၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် 'တပ်မတော်နေ့ အထိမ်းအမှတ်' အခမ်းအနား စစ်ရေးပြချီတက်နေစဉ်။ (AFP)

စစ်သားစုဆောင်းခြင်းခံရသူများအတွက် အလှမ်းဝေးဆဲ အိမ်ပြန်ချိန်

ပြည်သူ့စစ်မှုထမ်းဥပဒေအောက် စစ်မှုထမ်းသက်တမ်းပြည့်သော်လည်း အရပ်သားများအဖြစ် ပြန်လည် နေထိုင်ခွင့်မပြုခြင်း၊ လစာ လျှော့ချခံရခြင်းများအပြင်၊ တိုက်ပွဲအပြင်းထန်ဆုံး ရှေ့တန်းစစ်မျက်နှာပြင်များဆီသို့ ပြောင်းရွှေ့စေလွှတ်ခံရခြင်းတို့ ရှိနေကြောင်း စစ်သားစုဆောင်းခြင်းခံရသူများက ဆိုသည်။ 

မောင်မုံရွာ ၊ ဖရွန်တီးယား

အရင်က အလုပ်ကိစ္စနှင့် ဆွေမျိုးသားချင်းများဆီ အလည်အပတ်သွားချိန်များတွင်သာ ရန်ကုန်မြို့ကို ရောက်ဖူးခဲ့သည့် ပုဂ္ဂလိကဝန်ထမ်းဟောင်း ကိုမြင့်ဦး။ ယခုအခါတွင်မူ ရန်ကုန်မြို့ပေါ် စစ်ယူနီဖောင်းဝတ်ကာ ကင်းလှည့်ခြင်း၊ ညပိုင်း ဧည့်စာရင်းစစ်ခြင်းတို့ကို သူ လုပ်ဆောင်နေရပြီး သူ၏ နေ့ရက်တိုင်းသည် သက်ပြင်းချသံများဖြင့်သာ ပြည့်နှက်နေတော့သည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှ အသက် ၃၃ နှစ်အရွယ် ကိုမြင့်ဦးတစ်ယောက် စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဥပဒေအောက် စစ်မှုထမ်းအပတ်စဉ် (၅) အတွက် စစ်သားစုဆောင်းခံခဲ့ရသည်။ လာမည့် စက်တင်ဘာလတွင် သူ၏ စစ်မှုထမ်းသက် နှစ်နှစ်ပြည့်မည် ဖြစ်သည်။ “သက်တမ်းပြည့်ပါက စာတင်၍ ပြန်ခွင့်ရမည်”ဟု ဆိုသော်လည်း သူ၏ စိတ်တွင်မူ စိုးရိမ်စိတ်များကသာ ကြီးစိုးနေသည်။

“ကျွန်တော့်မိသားစုက ကျွန်တော့်ကို စောင့်နေကြပြီ။ စစ်မှုထမ်းသက်တမ်းအပြီးမှာ ထွက်ခွင့်မပြုရင်၊ ဒါမှမဟုတ် ကျွန်တော့်ကို ရှေ့တန်းလွှတ်မယ်ဆိုရင် ကျွန်တော် ထွက်ပြေးရုံပဲရှိတော့တယ်” ဟု လုံခြုံရေးအရ အမည်လွှဲထားသူ ကိုမြင့်ဦးက သူ၏ခံစားချက်ကို ဖွင့်ဟသည်။ 

သူသည် စစ်ကောင်မရှင်၏ စစ်သားစုဆောင်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် ဒေသများထဲတွင် ပါဝင်သော ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်မြေပြင်တွင် အကျအဆုံးများပြားလာချိန်၌ စစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို နှစ်နှစ်ကြာ စစ်မှုထမ်းရမည့်ဥပဒေကို စတင်အသက်သွင်းခဲ့သည်။

စစ်မှုထမ်းချိန် နှစ်နှစ်ပြည့်လျှင် အိမ်ပြန်ခွင့် ရမည် ဆိုသော်လည်း မြေပြင်အခြေအနေတွင်မူ အရပ်သားအဖြစ် ပြန်လည် နေထိုင်ခွင့်ပြုရမည့်အစား၊ လစာများ လျှော့ချခံရခြင်း၊ တိုက်ပွဲအပြင်းထန်ဆုံး ရှေ့တန်းစစ်မျက်နှာပြင်များဆီသို့ ပြောင်းရွှေ့စေလွှတ်ခံရခြင်းတို့ ရှိနေကြောင်း အစောပိုင်း အပတ်စဥ်များတွင်
စစ်မှုထမ်းခဲ့ရသူများက ဆိုကြသည်။ အချို့ဆိုလျှင် လုံးဝ အဆက်အသွယ် ပြတ်ကာ ပျောက်ဆုံးသွားသည်အထိ ရှိနေသည်။

အိမ်ပြန်လမ်း ပျောက်ဆုံးသွားသူများ

သက်တမ်းပြည့်သော်လည်း အိမ်ပြန်မရောက်ဘဲ စစ်မြေပြင်သို့ ထပ်မံစေလွှတ်ခံရပြီး ပျောက်ဆုံးသွားသည့် သူငယ်ချင်းများ၏ ကိုယ်တွေ့ဖြစ်ရပ်များကြောင့် သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။​ ယင်းက သူ့ကို ခြောက်လှန့်နေသည်။

“အပတ်စဉ် (၁) ထဲက သူငယ်ချင်းတစ်ယောက်ဆို ပြည့်သွားပြီလေ။ ပြည်ထောင်စုနေ့တုန်းက စစ်ရေးပြအခမ်းအနား သွားရသေးတယ်။ အဲဒီအချိန်က မိသားစုဆီ ဖုန်းဆက်ပြီး သူပြန်ရတော့မှာ သေချာပြီ၊ ဘယ်နေ့ဘယ်ရက် ပြည့်မှာဆိုတာ လှမ်းပြောခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီ စစ်ရေးပြလည်း ပြီးရော သူ့ကို ကလေး (စစ်ကိုင်းတိုင်း) ဘက်ကို တန်းပို့လိုက်တာ။ အဲဒီနေ့ကတည်းက အဆက်အသွယ် လုံးဝမရတော့ဘူး။ သေလားရှင်လားလည်း မသိရတော့ဘူး။ မိသားစုက တပ်တွေကို လိုက်စုံစမ်းတော့လည်း မသိရဘူးတဲ့” ဟု သူက ရှင်းပြသည်။

ဥပဒေအရ စစ်မှုထမ်းသက် နှစ်နှစ်ပြည့်မြောက်သည့် အပတ်စဉ် (၁) နှင့် (၂) မှ လူငယ်အချို့ကို နှုတ်ထွက်ခွင့်လက်မှတ်များ ထုတ်ပေးပြီး အိမ်ပြန်လွှတ်ပေးနေသည် ဟု အာဏာသိမ်းစစ်တပ်က ဝါဒဖြန့်နေသော်လည်း ပကတိအရှိတရားမှာ ကွဲလွဲနေကြောင်း ကိုယ်တွေ့ကြုံရသူများက အခိုင်အမာ ဆိုကြသည်။

လက်ရှိအချိန်အထိ အပတ်စဉ် တစ်ခုလျှင် ပျမ်းမျှ လူငယ် ၄,၈၀၀ မှ ၅,၀၀၀ ကြားဖြင့် အပတ်စဉ် (၂၅) အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ၊ စုစုပေါင်း လူငယ်ဦးရေ တစ်သိန်းနှစ်သောင်းဝန်းကျင်ခန့် စုဆောင်းခေါ်ယူခံခဲ့ရပြီး ဖြစ်သည်။

ကိုမြင့်ဦးမှာ တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်နေသောကြောင့် ကံကောင်းထောက်မစွာ ရှေ့တန်းမရောက်ဘဲ ရန်ကုန်မြို့တွင် အရာရှိတစ်ဦး၏ လုံခြုံရေးအဖွဲ့၌ တာဝန်ကျခဲ့သည်။ စစ်တပ်ကို ဆန့်ကျင်နေသည့် CDM ဗိုလ်ကြီးဇင်ယော်၏ အဆိုအရ စစ်တပ်သည် ဆယ်တန်းအောင်နှင့် ဘွဲ့ရလူငယ်များကို ဗထူးတပ်မြို့ ဗိုလ်သင်တန်းကျောင်းတွင် သီးသန့်တက်ခိုင်းပြီး၊ သင်တန်းဆင်းပါက စစ်လက်ရုံးတပ်များတွင် တာဝန်ပေးကာ ဝါဒဖြန့်ရန်အတွက် ထိန်ချန်ထားလေ့ရှိသည်ဟု ဆိုသည်။

“နို့မို့ဆို ရှေ့တန်းသွားတဲ့ သူတွေအကုန်လုံးက သေတာ၊ ကျိုးတာ၊ ကန်းတာတွေချည်းဆိုရင် အထွက်မလှဘူးပေါ့။ အဲဒီတော့ တာဝန်ကျေလက်မှတ် ပုံစံ (၁၂) တွေ ထုတ်ပေးပြဖို့အတွက် ပညာတတ်လူငယ်တွေကို စစ်လက်ရုံးတပ်တွေမှာ ထိန်ချန်ထားတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။

၂၀၂၅ ခုနှစ်ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ လမ်းတစ်လမ်းပေါ်တွင် စစ်သားတစ်ဦး ကင်းလှည့်စဥ်

ဒဏ်ရာ ရသည် သို့သော် လစာ မရပါ။

စစ်မှုထမ်းသက်ပြည့်လျှင် အိမ်ပြန်ရမည်ဆိုသည့် မျှော်လင့်ချက်သည် အပတ်စဉ် (၅) မှ ကိုမြင့်ဦးအတွက် ဝေဝါးနေဆဲ ဖြစ်သလို၊ အပတ်စဉ် (၁) တွင် ပါဝင်ခဲ့ရသည့် အသက် ၃၁ နှစ်အရွယ် လက်သမား ကိုမြတ်ဆွေ (အမည်လွှဲ) အတွက်မူ အိမ်ပြန်လမ်းသည် ငရဲခန်းတစ်ခု ဖြစ်ခဲ့ရသည်။

ကျေးရွာတွင် မဲနှိုက်ရာမှ ဝမ်းကွဲညီအစ်ကိုဖြစ်သူနှင့်အတူ စစ်ထဲပါသွားခဲ့ရသည့် ကိုမြတ်ဆွေသည် ဇနီးဖြစ်သူနှင့် ၆ နှစ်အရွယ် သမီးငယ်လေးကို ထားရစ်ခဲ့ရသည်။ ဗထူးတွင် သုံးလကြာ သင်တန်းတက်ပြီးနောက် တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရှေ့တန်းစစ်မျက်နှာဆီသို့ အပို့ခံခဲ့ရသည်။

“အဲဒီရောက်ပြီး တစ်ညနေပဲ နားလိုက်ရတယ်။ နောက်နေ့ကစပြီး နေ့တိုင်း မနက် ၁၀ နာရီခွဲလောက်ကတည်းက ရန်သူစခန်းကုန်းကို တက်သိမ်းရတာ။ အဲဒီကုန်း ပွိုင့် (၁၁) မှာပဲ ကျွန်တော် ဒရော့ဗုံးမိတာ။ မျက်လုံးတစ်လုံး ထိသွားတယ်။ ခေါင်းလည်း ကွဲထွက်သွားတယ်” ဟု ကိုမြတ်ဆွေက တိုက်ပွဲတွင်း အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။ အတူပါလာသည့် သူ၏ ဝမ်းကွဲညီအစ်ကိုမှာမူ စစ်မြေပြင်တွင်ပင် ကျဆုံးသွားခဲ့သည်။

နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် ကျောက်မျက်လုံးထည့်ပြီး ဆေးရုံဆင်းခွင့် ရခဲ့သော်လည်း စစ်တပ်က သူ့ကို တရားဝင် အိမ်ပြန်ခွင့် နှုတ်ထွက်လက်မှတ် မပေးသေးပေ။

 “ပြန်ခွင့်က လွတ်လွတ်လပ်လပ် မရသေးဘူးဗျ။ အကျိုးတွေ၊ အကန်းတွေ အကုန်လုံးကို ချန်ထားတယ်။ ဘာအစီအစဉ်ရှိလို့လဲဆိုတာ သူများတွေလည်း မသိဘူးတဲ့။ ပြီးတော့ ဧပြီလကတည်းက ကျွန်တော်တို့ လစာတွေပါ ဖြတ်လိုက်ပြီ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တပ်ကိုခွင့်တိုင်ပြီး အိမ်ပြန်ရောက်နေသော်လည်း နှုတ်ထွက်ခွင့်လက်မှတ် မရသေးသရွေ့ သူ့ကို တာဝန်ထမ်းဆောင်ဆဲ စစ်သည်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ လစာမရ၊ လက်မှတ်မရသည့် အခြေအနေတွင် မိသားစုစားဝတ်နေရေးမှာ အလွန်ကျပ်တည်းနေပြီး “စားဖို့တောင် အနိုင်နိုင်၊ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး” ဟု သူက ညည်းတွားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် “တပ်မတော်နေ့ စစ်ရေးပြ” ချီတက်နေစဉ် (AFP)

လူကုန်ကူး အရောင်းအဝယ်စျေးကွက်သဖွယ်

စစ်သားစုဆောင်းမှုများ စတင်ချိန်ကတည်းက စစ်ကော်မရှင် တာဝန်ရှိသူအဆင့်ဆင့်၏ လာဘ်စားမှုနှင့် အဂတိ လိုက်စားမှုများ ရှိကြောင်း လမ်းသွားလမ်းလာ လူငယ်များကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေသည်ဟု အရပ်သားများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။

စစ်မှုထမ်းဥပဒေအောက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအတွက် လူကုန်ကူးသကဲ့သို့ စီးပွားရှာနေကြကြောင်း စစ်မှုထမ်းစုဆောင်းခံရသူများအရေး လိုက်လံကူညီပေးနေသည့် မနွေးနွေးစု (အမည်လွှဲ)က ဆိုသည်။ ယင်းဥပဒေကို သုံးကာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ဗြောင်ကျကျ လာဘ်ယူခြင်းများနှင့် သူတို့အချင်းချင်းကြား စစ်သား စုဆောင်းခံရသူများကို အရောင်းအဝယ်သဖွယ် ပြုလုပ်ကြခြင်းများ ရှိသည်ဟု မနွေးနွေးစုက ဝေဖန်သည်။

“စစ်သား စုဆောင်းခံရသူတွေကို လူကုန်ကူးခံရသူတွေလို အရောင်းအဝယ် လုပ်နေကြတာ။ လဝက အရာရှိတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စာရေးတွေက အစည်းအဝေးတွေကို အသံချဲ့စက်တွေနဲ့ ဗြောင်ကျကျ ကြေညာတယ်၊ ငွေတောင်းခံတယ်” ဟု မနွေးနွေးစုက ပြောသည်။

ကိုမြတ်ဆွေတို့ကဲ့သို့ ခန္ဓာကိုယ် ပျက်ယွင်းသွားသူများကို စစ်တပ်က ချက်ချင်းပြန်မလွှတ်ဘဲ ထိန်းထားလေ့ရှိသည်ဟု သိရှိရကြောင်း မနွေးနွေးစုက ဆိုသည်။ ကျန်းမာရေးအရ ဆောင်ရွက်ရန် ရှိကြောင်းပြကာ အဆင့်ဆင့် လက်မှတ်ထိုးခိုင်းပြီး အချိန်ဆွဲထားတတ်ကြောင်း သူမက ဆိုသည်။

တပ်ရင်းမှူးများအနေဖြင့် ခံစားခွင့်များမပေးချင်သည့်အတွက် စစ်မြေပြင်စာရင်းများကို လိမ်လည်တင်ပြနေမှုများ ရှိနေကြောင်း CDM ဗိုလ်မှူးနောင်ရိုးကလည်

“သေဆုံးသွားသူတချို့ကို ပျောက်ဆုံးစာရင်းထဲ ထည့်ပြီး လိမ်လည်တင်ပြတာမျိုးတွေ ရှိတယ်။ ဒါကြောင့် ကျဆုံးသွားရင်တောင် ခံစားခွင့်မရတဲ့ အနေအထားတွေ အများကြီးရှိတယ်” ဟု သူက ဆိုသည်။

သူမ ကူညီပေးနေသည့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်တစ်ခုတည်းတွင်ပင် အပတ်စဉ်တစ်ခုလျှင် လူငယ် ၆၂ ဦးစီ ပို့ဆောင်ခံနေရပြီး၊ ထက်ဝက်ခန့်မှာ ရှေ့တန်းတွင် ကျဆုံးကုန်ပြီဖြစ်ကြောင်း သူမက ထောက်ပြသည်။ 

“ဒါဟာ စစ်မှုထမ်းခိုင်းတာ မဟုတ်ဘူး၊ ကျေးလက်နေ ပြည်သူလူထုကို ခေါ်သတ်နေသလို ဖြစ်နေတယ်”

စစ်ကောင်စီဘက်ကမူ စစ်မှုထမ်းသက်တမ်းပြည့်သူများကို အလုပ်အကိုင် ဦးစားပေးခန့်မည်၊ ပြည်ပစေလွှတ်ပေးမည်ဆိုသည့် မက်လုံးများကို ၎င်းတို့၏ သတင်းစာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်လျက်ရှိသည်။ 

သို့သော် ပြည်တွင်းရေး မငြိမ်းချမ်းမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားမှုနှင့် စီးပွားရေး ကျဆင်းနေမှုတို့ကြောင့် ဤအချက်မှာ လက်တွေ့မကျကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

“ဒါဟာ ကောက်ရိုးမီးလိုမျိုး တိုက်ပွဲအဖြေတွေ ပြောင်းလာအောင် လူသစ်တွေကို မက်လုံးပေးပြီး တိုက်စွမ်းအား ညှစ်ထုတ်တာပါ” ဟု ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

စစ်မှုထမ်းဥပဒေ၏ နောက်ကွယ်တွင် အဆိုးရွားဆုံး ထိခိုက်ခံစားရသူများမှာ ကျန်ရစ်သူ မိသားစုဝင်များဖြစ်သည်။ နေပြည်တော် ဇေယျာသီရိမြို့နယ်မှ အသက် ၆၀ ကျော်အရွယ် အဖွားအို ဒေါ်မြငွေ (အမည်လွှဲ)၏ ဘဝသည် ဤဥပဒေ၏ အကျည်းတန်မှုကို ထင်ဟပ်နေသည်။ 

ငလျင်ကြောင့် သမီးဖြစ်သူ သေဆုံးသွားပြီးနောက်၊ သမက်ဖြစ်သူမှာလည်း ရွာလူကြီးနှင့် စကားများရာမှ အငြိုးဖြင့် စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခြင်း ခံခဲ့ရသည်။ ယခုအခါ ရှေ့တန်းရောက်နေသည့် သမက်ဖြစ်သူနှင့် အဆက်အသွယ်ပြတ်နေပြီး၊ အဖွားအိုမှာ လူမမယ် မြေးငယ်သုံးဦးကို အဝတ်လျှော်၊ ပလတ်စတစ်ဘူးကောက်ကာ ငတ်တစ်လှည့် ပြတ်တစ်လှည့် ကျွေးမွေးနေရသည်။

“ဖုန်းဆက်တုန်းကတော့ အစာလည်း ပုံမှန်မစားရဘူး၊ ရှေ့တန်း တအားကြမ်းတယ်လို့ ပြောတယ်။ အခုတော့ ပိုက်ဆံလည်း မလွှဲနိုင်၊ အဆက်အသွယ်လည်း မရတော့ဘူး။ အဖွားက မျက်စိကမွဲနဲ့ ဒီလိုပဲ လုပ်ကျွေးနေရတာပေါ့” ဟု ဒေါ်မြငွေက ရင်ဖွင့်သည်။

စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခြင်းခံရသူများ အိမ်ပြန်နိုင်ရေး မရေရာမှုများကြောင့်  စစ်မှုထမ်းရန် ရွေးချယ်ခံရသူအချို့နှင့် ၎င်းတို့၏ မိသားစုများသည် မမျှော်လင့်ထားသော အခြေအနေများအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

“သူ ပြန်မလာနိုင်တော့ဘူးဆိုရင်တော့ မသေခင် အမေကပဲ ဒုက္ခသုက္ခ ခံရမှာပေါ့။ သူလည်း ပြန်မလာ၊ အမေလည်း သေသွားရင်တော့ ဒီကလေးတွေကို တခြားသူတွေဆီမှာ ထားခဲ့ရတော့မှာပဲ” ဟု ဒေါ်မြငွေက ဝမ်းနည်းစွာ ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.