UPDATED: နယူးဒေလီက ဟိုတယ်မီးလောင်မှု မြန်မာနိုင်ငံသား ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

UPDATED:

အိန္ဒိိယနိုင်ငံမြို့တော် နယူးဒေလီက စရိတ်နည်းဟိုတယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။ အဲဒီမီးလောင်မှုကြောင့် မြန်မာနိုင်ငံသား အမျိုးသမီးကြီး ၂ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိတယ်လို့လည်း နယူးဒေလီမြို့က မြန်မာသံရုံးက အတည်ပြုခဲ့ပါတယ်။

မီးတောက်တွေထဲကနေ လွတ်မြောက်ဖို့အတွက် ပြတင်းပေါက်ကနေ ခုန်ချခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။

မြို့တော်ရဲ့ လူနေထူထပ်တဲ့နေရာမှာ တည်ရှိတဲ့ Arpit Palace ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်ကနေ မီးတောက်တွေနဲ့ ထူထပ်တဲ့ မီးခိုးလုံးတွေ ထိုးထွက်နေတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

စရိတ်ချွေတာတဲ့ခရီးသွားတွေနဲ့ စီးပွားရေးခရီးသည်တွေကြား ရေပန်းစားတဲ့ဟိုတယ်က ဧည့်သည်တွေဟာ သစ်သားဘောင်ကွက်တွေကြောင့် ဟိုတယ်စြင်္ကန်ကနေ ထွက်ပြေးလို့ မရခဲ့ဘူးလို့ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။

ဟိုတယ်မှာ တည်းခိုနေတဲ့ မြန်မာနိုင်ငံသား ၃ ဦး ပျောက်ဆုံးနေတယ်လို့ NDTV သတင်းဌာနက အစောပိုင်းမှာ ရေးသားထားပါတယ်။

ဒါပေမယ့် မြန်မာသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ အသက် ၆၆ နှစ်အရွယ်နဲ့ အသက် ၄၄ နှစ်အရွယ် မြန်မာအမျိုးသမီးနှစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတစ်ဦးရှိတယ်လို့ သိရပါတယ်။

“မီးလောင်မှုတွင် အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော အဖွဲ့ဝင် ၇ ဦးပါ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” လို့ မြန်မာသံရုံးရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အခင်းဖြစ်ပွားမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာတွေအတွက် မြန်မာသံရုံး၊ နယူးဒေလီမြို့ ၊ ကောင်စစ်ရေးရာဌာနက တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာနဲ့ ဆေးရုံများတွေကို သွားရောက်ပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒဏ်ရာရရှိသူဟာ ဆေးရုံမှာ ဆေးကုသခံယူနေပြီး ကျန်မြန်မာနိုင်ငံသား ၄ ဦးကတော့ ယခုအခါ အခြားဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်နေတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံးနှင့် မြန်မာဘုန်းတော်ကြီးများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိပါသည်” လို့လည်း ဖော်ပြထားပါတယ်။

မီးဟာ ဧည့်သည်အများစု အိပ်စက်နေကြတဲ့ နံနက်အစောပိုင်းမှာ လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

အဆောက်အအုံထဲမှာ လူ ၁၂၀ လောက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဟိုတယ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ဟိုတယ်ကို လွန်ခဲ့တဲ့ ၂၅ နှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

“ဆေးရုံအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါပြီ။ ကလေးတစ်ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိပါတယ်” လို့ အကြီးတန်းမီးသတ်အရာရှိ Sunil Choudhary က အေအက်ဖ်ပီကို ပြောပါတယ်။

မီးသတ်ယာဉ် ၂၅ စီးပါဝင်ပြီး နာရီအနည်းငယ်ကြာအောင် ငြှိမ်းသတ်ခဲ့ရတဲ့ မီးလောင်မှုမှာ လူ ၃၅ ဦးကို မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့တယ်လို့ ဒေလီမီးသတ်ဌာန ညွှန်ကြားရေးမှူး G.C.Misra က ပြောပါတယ်။

“စြင်္ကန်လမ်းမှာ သစ်သားဘောင်တွေ ရှိနေတဲ့အတွက် စြင်္ကန်လမ်းကနေ လူတွေထွက်ပြေးလို့ မရနိုင်ခဲ့ပါဘူး” လို့ အခြားမီးသတ်သမားတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဟိုတယ်ဟာ နယူးဒေလီရဲ့ Karol Bagh ခရိုင်မှာ တည်ရှိပါတယ်။ အဲဒီနေရာဟာ စီးပွားရေးဗဟိုချက်ဖြစ်ပြီး လျှပ်စစ်မီးကြိုးတွေ တွဲလောင်းကျနေတဲ့ လမ်းကျဉ်းလေးတွေလည်း ရှိပါတယ်။

သေဆုံးခဲ့သူတွေအတွက် “အလွန်ဝမ်းနည်းရသည်” ဟု အိန္ဒိယဝန်ကြီးချုပ် နာဂင်ဒရာမိုဒီက သူရဲ့ Twitter မှာ ရေးသားထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar