၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဆိုးလ်မြို့ရှိ ပလတ်စတစ်ဆာဂျရီဆေးရုံတစ်ခု၌ နှာခေါင်းနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူပြီးနောက် လူနာတစ်ဦးက သူ၏ ရုပ်သွင်ကို ပြန်လည်စစ်ဆေးနေစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

“ပြီးပြည့်စုံတဲ့အလှ” ၏ နောက်ကွယ်တွင် 

အလှအပရေးရာ ခွဲစိတ်ခြင်းကို အမှန်တကယ် မတတ်ကျွမ်းတဲ့ သမားအတုအယောင်တွေရဲ့ လက်တည့်စမ်း ခွဲစိတ်မှုတွေကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရေရှည်ဆိုးကျိုးတွေ ခံစားနေကြရတဲ့ အမျိုးသမီးတွေက ရင်ဖွင့်အသိပေးပြီး၊ ဒီလို အတုအယောင် အလှအပဆေးခန်းတွေနဲ့ လက်တည့်စမ်း ခွဲစိတ်ကုသနေသူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ တောင်းဆိုနေပါတယ်။

ဖရွန်တီးယား

၂၀၂၂ ခုနှစ်တုန်းက မချောတစ်ယောက် ရန်ကုန်မြို့က UH လို့ အမည်ပေးထားသော အလှအပခွဲစိတ် ကုသမှုကျောင်းရဲ့ ကြော်ငြာတစ်ခုကို Tik Tok မှာ တွေ့ခဲ့ရပါတယ်။ အဲဒီကျောင်းရဲ့ဝန်ဆောင်မှုတွေထဲမှာ မျက်ခွံခွဲစိတ်တာ၊ နှာခေါင်းနှင့် နှုတ်ခမ်း Filler ထိုးတာနဲ့ ဆီလီကွန်ထည့်ပေးတာတွေ ပါဝင်ပါတယ်။

“သဘာဝကို လွန်ဆန်တာမဟုတ်ပါဘူး။ ချောင်နေတဲ့မျက်ကွင်းတွေ smile line တွေကို ဖြည့်ချင်တဲ့ စိတ်တစ်ခုနဲ့ ခုလိုလုပ်မိတာပါ” လို့ အသက် ၄၀ ကျော်အရွယ် ရန်ကုန်မြို့ခံ မချော (အမည်လွှဲ) က ဖရွန်တီးယားကို ပြောပါတယ်။ 

သူက၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ UH မှာ အဲဒီအလှအပရေးရာ ကုသမှုတွေကို သွားရောက်ခံယူခဲ့ပါတယ်။ ကုန်ကျစရိတ်ကလည်း ကျပ် ၃ သိန်းခန့်သာရှိပြီး တခြားသော နာမည်ရပြီးသား ဆေးခန်းတွေမှာ ကျသင့်မယ့် ကျပ် ၁၅ သိန်းဝန်းကျင်နဲ့ စာရင် အလွန်သက်သာနေတဲ့ဈေးနှုန်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ ရလဒ်ကတော့ မျှော်လင့်ထားခဲ့တဲ့ ရလဒ်နဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။ သူ့တစ်သက်လုံးအတွက် သေရာပါ ဖြစ်မယ့် သူ့ရဲ့မျက်နှာ ပျက်စီးသွားခဲ့ရတဲ့အပြင် အလှအပရေးရာ ခွဲစိတ်မှု နောက်ဆက်တွဲဆိုးကျိုးတွေထဲက တခုဖြစ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ ပြင်းထန်ကျောက်ကပ်ရောဂါကိုလည်း ခံစားနေရပါတယ်။ 

“ဘဝက ခေါင်းပါ ဖြုတ်လဲရတော့မယ့်ဘဝ ရောက်နေတာ။ အလုပ်တွေလည်း လုပ်လို့မရတော့ဘူး” လို့ မချောက ပြောပါတယ်။ သူ့အနေနဲ့ UH မှာ အလှအပရေးရာ ကုသမှုမခံယူမီတုန်းက ဘာရောဂါဝေဒနာကိုမှ ခံစားခဲ့ဖူးတာ မရှိဘူးလို့လည်း ဆက်ပြောပါတယ်။ 

“အခုဆိုရင် နေ့တိုင်းကို ကျောက်ကပ်ဆေးနဲ့ အရောင်ကျဆေးတွေ သောက်နေရတယ်။ ဒါက နာတာရှည် ရောဂါ ဖြစ်သွားပြီဆိုတော့ တစ်သက်လုံး ဒီဆေးတွေသောက်နေရတော့မှာ” လို့ သူက ဆိုပါတယ်။ 

အဲဒီလို ကျောက်ကပ်ဝေဒနာခံစားခဲ့ရမှုကြောင့် မချောက ၂၀၂၃ ခုနှစ်မှာ UH ရဲ့ ပိုင်ရှင်ဖြစ်သူ ဦးဟန်ကို တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုခံရပြီးနောက် ဦးဟန်နဲ့ သူရဲ့ဇနီး ဖြစ်သူတို့ အဲဒီကျောင်းကို ပိတ်သိမ်းလိုက်ပြီး အခုဆိုရင် သူတို့နှစ်ဦး ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။ 

ဦးဟန် အပါအဝင် UH က အလှအပရေးရာကုသပေးသူတွေဟာ စနစ်တကျ သင်ကြားလေ့ကျင်ထားသူတွေ မဟုတ်ဘဲ အတွေ့အကြုံမရှိသူတွေ ဆိုတာကို မချောက နောက်မှ ပြန်သိခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီသင်တန်းကျောင်းရဲ့ သတ်မှတ်စံချိန်စံညွှန်းတွေ မမီတဲ့ ကုသမှုတွေကြောင့် နောက်ထပ်ဖောက်သည်အမျိုးသမီး ၁၀ ဦးထက် မနည်းလည်း ထိခိုက်နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။  

ဒါပေမဲ့ နစ်နာသူအများစုဟာ အရှက်ရမှာကို စိုးရိမ်တာကြောင့် ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြတယ်လို့ မချောက ဖရွန်တီးယားကို ပြောပြပါတယ်။ 

“ကျမအကောင့်မှာ ကျမမျက်နှာအခြေအနေနဲ့ ပို့စ်တွေ စတင်ပြီးရှဲတော့ လှချင်တာကိုး ခံပေါ့ဆိုပြီး အစက ဝိုင်းဆဲကြတယ်” လို့ သူက ဆိုပါတယ်။

နောက်ပိုင်းမှာ သူ့ရဲ့ နာကျင်ခံစားနေရတဲ့ နာတာရှည်ကျန်းမာရေး အခြေအနေတွေကို ရင်ဖွင့်ပြီးတဲ့အခါမှာတော့ ကိုယ်ချင်းစာပြီး နားလည်ပေးသူတွေ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ 

အလှအပအပေါ် အစွဲအလမ်း 

မြန်မာနိုင်ငံမှာ အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုတွေဟာ အရှိန်အဟုန်ဖြင့် ခေတ်စားလာနေပြီး အဲဒီလိုဖြစ်လာရခြင်းမှာ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook၊ TikTok နှင့် Instagram တို့ရဲ့ အခန်းကဏ္ဍကြောင့်လည်း အများကြီးသက်ဆိုင်ပါတယ်။ 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ အလှအပရေးရာ ရေတိုသင်တန်းတွေအတွက် “မပြုပြင်မီနဲ့ ပြုပြင်ပြီး” ကြော်ငြာတွေဟာ အလျှံပယ်ကို ဖြစ်လို့နေပါတယ်။ တစ်ဖက်မှာလည်း လူသိများပြီး ထင်ပေါ်ကျော်ကြားသူတွေနဲ့ သရုပ်ဆောင်မင်းသမီးတွေဟာ ပိန်သွယ်တဲ့ ကိုယ်ခန္ဓာနဲ့ တောင်ကိုရီးယားစတိုင် အလှအပရေးရာစံနှုန်းတွေကို ရှေ့တန်းတင်ပြီး မြှင့်တင်ပေးနေကြပါတယ်။

သူတို့ ကြော်ငြာပေးနေကြတဲ့ အလှအပရေးရာ ခွဲစိတ်ပြုပြင်ကုသမှု အများစုမှာ ကျင့်ဝတ် လိုက်နာခြင်းမရှိဘဲ အရည်အချင်း မပြည့်မီသူတွေက လုပ်ကိုင်နေကြတာကို တွေ့ရှိရပြီး ဆိုးရွားလှတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အဲဒီ အလှအပရေးရာခွဲစိတ်ခြင်းသင်ကြားရေး ပုဂ္ဂလိကလုပ်ငန်းအများစုဟာ ဆေးပညာကို စနစ်တကျ သင်ကြားထားခြင်း မရှိဘဲ တစ်ရက်သင်တန်း သို့မဟုတ် ရက်တိုသင်တန်းတွေ သင်ကြားပေးကြတာ ဖြစ်ပါတယ် လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှာ သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာ ပတ်စကာက ဖရွန်တီးယားကို ပြောပါတယ်။ 

သင်တန်းကျောင်းတွေဟာ ရန်ကုန်၊ မန္တလေးလို  မြို့ကြီးတွေသာမက ရှမ်းပြည်နယ်က မူဆယ်၊ ကရင်ပြည်နယ်က မြဝတီလို နယ်စပ်မြို့တွေမှာပါ အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး Facebook၊ Tik Tok နဲ့ အခြားသော လူမှုကွန်ရက်စာမျက်နှာတွေမှာ သူတိုရဲ့ သင်တန်းတွေကို ကြော်ငြာလေ့ရှိကြပါတယ်။ 

“ဆရာဝန်မဟုတ်တဲ့သူတွေက ဒီလို အလှအပရေးရာသင်တန်းဆိုတာတွေကို သင်ပေးနေကြတာပါ” ဟု သူက ပြောပါတယ်။  

“သူတို့က သုံးရက်သင်တန်း ဒါမှမဟုတ် ဘယ်သူမဆို တက်ရောက်နိုင်တဲ့ Filler ထိုးနည်းသင်တန်း ဆိုပြီး ကြော်ငြာကြတယ်။ နယ်ဘက်တွေက လူတွေက ကိုယ်ပိုင်ဆိုင် ဖွင့်ချင်တဲ့ မျှော်လင့်ချက်နဲ့ ဒီသင်တန်းတွေကို လာတက်ကြတယ်။ ဒါပေမဲ့ သူတို့မှာ စနစ်တကျ ဆေးပညာဗဟုသုတနဲ့ ကျွမ်းကျင်မှု မရှိတဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်” လို့ CDM ဒေါက်တာ ပတ်စကာက ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကြီးကြပ်ဖွင့်လှစ်ပေးနေတဲ့ လေ့ကျင့်ရေးသင်တန်းတွေကို တက်ရောက် အောင်မြင်ထားတဲ့ ကျွမ်းကျင်သူတွေကိုသာ တရားဝင်အသိအမှတ်ပြုခံရသူလို့ မှတ်ယူနိုင်ကြောင်း သူက ရှင်းပြပါတယ်။ 

“ကျန်းမာရေးဝန်ကြီးဌာနဟာ ဒီလို ပုဂ္ဂလိကသင်တန်းကျောင်းတွေ၊ သင်တန်းတွေ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းဆိုတာတွေက ပေးတဲ့ သင်တန်းတွေကို အသိအမှတ် မပြုပါဘူး။ ..ဒီအလှပြင်သင်တန်းကျောင်းတွေက ဝန်ထမ်းတွေဟာ သင်တန်းဆင်းထားတယ်ဆိုရင်တောင်မှ ဘယ်လို အခြေအနေမျိုးမှာမဆို လူနာတွေကို ကုသပေးတာ ဒါမှမဟုတ် ဆေးထိုးပေးတာမျိုးကို လုပ်ဆောင်ခွင့် မရှိပါဘူး” လို့ သူက  ဆိုပါတယ်။

တကယ်လို့ သင်တန်းဆင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူလို့ ခေါ်ဆိုသူတွေက လူနာတွေကို ကုသပေးခြင်း သို့မဟုတ် အလှပြင်ပညာရှင်များကြောင့် ထိခိုက်ဒဏ်ရာရရှိတာမျိုး ဖြစ်ပွားခဲ့ပါက ၎င်းတို့ကို ရာဇဝတ် ကြောင်းအရ တရားစွဲဆိုခြင်း၊ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခြင်း ခံရမှာဖြစ်တယ်လို့ ဒေါက်တာပတ်စကာက ပြောပါတယ်။ 

“Aesthetic သည် အထူးပြုဆရာဝန်များသာ တရားဝန်ကုသရတဲ့ ပညာရပ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကုသမှု မှားယွင်းပြီး နစ်နာပါကလူနာများမှ တရားဝင်တိုင်ကြားနိုင်ပြီး ကျန်းမာရေးဌာနဲ့ တရားရုံးကို ဦးတိုက်တရားဆွဲလို့ ရပါတယ်” လို့ သူက ဆိုပါတယ်။ 

အလှအပရေးရာ ခွဲစိတ်မှုတွေမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးတစ်ခုမှာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ဖြစ်ခြင်း ဟု ဒေါက်တာပတ်စကာက ရှင်းပြပါတယ်။ ဒါဟာ ဆေးဘက်ဆိုင်ရာ အဆင့်မီပစ္စည်းတွေကို အသုံးမပြုဘဲ စက်မှုလုပ်ငန်းသုံး ဆီလီကွန်တွေ သို့မဟုတ် အရည်အသွေးနိမ့်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ ဖြစ်ပွားတတ်တာ ဖြစ်ပါတယ်။  

အဲဒီလို ဖြစ်ပွားစဥ်မှာ ကိုယ်ခန္ဓာ သွေးအတွင်းသို့ စီးဝင်လာသော အဆိပ်အတောက် အညစ်အကြေးတွေ ကို ဖယ်ရှားဖို့ ကျောက်ကပ်က အလွန်အလုပ်လုပ်ရတာကြောင့် ကျောက်ကပ်ဆဲလ်တွေ ပျက်စီးခြင်းကို ဖြစ်ပေါ်စေတာဖြစ်တယ် လို့ သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် မျက်နှာ ပျက်စီးသွားပြီးနောက် ဖြစ်ပေါ်လာသော နာကျင်မှုဝေဒနာနဲ့ ရောင်ရမ်းမှုတွေကို လျှော့ချဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံသောက်သုံးခြင်းကလည်း ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက် ပျက်စီးစေနိုင်တယ်လို့ သူက ဆိုပါတယ်။ 

မချောရဲ့ ကျောက်ကပ်ဝေဒနာဟာ နောက်ဆုံးအချက်ဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်သုံးမိခြင်းကြောင့် ဖြစ်ရတာလို့ ဓာတ်ခွဲခန်း စစ်ဆေးချက်အရ သိရပါတယ်။

“ဓာတ်ခွဲခန်း စစ်ဆေးချက်တွေအရ ကျမရဲ့ ကျောက်ကပ် ပျက်စီးထိခိုက်သွားတာဟာ ခွဲစိတ်ပြုပြင်ပြီးနောက် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးခဲ့လို့ ဖြစ်ရတာလို့ ပြနေပါတယ်” လို့ သူက ဆိုပါတယ်။

“အခုလောလောဆယ်တော့ ကျောက်ကပ်ဆေးရမယ့် အဆင့်အထိတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ တစ်လ၊ တစ်လကို ဆေးဖိုးက သိန်းနဲ့ချီပြီး အရမ်းများနေပြီ၊ အခုထိလည်း ဆေးကုသမှု ခံယူနေရတုန်းပါပဲ” လို့ သူက ပြောပါတယ်။ 

ပဲခူးမြို့က အသက် ၃၀ ကျော်အရွယ် မလင်းလင်းကလည်း အလှအပရေးရာခွဲစိတ်ပြုပြင်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို အမျိုးသမီးငယ်တွေ သတိပြုနိုင်ရန်အတွက် သူရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာပေါ် တင်ပြီး သတိပေးခဲ့ပါတယ်။ 

သူ့ရဲ့ ရင်သားအတွင်းကို Filler ထိုးနှံခဲ့ပြီးနောက် ဖျားနာခြင်းနဲ့ ရင်သားအတွင်း မာကျောတဲ့အခဲလုံးတွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အကြိမ်ကြိမ်အခါအခါ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ ရှင်းပြပါတယ်။ သူက ဆေးခန်းအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ အခြားသူတွေအနေဖြင့် ဘေးကင်းပြီး နာမည်ကောင်းရှိတဲ့ ဝန်ဆောင်မှုပေးသူတွေကိုသာ ရှာဖွေကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။ 

“အခုခေတ်မှာ လူတိုင်းလုပ်နေကြတာဆိုတော့ ကျမလည်း မျက်နှာနဲ့ နှုတ်ခမ်းတွေကို Filler ထိုးခဲ့တယ်။ အဲဒီ နောက်မှာ ရင်သားကိုပါ ထပ်ပြီး ထိုးခဲ့မိတာပါ” လို့ မလင်းလင်းက အမည်လွှဲကို အသုံးပြုကာ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

“ဒီလို ခွဲစိတ်ပြုပြင်တာတွေက စွဲလမ်းစေသလားလို့တောင် ကျမ စဉ်းစားမိလာတယ်။ မျက်နှာကို သွယ်အောင်လုပ်ပြီး နှုတ်ခမ်းကို ဖူးအောင် လုပ်ပြီးသွားတာနဲ့ နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတဲ့ အတွေးမျိုး ဆက်မတွေးဘဲ မနေနိုင်အောင် ဖြစ်ရတယ်” ဟု သူက ပြောပါတယ်။ 

မိမိစိတ်ကို ထိန်းချုပ်ခြင်း 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြားမှာ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကိုယ် ပျော်ရွှင်ဖွယ်ရာ စိတ်ထွက်ပေါက်အဖြစ် ခံစားရစေတဲ့ နည်းလမ်းအနည်းငယ်ထဲမှ တစ်ခုက အလှအပရေးရာပြုပြင် ပြောင်းလဲမှုလုပ်တာဖြစ်တယ်လို့ ရန်ကုန်မြို့က စိတ်ပညာပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးဖြစ်သူ မသီရိက ပြောပါတယ်။ သူက လုံခြုံရေးကြောင့် အမည်မှန် အသုံးမပြုဖို့ ဖရွန်တီးယားကို တောင်းဆိုခဲ့ပါတယ်။

“အာဏာသိမ်းပြီးကတည်းက အမျိုးသမီးတော်တော်များများဟာ မရေရာမှုတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်နေကြရတာပါ။ အလုပ်လက်မဲ့ဖြစ်တာ၊ စိတ်ဒဏ်ရာရတာနဲ့ လုံခြုံမှုမရှိတာတွေကြားထဲမှာ အလှအပရေးရာ ကုသမှုတွေဟာ အမျိုးသမီးတွေအတွက် စိတ်ကျေနပ်မှု တစုံတခုကို ဖန်တီးယူလို့ရတဲ့ နည်းလမ်းတခု ဖြစ်လာပါတယ်” လို့ သူက ဖရွန်တီးယားကို ပြောပါတယ် 

အမျိုးသမီးတွေကို ‘ဒီထက် ပိုလှလာအောင်လုပ်ပါ၊ ဒီထက် ပိုပိန်အောင်နေပါ’ လို့ အမြဲတမ်း ဖိအားပေး ခံနေရတဲ့ လူ့အဖွဲ့အစည်းထဲမှာ လက်တွေ့မကျတဲ့ အလှအပ စံနှုန်းတွေကို ရရှိဖို့အတွက် …  ဆန္ဒ ရှိနေကြပါတယ်လို့ မသိရီက ဆက်လက်ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုတွေအပေါ်  လူကြိုက်များပြီး ပြုပြင်လိုသူတွေ များလာတာနဲ့အမျှ  တရားဥပဒေရေး စိုးမိုးမှု အားနည်းလွန်းတဲ့ မြန်မာပြည်မှာ အလှအပရေးရာ လုပ်ငန်းကဏ္ဍဟာ စည်းကမ်းမဲ့လာပြီး အန္တရာယ်များလာနေတယ်လို့ အရေပြားအထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာပပ(အမည်လွှဲ) က  ဖရွန်တီးယားကို ပြောပါတယ်။ 

“အလှပြင်ဆေးခန်းတွေရဲ့ ကြော်ငြာတွေမှာ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ မော်ဒယ်လ်တွေကို အသုံးပြုပြီး ပြီးပြည့်စုံတဲ့ရလဒ်တွေကိုပဲ အသားပေး ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမဲ့ ပိုးဝင်တာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်တာ ဒါမှမဟုတ် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး တွေကိုတော့ လျစ်လျူရှုနေကြတယ်” လို့ ဒေါက်တာပပက ဆက်ပြောပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အသက် ၂၇ နှစ်အရွယ် မဇာခြည်ဦး တစ်ယောက် ရန်ကုန်မြို့က ဆေးခန်းတစ်ခုကို အဆီစုပ်ထုတ်ခြင်း ပြုလုပ်ဖို့ သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး နောက်တစ်ပတ်အကြာမှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက နေရာတစ်ခုမှာ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။ 

မဇာခြည်ဦးဟာ ခွဲစိတ်မှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့တာဖြစ်ပြီး ဆေးခန်းပိုင်ရှင်က အလောင်းကို စွန့်ပစ်ပြီး ဆေးခန်းကို ပိတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်နိုင်တယ်လို့ သူရဲ့ သူငယ်ချင်းဖြစ်သူတွေက သံသယရှိခဲ့ကြပါတယ်။

“Liposuction (အဆီစုပ်ထုတ်ခြင်း) ဆိုတာ အရမ်းဝပြီး တော်ရုံ ဝိတ်ကျဖို့ ခက်တဲ့သူတွေလုပ်ကြတာ။ အများစုက အဆီထုတ်တယ်ဆိုတာကို ပေါ့ပေါ့လေးပဲ တွေးပြီး လိုက်လုပ်ကြတာ။ တချို့နိုင်ငံတကာက ဆေးခန်းတွေမှာတောင် အန္တရာယ်များလို့ တော်တော်နဲ့ မလုပ်ပေးကြဘူး” လို့ ဒေါက်တာ ပပက ဆိုပါတယ်။

တစ်ဖက်မှာလည်း အချို့ ဆေးခန်းတွေဟာ ဆေးဘက်ဆိုင်ရာ သင်တန်း ဆင်းထားခြင်း မရှိသူတွေက သင်ကြားပေးနေတဲ့ အန္တရာယ်များလွန်းတဲ့ ရက်တိုသင်တန်းတွေကို ဆက်လက် ကြော်ငြာနေကြဆဲ ဖြစ်ပါတယ်။ အဲ့ဒီ ဒါဇင်နဲ့ ချီတဲ့ သင်တန်းတွေကို Facebook နဲ့ TikTok တို့မှာ ၃ ရက်တာ ဘိုတောက်စ်သင်တန်း၊ မည်သူမဆို တက်ရောက်နိုင်သော အလှအပသင်တန်း  သို့မဟုတ် အလှအပရေးရာသင်တန်းများ အစရှိသော စကားလုံးတွေဖြင့် အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ 

“သာမန်အားဖြင့်တော့ Tik Tok လို ပလက်ဖောင်းတွေဟာ ဒီလို လွဲမှားစေတဲ့ ကြော်ငြာတွေ၊ ပစ္စည်းအတုတွေ ဒါမှမဟုတ် လိမ်လည်လှည့်ဖြားတဲ့ အရောင်းမြှင့်တင်မှုတွေကို ခွင့်မပြုပါဘူး။ ပြဿနာက သတ်မှတ်စည်းကမ်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းနေတာပါ။ ဒီပလက်ဖောင်းတွေဟာ များသောအားဖြင့် တစ်ယောက် ယောက်ကတိုင်ကြားတာ လုပ်ပြီးမှသာ အဲဒီအကြောင်းအရာကို စစ်ဆေးတာမျိုး လုပ်ကြပြီး၊ တိုင်ကြားခံရရင်တောင်မှ အရာအားလုံးကို ဖြုတ်ချပေးတာမျိုး မဟုတ်ပါဘူး” လို့ Access Now က ဒစ်ဂျစ်တယ် အခွင့်အရေးလှုပ်ရှားသူ မဝေဖြိုးမြင့်က ပြောပါတယ်။ 

အဲဒီအကြောင်းအရာတွေကို ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားလိုက်နိုင်တဲ့ အချိန်မှာတောင် အဲဒီအချက်အလက်တွေဟာ သုံးစွဲသူလူထုကြားထဲကို အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားနေခဲ့ပြီလို့  သူက ဆက်ပြောပါတယ်။ 

“အဲဒီအချိန်ရောက်ရင် ထိခိုက်နစ်နာမှုဟာ ငွေကြေးဆုံးရှုံးရုံတင်မကတော့ပါဘူး။ အသက်အန္တရာယ်ရှိတာ၊ အရေပြားပျက်စီးတာနဲ့ တခြားသော ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ရတာကို ကျမတို့ ခဏခဏ ကြားနေရပါပြီ” လို့ သူက ဆိုပါတယ်။

အဲဒီကြော်ငြာတွေဟာ လူမှုကွန်ရက်ပလက်ဖောင်းတွေအတွက် ဝင်ငွေရစေတာကြောင့် စည်းကမ်းချက်တွေ အကောင်အထည်ဖော်မှု အားနည်းနေတာဟာ အမြတ်အစွန်းကို ရှေးရှုနေလို့လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်လို့ မဝေဖြိုးမြင့်က ထောက်ပြဝေဖန်ပါတယ်။ 

“ဒီကဏ္ဍမှာ ပွင့်လင်းမြင်သာမှုတွေက အရမ်းကို အားနည်းပါတယ်။ တိကျသေချာတဲ့ ကန့်သတ်ချက်တွေသာ မရှိဘူးဆိုရင် ဒီပြဿနာတွေဟာ ဒီထက်မက ပိုပြီးတော့ ဆိုးရွားလာဖို့ပဲ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်က လူသိများ နာမည်ကြီးတဲ့သူတွေ ကြော်ငြာပေးနေတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို စားသုံးသူတွေအနေနဲ့  ပုံအပ်ယုံကြည်တာမျိုး မလုပ်သင့်ဘူးလို့ မဝေဖြိုးမြင့်က အကြံပေးပါတယ်။ 

“တချို့ Influencer တွေဟာ သူတို့ ကြော်ငြာပေးနေတဲ့ပစ္စည်းတွေ အကြောင်းကို သေချာ နားမလည်ကြတာမျိုး ရှိနိုင်ပါတယ်။ အဲဒီပစ္စည်းတွေကို အလကားရလို့ ဒါမှမဟုတ် သူတို့ရဲ့ နာမည်ကျော်ကြားမှုအတွက် အထောက်အကူ ဖြစ်လို့ ကြော်ငြာပေးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်ဟာက တာဝန်ယူမှုရှိတဲ့ ကြော်ငြာလဲ၊ ဘယ်ဟာက လွဲမှားစေတဲ့ ကြော်ငြာလဲဆိုတာကို ခွဲခြားသိမြင်ဖို့ လူတွေအတွက် အရမ်း အရေးကြီးပါတယ်” လို့ သူက ပြောပါတယ်။  

“တစ်ချိန်တည်းမှာပဲ ကျမတို့လို စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ဒီလိုအကြောင်းအရာတွေကို ဖယ်ရှားပေးဖို့ ပလက်ဖောင်းတွေကို ဆက်လက်ဖိအားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေကို စိစစ်ဖို့နဲ့ အန္တရာယ်ရှိတဲ့ကြော်ငြာတွေကို တိုင်ကြားကြဖို့ အများပြည်သူကို တိုက်တွန်းဖို့လည်း လိုအပ်ပါတယ်”လို့ သူက ပြောပါတယ်။ 

“အထူးသဖြင့် Tik Tok ဟာ အသုံးပြုသူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု အားနည်းတယ်။ သတင်းမှားတွေနဲ့ လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုချက်တွေအပေါ် တုံ့ပြန်တဲ့နေရာမှာလည်း TikTok ဟာ Facebook ထက် ပိုနှေးကွေးပြီး ပြန်လည်တုံ့ပြန်မှုဟာ အလွန်အားနည်းပါတယ်” လို့ မဝေဖြိုးမြင့်က ဆိုပါတယ်။ 

