Eleven သတင်းသမားသုံးဦးအား ကျပ်သိန်း ၁၀၀ စီဖြင့် တရားရုံးက အာမခံပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းကို ခံထားရသည့် Eleven Media Group မှ သတင်းသမားသုံးဦးကို တာမွေမြို့နယ်တရားရုံးက ယနေ့(အောက်တိုဘာ ၂၆ ရက်နေ့) တွင် အာမခံပေးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က ရုံးချိန်းတွင် ၎င်းတို့က အာမခံလျောက်ထားခဲ့ပြီးနောက် တရားသူကြီးက ရာဇဝတ်ကျင့်ထုံး ၄၉၇ (၁) အရ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီဖြင့် အာမခံ ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး တိုင်းအစိုးရက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို အောက်တိုဘာ ၉ ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီးဖြစ်သည်။ ထို့နောက် ၎င်းတို့ သုံးဦးမှာ အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

သို့သော် အမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေအရသာ ဆောင်ရွက်ရန် သမ္မတရုံးက ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အောက်တိုဘာ ၁၇ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည့် သမ္မတရုံးမှ ညွှန်ကြားစာတွင် ဖော်ပြထားချက်အရ ဆောင်းပါးနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁၊ ၂၂ နှင့် ၂၃ များနှင့်အညီ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ ထို့နောက် ကောင်စီက ညှိနှိုင်းပေးရန်နှင့် ညှိနှိုင်းမှု အဆင်မပြေမှသာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးက ညွှန်ကြားခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် ကောင်စီအနေဖြင့် ညှိနှိုင်းပေးရန် တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာကောင်စီထံ အောက်တိုဘာ ၁၈ ရက်နေ့တွင်ပင် အကြောင်းကြားခဲ့သည်။ သို့သော် သတင်းမီဒီယာကောင်စီအနေဖြင့် တရားရုံးသို့ ရောက်ရှိနေပြီးဖြစ်သည့် အမှုများအား ဝင်ရောက် စွက်ဖက်ခွင့်မရှိသောကြောင့် တရားစွဲဆိုမှုအား ပြန်လည်ရုပ်သိမ်းပေးမှသာ ညှိနှိုင်းပေးမည်ဟု ကောင်စီက တိုင်းအစိုးရထံ ပြန်လည်အကြောင်းကြားထားသည်။

“၅၀၅ (ခ)ဆိုတာ ပုံမှန်အားဖြင့် (အာမခံ) မပေးကြဘူး။ ကြောက်ပြီးတော့ မပေးကြဘူး။ (တရားသူကြီးက)သတ္တိရှိရှိနဲ့ ပေးခဲ့တယ်။ ဒါပေမယ့် ဒီနေ့ တစ်ခု ဝမ်းနည်းစရာ ကောင်းတာကတော့ သမ္မတရဲ့ ညွှန်ကြားလွှာအရဆိုရင် ဒီအမှုကို သတင်းမီဒီယာ ဥပဒေတွေနဲ့ပဲ၊ ၂၁၊ ၂၂၊ ၂၃ တွေနဲ့ပဲ အရေးယူဆိုပြီးတော့ ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားခဲ့တယ်။ အဲဒီ ညွှန်ကြားချက်အရဆိုရင် ဒီနေ့မှာ ရန်ကုန်တိုင်းအစိုးရဘက်ကနေပြီးတော့ အမှုကို ရုပ်သိမ်းလွှာတင်ရမယ်” ဟု Eleven သတင်းသမားများ၏ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က တရားရုံးအပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားသည်။

“တချို့က ပြောကြတယ်။ သမ္မတ ညွှန်ကြားစာထဲမှာ ရုပ်သိမ်းရန်မပါဘူးဆိုပြီး ပြောကြတယ်။ တော်တော် နားဝေးတဲ့လူတွေ၊ ဥပဒေကို အဲလိုပြောလို့မရဘူး။ သမ္မတ ဒါနဲ့ပဲ အရေးယူလို့ ပြောပြီးသားဟာကို အလိုလိုနေရင်း လွှမ်းမိုးသွားပြီပေါ့။ ဒါကိုရုပ်လိုက်လို့ ပြောတာနဲ့ လွှမ်းမိုးသွားပြီပေါ့။ ဒါကို နားမလည်ဘူး။ ရုပ်သိမ်းဖို့မပါလို့ မရုပ်သိမ်းဘူး ဘာညာနဲ့ လျောက်ပြောနေကြတယ်။ အဲဒါက မဟုတ်ဘူး။ အမှန်က ဒီနေ့ ရုပ်သိမ်းလွှာတင်ရမယ်။ ရုပ်သိမ်းလွှာတင်ပြီးနောက် သတင်းမီဒီယာကောင်စီကို သွားပြောရမယ်။ သတင်းမီဒီယာကောင်စီကလည်း ရုပ်သိမ်းပြီးမှသာလျှင် ဒီအမှုကို လက်ခံစဉ်းစားမယ်လို့ ပြောတယ်။ ဒါဥပဒေနဲ့အညီကို ပြောတာ” ဟု ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။

အမှုအား ရုပ်သိမ်းပြီးနောက် သတင်းမီဒီယာကောင်စီ၏ ညှိနှိုင်းပေးမှုများတွင် ပြေလည်မှုမရရှိပါက တိုင်းအစိုးရအနေဖြင့် သတင်းသမားများကို သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုနိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အပြိုင်အဆိုင် သက်သေတွေပြလို့ Eleven မှားတယ်ဆို ပြစ်ဒဏ်တွေ ချမှတ်မှာပဲ။ ထောင်ဒဏ်တော့ မပါဘူးပေါ့” ဟု ဦးကြီးမြင့်က ပြောကြားသည်။

အမှုအား နိုဝင်ဘာ ၉ ရက်နေ့တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.