YBS စနစ်ဆောင်ရွက်ရာတွင် အစိုးရက ဥပဒေနှင့် လွှတ်တော်ကို မျက်ကွယ်ပြုထားဟု အမတ်များ ဝေဖန်

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်ဘတ်စ်ကားစနစ် (YBS) ကို ဆောင်ရွက်ရာတွင် တာဝန်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လွှတ်တော်၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသလို တည်ဆဲဥပဒေကို မျက်ကွယ်ပြုနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်အမတ်များက ဝေဖန်လိုက်သည်။

“YBS စနစ်ဟာ တည်ဆဲဥပဒေကို လုံးဝမျက်ကွယ်ပြုပြီးလုပ်တဲ့ လုပ်ရပ်ပါ။ ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြောင်းရွှေ့ရေး ဥပဒေရှိပါတယ်။ အဲဒီဥပဒေပါ ပြဌာန်းချက်များနဲ့ ယခုYBS စီမံကိန်းဟာ လုံးဝကွဲပြားနေပါတယ်။ ပြောစရာတစ်ခုတော့ ရှိပါတယ်။ ဥပဒေရဲ့ ပုဒ်မ(၃)၊ ပုဒ်မခွဲ(က)မှာ ပုဂ္ဂလိကမော်တော်ယာဉ်များအား တစ်ဦးချင်းပိုင်စနစ်မှသည် ခေတ်စနစ်နဲ့အညီ ပုဂ္ဂလိက ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီများသို့ အဆင့်ဆင့်ကူးပြောင်းရန်ဆိုတဲ့ စကားစုလေးပဲပါတယ်။ အဲဒါကို အတင်းဆွဲပြီးတော့ လုပ်တာများလားလို့ မပြောနိုင်ပါဘူး။ ကျန်တဲ့အချက်တွေကတော့ လုံးဝ ကွဲလွဲနေပါတယ်”ဟု တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က ဆွေးနွေးခဲ့သည်။

တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရမည့် အစိုးရတစ်ရပ်က ဥပဒေတစ်ခုကို မျက်ကွယ်ပြုနေခြင်းမှာ ဆိုးရွားသော လုပ်ရပ်ဖြစ်ကာ YBS စီမံကိန်းမအောင်မြင်ရခြင်း၏ အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း “မထသတုန်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ဥပဒေရှိတယ်။ ယခု YBS အကောင်အထည်ဖော်တဲ့အခါ အစိုးရအနေနဲ့ ဘယ်ဥပဒေနဲ့ အကောင်အထည်ဖော်မှာလဲဆိုတာ စဉ်းစားသင့်တဲ့ အရာတွေပါ။ အခု လွှတ်တော်က လိုအပ်ချက်တွေကို ဆွေးနွေးအတည်ပြုမယ်။ ဒါပေမယ့် ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ လွှတ်တော်အသံ ဘယ်ကိုရောက်၊ လေထဲမှာ ပျောက်ဖြစ်မသွားဖို့ လိုပါတယ်။ ပြည်သူ့အတွက် YBS မဟုတ်ဘဲ ပြည်သူစိတ်ပျက် YBS ဖြစ်နေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ သုံးသပ်ပြင်ဆင်ဖို့ လိုနေပါပြီ”ဟု ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဧပြီ ၆ ရက်နေ့တွင် တင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို ဧပြီ ၂၄ ရက်နေ့က လွှတ်တော်အစည်းအဝေးတွင် ကိုယ်စား ၂၆ ဦးက ထောက်ခံဆွေးနွေးစဉ် ၎င်းတို့ကပြောကြားခဲ့ခြင်းဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း အစိုးရအနေဖြင့် YBS အကောင်အထည်ဖော်ရာတွင် လွှတ်တော်၏ အခန်းကဏ္ဍကို မျက်ကွယ်ပြုထားခဲ့သည်ဟု ဝေဖန်ခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေဟာ informed ဆိုတဲ့ အသိပေးရုံသက်သက် လုပ်ရမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ consultant လို့ခေါ်တဲ့ တိုင်ပင်ဆွေးနွေးအပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုဆိုင်ရာ ကော်မတီဆိုပြီး ရှိပါတယ်။ YBS စီမံကိန်းဟာ ဒီကော်မတီနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်တယ်။ ဒီလိုကြီးမားတဲ့ ကိစ္စတွေမှာ ဒီကော်မတီကြီးရှိနေတာတောင် အဖက်လုပ်ပြီး ဆွေးနွေးခဲ့ခြင်းမရှိခဲ့တဲ့ ကိစ္စဟာ ပြန်လည် သုံးသပ်သင့်နေပါပြီ”ဟု ၎င်းက ပြောကြားသည်။

စီမံကိန်းအကောင်အထည်ဖော်ခဲ့သည့် သက်ဆိုင်ရာ အစိုးရဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်သူများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ယာဉ်ပိုင်ရှင်များ စသော သက်ဆိုင်ပုဂ္ဂိုလ်များကို လွှတ်တော်ထဲ ခေါ်ယူဆွေးနွေး တိုင်ပင်နိုင်ခဲ့ပါက စီမံကိန်း ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်းနှင့် အပြောင်းအလဲတစ်ခု ဆောင်ရွက်ရာတွင် တိကျသေချာသော သုတေသနများမလုပ်ဘဲ စမ်းသပ်လုပ်ဆောင်ကြည့်လိုက်၊ အမှားတွေ့ချိန် ပြင်ဆင်လိုက်ပြုလုပ်လျှင် အခြေခံလူတန်းစားများဖြစ်သည့် ပြည်သူများသာ နစ်နာနေရကြောင်း ဦးနေဘုန်းလတ်က ဝေဖန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ နေ့၌ ယခင် မထမစနစ်ကို ဖျက်သိမ်းကာ YBS စနစ်သစ်ကို စတင်ခဲ့ပြီးနောက် သုံးလအကြာတွင်မှ လွှတ်တော်ထဲတွင် YBS နှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စနစ်သစ်မစတင်မီ ငါးရက်အလိုတွင်မှ အသိပေးခံခဲ့ရကြောင်း ၎င်းတို့ ဆွေးနွေးမှုများမှ သိရှိခဲ့ရသည်။

YBS စီမံကိန်းကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သူဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် စီမံကိန်းကို တိုက်ရိုက်ကိုင်တွယ်သူ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးမှာ ဆွေးနွေးသည့်နေ့က လွှတ်တော်သို့ တက်ရောက်ခဲ့ခြင်းမရှိပဲ ခွင့်တိုက်ကြားထားခဲ့သည်။

“ဒီနေ့အစီအစဉ်မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရှိခြင်း၊ မရှိခြင်းက သိပ်အရေးမကြီးပါဘူး။ ရှိရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အဓိကအကျဆုံးဖြစ်တဲ့ YRTA ရဲ့ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ပဲ။ ဒီနေ့ သူအစအဆုံး ထိုင်နားထောင်နေခဲ့တော့ ဒါလုံလောက်ပါတယ်။ တာဝန်ရှိသူတွေ အသေအချာ ပြန်တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းချက်ပေးတာမျိုး ဒီနေ့ဆွေးနွေးသွားတဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက လိုလားပါတယ်”ဟု အဆိုတင်သွင်းခဲ့သူ ဦးဝေဖြိုးဟန်က လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

သတင်း-ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar