RFA မကွေး သတင်းထောက်တဦး ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံရ

မြတ်ကျော်သူ

လွတ်လပ်သော အာရှအသံ RFA ၏ မကွေးအခြေစိုက် အလွတ်တန်း သတင်းထောက် ဦးမြင့်ဇော်ဦးသည် ၎င်း၏ Facebook ပေါ်ရေးသားချက်တခုကြောင့် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံထားရသည်။

အသက် ၅၇ နှစ်အရွယ်ရှိ မကွေးအခြေစိုက် “မကွေးဂျာနယ်” ၏ တာဝန်ခံအယ်ဒီတာဖြစ်သူ၊ RFA ၏ အလွတ်တန်းသတင်းထောက် ဦးမြင့်ဇော်ဦးသည် အောက်တိုဘာ ၂၂ ရက်က “ရန်ကုန်တက္ကသိုလ်ထဲမှာ ဗုံးပေါက်တယ်ဆိုတာ ဟုတ်လား” ဟု သူ၏ Myintzaw Oo အမည်ရှိ Facebook တွင် ရေးသားခဲ့သည်။

အဆိုပါ ရေးသားချက်အတွက် ရန်ကုန်တက္ကသိုလ်တည်ရှိရာ ကမာရွတ်မြို့နယ်၏ မြို့နယ်ရဲစခန်း၊ ရဲမှူးသိန်းဟန်က တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့် ခံထားရခြင်း ဖြစ်သည်။

“ကျွန်တော်တောင် မသိဘူး၊ သူငယ်ချင်းတွေ ဖုန်းဆက်တော့မှ သိတာ” ဟု ဦးမြင့်ဇော်ဦးက Frontier ကို မကွေးမြို့နေအိမ်မှ ဖုန်းဖြင့် ပြောကြားသည်။

“တင်လိုက်တာ ကျွန်တော့အထင် နှစ်နာရီလောက်ပဲ ကြာမယ် ထင်တယ်။ ကျွန်တော် ပြန်ဖြုတ်လိုက်တယ်” ဟု ဆိုသည်။

RFA ၏ ရေးသားချက်အရ “ကမာရွတ်မြို့နယ်ရဲစခန်းက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သွားရောက် စစ်ဆေးခဲ့ရာမှာ ဘာမှ မတွေ့ရှိခဲ့ကြောင်းနဲ့ ဒီလိုစာသားရေးသားခဲ့တာဟာ အထိတ်တလန့်ဖြစ်စေတဲ့အတွက် အမှုဖွင့် တရားစွဲဆိုတာဖြစ်ကြောင်း တရားလို ရဲမှူး သိန်းဟန်က RFA ကို ဒီနေ့ ပြောပါတယ်” ဟု တွေ့ရသည်။

ဦးမြင့်ဇော်ဦးသည် သတင်းမီဒီယာလောကတွင် လုပ်ကိုင်နေသည်မှာ ၇ နှစ်ခန့် ရှိပြီဖြစ်ပြီး ပြည်တွင်းဂျာနယ်၊ သတင်းစာများတွင်လည်း သတင်း၊ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။

“အခုထိတော့ မကွေး ရဲတွေကလည်း ဆက်သွယ်လာတာမျိုး မရှိသေးဘူး” ဟု ဦးမြင့်ဇော်ဦးက ဆိုသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈(က) တွင် မည်သူမဆို မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချခြင်း သို့မဟုတ် ပေးဝေခြင်း၊ သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar