MEMORY ရုပ်ရှင်ပွဲတော်ကို ၁၀ ရက်ကြာ ကျင်းပမည်

ယခုနှစ်အတွက် နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် (MEMORY International Film Festival) ကို နိုဝင်ဘာ ၃ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့မှာ ၁၀ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ရုပ်ရှင်ကားပေါင်း ၆၀ ကျော် ပါဝင် ပြသသွားမှာ ဖြစ်ပါတယ်။

ပဉ္စမအကြိမ်အဖြစ်ကျင်းပမယ့် ဒီရုပ်ရှင်ပွဲတော်ကို ဝဇီရာရုပ်ရှင်ရုံနှင့် မဟာဗန္ဓုလပန်းခြံတို့မှာ ပြသသွားမှာဖြစ်တယ်လို့ ပြပွဲကျင်းပရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပွဲတော်ဖြစ်မြောက်ရေးအတွက် အဓိက ကူညီပံ့ပိုးပေးသူများကတော့ ဂုဏ်ပြုဆုပေါင်းများစွာ ရရှိထားသူ ပြင်သစ်ရုပ်ရှင်မင်းသမီးကြီး ကက်ထရင်း ဒူးနာဗ်နှင့် မြန်မာအနုပညာပညာရှင် ဒေါ်ဂရေ့စ်ဆွေဇင်ထိုက်တို့ဖြစ်ပြီး နိုင်ငံတကာမှ အနုပညာရှင်၊ အတတ်ပညာရှင် ကိုယ်စားလှယ်များ၊ ပြည်တွင်းရုပ်ရှင်လောကသားတွေ တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

ယခုနှစ်ပွဲတော်ရဲ့ အဓိက ခေါင်းစဉ်ကတော့ ကမ္ဘာတစ်ဝှမ်း ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။ နိုင်ငံအများအပြားမှာ အကြိမ်ကြိမ် ကန့်သတ်ပိတ်ပင်ခံခဲ့ရတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင်ကားပေါင်း ၂၀ ကျော်ကို ပြသသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်ရက်ကြာ ရုပ်ရှင်ညီလာခံကိုပါ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲတော်ဖွင့်ပွဲကျင်းပမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ၁၉၅၀ ပြည့်နှစ်က ဒါရိုက်တာ ဦးတင်မြင့်ရိုက်ကူးခဲ့တဲ့ “ပျို့ချစ်လင်” ဇာတ်ကားအား ဝဇီရာရုပ်ရှင်ရုံတွင် ပြသွားမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တွင် MEMORY Cine’ma အဖွဲ့က စတင်အကောင်ထည်ဖော်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်အမွေအနှစ် လက်ရာလုပ်ငန်းက အဆိုပါ “ပျို့ချစ်လင်” ရုပ်ရှင်ဇာတ်ကားရဲ့ မူယင်းဖလင်လိပ်ကို ကံကောင်းထောက်မစွာနဲ့ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မူလအရသာ အရည်အသွေးအတိုင်း ပြန်လည်ဖော်ထုတ်နိုင်ရေး လုပ်ငန်းစဉ်များကို အီတလီနိုင်ငံက အကောင်းဆုံးရုပ်ရှင်ဓာတ်ခွဲခန်းမှာ ဂရုတစိုက် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်နှစ်က ပြန်လည်ဖော်ထုတ်နိုင်ခဲ့တဲ့ မြဂနိုင် ရုပ်ရှင်ဇာတ်ကားကိုလည်း ထပ်မံပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၁၉၃၄ ခုနှစ်မှာ ဒါရိုက်တာဦးတင်အောင်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်ရဲ့ ရုပ်ရှင်ဇာတ်ကားပြသမှုတွေနဲ့ အစီအစဉ်တွေအားလုံးကို အခမဲ့ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar