Messenger Media ထံမှ မန္တလေးအလင်း ဝန်ထမ်းဟောင်းများက နစ်နာကြေးတောင်းခံ

ရန်ကုန်၊ အောက်တိုဘာ ၇

မန္တလေးမြို့တွင် ထုတ်ဝေခဲ့သည့် မန္တလေးအလင်းသတင်းစာကို ပြီးခဲ့သည့် ဇူလိုင်လက ရပ်နားခဲ့သော်လည်း ဝန်ထမ်းလစာများနှင့် နစ်နာကြေးများအပြင် စာမူခများ စုစုပေါင်း ကျပ်သိန်း ၂၅၀ ခန့်အား သတင်းစာတိုက်ပိုင်ရှင်က ပေးရန် ပျက်ကွက်နေသည်ဟု အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာများက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ဝန်ထမ်း ၂၃ ယောက်အတွက် နစ်နာကြေး ကျပ် ၁၅,၅၃၅,၀၀၀ အပြင် စာမူခ ကျပ်သိန်း ၁၀၀ ကျော်ကို Messenger သတင်းဌာနက ပေးလျော်ဖို့ရန် ပျက်ကွက်နေပါတယ်” ဟု တာဝန်ခံအယ်ဒီတာများဖြစ်သည့် ကိုသန့်ဇင်ဦးနှင့် ကိုဇော်နောင်လင်းတို့က ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၎င်းတို့၏ ထုတ်ပြန်ချက်အရ မန္တလေးအလင်း သတင်းစာအား ဇူလိုင် ၁၄ ရက်နေ့၌ ရပ်နားချိန်တွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်များ၊ အယ်ဒီတာများနှင့် ရုံးဝန်ထမ်းစုစုပေါင်း ၂၃ ဦးအား ပေးချေရမည့် နစ်နာကြေး (လုပ်သက်နစ်နာကြေး၊ တစ်လကြိုတင် အကြောင်းမကြားသည့်အတွက် နစ်နာကြေး)စုစုပေါင်း ကျပ် ၁၅,၅၃၅,၀၀၀ ရှိသည်ဟု ဆိုသည်။

ဝန်ထမ်း ၂၃ ဦးအနက် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သူ သတင်းထောက်ချုပ် ကိုမျိုးမြင့်စံ၏ နစ်နာကြေးမှအပ ကျန်သူများအတွက် နစ်နာကြေးများကို ယနေ့အချိန်အထိ ပေးခြင်းမရှိသေးဟုလည်း ဆိုသည်။

ထို့ပြင် သတင်းစာ မရပ်နားမီ တစ်နှစ်နီးပါးခန့်ကတည်းက စာမူခများ ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် စာမူခကြွေးကျန် ကျပ်သိန်း ၁၀၀ ကျော်ရှိနေသည်ဟုလည်း ဆိုသည်။

“The Messenger Media ကို ငွေကြေးစိုက်ထုတ်နေတဲ့ ဦးဇော်မင်းအေးက သတင်းတိုက်မပိတ်ခင် နှစ်ရက်လောက်က ကျွန်တော်တို့ကို နစ်နာကြေး ဘယ်လိုပေးမယ်ဆိုတာ ညှိနှိုင်းပြီး အမြန်ဆုံးပေးနိုင်အောင် ဆောင်ရွက်ပါမယ်လို့ ပြောပါတယ်” ဟု ကိုသန့်ဇင်ဦးကပြောသည်။

သို့သော် နောက်ပိုင်းတွင် ဦးဇော်မင်းအေးထံမှ အဆက်အသွယ် မရရှိတော့ကြောင်း ၎င်းတို့က ပြောသည်။

“ပထမပိုင်းမှာ နစ်နာကြေးကို ဘယ်လိုပေးမယ်ဆိုတာ ညှိနှိုင်းပြီး အမြန်ဆုံးပေးနိုင်အောင် ဆောင်ရွက်ပေးပါမယ်လို့ ပြောရုံကလွဲလို့ ကျွန်တော်တို့ အီးမေးလ်၊ ဖုန်း၊ ဖေ့စ်ဘုခ် ချက်ဘောက်စ်တို့ကလည်း ဆက်သွယ်မေးမြန်းခဲ့တာကို သူတို့ဆီကနေ အကြောင်းပြန်ခြင်း၊ ပြန်ပြောခြင်း ဘာမှ မရှိခဲ့ပါဘူး” ဟု ကိုဇော်နောင်လင်းက ပြောကြားသည်။

သို့သော် ယနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု ကြေညာလိုက်ချိန်တွင်မူ ဦးဇော်မင်းအေးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် မလိုအပ်ကြောင်း ဆက်သွယ်ပြောကြားခဲ့သည်ဟု ဆိုသည်။

ထိုသို့ ဆက်သွယ်မှုသည် သတင်းစာရပ်နားချိန်က စတင်ကာ သုံးလအတွင်း ပထမဆုံး ဆက်သွယ်မှုဖြစ်သည်ဟု ကိုဇော်နောင်လင်းကပြောသည်။

“ကျွန်တော်တို့ အခက်အခဲများကြားက The Messenger Media ရဲ့ ပုံရိပ်နှင့် ငွေကြေးစိုက်ထုတ်သူ အမှုဆောင်အရာရှိချုပ်၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် သည်းခံ စောင့်ဆိုင်းနေခဲ့ကြပါတယ်” ဟု ကိုသန့်ဇင်ဦးကပြောသည်။

ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း စာမူခများအပါအဝင် ဝန်ထမ်းများအတွက် နစ်နာကြေးများကို ပေးချေရန် မန္တလေးအလင်း သတင်းစာတိုက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထံကတစ်ဆင့် ဥပဒေအရလည်း စနစ်တကျ ညှိနှိုင်းတင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

“အခုတော့ လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာမီဒီယာကောင်စီ၊ ပြန်ကြားရေး ဝန်ကြီးဌာနအပြင်၊ အလုပ်သမားဝန်ကြီးဌာနကိုပါ ကြားဝင် ဖြေရှင်းပေးဖို့ တိုင်ကြားထားပါတယ်။ ထိုသို့မှ မဟုတ်ရင်တော့ တရားဥပဒေအရ စီစဉ် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ကိုသန့်ဇင်ဦးကပြောသည်။

“ကျွန်တော်တို့နောက်မှာ ကျွန်တော်တို့ လူတွေရှိပါတယ်” ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့ သတင်းသမားတွေအနေနဲ့ သူများအကျိုး၊ နိုင်ငံရေးသမားတွေ၊ ပညာရေး သမားတွေ၊ တစ်ခြားသူတွေအတွက် တောင်းဆိုပေးကြပေမယ့် ကိုယ်ကိုတိုင် အခွင့်အရေးကျတော့ ရနေကြလားဆိုတာကို မေးခွန်းထုတ်ဖို့လိုနေပါတယ်” ဟု ၎င်းကပြောသည်။

မန္တလေးအလင်းသတင်းစာတိုက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကို Fronteir က မေးမြန်းနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

မန္တလေးအလင်းသတင်းစာတိုက်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့တွင် ရပ်နားခဲ့သည်။

Messenger Media ကို ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး၏ သားဖြစ်သူ ဦးဇော်မင်းအေးက ပိုင်ဆိုင်သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar