ရန်ကုန်၊ နိုဝင်ဘာ ၉
အမေရိကန်ဒေါ်လာတစ်သိန်းတန်နာရီ အရေးအသားနှင့်ပတ်သတ်ပြီး Eleven Media ကို တာမွေရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ အတည်ပြု ပြောကြာသည်။
“ဒီနေ့ တစ်နာရီထိုးမှာ တိုင်ကြားလိုက်တာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြာခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမှုဖွင့်ရာတွင် Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါက်တာသန်းထွဋ်အောင်နှင့် Eleven Media Group ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
Eleven Media Group က ထုတ်ဝေပြီး လူသိများသည့် သတင်းစာဖြစ်သော Daily Eleven သတင်းစာ၏ ယခုလ ၆ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော်တွင် အမည်မဖော်ပြထားသော ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် ဒေါ်လာတစ်သိန်းခန့် တန်သည်ဆိုသည့် Patek Phillipe နာရီကိစ္စနှင့်ပတ်သတ်ပြီး ဦးဖြိုးမင်းသိန်းက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
“လစာဒေါ်လာ ၂,၅၀၀ ခန့်သာရှိသည့် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းခန့်တန်သည့် Patek Phillipe နာရီဝတ်ဆင်သည်ဆိုသော သတင်းက တစ်နေ့အနည်းဆုံး လုပ်ခနှစ်ဒေါ်လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ်ဖြစ်စေခဲ့သည်” ဟု Daily Eleven ကရေးသားခဲ့သည်။
Daily Eleven ၏ ရေးသားချက်များသည် လုပ်ဇာတ်များသာဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပြီး ၎င်းကိုတိုက်ခိုက်ရန် ကြိုးစားမည်ဆိုပါက ထိုထက် တိကျသည့် အချက်အလက်များ ရှာဖွေရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။
“သတင်း Source တစ်ခုကို ဆောင်ရွက်တဲ့နေရာမှာ ဒီအခြေအနေလောက်လေးတော့ ဖြိုးမင်းသိန်းကိုတိုက်ခိုက်ဖို့ စဉ်းစားလေ့လာပြီး သေချာအောင် လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တအားလွယ်လွယ်တော့ လုပ်လို့မရဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဒေါက်တာသန်းထွဋ်အောင်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ဦးဖြိုးမင်းသိန်းက Eleven နှင့် ဒေါက်တာသန်းထွဋ်အောင်၏ လူမှုကွန်ယက်ပေါ်တွင် ရေးသားချက်များကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုင်ကြားမှုမှာ ပထမခြေလှမ်းသာဖြစ်ကြောင်းနှင့် ပုံနှိပ်ထုတ်ဝေမှုများအတွက် သီးခြားတိုင်ကြားချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
Daily Eleven သတင်းစာပါ ရေးသားချက်နှင့် ပတ်သက်ပြီး ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက Eleven Media ထံ စာပေးပို့ အကြောင်းကြားခဲ့သေးသော်လည်း ပြန်လည်ဖြေရှင်းရန်မရှိဟု Eleven က ပြန်ကြားခဲ့ပြီးနောက် တရားစွဲဆိုမည့်ကိစ္စ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းအား Eleven Media က တမင်သက်သက် အပုတ်ချခြင်းသာဖြစ်သည်ဟု ဖြေကြားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကိုလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟု Eleven Media က ပြန်လည်တုန့်ပြန်ခဲ့သေးသည်။
ဦးဖြိုးမင်းသိန်း လက်ရှိဝတ်ဆင်နေသည့် နာရီမှာ ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူက တတ်နိုင်သဖြင့် ဝယ်ပေးထားသည့် ကျပ်သိန်း ၃၀ ခန့်တန်သော Rolex နာရီသာဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ဘီဘီစီကို ပြောကြားခဲ့သေးသည်။
သတင်း-ထွန်းခိုင်