မြန်မာနိုင်ငံမှာ MBA လို့ သိကြတဲ့ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ သင်ပေးနေတဲ့ ပုဂ္ဂလိကကျောင်းတွေ များလာပေမဲ့ အများစုကတော့ ကျောင်းကြော်ငြာတွေမှာ ပြောထားသလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုမှု မရထားကြပါဘူး။
ဖရွန်တီးယား
မကေသီက ၂၀၀၅ ခုနှစ်မှာ ဘွဲ့ရပြီးကတည်းက အလုပ်ခွင်ဝင်ခဲ့သူပါ။ အလုပ်လုပ်နေစဥ်အတွင်းမှာ ကာလတိုသင်တန်းတွေ၊ အလုပ်နဲ့ဆက်စပ်တဲ့ လုပ်ငန်းခွင်သင်တန်းတွေ တက်ရောက်ခဲ့ရပေမဲ့ နောင်အချိန်များ ရခဲ့ရင်တော့ ဘွဲ့လွန်မဟာဘွဲ့တစ်ခု ရယူဖို့ အိပ်မက်ရှိခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာတော့ မကေသီ မျှော်မှန်းထားတာနဲ့ ကိုက်ညီတဲ့ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) အစီအစဥ် ကြော်ငြာတစ်ခု ဖေ့စ်ဘွတ်ခ်မှာ တွေ့လို့တက်ခဲ့ပါတယ်။
မလေးရှားနိုင်ငံက နာမည်ကြီးကောလိပ်တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ ကြော်ငြာထားတာပါ။ ငွေကုန်ကြေးကျခံပြီး နိုင်ငံခြားမှာ ကျောင်းတက်စရာမလိုဘဲ အွန်လိုင်းကနေတက်ပြီး နိုင်ငံတကာအသိမှတ်ပြုဘွဲ့တစ်ခု ရနိုင်မှာဖြစ်လို့ ဒီကျောင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ဒါပေမဲ့ သင်တန်းကာလပြီးခါနီး သုတေသနစာတမ်းကို စရေးတဲ့အချိန်မှာတော့ မကေသီယူမယ့်ဘွဲ့က နိုင်ငံတကာက အသိအမှတ်မပြုထားဘူးဆိုတာကို တခြားကျောင်းသားတွေဆီကတဆင့် သိခဲ့ရပါတယ်။
မကေသီ သင်ယူနေတဲ့ ဘွဲ့လွန်ကို ပူးပေါင်းဆောင်ရွက်တဲ့ မလေးရှားအခြေစိုက်ကောလိပ်က အသိအမှတ်ပြုပေမဲ့ မလေးရှားအစိုးရက အသိအမှတ်မပြုပါဘူး။ မြန်မာနိုင်ငံအတွင်းမှာတော့ အသိအမှတ်ပြုခံရနိုင်ပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အသိအမှတ်ပြုမှာ မဟုတ်တဲ့အတွက် ကြိုးစားထားသမျှ အရာမထင်မှာကို မကေသီ စိုးရိမ်ပူပန် လာပါတယ်။
ဒီသင်တန်းအတွက် သိန်း ၁၀၀ လောက် ကုန်ထားပြီးပြီမို့ သင်တန်းကျောင်းဘက်က ဒီဘွဲ့နဲ့ ပတ်သက်တာတွေကို ရေရေလည်လည်၊ မှန်မှန်ကန်ကန် ရှင်းမပြခဲ့တာကို မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဘွဲ့ရဲ့ အခြေအနေမှန်ကို ကျောင်းက ချပြခဲ့ရင် သူ ဒီလောက်ငွေကြေးကို သုံးစွဲမိမှာ မဟုတ်ဘူးလို့ မကေသီက ဆိုပါတယ်။
“တရားဝင်ဖြစ်တဲ့ဘွဲ့ကိုပဲ ကြိုးစားမှာပေါ့။ အစိုးရအသိအမှတ်ပြုဆိုတဲ့ စကားကို လက်နှစ်လုံးခြား လုပ်သွားတာ” လို့ မကေသီ (အမည်လွဲ)က ပြောပါတယ်။
မလေးရှားအစိုးရက မကေသီ တက်နေတဲ့ကျောင်းနဲ့ချိတ်ထားတဲ့ ကောလိပ်ကိုသာ အသိအမှတ်ပြုထားတာဖြစ်ပြီး မြန်မာနိုင်ငံက ကျောင်းနဲ့ ကျောင်းက ပေးတဲ့ဘွဲ့ကို အသိအမှတ် မပြုပါဘူး။
များပြားလွန်းလာတဲ့ သင်တန်းပေါင်းစုံ
ဒီလို မယုံကြည်ရတဲ့ သင်တန်းမျိုးတွေက အရင်ကတည်းက ရှိနေပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုပြီး များလာတယ်လို့ ပညာရေးကဏ္ဍက သတင်းရင်းမြစ်တွေက ဖရွန်တီးယားကို ပြောပါတယ်။ ပညာရေး ဆက်လက် လေ့လာချင်တဲ့လူငယ်တွေ၊ လုပ်ငန်းခွင်လိုအပ်ချက်အရ တက်ချင်တဲ့ လူလတ်ပိုင်းတွေက ဒီလို MBA ပေးတဲ့ ပုဂ္ဂလိကကျောင်းတွေကို စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။
အများစုကတော့ မလေးရှား၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ပြင်သစ်၊ ယူကေက ကျောင်းတွေနဲ့ ပေါင်းဖွင့်ပြီး အဆင့်မြင့် MBA ဘွဲ့တွေရမယ်လို့ သင်တန်းကြော်ငြာတွေမှာ ဖောဖောသီသီ ကတိပေးကြပါတယ်။
ဒါပေမဲ့ ဒီအထဲမှာ ကျောင်းအနည်းစုကပဲ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ တရားဝင်ပူးပေါင်းပြီး နိုင်ငံတကာအသိအမှတ်ပြု MBA ပေးနိုင်တာ၊ ဘွဲ့ဒီဂရီအသိအမှတ်ပြုခြင်း ရထားတာလို့ ပညာရေးအကြံပေးတွေက ဖရွန်တီးယားကို ပြောပါတယ်။
ဘွဲ့ဒီဂရီအသိအမှတ်ပြုခြင်း ဆိုတာကတော့ ကျောင်းတွေကပေးတဲ့ ဘွဲ့တွေက တရားဝင် ဟုတ်၊ မဟုတ်ဆိုတာကို ပညာရေးကဏ္ဍကို စောင့်ကြပ်နေတဲ့ အစိုးရဝန်ကြီးဌာနတစ်ခုကနေ စစ်ဆေးပြီးတော့ အတည်ပြုပေးရတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့ ဒါမှမဟုတ် အဆင့်မြင့်ပညာဆက်သင်ဖို့အတွက် အဆင့်မမီတဲ့ ဘွဲ့လက်မှတ်အတုတွေ ရှိမလာအောင်၊ ပေါများပျံ့နှံ့မလာအောင် ကန့်သတ်တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပုဂ္ဂလိကကျောင်းတွေက ပေးနေတဲ့ MBA ဘွဲ့အများစုက ဘွဲ့ဒီဂရီအသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်နဲ့ အတည်ပြုထားခြင်းမရှိသေးဘူးလို့ ပုဂ္ဂလိကကျောင်းတွေမှာ စီးပွားရေးပညာရပ်ကို ၁၅ နှစ်လောက် သင်ကြားပေးနေတဲ့ ဦးမြင့် (အမည်လွဲ)က ပြောပါတယ်။
“ဘွဲ့ဒီဂရီ အသိအမှတ်ပြုခြင်းလို့ ခေါ်ရမယ့် degree attestation မရှိရင် အဲဒါက ဘွဲ့အတုပဲ” လို့ သူက ဆိုပါတယ်။
ပူးပေါင်းတဲ့ကျောင်းက သူရဲ့မိခင်နိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတယ်ဆိုပေမဲ့ အဝေးသင်ပညာရေးလုပ်ကိုင်ခွင့်၊ တခြားနိုင်ငံက ကျောင်းသားကို အွန်လိုင်းကနေ သင်ကြားပေးခွင့် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဘွဲ့ဒီဂရီ အသိအမှတ်ပြုခြင်း မလုပ်ထားရင် အဲဒီဘွဲ့က တရားဝင်မဖြစ်ဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ပုဂ္ဂလိကကောလိပ်တစ်ခုရဲ့ ပိုင်ရှင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အစစ်အမှန်မဟုတ်တဲ့ အခုလိုကျောင်းတွေ၊ ပရိုဂရမ်တွေပေါ်လာတာ ဆယ်စုနှစ်တစ်ခုထက် ပိုလာပြီဆိုပေမဲ့ ပညာရေးဝန်ကြီးဌာနက ဒီအခြေအနေတွေကို ကြပ်မတ်အရေးယူတာမျိုး မရှိခဲ့ပါဘူး။
ကိုအောင်အောင်က ပြင်သစ်နိုင်ငံမှာ နေထိုင်နေပြီး မြန်မာနိုင်ငံက ဒီတရားမဝင် ဘွဲ့တွေအကြောင်းကို လူတွေသိလာအောင် ကြိုးစားနေတဲ့ ပညာရေးအကြံပေးတစ်ယောက်ပါ။ ၂၀၁၉ ခုနှစ်လောက်က ပညာရေးဝန်ကြီးဌာနကို MBA အတုတွေနဲ့ပတ်သက်ပြီး သတင်းပေး တိုင်ကြားခဲ့ပေမဲ့ ထူးခြားမှုမရှိခဲ့ပါဘူး။
ဦးမြင့်ကလည်း ဒီကိစ္စကို အစိုးရက ကိုင်တွယ်ထိန်းချုပ်ပေးဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒီကျောင်းတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ကြုံနေရတဲ့ ပြဿနာတွေကို သက်သေတွေနဲ့တကွ စစ်ကော်မရှင်ရဲ့ ပညာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပေမဲ့ မထူးဆန်းစွာဘဲ ဘာတုန့်ပြန်ချက်မျှ မရခဲ့ပါဘူး။
“စားသုံးသူကာကွယ်ရေးဥပဒေကို တိုက်ရိုက်ချိုးဖောက်နေတာဖြစ်လို့ စားသုံးသူရေးရာဦးစီဌာနကိုလည်း အီးမေးလ်နဲ့ တိုင်စာပို့တယ်။ အခုအချိန်မှာ ပြန်လည်ဖွဲ့စည်းနေလို့ ဒါတွေ မလုပ်ပေးနိုင်ပါဘူးလို့ အကြောင်းပြန်တယ်” လို့ သူက ဆိုပါတယ်။

တရားမဝင်တဲ့ “နိုင်ငံခြားတက္ကသိုလ်တွေ”
ပိုဆိုးတာက မြန်မာနိုင်ငံက ကျောင်းတွေက သူတို့နဲ့ ပူးပေါင်းထားတယ်လို့ ကြော်ငြာထားတဲ့ နိုင်ငံခြားတက္ကသိုလ်တချို့က သင်ကြားရေးကို တကယ်ပြုလုပ်နေတဲ့ ကျောင်းတွေ မဟုတ်တာပါ။ ကိုအောင်အောင်က သူစုံစမ်းလေ့လာထားတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ကျောင်းတစ်ခုအကြောင်းကို ဖရွန်တီးယားကို ပြောပြပါတယ်။
“သူတို့က ပဲရစ်မြို့ထဲက အခန်းသေးသေးလေးနဲ့ လုပ်နေတာ။ ဘာမှ campus (ကျောင်းဝန်း) ဆိုတာမှ မရှိပါဘူး” လို့ သူက ဆိုပါတယ်။
ပညာရေးကုမ္ပဏီအနေနဲ့ မှတ်ပုံတင်ထားတာကြောင့် ပြင်သစ်အစိုးရရဲ့ ပညာရေးဝဘ်ဆိုဒ်မှာတော့ ရှာလိုက်ရင် ကုမ္ပဏီနာမည်က ပေါ်လာပါတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့လုပ်ငန်းက ပူးပေါင်းထားတဲ့ကျောင်းတွေဆီကို သင်ရိုးတွေကို အွန်လိုင်းက ပို့ပေးတာမျိုးပါ။
“မြန်မာနိုင်ငံက ကျောင်းတွေက အဲဒီသင်ရိုးကို သုံးတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသားတွေက သုတေသနစာတမ်းကို ရေးရပါတယ်။ သုတေသနစာတမ်းကို ပဲရစ်မြို့ကို ပြန်ပို့လိုက်တဲ့အခါ သူတို့က ဒီဂရီလက်မှတ်ကို ထုတ်ပေးကြပါတယ်။ ဒါဟာ စာရွက်ရောင်းစားတာမျိုးပဲ။ အဲဒီဘွဲ့ကို ဘယ်ကမှ အသိမှတ်မပြုဘူး” လို့ ကိုအောင်အောင်က ရှင်းပြပါတယ်။
ဒီလိုသင်တန်းတွေကို ဥရောပကပေးတဲ့ MBA လို့ ကြော်ငြာနေတာက တကယ်ဆိုရင် ပညာသင်ချင်နေတဲ့ လူငယ်တွေကို လမ်းမှားရောက်အောင် လိမ်ညာတာသက်သက်ပဲလို့ သူက ဆိုပါတယ်။
“အဲဒီ MBA ပြီးထားတဲ့သူတွေ အများကြီးကို ကျနော်သိပါတယ်။ တစ်ယောက်ဆိုရင် အဲဒီ လက်မှတ်ကို သုံးပြီး PhD ဆက်တက်လို့ မရလို့ မာစတာတစ်ခုယူဖို့ တခြားတက္ကသိုလ်တစ်ခုမှာ ထပ်ပြီး ကျောင်းတက်ခဲ့ရပါတယ်။ အသိအမှတ်မပြုထားတဲ့ ကျောင်းတွေက အသိမှတ်ပြုမထားတဲ့ ဒီဂရီတွေကို ထုတ်ပေးနေတာက လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး” လို့ သူက ဆိုပါတယ်။
ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုမောင်မောင် (အမည်လွှဲ)ကလည်း အလုပ်ချိန်မထိခိုက်ဘဲ ပြည်တွင်းမှာပဲ စာသင်ရင်း MBA ရနိုင်မယ်လို့ ယုံကြည်ခဲ့ပြီး မကေသီတက်တဲ့ သင်တန်းကို တက်ခဲ့တာပါ။ အခုတော့ ကိုမောင်မောင်လည်း မကေသီလိုပဲ MBA အိပ်မက်က မရေရာတော့ပါဘူး။
MBA ကျောင်း ကြော်ငြာတွေမှာ မစားရဝခမန်းမက်လုံးတွေ အများကြီးပါနေပါတယ်။ သင်တန်းကြေးကို လစဉ်အရစ်ကျ ပေးချေနိုင်မယ်၊ ကျောင်းလခ တစိတ်တပိုင်းသက်သာဖို့ ပညာသင်ထောက်ပံ့ကြေး လျှောက်နိုင်မယ်၊ ရုံးချိန်လွတ် အွန်လိုင်းကနေ သင်နိုင်မယ် ဆိုတာတွေ ပြောထားပြီး “နိုင်ငံတကာအဆင့် အသိအမှတ်ပြု” ဒီဂရီတစ်ခုကို လွယ်လင့်တကူ ရနိုင်မယ်လို့ ထင်မြင်အောင် ကြော်ငြာထားပါတယ်။ ကြော်ငြာတွေမှာ ဘွဲ့ဝတ်စုံနဲ့ ပျော်ရွှင်နေတဲ့ ကျောင်းသားတွေရဲ့ပုံတွေကို ဂရပ်ဖစ်တွေနဲ့ ပြင်ဆင်ပြီးတော့ ပြလေ့ရှိပါတယ်။
“သူတို့က ကျောင်းသားတွေကို ဆွဲဆောင်နိုင်မယ့် အကျိုးခံစားခွင့် လေးခု၊ ငါးခုလောက်ကို ပေးထားကြပါတယ်။ မာစတာတစ်ခုကို ကျပ်သိန်း ၂၀၀ လောက်နဲ့ ရနိုင်တယ်လို့ ပြောလိုက်ရင် လူတွေက သဘာကျကြ စာရင်းသွင်းကြမှာပဲ” လို့ ကိုမောင်မောင်က ပြောပါတယ်။
ကိုယ်ရမယ့် MBA က နိုင်ငံတကာအသိအမှတ်ပြု မဟုတ်ဘူးလို့ သိလိုက်ရချိန်မှာ ကိုမောင်မောင်က သင်တန်းကြေး တစ်ဝက်ကို ပေးသွင်းပြီးသား ဖြစ်နေပါပြီ။ ဒါကြောင့် ဆက်တက်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
“အရင်ကတော့ စာကို ကြိုးစားပြီး လေ့လာခဲ့ပါတယ်။ တင်ပြချက်တွေမှာ အမှတ်အများဆုံး ရအောင်၊ အခြားသူတွေထက် ထူးချွန်အောင် ကြိုးစားခဲ့ပါတယ်။ နိုင်ငံခြားတက္ကသိုလ်ကိုလည်း လေးစားယုံကြည်ခဲ့ပါတယ်။ ဒီလမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့တာမှန်ပေမဲ့ ဒီလို မလှိမ့်တပတ် အလုပ်ခံရတာ အလိမ်ခံရတာကိုတော့ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်” လို့ ကိုမောင်မောင်က ပြောပါတယ်။
စီးပွားရေးပညာရပ်ကို သင်ပေးနေတဲ့ ဦးမြင့်ကတော့ MBA တက်ဖို့အတွက် မေးလာသူတွေကို တရားဝင်ဘွဲ့ရနိုင်မယ့် ကျောင်းမျိုးမှာပဲ တက်ဖို့ အကြံပြုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် ပညာရေးဝန်ကြီးဌာနအောက်က ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့လိုမျိုး ဖြစ်ပါတယ်။ ဒီတက္ကသိုလ်တွေက နိုင်ငံတကာ အဆင့်သတ်မှတ်ချက်မှာဆိုရင် နိမ့်လွန်းတာမှန်ပေမဲ့ အနည်းဆုံး အသိအမှတ်ပြုတော့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ထောက်ခံချင်ကြတဲ့အတွက် စစ်ကော်မရှင်အောက်က တက္ကသိုလ်တွေကို ရှောင်ပြီး ပုဂ္ဂလိကကျောင်းတွေကိုပဲ ကျောင်းသားအများအပြားက ရွေးချယ်လာကြတာ ဖြစ်ပါတယ်။
ပုဂ္ဂလိကကျောင်းတွေက ကြော်ငြာကောင်းကောင်းရိုက်ပြီး လူမှုကွန်ယက်မှာ ထိုးဖောက်နိုင်တာမို့ လူတွေရဲ့ စိတ်ဝင်စားမှု မပြတ်တာလို့ ကျောင်းသားအများစုက ဆိုပါတယ်။
ဘာဘွဲ့မှ မရှိတာထက်စာရင် တစ်ခုရှိထားတာ ကောင်းတယ်လို့လည်း ဆိုကြပါတယ်။ ပညာရေးဝန်ကြီးဌာနအောက်က စီးပွားရေးတက္ကသိုလ် MBA ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့သူတစ်ယောက်ကတော့ စာမေးပွဲ အနီးကပ်တက်သူတွေထဲက အနည်းအကျဉ်းပဲ ဝင်ခွင့်ရတာလို့ ပြောပါတယ်။
လူတွေ ပုဂ္ဂလိကကျောင်းတွေကို စိတ်ဝင်စားတဲ့ အကြောင်းရင်းတစ်ခုက ဝန်ကြီးဌာနအောက်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက အရမ်းခက်ခဲနေတာကြောင့်လည်း ပါတယ်လို့ သူက ပြောပါတယ်။
“ဘယ်သူမဆို လုံလောက်တဲ့ အင်္ဂလိပ်စာ စွမ်းရည်ရှိမယ်။ ဘွဲ့ရထားမယ်၊ သင်တန်းကြေးလည်း ပေးနိုင်တယ်ဆိုရင် ပုဂ္ဂလိကကျောင်းမှာပဲ တက်မှာပဲ” လို့ ဝင်ခွင့်ဖြေဆိုခဲ့သူက ဆိုပါတယ်။
နိုင်ငံခြားက ကျောင်းကို တက်မယ်ဆိုရင် တကယ်တရားဝင်ရဲ့လား အရည်အသွေး တကယ်စိတ်ချရရဲ့လား ဆိုတာ သတိထားကြည့်ရမှာပါလို့ မကေသီက သူ့အတွေ့အကြုံကနေ သင်ခန်းစာယူပြီး ပြောပါတယ်။
“ကျောင်းမအပ်ခင် ကိုယ့်အနေနဲ့ ဘာတွေကို အဓိက မေးရမယ်ဆိုတာတွေ အချိန်လွန်မှ သိရပေမဲ့ နောက်ဆုတ်လို့ မရတော့ဘူး။ ရင်းနှီးမြှုပ်နှံခဲ့ရတာတွေ အများကြီးပဲ။ ပိုက်ဆံတွေ၊ အချိန်တွေ၊ ယုံကြည်မှုတွေ။ အဲဒါတွေ ဆုံးရှုံးနစ်နာခဲ့ရတယ်။ ဒီဘွဲ့က အလိမ်တစ်ခုလို့ မြင်တယ်။ နောက်လူတွေ ဒါကို သိစေချင်တယ်” လို့ မကေသီက ပြောပါတယ်။
မြင့်မိုရ် ရေးသားသည်။