်စိတ်တစ်ဒေသအဖြစ် ၁၉၇၀ ပြည့်နှစ်များကတည်းက ပါရှိခဲ့သော်လည်း မြန်မာပြည်သူများအကြား စိတ်ကျန်းမာရေး ပြဿနာဆိုင်ရာ အခြေအနေများအပေါ် သုတေသနပြုမှု အနည်းငယ်သာ ပြုလုပ်ခဲ့ရသေးသောကြောင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေးနှင့်စပ်လျဉ်း၍  ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ်အရှိဆုံး လတ်တလော အစီရင်ခံစာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂၀၀၆ ခုနှစ်တွင် ထုတ်ပြန်ပေးခဲ့သည်။ 

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှ လူနာနှစ်ဦးကို တွေ့ရစဉ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှ အထွေထွေ ရောဂါကုဆေးရုံများတွင် စိတ်ကျန်းမာရေး ကုသဆောင်များ ထားရှိသည့်အပြင် သီးသန့်စိတ်ကျန်းမာရေး ဆေးရုံနှစ်ရုံလည်း ရှိသည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(J)

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှ လူနာနှစ်ဦးကို တွေ့ရစဉ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှ အထွေထွေ ရောဂါကုဆေးရုံများတွင် စိတ်ကျန်းမာရေး ကုသဆောင်များ ထားရှိသည့်အပြင် သီးသန့်စိတ်ကျန်းမာရေး ဆေးရုံနှစ်ရုံလည်း ရှိသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(J)

နိုင်ငံအနှံ့တွင် အတွင်းလူနာနှင့် ပြင်ပလူနာ အဆောက်အအုံများ ရှိနေကြသည့်တိုင် လူဆယ်ဦးလျှင် တစ်ဦးမျှသာ ၎င်းတို့လိုအပ်သော ကုသမှုကို ရရှိနေသည်ဟု မြန်မာနိုင်ငံ စိတ်ကျန်းမာရေးအသင်းက ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ရာနှင့်ချီသော လက်တွေ့လုပ်ငန်းဝင် စိတ်ရောဂါကုဆရာဝန်များ ရှိနေသော်လည်း စိတ်ပညာရှင် အရေအတွက်ကိုမူ လက်တစ်ဘက်တည်းဖြင့်ပင် လက်ချိုးရေတွက်၍ ရနိုင်သည်။ (စိတ်ရောဂါကုဆရာဝန်များမှာ မိမိတို့၏ လူနာများအား ဆေးဝါးများဖြင့် ကုသလေ့ရှိသော ကျွမ်းကျင်ဒေါက်တာများဖြစ်ပြီး စိတ်ပညာရှင်များမှာမူ နှစ်သိမ့်ဆွေးနွေးခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ရောဂါကုထုံးနှင့် ဆေးဝါးမသုံးဘဲ အခြားနည်းလမ်းများသုံး၍ ကုသသူများ ဖြစ်ကြသည်။

ကုသမှု လိုအပ်ချက်

မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေး ဆေးရုံနှစ်ရုံရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရှိကြသည်။ နိုင်ငံအနှံ့အပြားတွင် မူယစ်ဆေးဝါး ကုသရေး စင်တာ ၇၀ ကို ဖွင့်လှစ်ထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုစလုံးရှိ ဆေးရုံများတွင် စိတ်ကျန်းမာရေး ဆေးခန်းများ ထားရှိသည်။ ကုသစရိတ်မှာ လူအများစု ကျခံနိုင်သော စရိတ်မျှသာဖြစ်သည်။ စိတ်ရောဂါကုဆရာဝန်တစ်ဦးနှင့် သီးသန့်အကြံပြု ဆွေးနွေးခြင်းမှာ ကျပ်ငွေ ၅,၀၀၀ သာ ကျသင့်သည်။

စိတ်ရောဂါကုသမှုမှာလည်း အတော်လေး ကုန်ကျစရိတ် သက်သာသည်ဟု မြန်မာနိုင်ငံ စိတ်ကျန်းမာရေး အသင်း၏ အထွေထွေအတွင်းရေးမှူး စိတ်ရောဂါကုဆရာဝန် ဒေါက်တာစိုးမင်းက ပြောကြားသည်။ ထိပ်တန်းကုသမှုအချို့ကို မြန်မာနိုင်ငံ၌ မရရှိနိုင်သေးသည့်တိုင် လူနာများမှာ ဆေးဝါးမျိုးစုံကို ရယူသုံးစွဲနိုင်သည်ဟု ၎င်းက ဆိုသည်။ ၎င်းကမူ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိအမှတ်ပြုသည့် အိန္ဒိယနိုင်ငံမှ ဆေးဝါးအနည်းငယ်ကိုသာ ပိုမိုနှစ်သက်သည်။

တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ အဆင့်နိမ့်ဆေးဝါး၊ သို့မဟုတ် ဆေးဝါးအတုများကို ကာကွယ်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေရသော်လည်း မြန်မာနိုင်ငံက စိတ်ရောဂါကုသမှုဆိုင်ရာ ဆေးဝါးများ ကိုယ်တိုင်မထုတ်လုပ်နိုင်မီအထိ အချိန်အတန်ကြာ စောင့်ရပေလိမ့်မည်။

ရန်ကုန် စိတ်ကျန်းမာရေးအသင်းက စိတ်ရောဂါကုသမှု လိုအပ်ချက်မှာ ၈၅ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိမည်ဟု ခန့်မှန်းသည်။ တနည်းအားဖြင့် လူ ၁၀၀ လျှင် ၁၀ ဦးမှ ၁၅ ဦးအထိသာ ၎င်းတို့ လိုအပ်သော ပြုစုကုသမှုကို ရရှိနေခြင်း ဖြစ်သည်။

ဆေးဝါးကုသနိုင်သော အခွင့်အလမ်းမှာလည်း အကန့်အသတ် ဖြစ်နေသည်ဟု ရန်ကုန်ဆေးတက္ကသိုလ်ရှိ စိတ်ရောဂါကုပညာဌာန၊ ဌာနမှူး ဒေါက်တာ တင်ဦးက ဆိုသည်။

သို့ရာတွင် တကယ့်ပြဿနာမှာ ကုသမှုအခွင့်အလမ်း မဟုတ်ကြောင်း၊ ဆေးဝါးကုသမှု ခံယူရန် မကြိုးစားကြခြင်းသာဖြစ်ကြောင်း ရန်ကုန် စိတ်ကျန်းမာရေးအသင်းမှ ဒေါက်တာဝင်းအောင်မြင့်က ဆိုသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့က လူသားရင်းမြစ်၊ အထူးသဖြင့် စိတ်ရောဂါကုဆရာဝန်တွေကို တိုးမြှင့်ထုတ်လုပ်နေပါပြီ” ဟု ကျန်မာရေးဝန်ကြီးဌာနကို အကြံပေးနေသူ ဒေါက်တာ ဝင်းအောင်မြင့်က ဆိုသည်။ “ကျွန်တော်တို့မှာ ကုသမှုနည်းလမ်းတွေ ရှိပေမဲ့ ပြည်သူတွေက ဒါတွေကို အသုံးမပြုပါဘူး”

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံမှ လျှပ်စစ်ကုထုံးခန်းမကို တွေ့ရစဉ်။ ဓာတ်ပုံ - သိမ့်မွန်စိုး(J)

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံမှ လျှပ်စစ်ကုထုံးခန်းမကို တွေ့ရစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(J)

စိတ်ဝေဒနာရှင်များအား ကုသရာတွင် အကြီးမားဆုံး အဟန့်အတားမှာ ခွဲခြားဆက်ဆံခံရမည်ကို ကြောက်ရွံ့ခြင်းနှင့် ရှက်ရွံ့ခြင်းတို့ပင် ဖြစ်သည်ဟု ဒေါက်တာ ဝင်းအောင်မြင့်က ဆိုသည်။

“(စိတ်ဝေဒနာရှင်တွေက) သိပ်ကိုထူးထူးဆန်းဆန်း ပြုမူတတ်ကြပြီး ခန့်မှန်းရခက်ခဲသလို အန္တရာယ်လည်း များတယ်လို့ လူတွေက ယုံကြည်နေတာကြောင့် သူတို့က တခြားသူတွေကို ‘ကျွန်တော့်မှာ စိတ်ဝေဒနာ ခံစားနေရတဲ့ အစ်ကို၊ ဒါမှမဟုတ် ညီအစ်မ ရှိတယ်’ လို့ မပြောလိုကြပါဘူး” ဟု ၎င်းက ပြောသည်။

ယင်းပြဿနာမှာ မြန်မာတစ်နိုင်ငံတည်းသာ ကြုံတွေ့နေရခြင်းမဟုတ်ဘဲ စိတ်ဝေဒနာရှင်များနှင့် ၎င်းတို့လိုအပ်နေသော ကုသမှုအကြားရှိ အကြီးမားဆုံး အဟန့်အတားအဖြစ် ရှိနေဆဲဖြစ်သည်။ လူအများက မိမိတို့ စိတ်ဝေဒနာ ခံစားနေရသည်ကို သတိမပြုမိတတ်ကြချေ။ အကယ်၍ သတိပြုမိသည့်တိုင် “စိတ်မနှံ့သူ”၊ သို့မဟုတ် “ရူးသွပ်သူ” ဟု အဓိပ္ပာယ်ရသည့် ‘အရူး’ ဟူ၍ ကင်ပွန်းတပ်ခံရမည်ကို ကြောက်ရွံ့ကြဖွယ်ရှိသည်။ ၎င်းတို့ကို ပြုစုကုသမှုပုံရိပ်မှာလည်း စိတ်ဝေဒနာကု ဆေးဝါးများ အသုံးပြုသည့် ငြင်သာသော ကုသမှုနှင့် ဆေးရုံကုတင်၌ ချည်နှောင်ထားသည့် ကုသမှုအကြား မကွဲပြားဘဲ တတန်းတည်းထား ရောထွေးနေခြင်း ဖြစ်သည်။ 

ဆေးညွှန်းမလိုဘဲ တိုက်ရိုက်ဝယ်နိုင်သည့် ပျော်ရွှင်မှု

ဤသို့သော နားလည်သဘောပေါက်မှုမှာ လုံးဝဥဿုံ အကြောင်းမဲ့ဖြစ်ဖွယ်မရှိဟု ရန်ကုန်ရှိ မာဘယ်စိတ်ကုထုံး ဝန်ဆောင်မှုကို ပူးတွဲတည်ထောင်ခဲ့သည့် အိုင်ယာလန်-မြန်မာနွယ်ဖွား စိတ်ပညာရှင်ဆရာဝန် ဒေါက်တာ ဟန်နာ ကျော်သောင်းက ပြောသည်။

“ရှင်က (အထွေထွေရောဂါကုဆရာဝန်အဖြစ်ကနေ) စိတ်ရောဂါကုဆရာဝန်အဖြစ် ပြောင်းလဲလုပ်ကိုင်ပြီဆိုရင် ရှင်က ချက်ခြင်းလက်ငင်း ရူးကြောင်ကြောင် ဖြစ်လာပါတယ်။ ဗမာတွေကြားထဲမှာ ရူးကြောင်ကြောင်ဆိုတဲ့ စကားရပ်ကို သုံးနေတုန်းပါပဲ။ ဒီအသုံးအနှုန်းက စိတ်ရောဂါကုဆရာဝန်ဆီကို ရှင်ရောက်သွားတဲ့အခါမှာ ဖြစ်ပျက်နေတဲ့ အရာပါပဲ” ဟု Frontier ကို ၎င်းက ပြောကြားသည်။

ဟန်နာကျော်သောင်းမှာ ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ဦးဖြစ်သည်။ စိတ်ရောဂါကုဆရာဝန်တစ်ဦး မဟုတ်ပေ။ ၎င်းက ဆယ်ကျော်သက်တစ်ဦးအား စိတ်ဖိစီးမှုဆိုင်ရာ တွေးခေါ်မှုပုံစံများကို ဖျောက်ဖျက်ပစ်ရန် နည်းလမ်းအခင်းအကျင်းများ ဖော်ဆောင်နိုင်ရေးအတွက် အကြံပေးဆွေးနွေးဖွယ်ရှိသည်။ သို့မဟုတ် စိတ်ထောင်းကိုယ်ကြေအဖြစ်နှင့် ရင်ဆိုင်နေရသည့် အမျိုးသမီးတစ်ဦးအား သူ့ဖြစ်ရပ်ကို ပုံပြင်တစ်ပုဒ်သဖွယ် ရင်ဖွင့်ပြောကြားစေခြင်းအားဖြင့် ကူညီဖြေရှင်းပေးပေလိမ့်မည်။

သို့သော် မြန်မာနိုင်ငံ၌ စိတ်ပညာအခြေပြု ကုသမှုများမှာ ကံမကောင်း အကြောင်းမလှစွာ ရှားပါးလွန်းလျက်ရှိသည်။ ဟန်နာ ကျော်သောင်းမှာ ဤနိုင်ငံတွင် လုပ်ကိုင်နေသည့် ငါးဦးမျှသော ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်များအနက် တစ်ဦးဖြစ်သည်။

စိတ်ရောဂါကုဆရာဝန်များမှာ စိတ်ကျန်းမာရေး စောင့်ရှောက်မှုကို အများဆုံး ဖော်ဆောင်ပေးနေသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသောကြောင့် ရလဒ်မှာ တိကျရန်မလိုသည့် ခပ်မြန်မြန် စစ်ဆေးစမ်းသပ်မှုမျိုး ဖြစ်နေတတ်သည်။ ၎င်းတို့က အခြေခံ ရောဂါလက္ခဏာ ရှာဖွေချက်တစ်ရပ် ပြုစုပေလိမ့်မည်။ ယင်းမှာ အမေရိကန် စိတ်ရောဂါကုဆရာဝန်များအသင်း၊ သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ ရောဂါအမျိုးအစားခွဲခြားမှုဌာနမှ ထုတ်ဝေသော စိတ်ရောဂါများ စစ်ဆေးဖော်ထုတ်မှုနှင့် စာရင်းပြုစုမှုဆိုင်ရာ လက်စွဲ Diagnostic and Statistical Manual of Media Disorders နှင့်နီးစပ်သည့် ရောဂါလက္ခဏာ ရှာဖွေခြင်းဖြစ်ကာ လူနာများအား ဆေးရုံ၊ သို့မဟုတ် စိတ်ရောဂါကု ဆေးခန်းများသို့ ပေးဆောင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ဆေးဝါးကုသမှုမှာ ကောင်းစွာအခြေတည်ပြီးဖြစ်သည့် “ဆေးဝါးကုသမှု ပုံစံ” တစ်ရပ်အပေါ် အခြေခံကာ  “ဆရာဝန်များက ထိုပုံစံကို စိတ်ကျန်းမာရေးကဏ္ဍ၌ အသုံးပြုနေကြကြောင်း” ဟန်နာကျော်သောင်းက ဆိုသည်။

ယင်းမှာ စိတ်ကျန်းမာရေး စောင့်ရှောက်မှုများ တိုးချဲ့ဆောင်ရွက်နေသည့်တိုင် ရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို အဆစ်ရောင်နာ၊ သို့မဟုတ် သွေးတိုးရောဂါတို့ကို ကုသပုံနှင့် ဆင်တူသော တုံ့ပြန်ဖြေရှင်းမှုများဖြင့် ပြုလုပ်သွားဖွယ်ရှိသည်ဟု ဆိုလိုခြင်းပင်။

“ရှင်က ဒီစနစ်နဲ့ စိုက်လိုက်မတ်တတ် ဖြစ်သွားပြီဆိုရင် ပြန်ဆုတ်လာတယ်လို့ မရှိတော့ဘူး။ အမှန်တကယ် ပိုကောင်းလာပြီး တကယ် အထောက်အကူပြုမှု ရှိတယ်ဆိုရင် ပိုကောင်းလာပါတယ်။ အဆင့်ဆင့် ပြန်ဆုတ်သွားတဲ့ စနစ်ရယ်လို့ မရှိပါဘူး။ ဒါ့ကြောင့် လူတွေက ဆေးရုံတက်ကြ၊ ဆေးကုထုံးထဲမှာ ဝဲလှည့်နေကြရတာပါ” ဟု ဟန်နာကျော်သောင်းက ဆိုသည်။

၎င်းက လူနာများမှာ သောက်ဆေးတစ်မျိုးတည်းကို ဆယ်နှစ်၊ သို့မဟုတ် ထို့ထက်ကြာရှည်စွာ သောက်သုံးနေရပြီး မူလဖြစ်စ နာမကျန်းဖြစ်မှုထက်ပင် ပိုမိုဆိုးရွားသော ရေရှည်ဘေးထွက်ဆိုးကျိုးများ ခံစားကြရကြောင်း ကြားရဖူးသည်ဟု ဆိုသည်။

ယင်းစနစ်မှာ အထူးသဖြင့် ကလေးများအတွက် အန္တရာယ်များနိုင်သည်ဟု မာဘယ် စိတ်ကျန်းမာရေး ဝန်ဆောင်မှုမှ ကလေးစိတ်ရောဂါကု ပညာရှင် ဒေါက်တာ ရှူကီဇီဂျောထရာ Dr Sjoukje Zjilstra က ပြောသည်။ နှစ်လိုဖွယ်မရှိသော ဝေဒနာအမည် ကင်ပွန်းတပ်ခံရမည့်ဘေးမှ ကင်းဝေးစေရန် ကလေးငယ်တို့၏ စိတ်ခံစားမှုနှင့် အပြုအမူပိုင်းဆိုင်ရာ ဖောက်လွဲချို့ယွင်းမှုများကို မိဘများက ချက်ချင်းလက်ငင်း ခပ်မြန်မြန် ဖြေရှင်းလိုကြသည်ဟုလည်း ၎င်းက ဆိုသည်။ 

ဓာတ်ပုံ - သိမ့်မွန်စိုး(J)

ဓာတ်ပုံ – သိမ့်မွန်စိုး(J)

“သူတို့က နက်ဖြန်ဆိုတာ မလိုချင်ဘူး၊ ခုချက်ချင်း ကုသပေးစေလိုကြတာကြောင့် (ကလေးက) အရမ်းမြန်လွန်းတဲ့ ဆန်းစစ်အကဲဖြတ်မှုတစ်ခုနဲ့ စစ်ဆေးခံပြီး ဆေးဝါးကုသခံကြရပါတယ်။ အဲဒီကုသမှုက အလုပ်မဖြစ်တာ သူတို့သိပြီဆိုရင် တခြားနည်းလမ်းတွေ၊ ကျောင်းကလည်း ဖြစ်ချင်ဖြစ်မယ်၊ ကျွန်မဆီ ရောက်လာတတ်ပါတယ်” ဟု ဒေါက်တာ ရှူကီဇီဂျောထရာ က ဆိုသည်။

“ကံမကောင်းလို့ တတ်ကျွမ်းတဲ့သူတွေ မရှိဘူးဆိုရင် လူမှုအသိုင်းအဝိုင်းထဲမှာ မကုသတော့ဘဲ ဆေးရုံမှာ တင်ထားလိုက်တာက ပိုလွယ်နေတာပါပဲ” ဟုလည်း ဟန်နာကျော်သောင်းက ဆိုသည်။

ရံဖန်ရံခါ ယုံမှားသံသယလွန်ကဲမှု paranoia သို့မဟုတ် စိတ်မူမမှန်၊ စိတ်ကျဝေဒနာ neurosis ခံစားသူများအား စိတ်ကျန်းမာရေးဆေးရုံ၌ ထိုးတင်လိုက်ရာ ၎င်းတို့မှာ သူစိမ်းများ၊ အခြားဝေဒနာသည်များကြားသို့ ရောက်သွားပြီး ရောဂါပိုဆိုးသွားစေသော အန္တရာယ်တစ်ရပ်နှင့် ထပ်မံရင်ဆိုင်ကြရသည်။ ဆေးရုံတင်ခံရမည်စိုးသဖြင့် လူနာများစွာကို ဆေးကုသမှု ခံယူရန် တွန့်ဆုတ်သွားစေသည်ဟုလည်း ဟန်နာကျော်သောင်းက ဆိုသည်။ 

စိတ်နှင့် ကိုယ်ခန္ဓာ

မြန်မာနိုင်ငံရှိ ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်ငါးဦးအနက် သုံးဦးသည်သာ မြန်မာနိုင်ငံဖွားများ ဖြစ်ကြသည်။ ၎င်းတို့အနက် မြန်မာနိုင်ငံ စိတ်ပညာအသင်း၏ အကြီးအကဲ ဦးအုန်းလှိုင်လည်း ပါဝင်သည်။ ၁၉၆၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ ပါရဂူဘွဲ့ ရရှိခဲ့ပြီးနောက် ဦးနေဝင်းလက်ထက်က အရာရှိသစ်များအား စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်နိုင်စေရန် ၎င်းအား တပ်မတော်တွင်းသို့ ဝင်ရောက်အမှုထမ်းစေခဲ့သည်။ ၎င်း၏လက်ရှိတာဝန်မှာမူ ရန်ကုန်မြို့ရှိ ဆေးရုံဆေးခန်းများသို့ လှည့်လည်ကာ ယင်းဆေးရုံ၊ ဆေးခန်းများမှ တာဝန်ကျ စိတ်ရောဂါကု ဆရာဝန်များနှင့် လက်တွဲဆောင်ရွက်ရခြင်းပင်ဖြစ်သည်။ 

“ပုံမှန်အနေနဲ့ အဲဒီက(စိတ်ရောဂါကု ဆရာဝန်က) လူနာကို ပထမဆုံး စစ်ဆေးမေးမြန်းလေ့ရှိပြီး တကယ့်(ဆေးဘက်ဆိုင်ရာ) ပြဿနာလို့ သူ ယူဆရင် သူဘာသာသူ ကုသပါတယ်။ အဲဒီကိစ္စက သဲကွဲမှုမရှိဘူး၊ ဒါမှမဟုတ် တမူထူးခြားနေတယ်ဆိုရင် သူက ကျွန်တော့်ဆီ လွှဲပေးပြီး ကျွန်တော်က အသေးစိတ် မေးမြန်းစစ်ဆေးတာတွေ စလုပ်ပါတယ်” ဟု ဦးအုန်းလှိုင်က Frontier ကို ပြောကြားသည်။

ဦးအုန်းလှိုင်ထံ လွှဲပြောင်းပေးခဲ့သော ဆယ်ကျော်သက် တစ်ဦးမှာ သူကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံနေရခြင်းဖြစ်သည်။ အစပိုင်းတွင် ဦးအုန်းလှိုင်က နားထောင်ရုံသာ နားထောင်ပြီး ထိုလူငယ်အား သူ့အဖြစ်အပျက်များက သူ့စိတ်ခံစားမှုအပေါ် မည်သို့သက်ရောက်ခဲ့ပုံကို လွတ်လပ်စွာ ပြောဆိုစေခဲ့သည်။ ထို့နောက် လူငယ်၏ ပြဿနာဇစ်မြစ်၊ သဘောသဘာဝကို ဆွေးနွေးကာ ယင်းပြဿနာကို ပိုမိုအပြုသဘောဆောင်သည့်ပုံစံဖြင့် မည်သို့တုံ့ပြန်သင့်သည်ကို အကြံပြုဆွေးနွေးပေးခဲ့သည်။

ဦးအုန်းလှိုင်၏ အခြားလူနာတစ်ဦးမှာ မိသားစုကို ရှာဖွေကျွေးမွေးနေရပြီး အလုပ်တစ်ခုတည်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးဖြစ်သည်။ ယင်းသို့ရှိရာမှ သိသာထင်ရှားသော အကြောင်းတစုံတရာမရှိပါဘဲ ကောက်ကာငင်ကာ အလုပ် လုပ်ကိုင်လိုစိတ် ပျောက်ဆုံးပြီး အချိန်ပြည့် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရသဖြင့် သတ်သေရန် စဉ်းစားလာသည်ထိ ကြံစည်စိတ်ကူးမိသူ ဖြစ်သည်။ ထိုသူ့ကိုမူ ဦးအုန်းလှိုင်က ဆေးဝါးကုသမှု ခံယူနိုင်စေရန် စိတ်ရောဂါကု ဆရာဝန်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ကံဆိုးသည့်အချက်မှာ မြန်မာနိုင်ငံ၌ ယခုကဲ့သို့ စိတ်ရောဂါကု ဆရာဝန်နှင့် ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အမင်း ရှားပါးလှခြင်းပင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် စိတ္တဗေဒ အစီအစဉ်တစ်ရပ် ရှိသော်လည်း ထိုအစီအစဉ်မှ စိတ်ရောဂါကု ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်းမရှိဘဲ ပြည်ပတွင် သင်ကြားခဲ့ကြသော ကျောင်းသားများမှာလည်း ပြန်မလာကြတော့ခြင်း၊ သို့မဟုတ် ပြန်လာလျှင်လည်း မြန်မာပြည်သူများကို ကုသရန် ကောင်းစွာပြင်ဆင် မထားသည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ကြရခြင်း စသည့်အခြေအနေတို့ ရှိသည်။

