The Voice အယ်ဒီတာချုပ်နှင့် သရော်စာရေးသူတဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် တပ်မတော်က တရားစွဲ

ရန်ကုန်၊ မေ ၁၇

အပတ်စဉ်ထုတ်နှင့် နေ့စဉ်ထုတ် သတင်းစာများထုတ်နေသည့် The Voice ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သတင်းစာတွင် သရော်စာဆောင်းပါးရေးသားသူ ဗြိတိသျှကိုကိုမောင်ဆိုသူတို့ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့၊ တနင်္ဂနွေထုတ် The Voice သတင်းစာတွင် ကလောင်အမည် ဗြိတိသျှကိုကိုမောင် ရေးသားသည့် “ကျည်ထောင်စုသစ္စာ” ဟူသည့် သရော်စာဆောင်းပါးကြောင့် သတင်းစာအယ်ဒီတာချုပ်နှင့် သရော်စာရေးသူတို့ကို တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

“အယ်ဒီတာတွေနဲ့ တိုင်ပင်နေပါတယ်။ ဟုတ်ပါတယ်၊ ဗဟန်းရဲစခန်းကနေ စာလာပို့ပါတယ်” ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက Frontier ကို ဖြေကြားသည်။

အဆိုပါ တရားစွဲဆိုကြောင်း သမ္မန်စာကို ယနေ့၊ မေ ၁၇ ရက်တွင် The Voice သို့ ပေးပို့လာခြင်းဖြစ်ပြီး တရားစွဲဆိုခံရသူတစ်ဦးဖြစ်သူ ဗြိတိသျှကိုကိုမောင်ကလည်း တရားစွဲဆိုခံရကြောင်းကို ယနေ့မှ သိရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို ဒီနေ့မှစွဲတာ။ ကျွန်တော့ဆီတော့ စာမရောက်ဘူးပေါ့။ The Voice ကတဆင့် ကျွန်တော့ကိုပါစွဲကြောင်း သိရတာပါ” ဟု စာရေးသူ ဗြိတိသျှကိုကိုမောင်က ပြောကြားသည်။ ၎င်းအနေဖြင့် “ကျွန်တော်ယုံကြည်တာကိုတော့ ဖျက်မှာမဟုတ်ပါဘူး။ တရားဥပဒေအတိုင်း ဆက်သွားမှာပါ” ဟု ဆိုသည်။

၎င်းရေးသားခဲ့သည့် “ကျည်ထောင်စုသစ္စာ” ဟူသည့်ဆောင်းပါးကို The Voice သတင်းစာ၊ စာမျက်နှာ ၂၆ တွင် ဖော်ပြခဲ့ခြင်းဖြစ်ကာ အဆိုပါဆောင်းပါးတွင် ပါဝင်သည့်စာသားအချို့အတွက် ဧပြီ ပထမပတ်တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ တပ်မတော်က တိုင်ကြားစာ ပေးပို့ခဲ့သေးသည်။

“သူတို့ပြောတာကတော့ စာထဲပါတဲ့ စာသားတွေကြောင့် တပ်မတော်ထဲမှာ အောက်ခြေနဲ့ အထက်ပိုင်းအကြား သဘောထားကွဲလွဲတာတွေ ဖြစ်စေတယ်လို့ ယူဆလို့ လို့ ပြောတယ်” ဟု ဗြိတိသျှကိုကိုမောင်က ဆိုသည်။

တပ်မတော်က ဧပြီပထမပတ်တွင် တိုင်ကြားစာပို့ခဲ့ပြီး သြင်္ကန်အပြီး ဧပြီနောက်ဆုံးပတ်တွင် စာနယ်ဇင်းကောင်စီက The Voice ဆက်သွယ်အသိပေးခဲ့ကာ ဆွေးနွေးမှုပြုလုပ်ခဲ့သေးသည်။

ထို့နောက် စာနယ်ဇင်းကောင်စီသည် The Voice နှင့် တပ်မတော်မှ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ကြေလည်ရေးအတွက် ညှိနှိုင်းခဲ့သည်ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ ဦးမြင့်ကျော်က ပြောသည်။

ထိုကဲ့သို့ ဖြေရှင်း၊ ညှိနှိုင်းပြီးနောက် The Voice က မေ ၁၄ ရက်နေ့ထုတ် ၎င်းတို့သတင်းစာ၊ စာမျက်နှာ ၂၆ တွင် “မြန်မာ့တပ်မတော်ကို သော်လည်းကောင်း၊ အခြားသော မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုသော်လည်းကောင်း တိုက်ရိုက်ရည်ညွှန်းထားသော စကားလုံး မပါရှိ” ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

ထို့ပြင် အဆိုပါဆောင်းပါးသည် “ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းကို ရပ်စဲစေလိုသော၊ ငြိမ်းချမ်းရေးကို ရှေးရှုသော ဆန္ဒဖြင့် စာဖတ်သူများရော၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကိုပါ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ခံစားရစေရန် စိတ်ကူးတန်ဆာဆင်ထားသည့် ရယ်ရွှင်ဖွယ် ဟာသရသ အထူးပြုသရော်စာ အမျိုးအစား သက်သက်ဖြစ်သည်” ဟုလည်း ဖြေရှင်းထားသည်။

“ယင်းသရော်စာသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆဖွယ်ရာ သဘော သက်ရောက်သွားပါက The Voice Daily အနေနှင့် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း လေးနက်စွာ အသိပေးဖော်ပြအပ်ပါသည်” ဟုလည်း ဖြေရှင်းစာတွင် ဖော်ပြထားသည်။

စိတ်မကောင်းကြောင်း ဖြေရှင်းချက်ထုတ်ပြီး နောက် နှစ်ရက်အကြာ မေ ၁၆ ရက်နေ့တွင် အဆိုပါ ဖြေရှင်းချက်အပေါ် တပ်မတော်က “မလုံလောက်ဘူးဟု ထင်သည့်အတွက်” တပ်မတော်က စာနယ်ဇင်းကောင်စီထံ ထပ်မံ၍ စာပို့ခဲ့သေးသည်ဟု ဦးမြင့်ကျော်က ပြောသည်။

ထို့နောက် ယနေ့၊ မေ ၁၇ ရက်တွင် ဗဟန်းတရားရုံးမှ သမ္မန်စာ ပို့ခဲ့ခြင်းဖြစ်သည်။

“တကယ်တော့ ဒီသရော်စာ ဘာတို့ဆိုတာ ဒီလောက်ထိ အရေးယူရလောက်တဲ့ အတိုင်းအတာတော့ မဟုတ်ဘူး။ တပ်မတော်က ဆတ်ဆတ်ထိ မခံဆိုတာမျိုးဖြစ်နေတယ်။ တပ်မတော်အနေနဲ့ သည်းခံမှုပြသင့်တယ်လို့ မြင်တယ်။ ဒီလိုမှ တပ်မတော်အနေနဲ့ ပုံရပ်လည်း ကောင်းမယ်” ဟု ဦးမြင့်ကျော်က ပြောသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆/ဃ တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar