ကျန်းမာရေးဝန်ထမ်းများပါဝင်သော အဖွဲ့တစ်ဖွဲ့သည် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူများထံသို့ မနက်ခင်းတိုင်းလာရောက်ပြီး COVID-19 ရှိမရှိစစ်ဆေးရန် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကိုရယူလေ့ရှိသည်။ ခက်ခဲပြီး စိတ်သက်တောင့်သက်သာမရှိသော အလုပ်ဖြစ်ကာCOVID-19 ကူးစက်နိုင်ခြေလည်းများသည့်အလုပ်ဖြစ်သည်။
ဟိန်းသာ-ရေးသည်။
ဓာတ်ပုံ-ခွန်လတ်
ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာကျော်သက်အောင်နှင့် အဖွဲ့အတွက် ထိုနေ့သည် ကောင်းကောင်းမွန်မွန် စတင်ခြင်းမရှိခဲ့။ နံနက်ရှစ်နာရီရှိပြီဖြစ်သည်။ သူတို့သည် ရန်ကုန်ရှိအသွားအလာကန့်သတ်စောင့်ကြည့်ခံရနေသူများရှိနေသည့် ဟိုတယ်တစ်ခုသို့ရောက်ရှိခဲ့သည်။ COVID-19 ရှိမရှိ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများရယူရန်ဖြစ်သည်။
ဟိုတယ်အများစုသည် ကျန်းမာရေးဝန်ထမ်းများပါဝင်သောအဖွဲ့အတွက် အဝတ်အစားလဲရန်နှင့် ရေချိုးရန် အခန်းတချို့ကို သီးခြားပြင်ဆင်ပေးထားလေ့ရှိသည်။ အမှိုက်များစွန့်ပစ်ရန်အတွက်လည်း အမှိုက်အိတ်များကို ကြိုတင်ထားပေးတတ်သည်။ ဟိုတယ်တွင် အသွားအလာကန့်သတ်ခံထားရသူများ အစီအစဉ်တကျ စစ်ဆေးမှုခံယူနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးတတ်သည်။
ရန်ကုန်ရှိ သီးခြားစောင့်ကြည့်ရေးစခန်းတဖြစ်လဲ ဟိုတယ်တစ်လုံး၌ မေ ၂၂ ရက်တွင် ဧည့်သည်များအားကိုဗစ် ၁၉ ရှိမရှိမစစ်ဆေးမီတွင် ကျန်းမာရေးဝန်ထမ်းများ တကိုယ်ရည်ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်နေစဉ်။ ဓာတ်ပုံ – ခွန်လတ်
Support independent journalism in Myanmar. Sign up to be a Frontier member.
ထိုနေ့ကတော့ အဲ့ဒီလောက် အဆင်သင့်ဖြစ်နေအောင် ကံမကောင်းလှဟုဆိုရမည်ဖြစ်သည်။ အခန်းသီးသန့်ထားရှိပေးခြင်းမရှိသောကြောင့် ကျန်းမာရေးဝန်ထမ်းမျာသည် သူတို့စီးလာသည့် မော်တော်ယာဉ်ထဲ၌သာ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ(PPE)ကို စိတ်မသက်မသာဖြင့် ဝတ်ဆင်ခဲ့ရသည်။
စစ်ဆေးမှုခံယူရမည့် ဧည့်သည် ၄၈ ဦးသည် သူတို့နည်းသူတို့ဟန်ဖြင့်ရောက်လာကြသည်။ တချို့ကလည်းဓာတ်လှေခါးဖြင့်ဆင်းလာသည်။ တချို့ကလည်း ရိုးရိုးလှေကားဖြင့်ဆင်းလာသည်။ ဆေးသုတေသနဦးစီးဌာနမှ အဖွဲ့သည် သူတို့ အစဉ်တကျဖြစ်အောင် စီစဉ်ရင်း အချိန်တစ်နာရီလောက်ကုန်သွားခဲ့သည်။
“ဟိုတယ်ဘက်က ကောင်းကောင်း ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် အချိန်အတော်ကုန်ပါတယ်” ဟု အတော်လေးကိုစိတ်ပျက်နေသည့် ဒေါက်တာကျော်သက်အောင်ကပြောသည်။ ဒေါက်တာကျော်သက်အောင်သည် စစ်ဆေးရေးအဖွဲ့ရှိ ကြီးကြပ်ရေးမှူးနှစ်ဦးအနက် တစ်ဦးဖြစ်သည်။
အဖွဲ့သည် ဟိုတယ်၏မြေအောက်ကားရပ်နားကွင်းထဲရှိ စားပွဲတစ်လုံးပေါ်တွင် စစ်ဆေးရေးကိရိယာများကိုချထားလိုက်သည်။ ပူပြင်းသည့် နေရောင်အောက်တွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများဝတ်ထားရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ပန်ကာကြီးများကိုလည်းချထားခဲ့သည်။ လေထဲရှိ ဗိုင်းရပ်စ် အကြွင်းအကျန်များ ပန်ကာလေကြောင့် လွင့်ထွက်သွားမည်ဟုလည်း မျှော်လင့်စရာရှိနေသည်။
ရန်ကုန်ရှိ သီးခြားစောင့်ကြည့်ရေးစခန်းတဖြစ်လဲဟိုတယ်တစ်လုံး၌ မေ ၂၂ ရက်တွင် ကိုဗစ် ၁၉ ရှိမရှိ စစ်ဆေးမှု ခံယူရန် အမျိုးသမီးတစ်ဦးတန်းစီစဉ်။ ဓာတ်ပုံ – ခွန်လတ်
နောက်ဆုံးတော့ သူတို့အသင့်ဖြစ်ပြီ။ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများယူရမည့် ဧည့်သည်များကိုကားနားသို့ အလှည့်ကျခေါ်လိုက်သည်။ ကားမှာစစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် လူနှင့် ကိရိယာများထည့်သွင်းနိုင်အောင် ပြုပြင်ထားသော ဒိုင်ဟတ်ဆုဟိုင်းဂျတ် ဖြစ်သည်။ မော်တော်ယာဉ်ထဲရှိဝန်ထမ်းတစ်ဦးက ကားနောက်ခန်းမှန်တံခါးမှတစ်ဆင့် လက်အိတ်စွပ်ထားသောလက်များကို ထုတ်ပြီးလူနာ၏နှာခေါင်းနှင့် အာခေါင်တို့မှ တို့ဖတ်နမူနာများကိုယူလိုက်သည်။
အခြားကျန်းမာရေးဝန်ထမ်းများက နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ဖန်ပုလင်းငယ်တစ်ခုထဲသို့ ထည့်ရာတွင် အကူအညီပေးသည်။ ထို့နောက် ဖန်ပုလင်းငယ်တွင် စစ်ဆေးမှုခံယူရသည့် လူနာ၏အမည်ရေးထားသည့် ကတ်ပြားငယ်ကိုကပ်ကာ မှတ်တမ်းတင်ထားလိုက်သည်။ နေ့စဉ် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာယူရသည့် ဝန်ထမ်းများသည် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေအများဆုံးဖြစ်သည်။ သူတို့ကိုယ်သူတို့နှင့် အခြားလူနာများကိုကာကွယ်ပေးရန်အတွက် အဖွဲ့သည် လူနာတစ်ဦးကိုစစ်ဆေးပြီးနောက် လက်အိတ်များကိုလဲလှယ်ပြီး ပိုးသတ်ဆေးဖြန်းတတ်သည်။
မေ ၂၂ ရက်တွင် လူတစ်ဦးထံမှာအာခေါင်နှင့် တို့ဖတ်နမူများကို ရယူစဉ်။ ဓာတ်ပုံ – ခွန်လတ်
မေ ၂၂ ရက်တွင် ဆေးသုတေသနဦးစီးဌာနမှ အဖွဲ့က နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများရယူနေပုံကိုကြည့်ခြင်းဖြင့် COVID-19 ရှိမရှိစစ်ဆေးမှုသည် ဓာတ်ခွဲခန်းထဲမှာသာ ရှိနေခြင်းမဟုတ်ကြောင်းသိသာထင်ရှားလာခဲ့သည်။
ဓာတ်ခွဲနမူနာများကိုစုဆောင်း၊ ပို့ဆောင်ကာနမူနာများပျက်စီးသွားခြင်းမရှိစေရန်နှင့် ကျန်းမာရေးဝန်ထမ်းများ အန္တရာယ်ကင်းစေရန် ဂရုတစိုက်လုပ်ဆောင်ရန် လိုအပ်သည်။
ဖြစ်စဉ်မှာလက်ဝင်ပြီး လူနာနှင့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများအောက်တွင် ချွေးဒီးဒီးကျနေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် မသက်မသာဖြစ်စေသလို နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများကို ကျနစွာကိုင်တွယ်ခြင်းမပြုပါကလည်း အန္တရာယ်လည်းရှိစေနိုင်ပါသည်။
မြန်မာနိုင်ငံ၌ COVID-19 စတင်ဖြစ်ပွားစဉ် အစောပိုင်းအဆင့်များတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသည် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူများစုဆောင်းခြင်းအပါအဝင် စစ်ဆေးမှုတိုင်းကို ပြုလုပ်ခဲ့သည်။
သို့သော် စစ်ဆေးရမည့် လူနာဦးရေတိုးပွားလာသည်နှင့်အမျှ ဧပြီ ၂၄ ရက်မှစတင်ကာ ဆေးသုတေသနဦးစီးဌာနသည် ရန်ကုန်ရှိဆေးရုံများနှင့် သီးခြားစောင့်ကြည့်ရေးစခန်းများရှိ ဓာတ်ခွဲနမူနာများကိုစုဆောင်းရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
ရန်ကုန်အပြင်ဘက်မှ ဓာတ်ခွဲနမူနာများကိုလည်းစစ်ဆေးနေဆဲဖြစ်သည့် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနအတွက်လည်းဝန်ပေါ့စေခဲ့သည်။
မေ ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တို့ဖတ်နမူနာတစ်ခုကို ဖန်ပုလင်းငယ်တစ်ခုထဲသို့ ထည့်နေစဉ်။ နေ့စဉ် တို့ဖတ်နမူနာယူနေရသည့် ဝန်ထမ်းများသည် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေအများဆုံးရှိနေသည်။ ဓာတ်ပုံ – ခွန်လတ်
နံနက် ၇ နာရီထိုးပြီဆိုသည်နှင့် ကြီးကြပ်သူနှစ်ဦးနှင့် အခြးကျန်းမာရေးဝန်ထမ်းခြောက်ဦးပါဝင်သောအဖွဲ့သည် အလုံမြို့နယ်ရှိဆေးသုတေသနဦးစီးဌာနရုံးမှ ထွက်ခွာပြီး ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဌာနမှ ညွှန်ကြားသည့် ဟိုတယ်သို့မဟုတ် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများသို့ သွားရောက်ရသည်။
တပ်မတော်နှင့် အများပြည်သူကျန်းမာရေးဌာနတို့မှ စစ်ဆေးရေးအဖွဲ့နှစ်ဖွဲ့ရှိသော်လည်း ဆေးသုတေသနဦးစီးဌာနမှ အဖွဲ့သည် လူနာအများဆုံးကို စစ်ဆေးပေးနေသည်။
စစ်ဆေးမှုခံယူရသူအများစုမှာ မကြာသေးမီက ပြည်ပမှပြန်လာကြသူများဖြစ်ပြီး သီးခြားစောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်နေထိုင်နေရသူများဖြစ်ကြသည်။
တတ်နိုင်သူများကတော့ ပစ္စည်းပစ္စယာစုံလင်ခြင်းမရှိသည့် အစိုးရသီးခြားစောင့်ကြည့်ရေးစခန်းများထက် ဟိုတယ်များကိုရွေးချယ်ကြသည်။
ပြည်ပမှပြန်လာသူများနှင့်အတူ သီးခြားစောင့်ကြည့်ရေးစခန်းတဖြစ်လဲဟိုတယ်၌ နေထိုင်ရန် တာဝန်ပေးခံထားရသည့် တကိုယ်ရည် ကာကွယ်ရေးဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ – ခွန်လတ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အတည်ပြုပေးထားသည့် သီးခြားစောင့်ကြည့်ရေးစခန်းတစ်ဖြစ်လဲ ဟိုတယ်တစ်လုံးတွင် လူနာ ၃၀ မှ ၁၀၀ အထိထားရှိနိုင်ပြီးရက်သတ္တပတ်သုံးပတ်တည်းခိုနေထိုင်ရေးအတွက် တစ်ညလျှင် ကျပ် ၃၅၀၀၀ ကောက်ခံသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဟိုတယ်တစ်လုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းနှစ်ဦးကိုတာဝန်ပေးထားပြီး ၎င်းတို့သည် အပြင်ထွက်ခွင့်မရှိဘဲ ဟိုတယ်မှာပင် ၂၁ ရက်နေထိုင်ရမည်ဖြစ်သည်။
ဆေးသုတေသနဦးစီးဌာနမှအဖွဲ့သည် တစ်ရက်လျှင် နေရာနှစ်ခုသို့မဟုတ် သုံးခုသို့ များသောအားဖြင့် သွားရောက်ပြီး နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာ ၂၀၀ အထိစုဆောင်းကာ မွန်းလွဲပိုင်းတွင် အလုပ်လက်စသိမ်းလေ့ရှိသည်။
အဖွဲ့သည် ဓာတ်ခွဲနမူနာများကို RT-PCR စက်ဖြင့်စစ်ဆေးရန်အတွက် ဆေးသုတေသဦးစီးဌာနဓာတ်ခွဲခန်းတွင် ထားရှိကြသည်။ စက်ဖြင့် ဗိုင်းရပ်စ်၏မျိုးဗီဇသဘောကို စစ်ဆေးသည်။
ရန်ကုန်တွင် တို့ဖတ်နမူနာများရယူရန် တာဝန်ပေးခံရချိန် ဧပြီ ၂၄ ရက်မှစ၍ ဆေးသုတေသနဦးစီးဌာနမှ အဖွဲ့သည် တစ်ရက်မှ နားရက်မရခဲ့ချေ။ ဓာတ်ပုံ – ခွန်လတ်
“ဧပြီ ၂၄ ရက်မှာစတင်စစ်ဆေးကတည်းက တစ်ရက်မှ နားရက်မရသေးဘူး” ဟုဒေါက်တာကျော်သက်အောင်နှင့်အတူအဖွဲ့ကို ပူးတွဲကြီးကြပ်နေသည့် ဒေါက်တာအောင်ပြည့်ဖြိုးကပြောဆိုခဲ့သည်။
ပထမဆုံးဓာတ်ခွဲနမူနာရယူသည့်နေ့မှာပင် COVID-19 ကူးစက်ခံထားရသူများစွာနှင့်ကြုံခဲ့ရသည်။
“တကယ်ကိုကြောက်စရာကောင်းတယ်ဗျာ၊ ဗိုင်းရပ်စ်နဲ့ နဖူးတွေ့ဒူးတွေကြုံလိုက်ရမှ ဗိုင်းရပ်စ်ဆိုတာ ကိုယ်တွေအနားမှာရှိတယ်ဆိုတာကို ချက်ချင်းကြီးနားလည်သွားခဲ့တယ်” ဟု ဒေါက်တာအောင်ပြည့်ဖြိုးကပြောသည်။
ရန်ကုန်တွင် တို့ဖတ်နမူနာများရယူရန် တာဝန်ပေးခံရချိန် ဧပြီ ၂၄ ရက်မှစ၍ ဆေးသုတေသနဦးစီးဌာနမှ အဖွဲ့သည် တစ်ရက်မှ နားရက်မရခဲ့ချေ။ ဓာတ်ပုံ – ခွန်လတ်
ယင်းနေ့မှစ၍ ဒေါက်တာအောင်ပြည့်ဖြိုးနှင့် ဒေါက်တာကျော်သက်အောင်တို့သည် နေအိမ်သို့ မပြန်ကြတော့ချေ။ အလားတူပင် ကျန်းမာရေးဝန်ထမ်းဦးအောင်ဝင်းထွန်းသည်လည်း ရှစ်လအရွယ် သမီးလေးကိုမတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ပုံမှန်အချိန်ဆိုလျှင် ရက်သတ္တပတ်နှစ်ပတ်အလုပ်လုပ်ပြီး အိမ်ပြန်တတ်သည်။ သို့သော် စစ်ဆေးရသည့် အလုပ်များလွန်းသဖြင့် သူအိမ်မပြန်နိုင်သည်မှာရက်သတ္တပတ်သုံးပတ်ကျော်ခဲ့ပြီဖြစ်သည်။
“အိမ်မပြန်တာသိပ်ကြာသွားလို့ သမီးလေးက ကျွန်တော်ကိုသူစိမ်းလို့ ထင်မှာတောင်စိုးရိမ်ရတယ်” ဟု သူကအရယ်တစ်ဝက်နှင့်ပြောဆိုခဲ့သည်။