“အနောက်နိုင်ငံတွေမှာဆိုရင် ဒါက ပိုပြီးတော့ ပုံစံကျပါတယ်။ သူတို့စကားပြောဆိုပုံက အရမ်းကို အချိုးကျတယ်။ ကျွန်တော်တို့လူတွေကတော့ စကားပြောတာ တော်တော်လေး အချိုးမကျဘူး။ သူတို့ ဘယ်လို ခံစားရသလဲဆိုတာတောင် သူတို့ မဖော်ပြနိုင်ပါဘူး” ဟု ဦးအုန်းလှိုင်က ဆိုသည်။

“ဒါက ဆက်သွယ်ပြောဆိုမှု နည်းပညာပိုင်းပါ၊ စိတ်ပညာပိုင်းဆိုင်ရာ နည်းလမ်းတော့ မဟုတ်ပါဘူး။ တခြားသူတွေ ဘယ်လိုခံစားနေရသလဲဆိုတာ ဆက်စပ်မိစေဖို့ပါ။ ဒါပေမဲ့ လူတွေက တခြားနိုင်ငံတွေမှာ အချိန်ကြာကြာ အလုပ်လုပ်နေပြီဆိုရင် သူတို့က အဲဒီက လူတွေနဲ့ ပိုမိုဆက်စပ်မှုရှိပြီး သူတို့မိခင်နိုင်ငံက လူတွေနဲ့ကျတော့ အဲလိုမဟုတ်တော့ပြန်ပါဘူး”

မြန်မာ့စိတ်ခံက ဘာသာရေးနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသည်ဟု သူ့ကိုယ်သူ ဗုဒ္ဓအဆုံးအမ ခံယူသူတစ်ဦးဟု ပြောကြားသူ ဦးအုန်းလှိုင်က ဆိုသည်။ လူတစ်ယောက်က သူ့စိတ်ပေါက်ကွဲသည့် ပြဿနာမှာ စံလွဲသည့် အပြုအမူပိုင်းဆိုင်ရာ ပုံစံဟု မမြင်ဘဲ လောဘဒေါသကြီးလွန်း၍ ဖြစ်ရသည်၊ သို့တည်းမဟုတ် အခြားအကုသိုလ်တစ်ခုခုကြောင့် ဖြစ်ရသည်ဟု တွေးကာ စိတ်ရောဂါကု ဆရာဝန်တစ်ဦးထံ မချဉ်းကပ်ဘဲ ဘုန်းတော်ကြီးတစ်ပါးပါးထံမှ အကူအညီကို ရယူသွားဖွယ်ရှိသည်။

ဦးအုန်းလှိုင်ကမူ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုများကို ၎င်း၏ ကုသမှုနည်းစနစ်၌ ပေါင်းစပ်ထားသည်။ “ဒါက ယဉ်ကျေးမှုပါ။ ခင်ဗျားအနေနဲ့ ဒါတွေကို ပယ်ဖျက်လို့ မရပါဘူး။ သူတို့က ဒီအရာတွေနဲ့ မွေးဖွားလာတာပါ” ဟု ၎င်းက ဆိုသည်။ သို့ရာတွင် အထူးရှင်းလင်းထင်ရှားသည့် မြန်မာ့စံပုံစံတစ်ရပ် ထုတ်ဖော်ရနိုင်ဖို့ရာမှာ အနောက်တိုင်းနည်းစနစ်များဖြင့် သင်ကြားကာ အနောက်တိုင်းလူနာများကိုသာ ကုသပေးလာသည့် လူငယ်စိတ်ပညာရှင်တစ်ဦးအတွက် မလွယ်ကူသေးပေ။

စိတ်ရောဂါကုဆရာဝန်တစ်ဦး ဖြစ်သော်လည်း စိတ်ရောဂါကုသရေး နည်းလမ်းမျိုးစုံ ရဖို့ရာ အကန့်အသတ် များလွန်းလှသည်ဟု ဒေါက်တာ ဝင်းအောင်မြင့်က ဝန်ခံပြောဆိုသည်။

“ကျွန်တော်တို့နိုင်ငံမှာ ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တွေ မမွေးထုတ်နိုင်သေးပါဘူး။ စိတ်ရောဂါကုဆရာဝန်တွေပဲ မွေးထုတ်နိုင်ပါသေးတယ်။ ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်က မရှိသလောက်ကို ရှားလွန်းပါတယ်” ဟု ၎င်းက ဆိုသည်။ “အခုဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာအတွက် ဒီပလိုမာတန်းနဲ့ (မိတ်ဆက်ပေးဖို့) ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့မှာ အရင်းအမြစ်လည်း မရှိသလောက်ပါပဲ။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်ချက်ဖြစ်ပေမဲ့ ကျွန်တော်တို့အနေနဲ့ (ဒီပလိုမာလောက်တော့ ဖော်ဆောင်ပေးရပါမယ်)။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွင်းက ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တွေရဲ့အရေးပါတဲ့ အခန်းကဏ္ဍကြောင့်ပါ” ဟုလည်း ထပ်လောင်း ရှင်းပြသည်။

စိတ်ကျန်းမာရေးဆိုင်ရာ သဘောထား

ယင်းတုံ့ပြန်မှုမှာ စိတ်ရောဂါကု ဆရာဝန်များနှင့် ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်များအရေးထက်ပင် ပိုမိုသာလွန်နေသေးသည်ဟု ဟန်နာကျော်သောင်းက ဆိုသည်။ အထွေထွေရောဂါကု ဆရာဝန်များ၊ လူမှုဝန်ထမ်း လုပ်သားများ၊ ကျောင်းဆရာ ဆရာမများနှင့် အခြားသူများကိုလည်း စိတ်ကျန်းမာရေးဆိုင်ရာ ဦးဆုံးတုံ့ပြန်သူများ ဖြစ်လာစေရန် သင်ကြားပေးသင့်ပြီး ယင်းမှာ “ဘက်စုံ ပြုစုစောင့်ရှောက်မှု” ဟု သူ ခေါ်ဆိုလိုက်သော ချဉ်းကပ်မှုတစ်ရပ်ပင်ဖြစ်သည်။

“ဒါဆိုရင် လူနာမှာ ပြည့်စုံတဲ့ အသင်းအဖွဲ့တစ်ခု ရှိသွားပြီ။ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကို လူတစ်ယောက်တည်းက စဉ်းစားနေရတာမျိုး မဟုတ်တော့ဘူး။ ဒါက ဒီစနစ်ထဲမှာ ကျိန်းသေပေါက် ပျောက်ဆုံးနေတဲ့ အရာပါ။ ကျွန်တော်တို့အားလုံးက သိပ်ကို အထီးတည်းဆန်လှတဲ့ ပုံစံမျိုးနဲ့ လုပ်ကိုင်နေကြရတာပါ” ဟုလည်း ၎င်းက ရှင်းပြသည်။

ဒေါက်တာ ဝင်းမြင့်အောင်အဆိုအရ စိတ်ကျန်းမာရေးဆိုင်ရာ လူမှုအသိုင်းအဝိုင်း၏ အမြင်သဘောထားမှာ အကောင်းဘက်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာနေကြောင်း သိရသည်။ ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ကျေးလက်ဒေသများသို့ လှည့်လည်သွားရောက်ကာ အထွေထွေရောဂါကု ဆရာဝန်များနှင့် သူနာပြုများအား စိတ်ဝေဒနာကို သိရှိနားလည်ပေးရန်နှင့် ကနဦးကုသမှုများ ပြုလုပ်ပေးရန် မွမ်းမံသင်ကြားသည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် ရွေ့လျားဆေးခန်းများ၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။

သို့သော်ငြားလည်း မြန်မာနိုင်ငံသားများစွာက စိတ်ကျန်းမာရေးကိစ္စရပ်များကို သီးသန့်ပိုင်းခြား သိုသိပ်ထားရသည်ကိုသာ ပိုမိုသဘောကျကြသည်ဟု ဦးအုန်းလှိုင်က ဆိုသည်။ တကယ်တမ်းတွင် လူအများက ပိုမိုသိမ်မွေ့သော ကုသမှုနည်းလမ်းများကို ရရှိနိုင်ပါလျက် ယင်းတို့ကို စွန့်လွှတ်လေ့ရှိသည်ဟု ၎င်းက ဆိုသည်။ မိမိတို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ရမည့်အစား ၎င်းတို့၏ စိတ်ဝေဒနာကို ရိုးရိုးရောဂါဟုသာ ရှုမြင်လိုကြသည်။

“သူတို့က စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတယ်ဆိုတာကို လက်မခံချင်ကြပါဘူး။ သူတို့က ပြဿနာရပ်ကို ဖုံးဖိထားတာမျိုးတောင် လုပ်တတ်ကြပါတယ်” ဟု ဦးအုန်းလှိုင်က ဆိုသည်။

အနာဂတ် မျိုးဆက်သစ်

စိတ်ကျန်းမာရေးစောင့်ရှောက်မှုမှာ တဖြည်းဖြည်း တိုးတက်လာပြီဟု ယူဆရဖွယ် ရှိသည်။

ရန်ကုန်ရှိ စိတ်ရောဂါကု ဆရာဝန်များနှင့် ကုသမှုပိုင်း စိတ်ပညာရှင်များသည် “ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ ဦးတည်ပြောင်းလဲကြပါစို့” Change: The way forward to achieve better mental health services ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် လေးကြိမ်မြောက် မြန်မာနိုင်ငံ စိတ်ကျန်းမာရေး ကွန်ဖရင့်တွင် တွေ့ဆုံဆွေနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲ၌ ဆွေးနွေးခဲ့သော ခေါင်းစဉ်များတွင် စာသင်ကျောင်းများ၌ စိတ်ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်ပေးရန်နှင့် ကျေးလက်ဒေသများတွင် ကုသခံနိုင်မှု တိုးမြှင့်လုပ်ကိုင်ပေးရန်တို့ ပါဝင်သည်။ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ ပါရဂူများကလည်း လူမှုအသိုင်းအဝိုင်းအခြေပြု စိတ်ကျန်းမာရေးဆိုင်ရာနှင့် အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော စိတ်ပိုင်းကဏ္ဍ စောင့်ကြည့်ထိန်းကျောင်းမှုများဆိုင်ရာတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

တက်ရောက်သူများတွင် ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီး၌ အလုပ်သင်ဆရာဝန်များအဖြစ် ဆောင်ရွက်နေကြသော ဒေါက်တာ ဝင်းသောင်းမင်းနှင့် ဒေါက်တာ နိုင်မြတ်ကျော်တို့လည်း ပါဝင်သည်။ လိုင်စင်ရ စိတ်ရောဂါကုဆရာဝန်များအဖြစ်နှင့် တာဝန်ပေးအပ်ခံရသော အစိုးရဌာနဝန်ဆောင်မှုကို ၎င်းတို့စတင်ချိန်တွင် ၁၀ နှစ်တာ တက္ကသိုလ်ပညာရေးကို ကုန်လွန်ဖြတ်သန်းခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ၎င်းတို့၏ ကနဦးလစာငွေမှာ တစ်လလျှင် ကျပ်ငွေ ၂၅၀,၀၀၀ ဖြစ်ပေလိမ့်မည်။

 “ကိုယ့်ကိုကိုယ် ပြန်မေးဖို့ လိုတာက ဒီလစာလောက်နဲ့ ဒီအလုပ်ကို ဘာကြောင့် လုပ်နေကြတာလဲ ဆိုတာပါပဲ” ဟု ဒေါက်တာ ဝင်းသောင်းမင်းက ဆိုသည်။ “ကျွန်တော်တို့က လူတွေကို ကူညီချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်။ ကျွန်တော်တို့က ပြောင်းလဲပေးရပါမယ်။ ကျွန်တော်တို့က လူတွေရဲ့ စိတ်နေသဘောထားနဲ့ အပြုအမူတွေကို မဖြစ်မနေ ပြောင်းလဲပေးရပါမယ်” ဟုလည်း ထပ်လောင်း ပြောကြားသည်။

သို့သော် စိတ်ကျန်းမာရေးအတွက် ဒေါက်တာဝင်းသောင်းမင်း၏ ရည်မှန်းချက်မျိုး ထားရှိသည့် ကျောင်းသားများကို ရှာရခက်လှသည်ဟု ဦးတင်ဦးက ဆိုသည်။

 “မြန်မာနိုင်ငံမှာ စိတ်ရောဂါကုပညာက လူကြိုက်များတဲ့ ဘာသာရပ် မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ စိတ်ရောဂါကု ကျောင်းသားများ တက်ရောက်မှု အရေအတွက်မှာ တစ်နှစ်လျှင် ၃၀ ဦးမျှသာ ရှိသည်ဟုလည်း ဖြည့်စွက်ပြောကြားသည်။ “ဒါကြောင့် စိတ်ကျန်းမာရေးအတွက် စိတ်ရောဂါကု ဆရာဝန်တွေ ပိုမိုလိုအပ်နေပါတယ်။ (အထွေထွေ ရောဂါကုဆရာဝန်တွေ) ကိုလည်း အခြေခံ စိတ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် မွမ်းမံသင်တန်းပေးဖို့လည်း ဒီထက်ပိုပြီး လိုအပ်ပါသေးတယ်” ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒေါက်တာ နိုင်မြတ်ကျော်ကလည်း ကနဦးလစာငွေ နည်းပါးသည်ကို ဂရုမစိုက်ပေ။ “ကျွန်တော်တို့လူတွေက ဒီထက်ပိုများတဲ့ စိတ်ရောဂါ အထူးကုတွေနဲ့ စိတ်ကျန်းမာရေး ဆရာဝန်တွေ လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။ “ဆေးရုံမှာ လူနာတွေနဲ့ အလုပ်လုပ်နေရတာကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့တွေးနေတာတွေကို ကြားနိုင်သလို သူတို့ခံစားနေရတာတွေကိုလည်း ခံစားကြည့်နိုင်ပါတယ်။ သူတို့နဲ့အတူ ကျွန်တော်သင်ယူနိုင်တာကြောင့် အရမ်းကို ပျော်ရွှင်မိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar