Nang Shen, a 90-year-old Kachin woman, at the entrance to her simple home in the KBC-1 camp for people displaced by conflict in Kutkai Township, northern Shan State. (Hkun Lat | Frontier)
ကွတ်ခိုင်မြို့နယ် ကေဘီစီ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အသက်၉၀ရှိပြီဖြစ်သော ကချင်အမျိုးသမီးကြီး ဒေါ်နန်ရှန်ကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရှမ်းမြောက်စစ်ဘေးရှောင်များရဲ့ ရွေးကောက်ပွဲအလွန် အိမ်ပြန်ရေးအိပ်မက်

ရှမ်းပြည်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ နေရပ်စွန့်ခွာရသည့် ပြည်သူများတွင် ရွေးကောက်ပွဲအလွန်မျှော်လင့်ချက် တစ်ခုရှိသည်။ ယင်းမှာ ဘေးမသီရန်မခ နေရပ်ပြန်ရေးပင်ဖြစ်သည်။

ဟိန်းသာ ရေးသားသည်။

အသက်၉၀ရှိပြီဖြစ်သည့် ကချင်အမျိုးသမီးကြီး အမယ်အိုနန်ရှန်သည် ခါးကိုင်းညွတ်နေပြီး လမ်းလျှောက်တုတ်ကို အမြဲမှီခိုနေရသည်။ အသက်အရွယ်ကြီးရင့်လှပြီဖြစ်သည့် သူ့အဖို့ ကျန်းမာရေးကောင်းပြီး အမြဲတမ်းရွှင်လန်းစွာ ပြုံးနေနိုင်ခြင်းက ဘုရားသခင်ထံမှလာသော ကောင်းချီးကြောင့်ဟု သူကမှတ်ယူထားသည်။

ဒုက္ခသည်စခန်းအတွင်းက ရွှံ့ဗွက်ထူထဲသော လမ်းကျဉ်းတစ်ခုကို ကျွန်တော်တို့ ဖြတ်လျှောက်သွားချိန်တွင် အမယ်အိုက ပြုံး၍ကြည့်နေကာ သူ့အိမ်ထဲကို လာလည်ရန် ဖိတ်ခေါ်သည်။ “အိမ်”ဟုခေါ်သော ဆယ်ပေမပြည့်သည့် အခန်းငယ်လေးထဲတွင် အိပ်ယာတစ်ခုသာ ကောင်းကောင်းနေရာယူထားသည်။ အခြားပရိဘောဂဟူ၍မရှိ။ ပစ္စည်းအချို့နှင့် ဓာတ်ပုံများက နံရံတွင် တိုးလိုးတွဲလောင်း ချိတ်ဆွဲထားသည်။

“ဒီမှာနေတာ ရှစ်နှစ်ရှိပြီ”ဟု သူက ဂျိန်းဖောဘာသာစကားဖြင့် ပြောသည်။ သူပြောသည်ကို ရုတ်တရက် နားမလည်သော်လည်း ညင်သာစွာပြောဆိုသဖြင့် ဖော်ရွေသောစကားဟု သဘောပေါက်မိလိုက်သည်။

ညှိုးငယ်နေသော သူ့အခန်းလေးသည် ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းများ ဒင်းကြမ်းပြည့်နှက်နေသည့် ကွတ်ခိုင်မြို့နယ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းအတွင်း တည်ရှိနေသည်။

လွန်ခဲ့သော ၂၀၁၂က သူကြီးပြင်းရာ ကွတ်ခိုင်မြို့ အနောက်ဘက်ယွန်းယွန်းရှိ နမ်းမိုင်ရွာကလေးသည် တပ်မတော်နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေတပ်ဖွဲ့)တို့အကြား တိုက်ပွဲများကြောင့် ယိုယွင်းပျက်စီးသွားခဲ့ပြီ။ ယင်းအချိန်ကတည်းက သက်ရွယ်ကြီးရင့်နေပြီဖြစ်သည့် အမယ်အိုနန်ရှန်သည်  စစ်ဘေးရှောင်စခန်းသို့ ရောက်လာခဲ့ရသည်။

ဤအခန်းငယ်လေးထဲမှာပင် မြေးနှစ်ဦး သူ့မျက်စိရှေ့တွင် အရွယ်ရောက်လာခဲ့သည်။ ဤအခန်းငယ်ထဲတွင် နေထိုင်၍ပင် သူနှင့်ရွယ်တူ သူငယ်ချင်း၂၀ဦးခန့် အသက်အရွယ်ကြီးရင့်၍ ကွယ်လွန်သည့်ဈာပနအခမ်းအနားများကိုလည်း သူကြုံခဲ့ရပြီးပြီ။

ယင်းကာလများတွင် အမယ်အိုနန်ရှန်သည် အတိတ်က နမ်းမိုင်ရွာတွင်နေထိုင်ခဲ့သည့် သက်တောင့်သက်သာရှိလှသော အိမ်ဟောင်းကို လွမ်းဆွတ်နေမိသည်။ သို့သော် ဤအခန်းကျဉ်းလေးကိုလည်း သူ့အိမ်မဟုတ်ဟု ဘယ်တုန်းကမှ မမှတ်ယူခဲ့ပါ။

“ကျွန်မနားလည်လာခဲ့တာ ဘုရားသခင်ပေးတဲ့ နေရာထိုင်ခင်း မှန်သမျှဟာ အိမ်ပါပဲ။ ကြီးကြီး သေးသေးပေါ့။ ဒါဟာ အိမ်ပါပဲ”ဟု ပြုံးရင်း အမယ်အိုနန်ရှန်က စကားပြန်ကတစ်ဆင့်ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ ကေဘီစီစစ်ရှောင်စခန်းတွင်နေထိုင်သော အသက်၉၀ရှိပြီဖြစ်သည့် အမယ်အိုနန်ရှန်သည် နေ့စဉ်ကျမ်းစာဖတ်သည်။ ရွေးကောက်ပွဲလွန်သော် အိမ်ပြန်ရမည်ဟု သူကမျှော်လင့်နေသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ဘာသာတရားကို အလွန်ကိုင်းရှိုင်းသော ခရစ်ယာန်ဘာသာဝင် အမယ်အိုသည် မှောင်မဲ၍ ကျပ်ခိုးများစွဲနေသည့် သူ့အိမ်ငယ်လေးထဲတွင် လက်နှိပ်ဓာတ်မီးကို အသုံးပြု၍ နေ့စဉ်သမ္မာကျမ်းစာဖတ်သည်။  ဤအခန်းကျဉ်းလေးထဲက အမြဲကြားရသည့် သူ့ကျမ်းစာရွတ်ဆိုသံက တစ်ရက်မှမပြတ်ခဲ့။ မိသားစုဝင်လေးဦး ရှစ်နှစ်တိုင် ကျပ်ကျပ်တည်းတည်း နေထိုင်လာခဲ့သည့် ဤအခန်းငယ်လေးကို “ဘုရားပေးသောအိမ်”ဟု နှလုံးသွင်းနိုင်သည်အထိ နေ့စဉ်ကျမ်းစာဖတ်ခြင်းက ခွန်အားများပေးစွမ်းခဲ့သလားဟု ကျွန်တော်တို့ အံ့ဩမင်သက်မိသည်။

တကယ်တမ်းတွင်မူ ဒုက္ခသည်စခန်းများရှိ ဘဝများသည် ခက်ခဲကြမ်းတမ်းလှသည်။ လူဦးရေ ၃၀၀ခန့်သည် မဖြစ်စလောက်မြေပေါ်တွင် ၁၀ပေမပြည့်သည့် အခန်းတွဲများဖြင့် ပူးကပ်နေထိုင်ကြရသည်။ ကလေးငိုသံများ၊ အဝတ်လျှော်သံများနှင့် ဝက်စာနံ့များဖုံးလွှမ်းနေသော ဒုက္ခသည်စခန်းအတွင်းက စစ်ဘေးရှောင်များ၏နေထိုင်မှုသည် မြို့ကြီးပြကြီးက ကျူးကျော်နေအိမ်များထက်ပင် အစပေါင်းများစွာ နေထိုင်မှုခက်ခဲကျပ်တည်းပေသည်။

ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ရောက်လာပြီး လှည့်လည်ကြည့်ရှုနေသည့် ကျွန်တော်တို့အဖို့ ဤလမ်းကျဉ်းလေးထဲက အခန်းတွဲများကြားတွင် လူ့ဂုဏ်သိက္ခာနှင့်ညီသောနေထိုင်မှုဟူသည့် တန်ဖိုးကို မနည်းလိုက်လံရှာဖွေရသည်။ သူတို့တွင် ဝင်ငွေရှာစရာလုပ်ငန်းဟူ၍မရှိ။ စိုက်ပျိုးမွေးမြူစရာ မြေမရှိ။ မရှိခြင်းများသာ ရှိနေသည့် အရပ်ပင်ဖြစ်သည်။

နှစ်ပေါင်းများစွာ ဒုက္ခသည်စခန်းများ၏ သနားဖွယ်ကောင်းသော အခြေအနေများကို သတင်းစာမျက်နှာများပေါ်တွင် ဖတ်ရှု့ခဲ့ရသည့်တိုင် ကိုယ်တိုင် ဤနေရာသို့ရောက်လာရသည့်အခါ မြင်တွေ့ရသည့်အခြေအနေများက ဂရုဏာသက်ဖွယ်ကောင်းလှသည်။ ယင်းကြောင့်ပင် အသည်းအသန်နေရပ်ပြန်လိုသည့် သူတို့၏ဆန္ဒများကို “မည်သူများက မည်သည့်အတွက်ကြောင့် လျစ်လျူရှုနိုင်ပါသနည်း”ဟု မေးခွန်းထုတ်နေမိသည်။

ရွေးကောက်ပွဲလည်း နီးကပ်လာပြီဖြစ်ရာ ဒုက္ခသည်များထံ သွားရောက်လည်ပတ်စဉ်တွင် ရွေးကောက်ပွဲတွင် မဲပေးရန် စိတ်ဝင်စားမှုရှိ၊ မရှိ ၎င်းတို့ကို မေးမြန်းခဲ့သည်။

သို့သော် လွန်ခဲ့သည့်ရွေးကောက်ပွဲများက အတွေ့အကြံများကြောင့် ဒုက္ခသည်များသည် နိုင်ငံရေးသမားများကို မယုံကြည်ကြပေ။ ဒုက္ခသည်စခန်းများကို နိုင်ငံရေးပါတီများက မလာကြသည်မဟုတ်၊​ လာကြပါသည်။ အားပေးစကားလည်း ပြောကြပါသည်။ သို့သော် ရွေးကောက်ပွဲနီးမှသာ လာရောက်ကြလေ့ရှိသည်။

လူများရာနှင့်ချီရှိသော ထိုစစ်ဘေးရှောင်စခန်းများသည် ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအဖို့ သံလိုက်လိုပင်ဖြစ်သည်။ အကြောင်းမှာ စစ်ရှောင်စခန်းများမှာ မဲရလွယ်သော နေရာများဖြစ်ပြီး ဟောတတ်၊ ပြောတတ်လျှင် ရွေးကောက်ပွဲတွင် ထောက်ခံမဲရနိုင်သည့် နေရာများဖြစ်သည်။

“အရင်ရွေးကောက်ပွဲကလည်း ကျွန်မတို့ဆီလာကြပါတယ်။ ကတိတွေပေးကြပါတယ်။ ငြိမ်းချမ်းရေး ကတိတွေရော။ နေရပ်ပြန်ဖို့ ကတိတွေရော။ မဲလည်းပေးပြီးရော တစ်ယောက်မှပေါ်မလာတော့ဘူး ။ ဘယ်ကတိမှလည်း မတည်ကြဘူ”ဟု ကေဘီစီစခန်း(၁) တာဝန်ခံ ကချင်အမျိုးသမီး ဒေါ်ချောင်းညန်က ပြောသည်။ ယင်းသို့ပြောဆိုမှုတွင် ဒေါသသံ အနည်းငယ်ပါလျက်ရှိရာ ထိုဒေသက နိုင်ငံရေးပါတီများအပေါ် စိတ်အလိုမကျမှုက ထင်ရှားလျက်ရှိသည်။

“ကျွန်မတို့က ဒုက္ခရောက်နေတာမှန်ပေမဲ့ လိုမှလာမယ်။ လှူမှလာမယ်ဆိုတာတော့ မဟုတ်ဘူးလေ။ မလှူနိုင်လည်းလာပါ။ ကျွန်မတို့ဆီ စကားတွေပြောနိုင်ပါတယ်။ မဲဘယ်လိုထည့်ရလဲ၊  ဘယ်သူ့ထည့်ရမလဲ ဒီလို အသိပညာပေးတွေလည်းလုပ်ပေးပါ။ ဟောပြောပွဲတွေလုပ်ပါ။  လှူ မှပဲလာတယ်ဆိုတာ ကျွန်မတို့အတွက် အရမ်းရှက်စရာတောင်ကောင်းသေးတယ်”ဟု သူက ပြောသည်။

ကွတ်ခိုင်မြို့နယ်သို့ ရောက်ရှိချိန်တွင် ဖရွန်းတီးယားမြန်မာက စစ်ဘေးရှောင်စခန်း သုံးခုသို့ သွားရောက်လည်ပတ်ခဲ့သည်။ ကချင်စစ်ဘေးရှောင်များနေထိုင်ရာ စခန်းနှစ်ခုနှင့် တအာင်းပလောင်လူမျိုးများ နေထိုင်ရာ စခန်းတစ်ခုဖြစ်သည်။

ကွတ်ခိုင်မြို့နယ်တွင် ကချင်တိုင်းရင်းသားများရှိသကဲ့သို့ တအာင်းပလောင်တိုင်းရင်းသားများလည်း နေထိုင်သည်။ လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၏ မဲဆန္ဒနယ်မြေလည်းဖြစ်သည်။ ကွတ်ခိုင်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)၏ လွှတ်တော်ကိုယ်စားလှယ်မှာ တအာင်းပလောင်အမျိုးသားပါတီက ဦးညီစိန်ဖြစ်သည်။

လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းရှစ်ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းငါးဦးရှိကာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာအတွက် ကိုယ်စားလှယ်လောင်းကိုးဦးဝင်ပြိုင်မည်ဖြစ်သည်။

လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် မည်သူပင်နိုင်နိုင် ၎င်းတို့အတွက် အကျိုးသိပ်မထူးဟု ကချင်စစ်ဘေးရှောင်စခန်းများနည်းတူ တအာင်းပလောင် ပန်ကူဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များကလည်း ဆိုသည်။ ၎င်းတို့တွင် တူညီသောအတွေးတစ်ခုက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့ကို လျစ်လျူရှုထားသည်ဟူ၍ဖြစ်၏။

“ဘယ်သူ့ကိုပဲ မဲပေးပေး ဘယ်သူမှ ဘာမှမလုပ်ပေးမှာတူတူပါပဲ”ဟု ပန်ကူစခန်းတွင် နေထိုင်သူ တအာင်းအမျိုးသမီးကြီး ဒေါ်အိုကပြောသည်။

၎င်းတို့နေထိုင်ခဲ့ရာ ပန်ကူရွာလေးကို အစွဲပြု၍ လက်ရှိရောက်ရှိနေရာ စစ်ဘေးရှောင်စခန်းကို ပန်ကူစခန်းဟု အမည်ပေးထားခြင်းဖြစ်သည်။ ဒေါ်အိုတို့နေထိုင်ခဲ့ရာ ပန်ကူရွာလေးသည် ကွတ်ခိုင်မြို့နယ်အတွင်းက တောင်ကုန်းခပ်မြင့်မြင်တစ်ခုပေါ်တွင်တည်ရှိပြီး လက်ဘက်စိုက်ရန် အကွက်အကွင်းကောင်းလှသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းပလောင်လူမျိုးအများစုရှိရာ ပန်ကူစစ်ရှောင်စခန်းအတွင်းက ဆေးပေးခန်းတစ်ခုတွင် ကလေးငယ်များအတွက် အာဟာရထောက်ပံ့မှု လက်ခံရယူနေသည့် အမျိုးသမီးများကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

သို့သော် ထိုတောင်ကုန်းသည် စစ်ရေးအရ မဟာဗျူဟာကျသည့်နေရာဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့် တပ်မတော်တို့အကြား ၂၀၁၃အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ပန်ကူရွာသားများအားလုံး နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ဘဝကျရောက်တော့သည်။

ယခင်ကလက်ဘက်စိုက်သော်လည်း ယခုစစ်ရှောင်စခန်းတွင်ကား လက်ဘက်စိုက်ရန် မြေမရှိပေ။ သို့ဖြစ်ရာ လက်ဘက်စိုက်သည့် အတတ်တစ်ခုတည်းကိုသာ လုပ်ကိုင်ကြသည့် ပလောင်ရွာသားများအဖို့ အခက်ကြုံတွေ့ရတော့သည်။

စစ်ရှောင်စခန်းသို့ စတင်ရောက်ရှိသည့် ၂၀၁၃က ယခုအချိန်ထိ ၎င်းတို့၏ ဘဝများကား ပြောင်းလဲသွားခြင်းမရှိဘဲ ခက်ခဲမြဲသာဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိရွေးကောက်ပွဲများတွင် ပါဝင်မဲပေးခြင်းကတစ်ဆင့် တက်လာသည့်အစိုးရက ၎င်းတို့၏ဘဝကို ပြောင်းလဲပေးမည်ဟု မယုံကြည်ကြပေ။

ကျွန်မတို့က အဲဒါကြောင့်ဘယ်သူ့မှ ဘာမဲမှမပေးချင်တော့တာ”ဟု ဒေါ်အိုက ရယ်လျက်ပြောသည်။

စီမံချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများပိတ်သိမ်းပြီး စစ်ဘေးရှောင်များကို ၎င်းတို့၏ နေရပ်သို့ပြန်ပို့မည့်လုပ်ငန်းစဉ်သည် ၂၀၂၀နှစ်ကုန်တွင် စတင်မည်ဟု အစိုးရကကြေညာထားသည်။

စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးနှင့် ဒုက္ခသည်များကို ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး ဒေသခံလွှတ်တော်ကိုယ်စားလှယ်များကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“နေရပ်ပြန်ရေးဆိုတာ ကျွန်တော်တို့ တစ်ယောက်တည်း လုပ်လို့မရဘူးလေ။ အစိုးရနဲ့ လက်နက်ကိုင်တွေနဲ့ အရင်ညှိနှိုင်းရမှာ။ သူတို့က ဒီဒေသမှာ အပစ်ရပ်တာသေချာမှ။ နယ်မြေလုံခြုံရေးသေချာမှ ရွေ့ပေးလို့ရမှာပေါ့”ဟု ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးက အမည်မဖော်ရန် မေတ္တာရပ်ခံသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နေရပ်ပြန်ရေးသည် ပြည်သူများပါဝင်မှ ဖြစ်မှာ။ တစ်ချို့ကျတော့ မြို့နဲ့နီးလို့ အလုပ်အကိုင် အဆင်အပြေလို့ နေရပ်မပြန်ချင်ကြတဲ့ လူတွေလည်းရှိတယ်”ဟု တအောင်းပလောင်အမျိုးသားပါတီ၊ ကွတ်ခိုင်မြို့နယ်ပါတီခွဲက တာဝန်ရှိသူ ဦးကျော်အောင်က ပြောသည်။ ယင်းသို့နေရပ်မပြန်ချင်သူ အရေအတွက်ကို ၎င်းက အတိအကျမပြောနိုင်ခဲ့ပေ။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဧပြီလကုန်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူဦးရေသည် ၉၆,၀၀၀ကျော်ရှိပြီး ရှမ်းပြည်နယ်အတွင်းတွင်မူ ၉,၆၀၀ခန့်ရှိသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို လာမည့်နှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ပထမအသုတ်အဖြစ် ကွတ်ခိုင်မြို့ပေါ်ရှိ စခန်းများအပါအဝင် စုစုပေါင်းစခန်းငါးခုဖြင့် စတင်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဖရွန်းတီးယားမြန်မာသို့ပြောသည်။

“ကျွန်တော်တို့ ၂၀၂၁ နှစ်စပိုင်း အကောင်အထည်ဖော်ပါမယ်။ လုံလောက်တဲ့ ဘတ်ဂျက်လည်း နိုင်ငံတော်က ရထားပြီးပါပြီ”ဟု ၎င်းကပြောသည်။

Ta’ang IDP are working at village road constitution in Kutkai, Shan State on 11 August, 2020. (Hkun Lat I Frontier)
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတစ်ခုအနီး လမ်းခင်းရာတွင် ပါဝင်နေသော တအာင်းပလောင်စစ်ရှောင်အချို့ကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အချို့စခန်းများကို ၎င်းတို့၏ ရွာဟောင်းနေရာများတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သော်လည်း အချို့စစ်ရှောင်စခန်းများသည် ၎င်းတို့၏ရွာဟောင်းများကို ပြန်လည်မြင်တွေ့ကြရဖွယ်မရှိတော့ပေ။

တိုက်ပွဲများကြောင့် ပျက်စီးယိုယွင်းသွားသော ရွာများရှိသကဲ့သို့ တိုက်ပွဲများအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုသည့် မပေါက်ကွဲသေးဘဲ​ ကျန်ရှိနေခဲ့သည့် မြေမြှုပ်မိုင်းများ ပြည့်နှက်နေသည့် ကျေးရွာများလည်းရှိနေသည်။

