စစ်မျက်နှာပြင်များစွာနဲ့ လုံးပမ်းနေရတဲ့ စစ်တပ်ဟာ တပ်အင်အားလိုအပ်မှုကို ဖြေရှင်းဖို့ ပြည်သူ့စစ်မှုထမ်းစနစ်အပြင် လူငယ်ပညာရေးကျောင်း ဖွင့်ပြီး အမြဲတမ်းတပ်သားသစ် ရှာဖွေဖို့ ပြင်ဆင်လာပါတယ်။ လူငယ်တွေကို ကျောင်းဆက်တက်ခွင့်နဲ့အတူ လစဥ် လစာမက်လုံးပေးတဲ့ တပ်ချုပ်သစ်ရဲ့ စစ်သားစုဆောင်းရေး ဗျုဟာသစ် အလုပ် ဖြစ်နိုင်ပါသလား။
မျိုးလွင်ဦး | ဖရွန်တီးယား
မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချစွာ တာဝန်လွှဲအပ်ပေးခြင်းခံခဲ့ရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းက အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ တပ်ချုပ်အဖြစ် တင်မြှောက်ခံရပြီး ပထမဆုံးအကြိမ်အဖြစ် ပြောကြားခဲ့တဲ့ အဲဒီမိန့်ခွန်းထဲမှာ တပ်သားသစ်စုဆောင်းခြင်းဆိုင်ရာ အရေးကြီးတဲ့ မဟာဗျူဟာအသစ်တစ်ခု ပါဝင်လာပါတယ်။
အဲဒါကတော့ လာမဲ့၂၀၂၆-၂၀၂၇ ပညာသင်နှစ်က စပြီး အရည်အချင်းရှိတဲ့ တပ်သားသစ်တွေ ရရှိလာစေဖို့ “တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်း” တွေကို စတင်ဖွင့်လှစ်မယ့် အကြောင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဥပဒေအရ အတင်းအကျပ် စုဆောင်းနေရတဲ့ နှစ်နှစ်သက်တမ်းရှိ ပြည်သူ့စစ်မှုထမ်းတွေနဲ့မတူဘဲ အမြဲတမ်းတပ်သားသစ်တွေကို ပုံမှန်နဲ့ ရေရှည် ရရှိလာစေဖို့ ဖြစ်ပါတယ်။
ဒီလို စီမံကိန်းမျိုး အကောင်အထည်ဖော်လာရတဲ့ နောက်ခံအကြောင်းရင်းက ဘာပါလဲ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA၊ TNLA နဲ့ AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ စစ်တပ်ဟာ အကြီးအကျယ် အထိနာခဲ့ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တွေအပါအဝင် စစ်စခန်းပေါင်းများစွာ သိမ်းပိုက်ခံရပြီး တပ်ဖွဲ့ဝင်အမြောက်အမြား သေကြေ၊ ဒဏ်ရာရ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၂၀ မမ လို အကြီးစားအမြှောက်တွေ အပါအဝင် လက်နက်ခဲယမ်းမျိုးစုံ ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် နယ်မြေအများအပြား ထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။
မြန်မာ့စစ်တပ်ရဲ့သမိုင်းမှာ မကြုံစဖူး ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့ အဲဒီအခြေအနေဟာ “စစ်တပ်မှာ လုံလောက်တဲ့ လူအင်အားမရှိတာနဲ့ နည်းပညာ ကင်းမဲ့နေတာကြောင့်” လို့ အငြိမ်းစား ခြေလျင်တပ်ရင်းမှူးတစ်ဦးက သုံးသပ်ပါတယ်။ ကလောမြို့က ခြေလျင်တပ်ရင်းတစ်ခုမှာ မိသားစုနဲ့ အတူနေထိုင်တဲ့ တပ်ကြပ်ကြီးဟောင်း တစ်ယောက်ကလည်း သူ့အဖေရဲ့တပ်ရင်းမှာ ရှေ့တန်းထွက်ရလွန်းလို့ အသက်ကြီးရင့်တဲ့ တပ်ဖွဲ့ဝင် လေး၊ ငါးယောက်လောက်ပဲ ကျန်ရစ်ပြီး၊ ကျန်တပ်သားတွေ အားလုံး ရခိုင်နဲ့ ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ တာဝန်ကျနေတာ နှစ်နဲ့ချီနေပြီလို့ ပြောပါတယ်။
လေတပ်ဗိုလ်မှူးဟောင်း တစ်ယောက်ကလည်း ထိုစဉ်က လေတပ်မှာ ကင်းထောက်လုပ်ငန်းပဲ လုပ်လို့ရတဲ့ ခေတ်မမီတော့တဲ့ ဒရုန်းအချို့လောက်ပဲ ရှိခဲ့တာလို့ ရှင်းပြပါတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ရန်သူ့ဘက်က သာလွန်အင်အားနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု နည်းပညာတွေ သုံးတာကြောင့် တပ်စခန်းတွေကို ဆုတ်ခွာပေးခဲ့ရတယ်လို့ အကြိမ်ကြိမ် ဝန်ခံခဲ့ရပါတယ်။
စစ်တပ်ထဲကို ကိုယ့်သဘောဆန္ဒအလျောက် တပ်သားသစ်အဖြစ် ဝင်ရောက်မှု အလွန့်အလွန် နည်းပါးနေခဲ့တာ ဆယ်စုနှစ်နဲ့ ချီနေပြီ ဖြစ်ပါတယ်။ အဲဒါကို ဖြေရှင်းဖို့ တပ်က ထွက်ခွင့်ရဖို့နဲ့ ခွင့်ပြန်ချင်တဲ့ တပ်ဖွဲ့ဝင်တွေကို “စစ်သားအသစ် ရှာပေးနိုင်ရင် ခွင့်ပြုမယ်” ဆိုတဲ့ စနစ်နဲ့ စည်းရုံးခိုင်းခဲ့ဖူးပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဒီလို ရွေးချယ်စရာ မရှိတော့တဲ့အဆုံးမှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ် အမြောက်အမြားကို အတင်းအကျပ် စုဆောင်းခဲ့ရတာ လို့ စစ်အရာရှိဟောင်းတွေက တညီတညွတ်တည်း ဆိုကြပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်မှာကတည်းက ပြဌာန်းခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာမှ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့တာပါ။ တပ်သားသစ်စုဆောင်းခေါ်ယူမှုတွေကို ၂၀၂၄ ခုနှစ် ဧပြီလမှာ စတင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကို အခြေခံတွက်ချက်ထားမှုအရ ၂၀၂၄ ခုနှစ်မှာ ၁၈ နှစ်အရွယ် အမျိုးသား ခန့်မှန်းခြေဦးရေ ၄၈၀,၀၀၀ ကျော်ရှိပါတယ်။ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ၁၈ နှစ်ကနေ ၃၅ အကြား အမျိုးသားစုစုပေါင်းက ရှစ်သန်းကျော် ရှိပါတယ်။ နှစ်စဉ် ၃၅ နှစ်ကျော်သွားမယ့် အမျိုးသားဦးရေ ၄၀၀,၀၀၀ ကျော် ရှိမှာဖြစ်သလို ၁၈ နှစ်ပြည့်လာမယ့် အရည်အတွက်ကလည်း နှစ်စဉ် ခန့်မှန်းခြေ ၄၀၀,၀၀၀ ကျော် ရှိနေမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေအတွက် ဒီအရေအတွက်ဟာ သူတို့ လိုအပ်နေတဲ့ ဖြည့်တင်းမယ့် တပ်သားသစ်ဦးရေထက် အများကြီး ကျော်လွန်တဲ့ပမာဏအဖြစ် မှတ်ယူကြပါတယ်။ ဒီလိုနဲ့ စစ်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့စစ်မှုထမ်းဦးရေ ၅ သောင်းဝန်းကျင် စုဆောင်းနိုင်ခဲ့တယ်လို့ မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ဒါပေမဲ့လည်း ပြည်သူ့စစ်မှုထမ်းတွေကို ရှေ့တန်းစစ်မျက်နှာတွေဆီ ပို့ဆောင်နေတာကြောင့် ပြည်သူတွေကြားထဲ ထိတ်လန့်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်ကာ လူငယ်တွေ နိုင်ငံပြင်ပကို အလုံးအရင်း ထွက်ခွာလာကြပါတယ်။ ဒီအချက်က နိုင်ငံရဲ့ လုပ်သားအရင်းအမြစ်ကို ပျက်စီးစေပြီး တိုင်းပြည်စီးပွားရေးကိုပါ ရိုက်ခတ်လာသလို၊ စစ်တပ်အတွက်လည်း နောက်ပိုင်းမှာ တပ်သားသစ်စုဆောင်းဖို့ ပိုမိုခက်ခဲလာစေပါတယ်။
တစ်ဖက်မှာလည်း စစ်မှုထမ်းသက်ပြည့်လို့ ဥပဒေအရ လစဉ် ထွက်ခွာမယ့်သူနဲ့ အသစ်ဝင်လာမယ့်သူ မျှခြေဖြစ်အောင် စစ်တပ်က ကြိုးစားနေပေမဲ့ အရေးကြီးတဲ့အချက်က အဲဒီတပ်သားတွေဟာ စစ်သားစစ်စစ်တွေ မဟုတ်ကြပါဘူး။ အမြဲတမ်းစစ်သား များများစားစား မရှိရင် စစ်တပ်ဟာ လုပ်သက် နှစ်နှစ်အောက် တပ်သားသစ်တွေနဲ့ပဲ စစ်တိုက်နေရမယ့်သဘော ဖြစ်နေလိမ့်မယ်လို့ အငြိမ်းစားတပ်ရင်းမှူးက ထောက်ပြပါတယ်။
ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပညာရေးကို မက်လုံးပေးပြီး အမြဲတမ်းစစ်သားအဖြစ် အသွင်ပြောင်းမယ့် အစီအစဉ်ကို ပွဲထုတ်လာရတာ ဖြစ်ပုံပေါ်ပါတယ်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ မိန့်ခွန်းထွက်လာပြီး မရှေးမနှောင်းမှာပဲ စစ်တပ်ပိုင် မြဝတီသတင်းစာကနေ အသစ်ဖွင့်မယ့် “တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်း” အတွက် စစ်သည်အစားခန့် “ပညာရေးနည်းပြ” တွေ ခေါ်ယူတဲ့ကြော်ငြာ ထွက်လာပါတယ်။ အသက် ၃၀ နှစ်အောက် ဘွဲ့ရတွေကို တပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ် ရာထူးတွေနဲ့ လစာ ၁၉၈,၀၀၀ ကနေ ၂၄၄,၀၀၀ အထိ ပေးပြီး နေပြည်တော်၊ ရန်ကုန် (ရဲမွန်)၊ မော်လမြိုင်၊ မြစ်ကြီးနား အပါအဝင် မြို့ကြီးတွေက ပညာရေးကျောင်း ၁၂ ကျောင်းမှာ ခန့်အပ်မယ်လို့ ဆိုပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ဆယ်တန်း၊ ဆယ့်တစ်တန်းနဲ့ ဆယ့်နှစ်တန်း သင်ကြားပေးမယ့် ပညာရေးအထက်တန်းကျောင်းတွေအတွက် ကိုးတန်း အောင်မြင်ထားတဲ့ ကျောင်းသားသစ်တွေကို စတင်ခေါ်ယူနေပါပြီ။ ကျောင်းတက်နေစဉ်အတွင်း တစ်လ ကျပ် ၄၃,၂၀၀ ကနေ ၅၇,၆၀၀ အထိ ထောက်ပံ့ကြေးပေးမယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ “လူငယ်တစ်ယောက်ဟာ စစ်တပ်ရဲ့ ထောက်ပံ့ကြေးကို ယူပြီး ကျောင်းတက်ချိန်ကစလို့ စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်သွားပြီ” ဆိုတဲ့ သဘောပါ။
ဆယ့်နှစ်တန်း အောင်မြင်ပြီး အရည်အချင်းပြည့်မီသူတွေဟာ တပ်မတော်ဆိုင်ရာ တက္ကသိုလ်တွေကို ဆက်တက်ခွင့်ရမှာဖြစ်ပြီး၊ သတ်မှတ်ချက်မပြည့်မီသူတွေကတော့ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်း၊ ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းတွေကို လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်လို့ ကျရှုံးခဲ့ရင် ဒါမှမဟုတ် အရည်အချင်း မပြည့်မီရင်တော့ သာမန်တပ်သားသစ်ဘဝနဲ့ တပ်ရင်းတပ်ဖွဲ့တွေထဲ ဝင်ကြရမယ့် သဘောပဲလို့ အရာရှိဟောင်းတွေက ရှင်းပြပါတယ်။
စစ်တပ်အနေနဲ့ အခုဖွင့်လှစ်မယ့် ကျောင်းတွေမှာ လူဘယ်လောက် လာတက်မလဲဆိုတာ မသေချာသေးသလို၊ အမြဲတမ်းတပ်သားသစ် ရရှိဖို့ လုပ်မယ့် စီမံကိန်း အောင်မြင်၊ မအောင်မြင် ပြောဖို့ စောပါသေးတယ်။ စစ်တပ်ကို ပြည်သူလူထုက စက်ဆုပ်ရွံရှာနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်လို့ ကိုယ့်သဘောဆန္ဒအလျောက် စစ်ထဲဝင်ဖို့ဆိုတာ အလွန်ခက်ခဲနေဦးမှာပါ။
မြန်မာစစ်တပ်ဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကို လိုသလို ထိန်းချုပ်ထားနိုင်လို့ စစ်စရိတ်ကို စိတ်ကြိုက် သုံးစွဲနေပြီး၊ လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရလာတဲ့ လူငယ်အချို့ကို သုံးပြီး ဒရုန်းတပ်ဖွဲ့လိုမျိုး ပြန်လည်ဖွဲ့စည်းကာ နည်းပညာကွာဟချက်ကို အချို့တစ်ဝက် ပြန်လည်ကာမိအောင် ကြိုးစားနေတာမျိုးတော့ ရှိပါတယ်။
ဒါပေမဲ့လည်း စစ်တပ်တစ်ခုအတွက် အဓိက အသက်သွေးကြောဖြစ်တဲ့ “အမြဲတမ်းတပ်ဖွဲ့ဝင်” အရေအတွက်ကိုတော့ တိုးပွားလာအောင် မလုပ်နိုင်သေးပါဘူး။ ပြည်သူလူထုကို လက်နက်အားကိုးနဲ့ ဖိနှိပ်နေသရွေ့တော့ အခမဲ့ပညာရေး မက်လုံးပေးလာစေကာမူ စစ်တပ်ထဲ မိမိသဘောနဲ့မိမိ ဝင်ရောက်မယ့်သူ ရှားပါးနေဦးမှာပဲ ဖြစ်ပါတယ်။
မျိုးလွင်ဦးသည် မြန်မာ့နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ကာလရှည်ကြာ အလေးထားစောင့် ကြည့်လေ့လာနေသော စာရေးဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။