၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြုလုပ်သည့် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများကို လုံခြုံရေး လိုက်ပါ စောင့်ရှောက်ပေးနေစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ဗိုလ်နဂါး တော်လှန်ရေးဘဝ အတက်မှသည်  အကျဘက်သို့

ယခုအပတ် Political Insider ကဏ္ဍတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်နဂါး လက်နက်ကိုင်တော်လှန်ရေး၏ အစောပိုင်းကာလ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပုံမှသည် ပြီးခဲ့သည့်လအတွင်း စစ်ကော်မရှင်ထံ ဘက်ပြောင်းခိုလှုံသွားသည့် ဖြစ်စဉ်အထိ ပြန်လည် စုစည်း ရေးသားသည်။

By MK နှင့် DOUGLAS LONG | ဖရွန်တီးယား

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်ထံ ဗိုလ်နဂါး ဘက်ပြောင်းမသွားမီ သီတင်းပတ်များအတွင်း သူ၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား တင်းမာမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်မှာ ထင်ရှားသည်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ BNRA ဌာနချုပ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း BNRA က ဇန်နဝါရီလ ၈ ရက်နေ့တွင် စွပ်စွဲသည်။ ထိုသို့ တိုက်ခိုက်လာပါက BNRA အနေဖြင့် “NUG က BNRA ကို ရန်သူအဖြစ် အတိအလင်း သတ်မှတ်ကြေညာခြင်း ဟု မှတ်ယူကာ အဆုံးစွန်အထိ အင်အားအပြည့်ဖြင့် လက်တုံ့ပြန်သွားမည်” ဟု ထုတ်ပြန်ခဲ့သည်။ 

NUG က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း နောက်တစ်နေ့တွင် ဒေသခံများထံမှ ငွေကြေးကောက်ခံသည်ဟု ဆိုကာ ပုလဲမြို့နယ်ရှိ BNRA စစ်ဆေးရေးဂိတ် ၄ ခုကို PDF များက ဝင်ရောက်စီးနင်းလိုက်သည်။ တစ်ပတ် အကြာတွင် BNRA ကလည်း PDF စစ်ဆေးရေးဂိတ်တစ်ခုကို ပြန်လည်စီးနင်း၍ လက်တုံ့ပြန်တိုက်ခိုက်သည်။ NUG တပ်ဖွဲ့ဝင်များက “တရားမဝင်” ဂိတ်ဖွင့်၍ အခွန်ကောက်ခံနေသည်ဟု ဒေသခံများက တိုင်ကြားခြင်းကြောင့် ယခုကဲ့သို့ စီးနင်းရခြင်းဖြစ်ကြောင်း ဗိုလ်နဂါးက တူညီသောအကြောင်းပြချက်ကို ပေးခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် BNRA ရဲဘော်နှစ်ဦးသည် ယခင်က ဗိုလ်နဂါးလက်အောက်တွင် တာဝန်ထမ်းဆောင်ဖူးသည့် NUG လက်အောက်ခံ PDF တစ်ဦးထံ သွားရောက်၍ ၎င်းအား ပေးထားသော သေနတ်ကို ပြန်ပေးရန် အမိန့်ပေးသည်။ BNRA ၏ ပြောကြားချက်အရ ထိုရဲဘော်သည် သေနတ်ပြန်မအပ်ဘဲ စတင်ပစ်ခတ်သဖြင့် ၎င်းကို ပြန်လည်ပစ်ခတ်ကာ သုတ်သင်ရှင်းလင်းခဲ့ရသည်ဟု ဆိုသည်။

ထိုဖြစ်စဉ်ကြောင့် NUG ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားခဲ့ရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့များသည် ပုလဲမြို့နယ်ရှိ BNRA စခန်း ၃ ခုကို စီးနင်းတိုက်ခိုက်သည်။ NUG က ဗိုလ်နဂါးကို ဖမ်းဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း BNRA ဘက်က ခုခံသည့်အခါ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ BNRA အဖွဲ့ဝင်အချို့ အဖမ်းခံခဲ့ရပြီး ဗိုလ်နဂါးအပါအဝင် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။ မိမိတို့အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း BNRA က ဆိုသည်။

ထိုတိုက်ခိုက်မှုမှာ တုန်လှုပ်စရာဖြစ်သည် ဆိုသော်ငြားလည်း ပိုမိုကြီးမားသော သတင်းဆိုးကြီးတစ်ခုမှာ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သည့်နှယ် နောက်တစ်နေ့တွင် ဆက်၍ ထွက်ပေါ်လာသည်။ ၎င်းမှာ ဗိုလ်နဂါးသည် ၎င်း၏မိသားစုဝင်များနှင့် နောက်လိုက်အနည်းငယ်ကို ခေါ်ဆောင်ကာ စစ်ကော်မရှင်ထံ အညံ့ခံလိုက်ပြီး စစ်တပ်က ၎င်းတို့ကို ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားသည့် သတင်းဖြစ်သည်။ 

နေလင်း (ခ) ဗိုလ်နဂါးသည် ပုလဲမြို့နယ်ရှိ စစ်စခန်းတစ်ခုနှင့် ဆက်သွယ်ကာ “ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည်” ဟု စစ်ကော်မရှင်က ချက်ချင်းပင် သတင်းထုတ်ပြန်သည်။ ဗိုလ်နဂါးသည် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်လိုတော့ဘဲ စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်၍ အလင်းဝင်လာခြင်း ဖြစ်သည်ဟု စစ်ကော်မရှင်ပိုင်မီဒီယာများက ကြွားကြွားဝင့်ဝင့် သတင်းဖော်ပြခဲ့ကြသည်။

NUG ဘက်ကမူ ဗိုလ်နဂါးနှင့် BNRA တို့ ကျူးလွန်ခဲ့သည်ဆိုသော ပြစ်မှုများ၏ စာရင်းကို ထုတ်ပြန်ကြေညာသည်။ NUG ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ ၎င်းတို့၏ ပြစ်မှုများတွင် အမျိုးသမီးတစ်ဦးကို ရန်ပြုစော်ကားသည်ဟု စွပ်စွဲ၍ လူတစ်ဦးကို သတ်ဖြတ်ခြင်း၊ ယင်းမာပင် PDF အဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခြင်း၊ PDF ရဲဘော် ၁၀ ဦးကို ရိုက်နှက်ခြင်းနှင့် အသက်မပြည့်သေးသော မိန်းကလေးငယ်နှစ်ဦးကို မုဒိမ်းကျင့်ခြင်းတို့ ပါဝင်သည်။ ကျူးလွန်သူများကို လွှဲပြောင်းပေးရန် NUG ၏ အမိန့်ကို BNRA က ငြင်းဆန်ခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။ 

ထို့ပြင် BNRA သည် ခရီးသွားများထံမှ ငွေညှစ်ရန် တရားမဝင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားကြောင်းနှင့် ဗိုလ်နဂါးသည် ဘက်မပြောင်းမီ စစ်ကော်မရှင်ထံ ထောက်လှမ်းရေးသတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည့် ခိုင်လုံသော အထောက်အထား ၎င်းတို့တွင် ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ လက်နက်ကိုင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဗိုလ်နဂါးအတွက်မူ ဤဖြစ်ရပ်မှာ ဇောက်ထိုးမိုးမျှော် ဒလိမ့်ခေါက်ကွေး ကျရှုံးမှုပင် ဖြစ်သည်။ အချို့က သူ့ကို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပင် နှိုင်းယှဉ်ကာ “ဒုတိယ အောင်ဆန်း” ဟု တင်စားခေါ်ဆိုခဲ့ကြဖူးသည်။

နောက်ခံသမိုင်းကြောင်း

ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် မွေးဖွားကြီးပြင်းခဲ့သော ဗိုလ်နဂါးသည် မွေးချင်း ခြောက်ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်ဟု သူ၏ညီ ဖြစ်သူ ဂျပန်နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကတည်းက နေထိုင်လျက်ရှိသော ကိုရန်နိုင်ထွန်းက ဆိုသည်။ အသက် ၂၀ ကျော်အရွယ်တွင် ဗိုလ်နဂါးသည် ထိုင်းနှင့် တရုတ်နယ်စပ်တို့၌ အလုပ်ကြမ်းသမားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် တရုတ်စက်ရုံတစ်ခုတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်သည်။ 

ပုလဲသို့ ပြန်ရောက်သောအခါ NGO တစ်ခုတွင် အလုပ်ဝင်လုပ်ပြီး ငွေကြေး စုဆောင်း၍ တောင်သူအလုပ်ကို လုပ်ကိုင်ခဲ့သည်။ သူ၏ ညီမများမှာမူ အလှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်နှင့် အဝတ်အထည်ဆိုင်များ ဖွင့်၍ အသက်မွေးကြသည်။အာဏာသိမ်းမှုအပြီး ဗိုလ်နဂါးသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကာ နောက်ပိုင်းတွင် လက်နက်ကိုင် တော်လှန်ရေးထဲသို့ ဝင်ရောက်လာသည်။ 

“အိမ်မှာပဲနေရင် တော်လှန်ရေးမှာ မပါဝင်နိုင်ဘူးဆိုတာ သိလိုက်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဆုံးဖြတ်ပြီး ကျောပိုးအိတ် တစ်လုံး၊ ဓားတစ်လက်နဲ့ အိမ်ကနေ တစ်ကိုယ်တည်း အပြီး ထွက်ချလာခဲ့တာ” ဟု သူက ၂၀၂၂ ခုနှစ် အင်တာဗျူးတစ်ခုတွင် ဖြေကြားသည်။ တော်လှန်ရေး၌ သူ၏ပါဝင်မှုကို သူ့မိသားစုက သဘောမတူကြောင်း ဗိုလ်နဂါးက ဆိုသည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် သူသည် ပုလဲမြို့နယ် PDF ကို စတင်တည်ထောင်သည်။ လူအင်အားနှင့် လက်နက်ခဲယမ်း အကန့်အသတ်ရှိသော်လည်း ရရှိနိုင်သည့် လက်နက်များဖြင့် စစ်ကော်မရှင်ကို တိုက်ခိုက်ခဲ့သည်။ 

“ကျနော်တို့ အသက်နဲ့ရင်းပြီး အောင်ပွဲရယူကာ လက်တွေ့ပြသနိုင်ခဲ့တဲ့နောက်မှာတော့ လက်နက်ကိုင်ဖို့ ဆန္ဒရှိသူတွေ ပိုပြီး ပူးပေါင်းလာကြတယ်၊ တိုက်ပွဲတွေမှာ ပါဝင်လာကြသလို ကျနော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးလာကြတယ်” ဟု ၎င်းက ပြောခဲ့သည်။

တစ်ဖက်တွင်လည်း လူမှုကွန်ရက်မီဒီယာကို ကျွမ်းကျင်စွာ အသုံးချကာ ဖေ့စ်ဘွတ်ပေါ်တွင် လွှင့်တင်သော ၎င်းတို့အဖွဲ့၏ တိုက်ပွဲဗီဒီယိုများ၊ တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် တော်လှန်ရေးအကြောင်း ၎င်း၏ ဟောပြောချက်များကြောင့် ဗိုလ်နဂါးမှာ နာမည်ကျော်ကြားလာသည်။ ထိုသို့ လူမှုကွန်ရက်ပို့စ်များကြောင့် နောက်လိုက်ဝန်းရံသူအမြောက်အမြား ရရှိခဲ့ပြီး ဗိုလ်နဂါးသည် လက်နက်ကိုင်တော်လှန်ရေး၏ ထင်ရှားကျော်ကြားသော ခေါင်းဆောင်တစ်ဦးအဖြစ် အခိုင်အမာ ရပ်တည်လာနိုင်ခဲ့သည်။ 

“၂၀၂၁ ခုနှစ်တုန်းက လူတွေဟာ တော်လှန်ရေးခေါင်းဆောင် အများကြီးရဲ့ ဟောပြောတာကို ကြားနေရတဲ့အနက် ဗိုလ်နဂါးရဲ့ ပြောဆိုပုံကို သဘောကျနှစ်ခြိုက်ခဲ့ကြတယ်”ဟု မြန်မာ့ပဋိပက္ခနှင့် လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သော သုတေသီတစ်ဦးဖြစ်သူ ဒေ့ဗ်စကော့မက်သီဆန်က Political Insider သို့ ပြောသည်။ “သူက အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သလို သာမန်ပြည်သူတွေနဲ့ ဒေသခံတွေရဲ့ ရင်ကို ထိအောင် နည်းမျိုးနဲ့ ပြောတတ်ဆိုတတ်တယ်။ ခန့်ညားထည်ဝါတဲ့ လေကြီးလေကျယ်တွေကိုလည်း သူက ရှောင်ရှားခဲ့ပါတယ်” ဟု ဆိုသည်။

တော်လှန်ရေး အစောပိုင်းကာလများ၌ စစ်ကော်မရှင်တပ်များမှာ စစ်ကိုင်းဒေသတွင် တိုက်ပွဲ အတွေ့အကြုံ များစွာ မရှိကြသေးကြောင်း စစ်တပ်မှ ဘက်ပြောင်းလာသူ ဗိုလ်ကြီးဇင်ယော်က Political Insider သို့ ပြောသည်။ 

“သူတို့မှာ မီးသတ်သမားလို ပြည်သူ့ရဲလို လူတွေပဲရှိတာပေါ့။ အဲ့ဒီအခြေအနေမျိုးမှာ ဗိုလ်နဂါးက စပြီး စံနမူနာပြ လက်နက်စွဲကိုင် တော်လှန်လိုက်တော့ လူထုက အကုန် သူ့နောက်လိုက်လာကြတယ်။ မြန်မာလူထုဟာ ရဲရင့်မှုကို အားကျလေးစားတတ်ပြီး ဗိုလ်နဂါးက ရှေ့ဆုံးကနေ သတ္တိရှိရှိ စလုပ်ပြခဲ့လို့ လူသိများလာတာပေါ့” ဟု ၎င်းက ဆိုသည်။ 

မက်သီဆန်က ဆက်လက်၍ “သူဟာ ‘ဗိုလ်နဂါး’ ဆိုတဲ့ တော်လှန်ရေးအမည်နဲ့အတူ ‘ဗိုလ်’ဆိုတဲ့ ခေါင်းဆောင်အမည်ကို ခံယူခဲ့တယ်။ စစ်ရေးကျွမ်းကျင်မှုရှိကြောင်းလည်း အချိန်တိုအတွင်း သက်သေပြနိုင်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကာလမှာ ဒါဟာ လူအတော်များများကို ဆွဲဆောင်နိုင်ခဲ့သလို အစောပိုင်းမှာ သူရရှိခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေကလည်း တော်လှန်ရေးရဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ ပါတယ်” ဟု ပြောသည်။

NUG နှင့် ပူးပေါင်းခြင်း

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဗိုလ်နဂါးသည် NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ ဝင်ရောက်ပြီး သူ၏တပ်ကို “မြန်မာ့တော်ဝင်နဂါးတပ်တော်” (MRDA) အဖြစ် ပြန်လည်ဖွဲ့စည်းသည်။ MRDA ၏ တပ်ဖွဲ့များကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း (၃)၊ (၄)၊ (၅) နှင့် (၆) အဖြစ် သတ်မှတ်ပေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ရန်ပုံငွေနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးမည်ဟု ကတိပြုသည်။

သို့သော် ဗိုလ်နဂါးနှင့် NUG ၏ ပျားရည်ဆမ်းကာလမှာ တာရှည်မခံခဲ့ပေ။ ၂၀၂၂ ခုနှစ် မေလတွင် ရန်ပုံငွေ တိတိပပ မရရှိခြင်းအပေါ် NUG ကို ဗိုလ်နဂါးက ဖေ့စ်ဘွတ်မှတစ်ဆင့် လူသိရှင်ကြား ဝေဖန် တိုက်ခိုက်လိုက်သည်။ 

“NUG အနေနဲ့ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရတာ ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ PDF တွေကို ထောက်ပံ့ကူညီတဲ့နေရာမှာ အခုထက်ပိုကောင်းတဲ့ စနစ်တစ်ခု ရှိလာလိမ့်မယ်လို့ မျှော်လင့်မိတယ်” ဟု ၎င်းက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖရွန်တီးယားသို့ ပြောခဲ့ဖူးသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း အင်တာဗျူးတစ်ခုတွင် MRDA အနေဖြင့် “ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင် လက်ထဲမှ တိုင်းပြည်ကို ကယ်တင်ရန် အပြည့်အဝ သန္နိဋ္ဌာန်ချထားကြောင်း” ဗိုလ်နဂါးက ပြောကြားခဲ့သော်လည်း “တော်လှန်ရေးအဖွဲ့တိုင်းအတွက် လက်နက်ခဲယမ်း လိုအပ်ကြောင်း” ကိုလည်း သူက ထပ်လောင်း၍ အလေးအနက် တောင်းဆိုခဲ့သည်။

“အရင်က ကျနော်တို့မှာ အမဲလိုက် တူမီးသေနတ်တွေပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ ပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ အော်တိုမက်တစ် ရိုင်ဖယ်တွေကို ဝယ်ယူနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ “[NUG က] ကျနော်တို့ကို ထောက်ပံ့ပေးမယ်လို့ ပြောထားတယ်။ အခုထိလည်း ထောက်ပံ့ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေ တုန်းပါပဲ… ကျနော်တို့ဟာ NUG မဖွဲ့စည်းခင်ကတည်းက တော်လှန်ရေးကို စတင်ဆင်နွှဲနေခဲ့တဲ့ သူတွေပါ။ NUG ကို ကျနော်တို့ရဲ့အစိုးရအဖြစ် သတ်မှတ်ပြီး ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အစောပိုင်းကာလ ကြီးမားသည့် ပြည်တွင်းစစ်နောက်ခံပိတ်ကားကြီးတွင် ဤပြဿနာကို အသေးအဖွဲသာ ဖြစ်သည်ဟု ရှုမြင်ခဲ့ကြပြီး ဗိုလ်နဂါး၏ ကျော်ကြားမှုမှာလည်း တရိပ်ရိပ် ဆက်၍ မြင့်တက်လာသည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ပြုလုပ်ခဲ့သော စစ်အစိုးရဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများဆိုင်ရာ ဆန်းစစ်ချက်တစ်ခုတွင် “အခြားသော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်မတူဘဲ ဗိုလ်နဂါးသည် ယနေ့အချိန်အထိ နာမည်ကောင်းရရှိထားသူဖြစ်သည်” ဟု မှတ်ချက်ပြုထားသည်။

ထိုဆန်းစစ်ချက်တွင် နိုင်ငံရေးခံယူချက်မရှိသလို နောက်ဆုံးအန္တိမပန်းတိုင်ပျောက်ဆုံးနေသော အဖွဲ့အစည်းများသည် လက်နက်အားကိုးပြီး ပြည်သူ့ထံက ဆက်ကြေးကောက်ကာ လူထုကို ဒုက္ခပေးမည့် ဓားပြအဖွဲ့များအဖြစ်သာ အဆုံးသတ်သွားနိုင်သည်ဟု သုံးသပ်ဖော်ပြသည်။ သို့သော် အဆိုပါဆန်းစစ်ချက်၌ ဗိုလ်နဂါးသည် “ထိုကဲ့သို့ သော လက်နက်ကိုင်ခေါင်းဆောင်မျိုး မဟုတ်ပါ”ဟု အကောင်းမြင်စိတ်ဖြင့် ကောက်ချက်ပေးထားပြန်သည်။

သို့သော်လည်း စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ MRDA နှင့် NUG ကြားရှိ အက်ကြောင်းမှာ ပိုမိုကြီးထွားလာသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် MRDA တပ်ဖွဲ့ဝင်များ၏ မုဒိမ်းမှုနှင့် သတ်ဖြတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ကိုဇော်ထက်နှင့် ဗိုလ်နဂါးတို့ ဖေ့စ်ဘွတ် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် နာရီပေါင်းများစွာ အချေအတင် စကားများခဲ့ကြသည်။ 

MRDA တပ်ဖွဲ့ဝင်များက မုဒိမ်းမှုကျူးလွန်ကြောင်းနှင့် တော်လှန်ရေး ရဲဘော်အချင်းချင်း သတ်ဖြတ်ကြောင်း စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ အချင်းများခြင်း ဖြစ်သည်။ ထိုစွပ်စွဲချက်များနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထား တင်ပြနိုင်ခြင်း မရှိဘဲ ဗိုလ်နဂါးကလည်း ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

၂၀၂၃ ခုနှစ် အစောပိုင်းတွင် MRDA တပ်ဖွဲ့ဝင်များက PDF အဖွဲ့ဝင်များကို ရိုက်နှက်ခြင်း၊ စစ်မေးစဉ်အတွင်း အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် NUG လက်အောက်ခံ ပအဖများ၏ ခွင့်ပြုချက်မရဘဲ စစ်ဆေးရေးဂိတ်များဖွင့်ကာ အခွန်ကောက်ခံခြင်းများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များ ထပ်မံပေါ်ထွက်လာသည်။ 

တစ်ဖက်တွင်လည်း ဗိုလ်နဂါးသည် NUG ထံမှ ရန်ပုံငွေ မရရှိခြင်းအပေါ် ဆက်တိုက် ဝေဖန်ပြောဆိုနေခဲ့သည်။ သို့သော် NUG အတွက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည့် နာမည်ကျော် ဆယ်လီ အိပန်ဆယ်လိုကမူ BNRA သည် ၎င်းတို့ပြောဆိုနေသည်ထက် ပိုမိုများပြားသော ရန်ပုံငွေပမာဏကို လက်ခံရရှိခဲ့ပြီးဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ပြောဆိုသည်။

NUG က MRDA သို့ ငွေကျပ်သိန်း ၃,၀၀၀ ကျော်နှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့ကြောင်း အသေးစိတ်စာရင်းတစ်ခု ထုတ်ပြန်ခဲ့သော်လည်း ဗိုလ်နဂါးကမူ အဆိုပါ ထောက်ပံ့မှုများကို မရရှိကြောင်း ဆက်တိုက်ငြင်းဆိုနေခဲ့သည်။ 

ရန်ပုံငွေကိစ္စ အငြင်းပွားမှုများ ဖြစ်ပွားနေစဉ်အတွင်း NUG က MRDA တပ်ရင်းများသည် ၎င်းတို့၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ တသီးတခြားရပ်တည်ဆောင်ရွက်နေသည်ဟုဆိုကာ ၎င်း၏ကွပ်ကဲမှုအောက်မှ ထုတ်ပယ်ပစ်လိုက်သည်။ သို့သော်လည်း ယင်းမာပင်ခရိုင်အတွင်းရှိ တပ်ရင်း ၄ ရင်းစလုံးမှာ MRDA မှ နှုတ်ထွက်ပြီး MOD ၏ လက်အောက်တွင်သာ ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဗိုလ်နဂါးမှာမူ လက်လျှော့ခြင်းမရှိဘဲ MRDA ကို ဖျက်သိမ်းကာ လမ်းကြောင်းသစ်တစ်ခုကို ဖောက်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းကြောင်း ကြေညာသည်။

ထိုသို့ အမည်ပေးရခြင်းမှာ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ တန်းတူညီမျှရေးနှင့် လွတ်လပ်မှုရှိရေးတို့အတွက် တိုက်ပွဲဝင်နေကြသည့် အခြားသော တိုင်းရင်းသားလူမျိုးစုများ၏ ကြိုးပမ်းအားထုတ်မှုတွင် ဗမာလူမျိုးစု ကိုယ်စားပြု အဖွဲ့အစည်းတစ်ခုအနေဖြင့် ပူးပေါင်းပါဝင်ခြင်းအားဖြင့် သမိုင်းကြွေးကိုပြန်ဆပ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်လာခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရက္ခိုင့်တပ်တော် (AA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ရည်ညွှန်းခြင်းဖြစ်သည်။

လတ်တလော အကွဲအပြဲများကို ကြည့်လျှင် အနည်းငယ် ရှုပ်ထွေးဖွယ်ရှိသော်လည်း BNRA ၏ ရည်မှန်းချက်တစ်ခုမှာ သီးခြားအဖွဲ့အစည်းတည်ထောင်ရန်မဟုတ်ဘဲ NUG ၏ လက်အောက်တွင် အလုပ်လုပ်ရန်နှင့် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ရန် ဖြစ်သည်ဟု ဗိုလ်နဂါးက ဆိုသည်။ 

ထို့ပြင် “အကြောင်းအမျိုးမျိုးကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ မပူးပေါင်းနိုင်သည့် အဖွဲ့အစည်းများကို စုစည်းကာ စစ်ရေးစွမ်းရည်နှင့် နိုင်ငံရေးနိုးကြားမှုတို့ကို စနစ်တကျ တည်ဆောက်ပြီး [NUG ၏ ကွပ်ကဲမှုစနစ်] အတိုင်း လိုက်နာ ဆောင်ရွက်မည့် ဗမာတော်လှန်ရေးတပ်မတော်တစ်ခု ဖြစ်လာစေရန်” ရည်မှန်းကြောင်းလည်း အခိုင်အမာ ပြောကြားထားခဲ့သည်။

ကျရှုံးမှု၏ နိဒါန်း

BNRA ဖွဲ့စည်းပြီးနောက်ပိုင်း အချိန် တစ်နှစ်ကျော် ကြာသည်အထိ ဗိုလ်နဂါးသည် စစ်ကိုင်း စစ်မျက်နှာပြင်၌ တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး စစ်ကော်မရှင်ကို တိုက်ခိုက်သည့် တိုက်ပွဲများတွင် ထိရောက်စွာ မပါဝင်တော့ကြောင်း ဝေဖန်သံများပင် ထွက်ပေါ်လာသည်။ 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းတွင် BNRA အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ရန် လူအများက တိုက်တွန်းလျက်ရှိကြောင်း ဗိုလ်နဂါးက လူမှုကွန်ရက်တွင် ရေးသားသည်။ ၎င်းက ဝေဖန်သူများကို “ခင်ဗျားတို့ကကော စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ အခုအချိန်ထိ ဘာတွေများ အောင်မြင်အောင် လုပ်ဆောင်ပြီးခဲ့ကြပြီလဲ”ဟု ဒေါသတကြီး ပြန်လည်တုံ့ပြန်ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ ၎င်းသည် စစ်ရေးဗျူဟာအရ မေးခွန်းထုတ်စရာဖြစ်သော်လည်း ပိုမိုပြတ်သားသော တုံ့ပြန်မှုတစ်ခုအနေဖြင့် NUG နှင့် မဟာမိတ်မဟုတ်သည့် Generation Z Youth Army နှင့် ရေစကြိုတောင်ပိုင်း PDF ပူးပေါင်းတပ်ဖွဲ့တို့ဖြင့် ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်သည်။ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်း ၂၅ ဦးနှင့် လက်နက်ခဲယမ်းများကို ရရှိခဲ့သော်လည်း စစ်တပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှုများနှင့် စစ်ကူများ လေကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့မှုတို့ကြောင့် နိုဝင်ဘာလ ၁၄ ရက်တွင် ပုလဲမြို့မှ ပြန်လည်ဆုတ်ခွာပေးလိုက်ရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း Political Insider က သတင်းဖော်ပြခဲ့သည့်အတိုင်း ပုလဲမြို့နယ် ပအဖ မှ ကိုဇော်ထက်ကမူ BNRA သည် ထိုစီးနင်းတိုက်ခိုက်မှုမပြုလုပ်မီ ၎င်းတို့အဖွဲ့နှင့် ပုလဲရှိ အခြားသော NUG ဆက်နွှယ်သည့် အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားသည်။ 

“ကျနော်တို့က သေနတ်သံကြားမှပဲ တိုက်ပွဲဖြစ်နေပြီဆိုတာ သိလိုက်ရတာ”ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲကြောင့် လယ်သမားများအပါအဝင် ဒေသခံ ၁၅,၀၀၀ ခန့် စပါးစိုက်ရာသီအတွင်း မိမိတို့ အိုးအိမ် လယ်ယာမြေများကို စွန့်ခွာ ထွက်ပြေးကြရသည်။ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ကလည်း ကျေးရွာရှိ ဒါဇင်နှင့်ချီသည့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုတိုက်ပွဲသည် NUG အဖွဲ့အစည်းများနှင့် ကြိုတင် ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ မိမိသဘောဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်ငြားလည်း နေရပ်စွန့်ခွာပြည်သူများကို အကူအညီပေးရေးနှင့် စစ်ကော်မရှင်တပ်များကို ခုခံတိုက်ခိုက်ရေးတို့၌ ပုလဲ ပအဖ အဖွဲ့များက ဗိုလ်နဂါးကို ဝိုင်းဝန်း ကူညီခဲ့ကြသည်။

ပုလဲတိုက်ပွဲမှ ရရှိသည့် “အဓိကသင်ခန်းစာ” မှာ အောင်မြင်မှုကို တစ်ကိုယ်တော်သီးသန့်လှုပ်ရှားမှုဖြင့် မဆွတ်ခူးနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ရယူနိုင်မည့် အချက်ဖြစ်သည်ဟု ကိုဇော်ထက်က ပြောသည်။ ထို့ပြင် BNRA သည် စနစ်တကျ အစီအစဉ်ရေးဆွဲထားခြင်းမရှိဘဲ တိုက်ချင်ရုံသက်သက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

သို့သော် ဗိုလ်နဂါးကမူ ၎င်း၏တပ်ဖွဲ့များသည် အဆိုပါတိုက်ခိုက်မှုအတွက် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ရကြောင်း အခိုင်အမာဆိုခဲ့ပြီး အရပ်သားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းမှာ စစ်ပွဲ၏ ရှောင်လွှဲမရသော အကျိုးဆက်သာဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်ကြောင့် မည်သည့် “ဘေးထွက်ဆိုးကျိုးများ”ပေါ်ထွက်လာစေကာမူ မိမိအဖွဲ့အစည်းအနေဖြင့် “အတွေ့အကြုံရရှိရန်”အတွက်သာ ထိုစစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း မိမိလုပ်ရပ်ကို ၎င်းက ကာကွယ်ပြောဆိုသည်။

အထူးသဖြင့် ဗိုလ်နဂါးသည် NUG ထံမှ အကူအညီများ မရရှိတော့သည့်နောက်ပိုင်းတွင် အလှူရှင်များ၏ ထောက်ပံ့မှုကို ဆက်လက်ရရှိရန် ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ မအောင်မြင်သော ပုလဲမြို့တိုက်ပွဲအပြီး တစ်လအကြာတွင် BNRA ၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ဖော်ပြချက်အရ အဆိုပါတိုက်ခိုက်မှုသည် ပြည်သူများ၏ လှူဒါန်းငွေများကို တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုခဲ့ကြောင်း ပြသသည့် “သက်သေတစ်ခု” ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ နေထိုင်နေသည့် အသက် ၃၆ နှစ်အရွယ် ပုလဲမြို့သား ကိုရန်ပိုင်စိုးကမူ ဗိုလ်နဂါးသည် ကျဆင်းလာနေသည့် လူထုထောက်ခံမှုကို ပြန်လည်ရရှိရန်အတွက် မြို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း Political Insider သို့ ပြောဆိုသည်။

“သူ့အပေါ် လူထုထောက်ခံမှု ကျဆင်းလာတာကြောင့် အခြေအနေကို သူ့ဘက်ပါအောင် သူက အလှည့်အပြောင်း တစ်ခု လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မြို့တစ်မြို့ကို သိမ်းပိုက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စဖြင့် မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပုလဲမြို့တိုက်ပွဲ အရေးနိမ့်ပြီးနောက် BNRA သည် လူသူမသိဘဲ လုံးဝနီးပါး မထင်မရှား မှေးမှိန်သွားသည်။ ပြီးခဲ့သည့် တစ်နှစ်ပတ်လုံးတွင် အဆိုပါအဖွဲ့သည် စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၌ စစ်ကော်မရှင်တပ်များနှင့် အသေးစား ထိတွေ့တိုက်ပွဲတစ်ခုသာ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကျရှုံးခန်းနှင့် နောက်ဆက်တွဲများ

ပုလဲတိုက်ပွဲ၌ မရှုမလှ အရေးနိမ့်ခဲ့သည့် အချိုးအကွေ့မျိုးအတိုင်းပင် ပြီးခဲ့သည့်လက ဗိုလ်နဂါး၏ ဘက်ပြောင်းမှု နောက်ဆက်တွဲ ဂယက်များမှာ ရုတ်ချည်း လျင်မြန်စွာ ဖြစ်ထွန်းလာသည်။ 

ဗိုလ်နဂါးဘက်ပြောင်းပြီး နာရီပိုင်းအတွင်းမှာပင် စစ်ကော်မရှင်သည် ပုလဲမြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများ စခန်းချရာနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို စစ်အင်အားတိုးချဲ့မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သဖြင့် အရပ်သား သေဆုံးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနှင့် နေအိမ်ပျက်စီးမှုများ ပိုမိုများပြားလာသည်။

ဗိုလ်နဂါးသည် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ တည်နေရာ အတော် များများကို သိရှိထားသဖြင့် “တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို အထူးဂရုပြုကြရန်” ကိုဇော်ထက်က သတိပေးခဲ့သည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဘက်မပြောင်းဘဲ ကျန်ရစ်သည့် BNRA အဖွဲ့ဝင်များကို PDF တပ်ရင်းများသို့ ပူးပေါင်းရန် ဖိတ်ခေါ်နေချိန်တွင် စစ်ကော်မရှင်ကမူ “ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ” အနေဖြင့် နီးစပ်ရာ တပ်စခန်း၊ သို့မဟုတ် ရဲစခန်းများသို့ အမြန်ဆုံး ဆက်သွယ်ကြရန် တိုက်တွန်းခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဒုတိယအဆင့် ခေါင်းဆောင်အပါအဝင် ဗိုလ်နဂါးအဖွဲ့မှ နောက်ထပ်အဖွဲ့ဝင် ၅ ဦးသည် ပုလဲမြို့ရှိ စစ်စခန်းတစ်ခုတွင် စစ်ကော်မရှင်ထံ အညံ့ခံခဲ့ကြောင်း စစ်တပ်ပိုင်မီဒီယာများက သတင်း ဖော်ပြကြသည်။

NUG ဘက်ကမူ BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်ကို ထိန်းသိမ်းထားကြောင်း ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၈) တပ်ရင်းမှူးက ထိန်းသိမ်းထားသည့် BNRA အဖွဲ့ဝင် ၇၀ ခန့်ကို ၎င်း၏တပ်ရင်းက ဖမ်းဆီးထားမည်မဟုတ်ကြောင်း ၎င်းကိုယ်တိုင် ပြောကြားသည့် ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့် ခဲ့သည်။ ၎င်းက “မစိုးရိမ်ကြပါနဲ့၊ ခဏနေရင် ခင်ဗျားတို့ အိမ်ပြန်ရမှာပါ” ဟု ပြောကြားသည်။

ထို့ပြင် ယင်းမာပင်ခရိုင် PDF သည် ဗိုလ်နဂါး၏ညီမဖြစ်သူ မဝါဝါခိုင်ကို “တော်လှန်ရေးနှင့် သက်ဆိုင် သော ပစ္စည်းများ” နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ပုလဲမြို့တွင် ထိန်းသိမ်းလိုက်သည်။ သူကို ပြန်လွှတ်ပေးရန် မိသားစု၏ တောင်းဆိုချက်ကို PDF ဘက်က မတ်လ ၁၈ ရက်နေ့အထိ ငြင်းဆိုထားဆဲဖြစ်သည်။ ဗိုလ်နဂါးနှင့် မဝါဝါခိုင်တို့၏ အငယ်ဖြစ်သော ကိုရန်နိုင်ထွန်းက ၎င်း၏အစ်မမှာ ဗိုလ်နဂါး၏ လုပ်ရပ်များနှင့် ပတ်သက်မှု မရှိကြောင်း ဖေ့စ်ဘွတ်ပေါ်တွင် အသနားခံစာ ရေးသားခဲ့သည်။ 

“ကျနော်အပါအဝင် ကျနော်တို့မိသားစုဝင် အားလုံးဟာ ဗိုလ်နဂါးရဲ့ စစ်ကော်မရှင်ထံ လက်နက်ချတဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ထိုအတောအတွင်း မတ်လ ၄ ရက်နေ့က ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာကို စစ်ကော်မရှင်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် သက်ကြီးရွယ်အို အမျိုးသားနှင့် အမျိုးသမီးတို့ သေဆုံးကာ နေအိမ် အနည်းဆုံး ၁၀ လုံး ပျက်စီးခဲ့သည်။ ထို့အတူ မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မရိုးတုန်းကျေးရွာကို စက်တပ်လေထီးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

BNRA အပေါ် NUG ၏ ကိုင်တွယ်ချဉ်းကပ်ပုံနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ ဗိုလ်နဂါးသည် စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်သည့် တော်လှန်ရေးလမ်းကြောင်းပေါ်မှ သွေဖည်သွားခဲ့ပြီဖြစ်ကြောင်း အများစုက သဘောတူကြသည်။ 

BNRA နှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသည့် မကွေးတိုင်း၊ ရေစကြိုတောင် PDF တပ်ရင်းမှူး ဗိုလ်အောင်မောင်းက “တော်လှန်ရေးသမားတိုင်းဟာ ရိုးသားဖို့ လိုအပ်ပါတယ်”ဟု Political Insider သို့ ပြောသည်။

“ဗိုလ်နဂါးသာ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ရှိခဲ့မယ်ဆိုရင် ဒီလိုပြဿနာတွေ ပေါ်ပေါက်လာမှာ မဟုတ်ဘူး”ဟု ဆိုကာ ခေါင်းဆောင်ဖြစ်သူ၏ ဘက်ပြောင်းသွားမှုကြောင့် BNRA ၏ အနာဂတ်မှာ မသေချာ မရေရာ ဖြစ်သွားရကြောင်း ဖြည့်စွက်ပြောဆိုသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် BNRA အနေဖြင့် အစကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့လျှင် အခြေအနေမှာ ယခုကဲ့သို့ တင်းမာလာခဲ့မည်မဟုတ်ကြောင်း ပြောသည်။

“စုံစမ်းစစ်ဆေးနေတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်နွှယ်နေတဲ့ BNRA အဖွဲ့ဝင်တချို့ကိုတော့ အခုထိ ထိန်းသိမ်းစစ်ဆေးနေ ဆဲဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်လို့ ဆက်လက်အရေးယူသွားမှာပါ။ ဖြစ်စဉ်တွေနဲ့ မသက်ဆိုင်တဲ့ BNRA အဖွဲ့ဝင်တွေကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဗိုလ်နဂါးသည် “ရန်သူ့စစ်တပ်” ထံသို့ ထောက်လှမ်းရေးသတင်းများ ပေးပို့နေခဲ့ကြောင်း NUG ဘက်မှ စွပ်စွဲထားပြီး ထိုစွပ်စွဲချက်များအတွက် “ခိုင်လုံသော အထောက်အထားများ” ရှိသည်ဟုလည်း ထုတ်ဖော် ပြောကြားထားသည်။

စစ်ကော်မရှင်ပိုင်မီဒီယာများတွင် ဖော်ပြထားသော ဓာတ်ပုံများ၌ ဗိုလ်နဂါးသည် သူ၏ စစ်ဝတ်စုံကို ဆက်လက် ဝတ်ဆင်ထားပြီး ခါးတွင်လည်း ပစ္စတိုသေနတ်ကို ချိတ်ဆွဲလျက် စစ်ကော်မရှင်ထံ လက်နက်များ အပ်နှံနေသည်ကို တွေ့ရသည်။ ထိုဓာတ်ပုံများသည် တော်လှန်ရေးခေါင်းဆောင်ဟောင်း ဗိုလ်နဂါးတစ်ယောက် စစ်တပ်နှင့် လုံးဝပူးပေါင်းသွားပြီ ဟူသည့် ယူဆချက်များကို ပိုမိုခိုင်မာစေခဲ့သည်။

မက်သီဆန်က “သူ့ရဲ့ ပစ္စတိုသေနတ်နဲ့ ပတ်သက်ပြီး မှန်းဆချက်တွေ အများကြီး ထွက်နေတယ်။ အချို့က ဒါဟာ ပျူစောထီး ဒါမှမဟုတ် စစ်ကောင်စီလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ တစ်ခုခုထဲကို သူ ကူးပြောင်းတော့မယ့် သာဓကလို့ ယူဆကြတယ်။ ကျနော်အနေနဲ့တော့ ဘာသက်သေအထောက်အထားမှ မတွေ့ရသေးဘူး။ သူတို့ အခုလောလောဆယ် ညှိနှိုင်းနေကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

နောက်ထပ်ပေါ်ထွက်နေသည့် မေးခွန်းမှာ အခြားသော တော်လှန်ရေးအင်အားစုများတွင်လည်း အလွန် အကျွံ အခွန်ကောက်ခံမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားကျုးလွန်မှု၊ လူသတ်မှုနှင့် ပြစ်မှုကျူးလွန်မှုဆိုင်ရာ စွပ်စွဲချက်များ ရှိနေပါလျက်နှင့် NUG က အဘယ်ကြောင့် BNRA ကိုမှ သီးသန့်ပစ်မှတ်ထား အရေးယူရသနည်းဟူသော မေးခွန်းဖြစ်သည်။

“ဗိုလ်နဂါးက တခြားသူတွေထက် ပိုဆိုးနေလို့လား။ သူ ကျူးလွန်တယ်ဆိုတဲ့ ပြစ်မှုတွေ ဒါမှမဟုတ် BNRA ရဲ့ ပြစ်မှုတွေက တခြားအဖွဲ့တွေထက် ဘယ်လောက်တောင် ပိုဆိုးနေသလဲဆိုတာ သိဖို့ခက်ပါတယ်။..“မတရား အခွန်ကောက်ခံတာမျိုးကတော့ အဖွဲ့တိုင်းလိုလို လုပ်နေကြတာပါပဲ။ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူသတ်မှု စွပ်စွဲချက်တွေကတော့ အင်မတန် ကြီးလေးတဲ့ကိစ္စတွေ ဖြစ်ပေမယ့် ပုလဲမြို့နယ် တစ်ခုတည်းမှာပဲ ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး” ဟု မက်သီဆန်က ဆိုသည်။

မက်သီဆန်က တစ်ဖက်တွင် NUG အနေဖြင့် ဗိုလ်နဂါးကို ထိန်းကျောင်းရန် အခြေခံကျကျကြိုးပမ်းသည့် လုပ်ရပ်တစ်ခုဟု ဆိုနိုင်သော်လည်း အခြားတစ်ဖက်တွင် ဗိုလ်နဂါး၏ NUG အပေါ် လူသိရှင်ကြား ဝေဖန်တိုက်ခိုက်မှုများကို စင်ပြိုင်အစိုးရဘက်က ပုဂ္ဂိုလ်ရေးအငြိုးအတေးထား၍ ဖြေရှင်းမှုတစ်ခုအဖြစ် ၎င်း၏ ကျရှုံးမှုဆီ တွန်းပို့ပေးခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ အထက်ပါ အကြောင်းရင်း နှစ်ရပ်စလုံး ပေါင်းစပ်ပါဝင်ခြင်းက ပို၍ ဖြစ်နိုင်ခြေရှိနေသည်။

“ကျနော် ထင်တာကတော့ NUG ဘက်က ‘ငါတို့ကို ဘာလုပ်ရမယ်ဆိုပြီး ပြောရအောင် ဒီတောသားက ဘာကောင်မို့လို့လဲ’ ဆိုတဲ့ သဘောမျိုးရှိတယ်။ ဗိုလ်နဂါးရဲ့ သဘောထားကျပြန်တော့ ‘ငါတို့က တကယ် တိုက်နေတာကွ၊ လက်တွေ့ ဒုက္ခရောက်နေတာ ငါတို့ဒေသခံတွေပဲ၊ မင်းတို့ကတော့ နိုင်ငံခြားမှာ အေးအေး ဆေးဆေး နေနေကြတာ’ ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒီ ဗိုလ်နဂါးရဲ့ သဘောထားက လူအတော်များများရဲ့ စိတ်မှာ ပဲ့တင်ထပ်နေပြီး သူဘက်ပြောင်းသွားတဲ့အခါ ခံစားချက်ဒဏ်ရာက ပိုပြီး ပြင်းထန်သွားခဲ့ရတယ်။ ဗိုလ်နဂါးဟာ ရော်ဘင်ဟုလို သူရဲကောင်းဘဝကနေ သစ္စာဖောက်ပုဆိန်ရိုး ဖြစ်သွားခဲ့ရပါပြီ။ မြန်မာ့နိုင်ငံရေး ရေချိန် စံညွှန်းတွေအရတော့ ဒါဟာ လုံးဝခွင့်မလွှတ်နိုင်တဲ့ ကိစ္စမျိုးပဲ ဖြစ်ပါတယ်” ဟု မက်သီဆန်က ပြောသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.