“TikTok အသုံးပြုသူ အရေအတွက် များပြားလာတာနဲ့အမျှ တင်ဆက်တဲ့အကြောင်းအရာ အမျိုးအစားနဲ့ ပမာဏဟာလည်း ပိုမိုများပြားလာပြီး အဲဒီဟာနဲ့အတူ ဖြစ်ပွားလာတဲ့ ပြဿနာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ပိုမိုဆိုးရွားလာနေပါတယ်” လို့ သူက ဆက်လက် ရှင်းပြပါတယ်။ 

“သာမာန် အလှအပရေးရာကုသမှုတွေ ပြုလုပ်နေစဉ်အတွင်း လူနာရဲ့မျက်နှာ ပျက်စီးတာ ဒါမှမဟုတ် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာမျိုး ရှိခဲ့ရင် တရားဝင်အသိအမှတ်ပြု ဆရာဝန်တစ်ဦးကိုတောင် တရားစွဲဆိုနိုင်ပါတယ်”လို့ ဒေါက်တာပတ်စကာက ပြောပါတယ်။ 

“ဒီလို တရားစွဲဆိုခြင်းကနေတစ်ဆင့် အဲဒီဆရာဝန်ရဲ့ ဆေးကုသခွင့်လိုင်စင် ရုပ်သိမ်းခံရတာမျိုးနဲ့ လူနာအတွက် နစ်နာကြေးရရှိတာမျိုး တွေအထိ ဖြစ်လာနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။ 

“အထူးသဖြင့် မြန်မာနိုင်ငံက လူတွေက မိမိ ရပိုင်ခွင့်အခွင့်အရေးကို မသိတာရယ်၊ ကာကွယ်ပေးတဲ့ အဖွဲ့အစည်း၊ ရှေ့နေ သတ်သတ်မှတ်မှတ် မရှိတာရယ် တရားဆွဲလို့ရမယ့် အကြောင်းအရာကို ဥပဒေကြောင်းအရ အသိပညာပေးတဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် နစ်နာနေတာ” လို့ သူက ဆက်ပြောပါတယ်။ 

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျန်းမာရေးစနစ် အားနည်းနေတဲ့ အခုလိုအချိန်မျိုးမှာ အလှအပရေးရာ ကုသမှုခံယူဖို့ စဉ်းစားနေသူ ဘယ်သူမဆို ကုသမှုနည်းလမ်း၊ အသုံးပြုမယ့် ဆေးဝါးတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာစွာ ရှာဖွေလေ့လာသင့်တယ်လို့ သူက အကြံပြုပါတယ်။  

မချောအတွက်ကတော့ အဲဒီလိုမျိုး ကြိုတင်စဉ်းစားဆင်ခြင်ဖို့ဆိုတာ အချိန်နှောင်းသွားခဲ့ပါပြီ။ သူ ခံစားနေရတဲ့ ထိခိုက်ပျက်စီးမှုတွေဟာ ပြန်လည်ကုစားလို့မရနိုင်တော့တဲ့ အခြေအနေမျိုးပါ။ ကျောက်ကပ်ရောဂါအတွက် ဆက်လက်ကုသမှု ခံယူနေရစဉ်အတွင်းမှာပဲ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ တခြားသူတွေကို ပညာပေးဖို့ပဲ ဖြစ်ပါတယ်။ 

“ကျမရဲ့ မျက်နှာကို ဖျက်ဆီးခဲ့တဲ့ အဲဒီလင်မယားနှစ်ယောက်ကို အဖမ်းခံရပါစေလို့ နေ့တိုင်း ဆုတောင်းနေတယ်။ ဒါမှသာ တခြားအမျိုးသမီးတွေအနေနဲ့ ကျမလို ကံကြမ္မာဆိုးမျိုးနဲ့ ထပ်မကြုံရမှာပါ” လို့ သူက ဆိုပါတယ်။

ခင်နှင်းဖြူစိုး ရေးသားသည်။ 


More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.