အချို့ကျေးရွာများကိုမူ စီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းများလုပ်ကိုင်ရန် အစိုးရထံက မြေလျှောက်ထားသည်ရှိသလို အချို့ကျေးရွာများကိုမူ ပြည်သူ့စစ်များက သိမ်းဆည်းပြီး အဆောက်အဦးများ ဆောက်လုပ်ပစ်ကြသည်။

သို့ဖြစ်ရာ ယင်းရွာများတွင်နေထိုင်ခဲ့သည့် စစ်ဘေးရှောင်များကို နေရာချထားပေးရန်မှာ မြေနေရာသစ် လိုအပ်ချက်များရှိနေသည်။ ထိုမြေနေရာသစ်ရှာဖွေရေးနှင့် ယင်းဒေသများတွင် စစ်ဘေးရှောင်များ အခြေချနေထိုင်ပြီးပါက လျှပ်စစ်မီးရရှိရေးအပါအဝင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီလိုအပ်လာသည်ဟု ဦးစိုးနိုင်က ဆိုသည်။

“အခုဒီနှစ် ရွေးကောက်ပွဲကနေတက်လာတဲ့ ကိုယ်စားလှယ်တွေအဖို့ နောက်နှစ်မှာ ဒီအလုပ်တွေ လုပ်ဖို့လိုအပ်လာတယ်ဗျ။ ဒါသူတို့အတွက် အလုပ်သစ်တစ်ခုပေါ့”ဟု ၎င်းကပြောသည်။

“ဒီကျေးရွာတိုးတက်ရေးလုပ်ဖို့ရန်မှာတော့ ကိုယ်စားလှယ်တွေကအရေးကြီးတဲ့ အခန်းကဏ္ဍက ပါလာတာပေါ့ဗျာ။ အစိုးရက နေရပ်ပြန်ရေးလုပ်ပေးပြီးရင် ရွာရဲ့အနာဂတ် ဖွံ့ဖြိုးဖို့၊ ပြီးတော့စပြောင်းတဲ့ရွာတွေအနေနဲ့ အခြေကျဖို့က သူတို့ကူညီဆောင်ရွက်ရမှာ”ဟု ဦးစိုးနိုင်ကပြောသည်။

ယခင်နှစ်များက လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်မှာ အားရစရာသိပ်မရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးပါတီအချို့သည် စစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက်၍ မဲဆွယ်နေကြပြီဖြစ်သည်။ စစ်ဘေးရှောင်များအတွက်မူ ၎င်းတို့နေရာသစ်တွင် အခြေချနေထိုင်ပြီးပါက ဒေသဖွံ့ဖြိုးတိုးတက်ရေး စိတ်ဝင်တစားလုပ်ဆောင်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုအပ်နေသည်။

အချို့လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲရရှိရန် ကတိစကားများပေးနေကြပြီဖြစ်သည်။ ၎င်းတို့ပေးထားသည့် ကတိများတည်၊ မတည်ကိုမူ လာမည့်ငါးနှစ်တွင် စောင့်ကြည့်ရမည်ဖြစ်သည်။

“နေရာတစ်နေရာပြောင်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ အထုတ်ဆွဲပြီး လမ်းထလျှောက် သွားလို့ရတာ မဟုတ်ပါဘူး…. ကျွန်မတို့ လိုချင်တဲ့ကိုယ်စားလှယ်ကတော့ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ကျွန်မတို့ကို ကိုယ်ချင်းစာပေးတဲ့၊ ကျွန်မတို့ကို ကိုယ်စားပြုပေးမဲ့၊ ကျွန်မတို့အတွက် လွှတ်တော်ထဲမှာ စကားပြောပေးမဲ့သူမျိုးပါ”ဟု ဒေါ်ချောင်းညန်ကပြောသည်။

စစ်ဘေးရှောင်များ နယ်မြေသစ်သို့အခြေချရေး အောင်မြင်မှုရှိ၊ မရှိကို အချိန်ကသာ အဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။ သို့သော် အမယ်အိုနန်ရှန်ကမူ ဘုရားသခင်က ၎င်းတို့အတွက် ရှေ့လမ်းခရီးကို အကောင်းဆုံးပြင်ဆင်ပေးမည်ဟု ယုံကြည်နေသည်။ ဘုရားပေးသော နေရာသစ်တွင် သာ၍ကောင်းမွန်သော အိမ်သစ်တွင် နေထိုင်ရမည်ဟုလည်း သူကမျှော်လင့်နေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.