တကိုယ်ရည် ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ခဲ့ရသည့်အတွက် မျက်နှာတွင် အစင်းရာများထင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ – ခွန်လတ်
အဖွဲ့သည် လူ ၄၀ ခန့်ဆီမှ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကိုရယူရန် နှစ်နာရီခန့် အချိန်ယူရတတ်သည်။ သို့သော် အဆိုပါဟိုတယ်၌ စနစ်တကျမရှိခဲ့ပြီးနောက် စစ်ဆေးမှုဖြစ်စဉ်သည် နောက်ထပ်နှစ်နာရီကြာမြင့်ခဲ့ပြီးမွန်းတည့်ချိန်မှသာနောက်တစ်နေရာသို့ သွားနိုင်ခဲ့သည်။
“PPE ဝတ်ထားရတာပူလွန်းလို့ လိုတာထက်ပိုပြီး ငါးမိနစ်တောင် မဝတ်ထားချင်ဘူး” ဟု ဦးအောင်ဝင်းထွန်းကပြောဆိုခဲ့သည်။
ဓာတ်ခွဲနမူနာများထည့်ထားသည့် ဖန်ပုလင်းငယ်များကိုပလတ်စတစ်ဘူးထဲသို့ ထည့်သည်။ ယင်းနောက် ဘူးကို ပလတ်စတစ်အိတ်ဖြင့်ပတ်ပြီး နမူနာများသတ်မှတ်ထားသည့် အပူချိန်တွင်ထားရှိနိုင်ရန် ရေခဲဘူးထဲသို့ ထည့်လိုက်သည်။ ဓာတ်ပုံ – ခွန်လတ်
ဓာတ်ခွဲနမူနာများထည့်ထားသည့် ဖန်ပုလင်းငယ်များကို ပလတ်စတစ်ဗူးထဲသို့ ထည့်သည်။ ယင်းနောက် ဗူးကိုပလတ်စတစ်အိတ်ဖြင့် ပတ်ပြီးနမူနာများသတ်မှတ်ထားသည့် အပူချိန်တွင်ထားရှိနိုင်ရန်အတွက် ရေခဲဘူးထဲသို့ ထည့်လိုက်သည်။ ပီပီအီးအားလုံးကို ချွတ်လိုက်ပြီး အဖွဲ့သည် ဝတ်ထားစဉ်ကရှိခဲ့သည့် ချွေးပြောင်စေရန်အတွက် ရေချိုးကြသည်။
ဒုတိယဟိုတယ်မှာတော့ နံနက်ပိုင်းက စိတ်မသက်မသာဖြစ်မှုများချက်ချင်းကို ပျောက်ကွယ်သွားခဲ့သည်။
ကိုယ်တိုင် PPE ဝတ်စုံဝတ်ထားသည့် ဝန်ထမ်းများကစီးကြိုပြီးဧည့်သည်များကို စစ်ဆေးမှုတွင် အကူအညီပေးကြသည်။ အဝတ်အစားလဲရန်နှင် ရေချိုးရန် အခန်းများလည်းရှိသည်။ စစ်ဆေးမှုပြီးနောက် ဟိုတယ်က စားသောက်ဖွယ်ရာများကို ပြင်ဆင်ပေးထားခဲ့သည်။
စေတနာ့ဝန်ထမ်းများနှင့် ဟိုတယ်ဝန်ထမ်းများက အသွားအလာကန့်သတ်ခံရပြီး ကိုဗစ် ၁၉ ရှိမရှိ စစ်ဆေးမှုခံယူရမည့် ဧည့်သည်စာရင်းကို စစ်ဆေးခဲ့စဉ်။ ဓာတ်ပုံ – ခွန်လတ်
ဟိုတယ်၏လုပ်ဆောင်မှုကြောင့် စိတ်ဖိစီးမှုအနည်းငယ်ပြေပျောက်ခဲ့ရသည်။
သို့သော် PPE ဝတ်စုံဝတ်ထားသော်လည်းသူတို့ COVID-19 ကူးစက်ခံရနိုင်ခြေရှိနေသည်ဆိုသည့် အတွေးကတော့ရှိနေဆဲဖြစ်သည်။
“တို့ဖတ်နမူနာတွေစုဆောင်းတာပြီးပေမယ့် စိတ်လျှော့လို့မရသေးဘူး၊ နောက်တစ်နေ့မှာရလဒ်တွေထွက်တဲ့အခါ နက်ဂတစ်ဖြစ်မှန်းသိရမှပဲ စိတ်သက်သာရာရတော့တယ်၊ ကူးစက်ခံရသူရှိတယ်လို့ စစ်ဆေးတွေ့ရှိရင်လည်း PPE ဝတ်ထားတာမို့ ကျွန်တော်တို့ သီးခြားစောင့်ကြည့်ရေးစခန်းဝင်စရာမလိုပါဘူး၊ ဒါပေမဲ့ ဒီရောဂါကိုတော့ ကြောက်တာပဲဗျာ”ဟု ဦးအောင်ဝင်းထွန်းကပြောသည်။
သက်အေးဘာသာပြန်သည်။