ရန်ကုန်၊ မေ ၁၃
ရန်ကုန်မြို့လယ်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် Parkway Yangon ဆေးရုံစီမံကိန်းတွင် အဓိကရင်းနှီးမြှုပ်နှံမည့်သူများက စီမံကိန်းကို ရပ်ဆိုင်းရန် လွှတ်တော်၏ ဆုံးဖြတ်ချက်အတွက် အစိုးရထံမှ တရားဝင်အသိပေးချက်ကို စောင့်ဆိုင်းမည်ဟု ပြောကြားလိုက်သည်။
အမေရိကန်ဒေါ်လာ သန်း ၇၀ တန် ဆေးရုံစီမံကိန်းကို ရပ်ဆိုင်းရန် ပြည်သူ့လွှတ်တော်က မေ ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ထောက်ခံခဲ့သည်။ စီမံကိန်းမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့သလို တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထိုသို့ ရပ်ဆိုင်းမှုနှင့် ပတ်သက်ပြီး အစိုးရထံမှ အကြောင်းကြားမှု တစုံတရာ မရရှိသေးဟု Parkway Pantai ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ ဒေါက်တာလီဟောင်ဟွေးက ပြောကြားသည်။
“ဆေးရုံစီမံကိန်းကို တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (ဘီအိုတီ) စနစ်နဲ့ လုပ်ကိုင်ဖို့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ မှာ နောက်ဆုံးအပြီးသတ် သဘောတူညီခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ သဘောတူညီချက်အရ ဆောင်ရွက်ရမှာတွေ အားလုံးကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့ တခြားရွေးချယ်စရာတွေကို ပြန်သုံးသပ်ကြည့်မှု မပြုခင်မှာ အစိုးရဆီက တရားဝင် အကြောင်းကြားချက်ကို စောင့်ဆိုင်းမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာလီက ပြောသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ဆေးရုံက သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တိုရဲ့ ရည်ရွယ်ချက်က ဒေသခံ ဆေးပညာရှင်တွေနဲ့ အတူတူလုပ်ကိုင်ပြီး လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းပညာနဲ့ အသိပညာတွေ လွှဲပြောင်းပေးခြင်းဖြင့် ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်း မြင့်မားလာစေဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“အလုပ်အကိုင် ဖန်တီးပေးခြင်းနဲ့ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးတွေအပြင် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ရန်ကုန်နဲ့ မြန်မာနိုင်ငံကို ဆေးကုသရေးဆိုင်ရာ ဗဟိုဌာနအဖြစ် မြှင့်တင်ပေးနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
Parkway သည် မလေးရှားနိုင်ငံ IHH Healthcare ၏ စင်ကာပူအခြေစိုက် လုပ်ငန်းခွဲဖြစ်ကာ Parkway Yangon တွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။
ဆေးရုံကို ရန်ကုန်မြို့လယ် ရန်ကုန်အထွေထွေဆေးရုံကြီးအနီး မြေ ၄ ဒသမ ၄ ဧကပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက ဆေးရုံစီမံကိန်းကို ရပ်ဆိုင်းသင့်ကြောင်း အဆိုကို မေ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့် မြေနေရာကို မလေးရှား IHH Healthcare က ဦးဆောင်သည့် လုပ်ငန်းစုထံ ဆေးရုံစီမံကိန်းအတွက် ငှားရမ်းထားမှုကို ရပ်ဆိုင်းသင့်သည်ဟု ၎င်းက တင်ပြခဲ့သည်။
မေ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က စီမံကိန်းရပ်ဆိုင်းရန် အဆိုကို အတည်ပြုခဲ့သည်။
လက်ရှိ ဒုတိယသမ္မတ တစ်ဦးဖြစ်သည့် ဦးမြင့်ဆွေဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက ၎င်းတို့ ရာထူးမစွန့်ခွာမီ ပြီးခဲ့သည့် ဇန်နဝါရီလတွင် စီမံကိန်းကို ဘီအိုတီစနစ်ဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ခွင့်ပြုခဲ့သည့်အတွက် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။ အထူးသဖြင့် ဆေးပညာရှင်များ အသိုင်းအဝိုင်းမှ ဖြစ်ကာ အဆိုပါမြေနေရာကို အများပြည်သူကျန်းမာရေးအတွက်သာ အသုံးပြုသင့်သည်ဟု ၎င်းတို့က ပြောကြားကြသည်။
ငှားရမ်းမှု သက်တမ်းမှာ နှစ် ၅၀ ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နောက်ထပ် နှစ် ၂၀ သက်တမ်းတိုးနိုင်မည် ဖြစ်သည်။ ငှားရမ်းမှ သက်တမ်းပြည့်မြောက်ချိန်တွင် အဆောက်အအုံနှင့် ပစ္စည်းများအားလုံးကို နိုင်ငံတော်သို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။
သတင်း- Frontier