ဇူလိုင်လ ၂၉ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုရှိ ယာယီကျောင်းတွင် ကလေးများစာသင်ကြားနေကြစဉ်။ (မျိုးဆက်လှသော် | ဖရွန်တီးယား)

“လိုအပ်ချက်တွေက အများကြီးပါပဲ”- ရခိုင်-မကွေး နယ်စပ်က လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း

ရခိုင်- မကွေး နယ်နမိတ်ထိစပ်သည့် အနောက်ဘက် တောင်ပေါ်ဒေသများတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အကူအညီပေးရေး အဖွဲ့အစည်းများ၏ ကြာမြင့်စွာ လျစ်လျူရှုခြင်း ခံနေရပြီး ထိုဝေးလံခေါင်းပါးသော ဒေသများမှ ကျေးရွာသူရွာသားများ၏ ဘဝမှာ ပိုမို ကျပ်တည်းလာနေသည်။

ဖရွန်တီးယား

ဇွန်လနှောင်းပိုင်း နေ့လယ်ခင်းတစ်ခုတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၏ ဝေးလံခေါင်ဖျားသော ရွာတစ်ရွာတွင် ယာယီဖွင့်လှစ်ထားသည့် ဆေးခန်းသို့ ဆေးအဖွဲ့တစ်ဖွဲ့က အမျိုးသမီးငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ဆေးခန်းမှာ ခြေတံရှည်အိမ်တစ်လုံးအောက် မြေပြင်ပေါ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ပြင်းထန်သော အဖျားရောဂါဖြင့် ထိုအမျိုးသမီးငယ်မှာ သတိလစ်မေ့မြောနေသည်။ အသက်အန္တရာယ်စိုးရိမ်ရသော ဦးနှောက်တွင်းငှက်ဖျားပိုးဝင်သည့် ဝေဒနာကို သူမ ခံစားနေရခြင်း ဖြစ်သည်။

ဆေးအဖွဲ့ခေါင်းဆောင် ကိုတေဇက လူနာ အသက်ကယ်နိုင်ရေး ၅၀ ရာခိုင်နှုန်းသာ မျှော်လင့်ချက် ရှိသည်ဟု ခန့်မှန်းခဲ့သည်။ လူနာအမျိုးသမီးငယ်ကို အချိန်လွန်မှ ဆေးခန်းသို့ ခေါ်ဆောင်လာခဲ့ကြသလို ဖြစ်နေသည့်အတွက် သူ စိတ်ပျက်ဒေါသထွက်နေခဲ့သည်။ သူတို့ဆေးခန်းတွင် ယခုလို ပြင်းထန်သည့် ရောဂါများကို ကုသရန်အတွက် ဆေးဝါးနှင့် ပစ္စည်းကိရိယာ အနည်းငယ်သာ ရှိသည်။

ဆေးဝန်ထမ်းများက လူနာ၏အသက်ကို ကယ်တင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ကြသည်။ ဆိုလာပြားဖြင့် အားသွင်းထားသည့် ရွှေ့ပြောင်းရလွယ်သော ပါဝါဘဏ်အကြီးစား (power station) ဖြင့် မောင်းနှင်ရသော အောက်ဆီဂျင်စက်နှင့် သူ့ကို ချိတ်ဆက် ကုသပေးခဲ့သည်။ ထို့နောက် အောက်ဆီဂျင်ပမာဏနှင့် သွေးဖိအားကို စောင့်ကြည့်ပြီး ထိုးဆေးများ ထိုးပေးခဲ့ကြသည်။ အဖျားကျစေရန်အတွက် ပုဆိုးများ ရေစွတ်ကာ ရေပတ်ဝတ်တိုက်ပေးခဲ့ကြသည်။ ဆေးဝန်ထမ်းတစ်ဦးက သူအား ခြင်မကိုက်အောင် ယပ်ခတ်ပေးနေခဲ့သည်။

သို့သော် ထိုကြိုးပမ်းမှုများအားလုံး အချည်းနှီးမျှသာ ဖြစ်ခဲ့သည်။ နံနက် ၄ နာရီခန့်တွင် မီးစက်အတွက် ဘက်ထရီအားကုန်သွားခဲ့ပြီး အောက်ဆီဂျင်စက် ရပ်တန့်သွားခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ထိုအမျိုးသမီးငယ် ကွယ်လွန်သွားခဲ့သည်။

“ကျနော် ဝမ်းနည်းတယ် ဘာကြောင့်လဲဆိုတော့ ဒါတွေက မဖြစ်သင့်ဘူး။ ကျနော်တို့ ဘာတွေပြင်ဆင်ရမလဲ ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ ကိစ္စရပ်တွေ အများကြီး ခေါင်းထဲမှာ တွေးတယ်။ ကျနော်တို့ ကိုယ့်ရဲ့ capacity ကိုလည်း ထပ်ပြီးတော့ upgrade တင်ဖို့အတွက် အမြဲတမ်း တွေးခေါ်တယ်” ဟု ကိုတေဇက ဖရွန်တီးယားမြန်မာသို့ ပြောခဲ့သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ကိုတေဇသည် ဆေးပညာဘွဲ့နှင့် ခွဲစိတ်ကုသမှုဘွဲ့ (M.B.,B.S) အတွက် Final Part 2 ကို မကွေးဆေးတက္ကသိုလ်တွင် တက်ရောက်နေဆဲ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သည့် ထောင်သောင်းများစွာသော  ဆေးကျောင်းသူကျောင်းသားများထဲမှ တစ်ဦး ဖြစ်သည်။

သူသည် ယခုအခါ မကွေးတိုင်းအနောက်ဘက်နှင့် ရခိုင်ပြည်နယ် ထိစပ်နေသည့် ရခိုင်ရိုးမတောင်တန်းတွင် လှုပ်ရှားနေသည့် ပြည်သူ့လွတ်လပ်ရေးတပ်မတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ဆေးဝါးပြတ်လပ်မှုကြောင့် ဆေးခန်းအနေဖြင့် လူနာများကို ထိုက်သင့်သော ကုသမှု မပေးနိုင်သည်က များကြောင်း သူက ပြောသည်။ ဥပမာအားဖြင့် ခွေးကိုက်ခံရသူများအတွက် ဆေးခန်းတွင် ခွေးရူးပြန်ကာကွယ်ဆေးမရှိပေ။ ယင်းအစား ဆေးဝန်ထမ်းများသည် ဒဏ်ရာကို သန့်ရှင်းအောင် မည်သို့ထားရှိရမည်ကိုသာ ပြသပေးနိုင်ပြီး အကောင်းဆုံးအခြေအနေကို မျှော်လင့်နေရုံသာ ရှိသည်။

လူနာများကို အခြားဆေးရုံများသို့ ပို့ဆောင်ရန်လည်း ခက်ခဲလှသည်။

“ကျနော်တို့ လူနာတွေကို လွှဲပြောင်းရတဲ့အခါမျိုးတွေမှာ အဓိကတော့ ကျေးရွာမှာ ရှိတဲ့လူ အားကိုသုံးပြီး လူနာထမ်းပိုးပြီးတော့ ပို့ဆောင်ရတာမျိုး ရှိပါတယ်။အဲဒီလို ထမ်းပိုးရတဲ့အခါမျိုးမှာ အနည်းဆုံး ကတ္တရာလမ်းနဲ့ အနီးဆုံးနေရာ ကိုရောက်ဖို့ လေးရက်လောက် ကြာတယ်”ဟု ကိုတေဇက ဆိုသည်။

ကယ်တင်နိုင်မည့် လူနာများစွာ၏ အသက်များ ဆုံးရှုံးနေရသည်ဟု သူက ဆိုသည်။ 

“အဓိကတော့ ဆေးရုံတစ်ရုံပါပဲ။​ဆေးရုံတစ်ရုံလောက် ကျနော်တို့ဘက်မှာ ရှိရင်တော့ ရဲဘော်ရဲ့ အသက်တွေ ပြည်သူရဲ့အသက်တွေ ကယ်နိုင်မယ့် အနေအထားရှိပါတယ်” ဟု သူက ပြောသည်။

ရခိုင်ရိုးမပေါ်က အမေ့ခံ​ စစ်ဘေးဒုက္ခသည်များ

၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်တစ်ဝန်း၌ စစ်အစိုးရကို ထိုးစစ်ကြီးတစ်ခု စတင်ခဲ့ရာ ယနေ့အချိန်အထိ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် အကုန်ပိုင်းတွင်  AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များသည် ရခိုင်ကို ကျော်လွန်၍ အိမ်နီးချင်း မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ပါ တိုက်ခိုက်မှုများ စတင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို AA က သိမ်းပိုက်ပြီးနောက် ခက်ခဲကြမ်းတမ်းသော ရခိုင်ရိုးမကို ဖြတ်သန်းထားသည့် အမ်း-ပဒါန်း လမ်းတစ်လျှောက် မကွေးတိုင်းအတွင်းသို့ စတင်ထိုးဖောက်ဝင်ရောက်ခဲ့သည်။

ထိုအချိန်မှစ၍ ယင်းဒေသရှိ နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်က တန်ပြန်ထိုးစစ်များ ဆင်နွှဲခဲ့သဖြင့် မကွေးတိုင်း ငဖဲ၊ မင်းလှနှင့် မင်းတုန်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ထိုမြို့နယ်များ၏ အနောက်ဘက်ဒေသများသည် ရခိုင်ရိုးမပေါ်၌ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ လမ်းဟူ၍လည်း အနည်းငယ်သာရှိသည်။ အဆိုပါလမ်းများနှင့် အလှမ်းကွာသော ဝေးလံခေါင်းပါးသည့် ကျေးရွာအချို့သို့ နာရီပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာ လမ်းလျှောက်မှသာ ရောက်ရှိနိုင်သည်။

မြန်မာနိုင်ငံ၏ အခြားနေရာများကဲ့သို့ပင် ပဋိပက္ခကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် စစ်ဘေးရှောင်ရခြင်းတို့နှင့် ကြုံတွေ့ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများနှင့် စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့ကို ထိခိုက်စေကာ ယခင်ကတည်းက လိုအပ်ချက်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမို ဆိုးရွားစေခဲ့သည်။​

ဇူလိုင်လ ၁၂ ရက်နေ့က ရခိုင်-မကွေးနယ်စပ် ရခိုင်ရိုးမတောင်တန်းတွင် ရွာသားများ ရိက္ခာ သယ်ဆောင်လာစဉ်။ (မျိုးဆက်လှသော်၊ ဖရွန်တီးယား)

အကူအညီပေးရေး အဖွဲ့အစည်းများထံမှ အရေးပါသော လူသားချင်းစာနာမှု အကူအညီများ အဆိုပါရပ်ရွာများထံ ရောက်ရှိနိုင်ခြေမှာ နည်းပါးလှသည်။ အာဏာမသိမ်းမီကပင် ထိုဒေသသည် နိုင်ငံတကာ NGO များ၏ လျစ်လျူရှုခြင်း ခံခဲ့ရပြီး လူသားချင်းစာနာမှု လုပ်ငန်းများ လုပ်ကိုင်သည့် ဒေသတွင်းအဖွဲ့အစည်းများလည်း မရှိခဲ့ပေ။

မကွေး-ရခိုင် နယ်စပ်ရှိ မကွေးဘက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စက်တင်ဘာလဆန်းပိုင်း၌ စစ်ဘေးရှောင် (IDP) အနည်းဆုံး ၆,၀၀၀ ခန့် ရှိနေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဖရွန်တီးယားမြန်မာသို့ ပြော ပြသည်။ ငဖဲမြို့နယ်ရှိ စခန်းတစ်ခုတွင်ဆိုလျှင် စစ်ဘေးရှောင် ၃၀၀ ကျော်ထိ ရှိနေသည်။

အဆိုပါစခန်းရှိ အမျိုးသမီးများမှာ မိခင်ကျန်းမာရေးစောင့်ရှောက်မှုများ မရကြသလို မွေးကင်းစကလေးများအတွက် ကာကွယ်ဆေးများလည်း မရှိဟု ပြောကြသည်။ သားဆက်ခြားဆေးဝါးများလည်း မရရှိနိုင်ပေ။ ပုံမှန်အားဖြင့် မေလမှ စက်တင်ဘာလအထိ ကြာမြင့်လေ့ရှိသော မိုးရာသီအတွင်း ပြင်းထန်သော ငှက်ဖျားရောဂါ ပျံ့နှံ့ဖြစ်ပွားမှုများလည်း နှစ်စဉ် ပေါ်ပေါက်နေသည်။

ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည်နယ်ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သော်လည်း အသက် ငါးလအရွယ် ကလေးငယ်တစ်ဦး အဖျားရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း စခန်းနေပြည်သူများက ဖရွန်တီးယားမြန်မာ သို့ ပြောသည်။ ပြီးခဲ့သည့်နှစ်က ကိုယ်ဝန်ရင့်မာချိန်တွင် ကလေးပျက်ကျသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ငှက်ဖျားရောဂါဖြင့် နောက်ထပ်နှစ်ဦး သေဆုံးခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဆယ်ကျော်သက်ယောကျ်ားလေးတစ်ဦး ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့သည်။

အသက် ၃၄ နှစ်အရွယ်စစ်ဘေးရှောင်ပြည်သူ မိုင်သန္တာတွင်  အသက်နှစ်လအရွယ် ကလေးငယ် ရှိသည်။​  ကာကွယ်ဆေးတစ်လုံးမျှ မထိုးနှံရသေးသော သူ့၏ကလေးအတွက် စိုးရိမ်နေသည်။ 

 “တကယ်လို့များ ကလေးမှာ ကုသလို့မရတဲ့ ရောဂါတခုခု ကျရောက်လာရင် ကျမတို့ ဘယ်လိုကျော်ဖြတ်ရမလဲ” ဟု သူမက ဆိုသည်။ 

စားနပ်ရိက္ခာနှင့် ပညာရေး လိုအပ်ချက်များ

ဒေသတွင်း အကျပ်အတည်းကြုံတွေ့နေရသည်မှာ ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုတည်း မဟုတ်ပေ။ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပညာရေးတို့အပေါ်လည်း ပြင်းထန်စွာ ထိခိုက်ခဲ့သည်။

ငဖဲ စစ်ဘေးရှောင်စခန်းရှိ နေထိုင်သူထက်ဝက်ခန့်မှာ စားရန် ဆန်မလုံလောက်တော့ပေ။ ပြည်ပတွင် အလုပ်လုပ်နေသည့် မိသားစုဝင်ရှိသူများသာ ရခိုင်ဘက်မှ ဆန်ကို ဝယ်ယူ စားသောက်နိုင်ကြသည်။

အချို့က စခန်းအပြင်ဘက်တွင် စပါးအနည်းငယ် စိုက်ရန် ကြိုးစားကြပြီး အချို့က အနီးအနားရှိ စိုက်ခင်းများတွင် ကြုံရာကျပန်း အလုပ်အကိုင်များကို ရှာဖွေလုပ်ကိုင်ကြသည်။ ငွေကြေး အလွန်လိုအပ်နေသူအချို့က ကိုယ်တိုင်စားသောက်ရန် မွေးမြူထားသော ကြက်များကို ကားလမ်းဘေးတလျှောက် မတ်တတ်ရပ်၍ ရောင်းချခဲ့ကြရသည်။ ငွေကြေး၊ အလုပ်အကိုင် သို့မဟုတ် ရောင်းချရန် ဘာမျှမရှိသူများမှာ အခြားမိသားစုများထံမှ ဆန်ကို ချေးယူကြရသည်။

ရွှေ့ပြောင်းတောင်ယာနည်းလမ်းကို အသုံးပြုခြင်းကြောင့် ဆန်ထွက်နှုန်းနည်းသည့် စခန်းအပြင်ဘက်ရှိ ကျေးရွာများတွင်လည်း စားနပ်ရိက္ခာ အခြေအနေ ပိုမိုကောင်းမွန်နေခြင်း မရှိပေ။ မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများတွင် ပုံမှန်တွေ့ရသည့် ထိုနည်းလမ်းသည် ယခုတစ်နှစ်အတွက် စိုက်ကွက်အချို့ကို မြေဆီလွှာပြန်လည်ကောင်းမွန်စေရန် စွန့်ပစ်ထားစဉ် အခြားစိုက်ကွက်များတွင် သီးနှံများ အလှည့်ကျ ပြောင်းရွှေ့စိုက်ပျိုးရသည့် နည်းလမ်းဖြစ်သည်။

ငဖဲ စစ်ဘေးရှောင်စခန်းတွင် သူငယ်တန်းမှ ၆ တန်းအထိ ကလေး ၅၄ ဦးကို သင်ကြားပေးနေသည့် စာသင်ကျောင်းတစ်ခု ရှိသည်။ ၇ တန်းမှ ၁၂ တန်းအထိ ကျောင်းသားများက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမှီ​ ရွေးကောက်ခံ​ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပို့ချနေသည့် အွန်လိုင်းအတန်းများကို တက်ရောက်ကြသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သော အဆိုပါကျောင်းကို အရှိုဒေသ ပညာရေးဌာန (ARED)က စီမံခန့်ခွဲလျက်ရှိသည်။ ARED သည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် AA နှင့် မဟာမိတ်ပြုထားသော အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ လက်အောက်တွင် ရှိသည်။ 

ကျောင်းရှိ ဆရာဆရာမ လေးဦး၏ လစာအတွက် ကျောင်းကို လူကိုယ်တိုင်တက်ရောက်သည့် ကျောင်းသားတစ်ဦးလျှင် လစဉ်ကြေး ၁၅,၀၀၀ ကျပ် ပေးရသည်။ ထို့ပြင် ဆရာဆရာမများကို တစ်လလျှင် ဆန် သုံးကီလိုဂရမ်စီ ထောက်ပံ့ပေးရသည်။ အွန်လိုင်းကျောင်းသားများကိုမူ စခန်း၏ စတားလင့် အင်တာနက်ချိတ်ဆက်မှုအတွက် အခကြေးငွေ ကောက်ခံသည်။

စခန်း၏ ကျောင်းသည် တောအုပ်အတွင်းရှိ ယာယီအဆောက်အအုံတစ်ခုတွင် တည်ရှိသည်။ မိုးရာသီတွင် အဆက်မပြတ် မိုးရွာသွန်းပါက ခေါင်မိုးမှ မိုးယိုပြီး ပါးလွှာသော နံရံများကလည်း လေဒဏ်မှ အနည်းငယ်သာ ကာကွယ်ပေးနိုင်သည်။ ကလေးများ လှုပ်ရှားသွားလာရန် နေရာအနည်းငယ်သာရှိပြီး သောက်ရေမှာလည်း အနယ်အနှစ်များဖြင့် ညစ်ညမ်းနေသည်။

ဇူလိုင်လ ၂၆ရက်နေ့က ငဖဲ စစ်ဘေးရှောင်စခန်းတစ်ခုရှိ ယာယီဘုရားကျောင်းတစ်ခုတွင် ကလေးများ သီချင်းဆိုနေစဉ်။ (မျိုးဆက်လှသော်| ဖရွန်တီးယား)

သို့သော် အဆောက်အအုံ ပိုကောင်းအောင်ပြင်ဆင်ရန် ကျောင်းအုပ်ချုပ်သူများ၏ ဘဏ္ဍာရေးအင်အားဖြင့် မတတ်နိုင်ကြောင်း လုံခြုံရေးအတွက် အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာမကြီးက ဖရွန်တီးယားမြန်မာသို့ ပြောပြသည်။

“ဖတ်စာအုပ်၊ ခဲတံတို့၊ ဗလာစာအုပ်တို့ (ဝယ်ဖို့) မိဘဘက်က အခက်အခဲရှိတယ်။ ကျောင်းသားမိဘတွေ ဝင်ငွေမရှိတော့ ကောင်းကောင်းမထောက်ပံ့ပေးနိုင်ဘူး” ဟု သူမက ပြောသည်။

ဆရာဆရာမများသည် လစာ ၁၅၀,၀၀၀ ကျပ်ဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အံမတုနိုင်သောကြောင့် စနေ၊ တနင်္ဂနွေနေ့များ၌ စခန်းအပြင်ဘက်ရှိ စိုက်ခင်းများတွင် အလုပ်လုပ်ကြရသည်။

“အခက်ခဲဆုံးကတော့ ဘယ်လိုပြောရမလဲ။ အခက်အခဲ အများကြီးရှိတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

စခန်းတွင် နေထိုင်သူများဖြစ်သည့် မနီလာနှင့် သူမ၏ ခင်ပွန်းတို့တွင် ကလေးခြောက်ဦး ရှိသည်။ တစ်ဖက်တွင် မိသားစုအတွက် ဆန်ဝယ်ရန် ငွေအလုံအလောက် ရှာဖွေနေရသလို တစ်ဖက်တွင် ကျောင်းတက်နေသည့် ကလေးလေးဦးအတွက် ကျောင်းလခပေးရန် ရုန်းကန်နေကြရသည်။

ကျောင်းသုံးစာရေးကိရိယာ ပြတ်လပ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို ကြောက်ရွံ့မှုတို့ကြောင့် စခန်းရှိ အဆိုပါကျောင်းအစား မြို့များပေါ်တွင်  ကျောင်းတက်လိုကြောင်း  မနီလာ၏ ကလေးများက ပူဆာခဲ့ကြသည်။ သို့သော် လမ်းများ ပိတ်ဆို့ထားခြင်း၊ ဖမ်းဆီးမှုများနှင့် သွားရေးလာရေး အကန့်အသတ်များကြောင့် ခရီးသွားရန် ခက်ခဲပြီး အန္တရာယ်လည်း များလှသည်။

“ပူနေရတာပေါ့။ ဘယ်မှာနေမလဲ ပြောင်းရင်ကောင်းမလား ဒီမှာနေရင်ကောင်းမလား။ စဉ်းစားနေရတယ်။ အဲဒါလူတိုင်းစဉ်းစားတယ်။ တွေ့ကြရင် အဲဒါပဲ ပြောနေရတယ်။ အဲဒါပဲ တိုင်ပင်နေရတယ်” ဟု မနီလာက ဆိုသည်။

AREDမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆလိုင်းလမင်းက ၎င်းတို့အနေဖြင့် လွန်ခဲ့သည့်နှစ်မှစ၍ စစ်ဘေးရှောင်စခန်းများတွင် ကျောင်း ကိုးကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၄၀၀ ခန့်ကို ပညာသင်ကြားပေးလျက်ရှိသည် ဟု ဆိုသည်။ သို့သော် ပညာရေးစနစ်မှာ စနစ်တကျ မလည်ပတ်နိုင်ကြောင်း သူက ဝန်ခံခဲ့သည်။

ဆရာဆရာမ အများစုမှာ အရည်အချင်းမပြည့်မီခြင်း သို့မဟုတ် သင်ကြားရေးလမ်းညွှန်များကို ဆရာဆရာမများထံ မပေးပို့နိုင်ခဲ့သောကြောင့် ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် ဇူလိုင်လအထိ ကာလအတွင်း သင်ရိုးညွှန်းတမ်း၏ လေးပုံတစ်ပုံခန့်သာ သင်ကြားနိုင်ခဲ့ကြောင်း သူက ပြောသည်။

“စိန်ခေါ်ချက်တွေကတော့ စီမံခန့်ခွဲတဲ့အပိုင်းမှာ ကျစ်ကျစ်လစ်လစ် မလုပ်နိုင်တာကြောင့်ရယ်၊ ငွေကြေးအခက်အခဲကြောင့်ရယ်၊ လုံခြုံရေးကြောင့်ရယ်၊ အင်တာနက်အခက်အခဲကြောင့်ရယ် အဲဒါတွေ အစုံပါပဲ” ဟု ကိုဆလိုင်းလမင်းက ပြောသည်။

မင်းလှမြို့နယ်ရှိ တောင်ပေါ်ရွာတစ်ရွာတွင်မူ ယခုနှစ် ကျောင်း လုံးဝမဖွင့်နိုင်ခဲ့ပေ။ အချို့သော မိဘများသည် ၎င်းတို့၏ ကလေးများကို စစ်တပ် ထိန်းချုပ်ထားသော မြို့များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကိုရင်အဖြစ် ပညာသင်ယူရန် ပို့ဆောင်ခဲ့ကြရသည်။

အဆိုပါရွာမှ ကလေးကိုးဦး၏ မိခင် အသက် ၃၅ နှစ်အရွယ် ပါရှီသည် သူမ၏ အသက် ၈ နှစ်၊ ၁၀ နှစ်နှင့် ၁၆ နှစ် အရွယ်ရှိ ကလေးသုံးဦး ကို ပညာသင်နိုင်ရန် အခြားမြို့များသို့ ပို့ဆောင်ခဲ့သည်။  ပညာဆက်လက်သင်ကြားနိုင်ရေးအပြင် သူမအနေဖြင့် ကလေးအားလုံးကို ပြုစုပျိုးထောင်ရန် မတတ်နိုင်တော့ခြင်းကြောင့်လည်း ဖြစ်သည်။

“ကိုးယောက်လုံး ဒီမှာထားမယ်ဆို ကျောင်းစရိတ်တွေ ပိုက်ဆံတွေ ဘယ်နိုင်မလဲ။ ပညာမရှိဘဲ အိမ်မှာထားမယ်ဆိုလည်း ဘယ်လိုနေရမလဲ”ဟု သူမက ပြောသည်။

ပါရှီသည် ယခုအခါ ကလေးလေးဦးနှင့်အတူ နေထိုင်လျက်ရှိရာ နှစ်ဦးမှာ လွန်ခဲ့သည့် နှစ်နှစ်က ကျောင်းထွက်ခဲ့ပြီး ကျန်နှစ်ဦးမှာ အသက်လေးနှစ်အောက် ဖြစ်ကြသည်။ အခြားတစ်ဦးမှာ အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူနှင့် နေထိုင်ကာ အကြီးဆုံးကလေးမှာ ချင်းပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် နေထိုင်သည်။

“ငယ်ငယ်တုန်းက ကျောင်းမတက်နိုင်ဘူး။ ပိုက်ဆံလည်း မရှိ စားစရာလည်းမရှိတော့ပါဘူး။ အဲဒါကြောင့် သားသမီးတွေကို မြို့ကို ပို့တာ ကျောင်းတက်ဖို့။ ကျမလိုအပ်နေပေမယ့်လို့။ ခုချိန်မှာ စာက အဓိကပဲ”လို့ဆိုပါတယ်။

“အဲဒါကြောင့် ကျမ ကလေးတွေကို ကျောင်းတက်ဖို့ မြို့ကို ပို့လိုက်တာပါ။ ကျမလိုမျိုး သူတို့ကို မဖြစ်စေချင်ဘူး။ ပညာရေးက အရေးကြီးတယ်”ဟု သူမက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များထံမှ အကန့်အသတ်ဖြင့် ရရှိသော အကူအညီ

ငဖဲ၊ မင်းလှနှင့် မင်းတုန်းမြို့နယ်တို့၏ အနောက်ဘက်ဒေသတွင် တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့ခန့် လှုပ်ရှားလျက်ရှိသည်။ အဆိုပါဒေသတွင် လူသားချင်းစာနာမှု အဖွဲ့အစည်းများ လှုပ်ရှားဆောင်ရွက်ခြင်း မရှိသည့်အတွက် ထိုအဖွဲ့များအနေဖြင့် ဒေသခံများအား ကူညီထောက်ပံ့ရန် ကြိုးပမ်းကြသော်လည်း ၎င်းတို့၏ဆောင်ရွက်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေသည်။

အဆိုပါတပ်ဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည့် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု-မကွေး (PRA-Magway) က တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများကို ရွှေ့ပြောင်းပေးနေပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ အပါအဝင် သုံးလစာ အခြေခံ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနေကြောင်း ပြောပြသည်။

PRA-Magway ဥက္ကဋ္ဌ ကိုနေမွန်က ၎င်းတို့အနေဖြင့် ယခုအခါ လူ ၅၀၀ ခန့်ကို စားနပ်ရိက္ခာ အကူအညီများ ပေးအပ်နေသည်ဟု ပြောသည်။ ထို့အပြင် ၎င်းတို့နယ်မြေရှိ အချို့သော ကျေးရွာများတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုများလည်း ပေးအပ်လျက်ရှိသည်။

“ကျနော်တို့ တပ်ရဲ့ရိက္ခာပိုင်းတွေ စစ်ဘေးရှောင်တွေရဲ့ ရိက္ခာပိုင်းတွေ တောက်လျှောက်ခက်ခဲလာတာရှိတယ်” ဟု ကိုနေမွန်က ပြောသည်။ ဆက်လက်ပြီး “ စိန်ခေါ်မှုတွေလည်း ကျနော်တို့အတွက်ပိုမြင့်မားလာပါတယ်။ ကျနော်တို့ တိုက်ပွဲအတွက်လည်း စစ်သုံးစရိတ်တွေ မြင့်လာတဲ့အခါမှာ အလှူငွေလည်း နည်းပါးလာတဲ့အခါမှာ ကျနော်တို့ အခက်အခဲကို ရင်ဆိုင်ကြရတာပေါ့နော်” သူက ဆိုသည်။

မကွေးတော်လှန်ရေးအဖွဲ့များသည် ဒေသခံများထံမှ အခွန်ကောက်ခံကြသည်။ ထို့ပြင် အထွေထွေ ကုန်စည်များ ကုန်ကူးခြင်းနှင့် သစ်ထုတ်လုပ်ခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများဖြင့်လည်း ၎င်းတို့ရပ်တည်နိုင်ရေး ရုန်းကန်နေကြရသည်။

ငဖဲစခန်းမှ အသက် ၅၄ နှစ်အရွယ် စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဆလိုင်းလွီအန်းက ရှေ့တန်းစစ်ဆင်ရေးများနှင့်အတူ ဒေသခံများကို ပံ့ပိုးပေးနိုင်ရန် ရုန်းကန်နေရသည့် တော်လှန်ရေးတပ်ဖွဲ့များ ရုန်းကန်နေရသည်ကို နားလည်ကြောင်း သူက  ဆိုသည်။

“လိုအပ်ချက်ကတော့ အများကြီးပဲ။ … ကူညီနိုင်မယ့် အဖွဲ့အစည်းရှိရင်ပေါ့နော် ကျနော်တို့ကို မမေ့ဖို့။ … ကျနော်တို့က အလုပ်မလုပ်ဘဲနဲ့ ထိုင်စားဖို့ ပြောတာ မဟုတ်ပါဘူး။ တခါတလေ ဆား၊ ငါးပိတောင် မစားနိုင်တဲ့ ဘဝမျိုး ကြုံခဲ့ရတယ်”ဟု  ဆလိုင်းလွီအန်းက ဆိုသည်။

အက်စ်တာဂျေ ရေးသားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.