ICAEW က ပြုလုပ်သည့် Virtual Business Challenge 2020 ပြိုင်ပွဲ မြန်မာကျောင်းသူတစ်ဦးပါသည့်အဖွဲ့ တတိယရ

ရန်ကုန်

ICAEW က ကြီးမှူးကျင်းပသည့် တရုတ်နှင့် အရှေ့တောင်အာရှဒေသ Business Challenge ကို ၂၀၂၀ ခုနှစ်၊ မေလ ၁၄ ရက် (ကြာသပတေးနေ့)က ကျင်းပခဲ့ပြီး တရုတ်၊ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား ၆ နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည့် All-Star အဖွဲ့က တက်ကြွမှုအရှိဆုံးအဖွဲ့အဖြစ် တတိယဆုကို ဆွတ်ခူးခဲ့သည်။

ယခု ပြိုင်ပွဲများကျင်းပခဲ့သည့် ၆ နှစ်တာအတွင်း နောက်ဆုံးဗိုလ်လုပွဲကို ပထမဆုံးအကြိမ် အွန်လိုင်းမှကျင်းပခြင်းဖြစ်ပြီး နိုင်ငံ ၆ ခုမှ ဆန်ခါတင် ပြိုင်ပွဲဝင်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

တတိယဆုရရှိခဲ့သည့် All-Star အဖွဲ့တွင် ပါဝင်ခဲ့သော မြန်မာကျောင်းသူ မဆုလဲ့ဇော်က “ ပြိုင်ပွဲမှာ အတွေ့အကြုံအသစ်တွေ အများကြီး ရခဲ့ပါတယ်၊ အဖွဲ့ဝင်အချင်းချင်း မတွေ့ရဘဲ အွန်လိုင်းကနေ အလုပ်လုပ်ရတာ မလွယ်ကူပေမယ့် ပြိုင်ပွဲတလျှောက် တွေ့ကြုံလာတဲ့ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ မတူညီတဲ့ နိုင်ငံ ၆ ခုက လူ ၆ ယောက် အတူတကွ ပြိုင်ပွဲဝင်ကြတာဖြစ်လို့ အတွေ့အကြုံတွေ အချင်းချင်း ဖလှယ်ရင်းနဲ့ အရင်ကထက်ပိုပြီး ဗဟုသုတတွေ များလာရတယ်လို့ ခံစားရပါတယ်၊ နောက်လည်း ICAEW က လုပ်တဲ့ ကျောင်းသားတွေအတွက် ပြိုင်ပွဲတွေရှိလာရင် ပါဝင်ဦးမှာပါ” ဟု ပြောသည်။

Deloitte Southeast Asia နှင့် Maybank Group တို့မှ ကူညီပံ့ပိုးသူများအဖြစ် ထောက်ပံ့ပေးခဲ့သည့် ဤ ပြိုင်ပွဲသည် ဒေသအတွင်း စီးပွားရေးခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဝင် ကျောင်းသားများသည် အွန်လိုင်းမှတဆင့် အတူတကွ တွဲဖက်ညီစွာ ကြိုးစားခဲ့ပြီး ထူးခြား ပြည့်စုံသော တင်ပြမှုပုံစံများ၊ ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်စွမ်းများ၊ စီးပွားရေးဆိုင်ရာအမြင်စူးရှမှုများဖြင့် အကဲဖြတ်များအား တင်ပြနိုင်ခဲ့ကြရပြီး အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော Team Sixpact သည် အမြင့်ဆုံးဆုရရှိခဲ့သည်။

ဆုအနေဖြင့် ဆုတံဆိပ်နှင့်အတူ လန်ဒန်သို့ စရိတ်ငြိမ်းသွားရောက် ခွင့်ကိုပါ ရရှိမည်ဖြစ်သည်။ ဒုတိယဆုကို စင်ကာပူမှ SMU-Duke Partner အဖွဲ့က ရရှိခဲ့ပြီး တတိယဆုဖြစ်သည့် စင်ကာပူဒေါ်လာ ၁၂၀၀ ကို ၆ နိုင်ငံပေါင်းဖွဲ့ထားသော All-Star အဖွဲ့ က ရရှိခဲ့သည်။

ဆန်ခါတင် အသင်း ၁၂ ခုမှာ ယခုနှစ် နှစ်စပိုင်းက နိုင်ငံအဆင့်ပြိုင်ပွဲများ သို့မဟုတ် ကြိုတင်ရွေးချယ်မှုအဆင့်များ ကို ဖြတ်ကျော်ခဲ့ရပြီး စီးပွားရေးဆိုင်ရာအသိ၊ အတွေးအခေါ်နှင့် စီးပွားရေးဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းများကို စမ်းသပ် စစ်ဆေးခံခဲ့ပြီးဖြစ်သည်။ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံများရှိ တက္ကသိုလ် များမှ ရာပေါင်းများစွာသော ပါဝင်ယှဉ်ပြိုင်သူများကြားမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းအဖွဲ့ အားလုံးသည် အမြင့်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်မှုအတွက် အွန်လိုင်းမှတဆင့်ပါဝင်ခဲ့ကြရပြီး ၎င်းတို့၏ နောက်ဆုံးအပြီးသတ် တင်ပြမှုများအတွက် အဖွဲ့ဝင်အချင်းချင်းစည်းလုံးမှု ရှိခြင်းနှင့် ပြောဆိုဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍတွင်လည်း ဖြစ်ပေါ်လာသည့်အခြေအနေများအလျောက် လိုက်လျောညီထွေ ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်း ရှိမရှိ စသည့် အရည်အချင်းများကိုလည်း ပြသခဲ့ကြရသည်။

ယှဉ်ပြိုင်သော ကျောင်းသားများသည် အမှန်တကယ် ဖြစ်တည်လျက်ရှိသည့် စီးပွားရေးပြဿနာများကို လေ့လာ၍ အတိုင်ပင်ခံနေရာမှ စဉ်းစားဆုံးဖြတ်ကာ ယင်းပြဿနာအတွက် အဖြေကို အကဲဖြတ်လူကြီးများဆီသို့ တင်ပြမှုများ ပြုလုပ်ရခြင်းဖြစ်သည်။
ယခုနှစ်တွင် အကဲဖြတ်လူကြီးအဖွဲ့အတွက် နိုင်ငံ ၆ ခုမှ စာရင်းအင်း၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ထိပ်တန်းအမှုဆောင် ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ ICAEW Chartered Accountant များ ဖြစ်ကြသည်။

ပြိုင်ပွဲတွင် အကဲဖြတ်လူကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့သော K.Academy Myanmar ၏ တည်ထောင်သူဖြစ်သည့် ဒေါ်ကင်မ်ချောစု က “ICAEW Business Challenge 2020 မှာ အကဲဖြတ်အဖြစ် ဒုတိယအကြိမ်ပါဝင်ခဲ့ရတာကို အရမ်း ဂုဏ်ယူမိပါတယ်၊ လက်ရှိဖြစ်နေတဲ့ ကူးစက်ရောဂါကြီးနဲ့ဆိုတော့ နိုင်ငံ ၆ ခုက ကျောင်းသားအဖွဲ့ ၁၂ ဖွဲ့ကို တစ်နေရာထဲ ဆုံပေးလို့မရတော့ဘဲ အွန်လိုင်းပေါ်ကနေပဲ virtually ပြိုင်ပွဲကျင်းပပေးလိုက်ရတာ တကယ့်ကို စိန်ခေါ်မှုပါပဲ၊ အကဲဖြတ်တွေ အနေနဲ့က ကျောင်းသားအဖွဲ့တွေ ခွဲထားတဲ့ အခန်းခွဲတစ်ခုစီကို အွန်လိုင်းကနေပဲ လိုက်ကြည့်ပြီး သူတို့ရဲ့ တင်ပြမှုတွေကို နားထောင်ရတယ်၊ ကျောင်းသားတွေအားလုံး ၁ နာရီခွဲအတွင်း စီးပွားရေးဆိုင်ရာပြဿနာတစ်ခုကို အဖြေရှာရတာ အရမ်းတော်ကြပါတယ်၊ ဒီပြိုင်ပွဲလုပ်လိုက်ခြင်းအားဖြင့် ကျောင်းသားတွေအနေနဲ့ တကယ့်လက်တွေ့ဘဝက စီးပွားရေး လုပ်ငန်းခွင်အကြောင်းသိရှိလိုက်ရပြီး သူတို့ရဲ့ ထိုးဖောက်တွေးခေါ်မှု၊ ဆက်သွယ်ပြောဆိုမှု၊ စဉ်းစားဖြေရှင်းမှု အရည်အချင်းတွေ အကုန် ထုတ်ပြရတာမို့ အကျိုးလည်းရှိပါတယ်” ဟု ပြောသည်။

The Institute of Chartered Accountants in England and Wales (ICAEW) အကြောင်း

ကမ္ဘာတဝှမ်းလုံးတွင် အောင်မြင်ပြီး ရည်ရှည်တည်တံ့သော အနာဂတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်နေသည့် အရည်အသွေးပြည့်ပြီး ကျင့်ဝတ်ညီညွတ်သည့် လုပ်ငန်းကျွမ်းကျင်သူ လက်မှတ်ရစာရင်းကိုင်များ နှင့် ကျောင်းသားပေါင်း ၁.၈ သန်း ရှိသည်။
ယင်းတို့အနက် ၁၈၁,၅၀၀ တို့သည် ICAEW ၏ လက်မှတ်ရစာရင်းကိုင်များနှင့် ကျောင်းသားပေါင်းဖြစ်သည်။ ၎င်းတို့ တစ်ဦးချင်းကို ICAEW မှ လေ့ကျင့်ပျိုးထောင်ပေးပြီး ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကဏ္ဍများ ကို ရှေရှည်ဖြစ်ထွန်းပြီး မျှတအားထားနိုင်သည့် စီးပွားရေးဖြစ်အောင် တည်ဆောက်နိုင်သည့် လုံလောက်သော ဗဟုသုတနှင့် အရည်အသွေးရှိစေရန် တစ်ဦးချင်းစီအား ကူညီထောက်ပံ့ပေးလျက်ရှိသည်။
ICAEW ကိုတည်ထောင်ခဲ့သည့် ၁၈၈၀ ခုနှစ်မှစ၍ စာရင်းစစ်အလုပ်အကိုင်နယ်ပယ်၏ အားပေးမှုများနှင့် ယုံကြည်ထောက်ခံမှုများကိုရရှိခဲ့သည်။ တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အစိုးရဌာနများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် စီးပွားရေး ဆိုင်ရာ ဦးဆောင်သူများကို ဗဟုသုတနှင့် ပညာရပ်များ မျှဝေကာ စာရင်းစစ်ပညာသည် စီးပွားရေးကဏ္ဍအတွက် ကောင်းသောအပြောင်းအလဲတစ်ခု ဖြစ်သည်ဟု ယုံကြည်ထားသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.