Mytel က eSIM များ စတင်ရောင်းချ

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် eSIM များကို ဈေးကွက်တွင်းသို့ နောက်ဆုံးမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel က ဧပြီ ၈ ရက်နေ့တွင် စတင်ရောင်းချနေပြီဖြစ်သည်။

eSIM သည် စမတ်ဖုန်းများတွင် ထည့်သွင်းမြုပ်နှံထားသည့် အီလက်ထရောနစ် ဆင်းကဒ်ဖြစ်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အသုံးပြုနေသောကွန်ရက်ဆိုင်ရာဒေတာများကို ဆင်းကဒ်မလိုပဲ သိမ်းဆည်းအတည်ပြုနိုင်သည့် ဒစ်ဂျစ်တယ်ဆင်းကဒ်စနစ် ဖြစ်သည်။

အဆိုပါ eSIM အား အစမ်းရောင်းချကာလအဖြစ် မေ ၇ ရက်နေ့အထိ သတ်မှတ်ထားကာ Mytel အရောင်းဆိုင်များတွင် ပုံမှန်ဆင်းကဒ်ဈေးနှုန်းဖြစ်သည့် ၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ကြမည်ဟု Mytel က ပြောကြားသည်။

“Mytel အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် eSIM နည်းပညာကို အစမ်း စတင်သုံးစွဲကြည့်နိုင်ကြဖို့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အခြားအော်ပရေတာတွေနဲ့မတူပဲ နည်းပညာသစ်၊ တီထွင်ဆန်းသစ်မှု အသစ်တွေကို သုံးစွဲသူတွေဆီ အမြဲတမ်းရှေ့ကဦးဆောင် ထောက်ပံ့ပေးနိုင်တဲ့အတွက်လည်း Mytel က အရမ်းဂုဏ်ယူမိပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးက ပြောကြားသည်။

Mytel eSIM အသုံးပြုသူများအနေဖြင့် မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကနေဒါနှင့် အခြားသော နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ eSIM နည်းပညာထောက်ပံ့သော ဆက်သွယ်ရေးကွန်ရက်များကိုလည်း ပြောင်းလဲချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

eSIM နည်းပညာအသုံးပြုရန်သင့်တော်သည့် စမတ်ဖုန်းများမှာ iOS 12.1 နှင့်အထက်ရှိသော iPhone XS၊ iPhone XS Max၊ iPhone XR တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဈေးကွက်သို့ လွန်ခဲ့သည့် ၈ လခန့်က စတင်ဝင်ရောက်လာသော Mytel က လက်ရှိအချိန်တွင် သုံးစွဲသူ ငါးသန်းရှိနေပြီဟု ကြေညာထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.