“လူပြည်မှာ မနေချင်လောက်အောင်ကို အခက်အခဲတွေ ကြုံရတာ၊ ကြာလာတော့ သေသွားတဲ့သူတွေကမှ အေးတာပဲဆိုပြီး သေတဲ့လူတွေနောက်သာ လိုက်သွားချင်တော့တယ် ဆိုတဲ့ အတွေးတွေချည်းပါပဲ။”
“ဒါက တစ်ပူပေါ် နှစ်ပူဆင့်ရုံတင်မကဘဲ၊ နှစ်ပူ သုံးပူလောက်ကို ဆင့်သွားတဲ့ အခက်အခဲဒုက္ခမျိုးလို့ ပြောလို့ရပါတယ်။ ရေကျသွားပြီဟေ့၊ ကိုယ့်အိမ်ကိုယ် ပြန်လို့ရပြီဟေ့ ဆိုတာမျိုးက ရွာတိုင်းအတွက် မဖြစ်နိုင်တော့ဘူးလေ။”
ပြီးခဲ့တဲ့ ဩဂုတ်လက အထက်မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်အာဏာပိုင်တွေက သဖန်းဆိပ်ဆည်ကနေ ကြိုတင်အသိမပေးဘဲ ရေလွှတ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရေဘေးဒဏ် သင့်ခဲ့ရပြန်ပါတယ်။
ဒီတစ်ပတ်မှာတော့ ရေဘေးကြုံပြီးနောက် အညာမြေက တောထဲနဲ့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေရဲ့ ရုန်းကန်နေရတဲ့ ဘ၀တွေအကြောင်းကို တင်ဆက်ပေးမှာပါ။