စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြားက တိုက်ပွဲများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တရုတ်ပိုင် ကြေးနီသတ္ထုတွင်းများရှိရာသို့ ရောက်ရှိပြင်းထန်လာခဲ့ရာ သတ္တုတွင်းများအနီး နေထိုင်သည့် ဒေသခံပြည်သူများသည် စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုကို တခြားဒေသများထက် ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။
ဖရွန်တီးယား
ဤသတင်းဆောင်းပါးကို Pulitzer Center ၏ ကူညီမှုဖြင့် ရေးသားသည်။
စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ တရုတ်ပိုင်ကြေးနီသတ္တုတွင်းများ တည်ရှိရာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ တောင်ဘက်က ကျေးရွာအချို့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၇ ရက်က စတင်ကာ ထိုးစစ်ဆင်ခဲ့သည်။
ယင်းထိုးစစ်ကြောင့် ကျေးရွာ ၁၅ ရွာက ထောင်နှင့်ချီသော ဒေသခံပြည်သူများ ထွက်ပြေးရှောင်တိမ်းခဲ့ရသည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသူတစ်ဦးက ဖရွန်တီးယားကို ပြောသည်။ သို့သော် အမျိုးသားအချို့က ကျွဲနွားတိရိစ္ဆာန်များနှင့် အိုးအိမ်ပိုင်ဆိုင်မှုများကို စောင့်ရှောက်ရန် ရွာတွင် ကျန်ရစ်ခဲ့ကြသည်။
ထိုးစစ် စတင်ပြီး ၂ ရက်အကြာတွင် စစ်တပ်သည် လက်ပံတောင်းတောင် သတ္တုတွင်းကို ကာရံထားသော ခြံစည်းရိုးမှ တောင်ဘက် ၁ မိုင်သာသာ အကွာရှိ ဆယ်တဲကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သည့် အမျိုးသား သုံးဦးကို ဖမ်းဆီးခဲ့သည်။
ဆယ်တဲကျေးရွာသည် သတ္တုတွင်း တိုးချဲ့ရေးအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြေယာဖယ်ရှားခံခဲ့ရသော လယ်သမားများကို ပြန်လည်နေရာချထားရန် ဖော်ဆောင်ထားသော ကျေးရွာဖြစ်သည်။
စစ်သားများက ထိုသူများကို အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) များ တပ်စွဲထားသည့် ဖောင်းကတာကျေးရွာကို တိုက်ခိုက်ရာတွင် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက ထိုတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး မနက်ပိုင်းအတွင်း စစ်တပ်သည် နောက်ပြန် ဆုတ်ခွာသွားခဲ့ရသည်။ စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသောသူ သုံးဦးအနက် ကိုအောင်ခိုင်နှင့် ဦးဝင်းတင့်တို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကိုဇော်ဇော်ကမူ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့သည်။
ပီဒီအက်ဖ်များက ဒဏ်ရာရသူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ကိုအောင်ခိုင်မှာ လမ်းတွင်ပင် သေဆုံးသွားခဲ့ပြီး ဦးဝင်းတင့်မှာလည်း ပြင်းထန်သောဒဏ်ရာများကြောင့် ဆေးကုသနေစဉ်တွင်းမှာပင် ကွယ်လွန်သွားခဲ့သည်။
“သူ့ကို ရိုက်နှက်ထားပြီး လက်တွေကလည်း ဓားနဲ့ ခုတ်ခံထားရသလိုပဲ။ သွေးတွေ အများကြီး ထွက်နေပြီး ညာဘက်လက်က ဖြတ်ထုတ်ခံထားရသလို ဖြစ်နေတယ်။ ခြေထောက်တွေက ကျိုးနေပြီး လည်နေပြီ။ ကျနော် အရမ်းဝမ်းနည်းတာပဲ။ မျက်နှာပေါ်မှာတော့ ဒဏ်ရာပြင်းပြင်းထန်ထန်တွေ မတွေ့ရပေမဲ့ နားနဲ့ နဖူးပတ်ဝန်းကျင်က ဖူးယောင် အညိုအမဲစွဲနေတယ်” ဟု ကိုအောင်ခိုင်၏ အစ်ကိုဖြစ်သူ ကိုရဲကိုက ဖရွန်တီးယားကို ပြောသည်။
ကိုအောင်ခိုင်၏ အသက် ၇၃ နှစ်အရွယ် မိခင်သည် ကျန်းမာရေးကောင်းမွန်သူ ဖြစ်သော်လည်း ကိုအောင်ခိုင် သေဆုံးပြီးနောက် သွေးတိုးရောဂါ ခံစားလာရသည်ဟု ဆိုသည်။
“အမေက အသံအကျယ်ကြီးနဲ့ ငိုငိုပြီး သူ့သားလေး နောက်ဘဝမှာ ဒီလိုမျိုးတွေ မကြုံရပါစေနဲ့လို့ ဆုတောင်းနေရှာတယ်။ အဒေါ်တွေကလည်း ငိုလိုက်ကြတာ။ ဒီလို ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်ခံရတဲ့အတွက် ကျနော်တို့အားလုံး တော်တော်ခံစားခဲ့ရပါတယ်”ဟု ကိုရဲကိုက ပြောသည်။
“ဒီအဖြစ်အပျက်မျိုး ညီလေးမှာ ဖြစ်လာတဲ့အခါ ကျနော်တို့မှာ ပြန်တုံ့ပြန်ဖို့၊ တိုက်ခိုက်ဖို့ မစွမ်းသာဘဲ ငုံ့ပဲ ခံနေလိုက်ရတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်ခံခဲ့ရတာကို စဉ်းစားမိတိုင်း မျက်ရည်ကျရပါတယ်။ ဒါဟာ ရိုးရိုးသေတာ မဟုတ်ဘူးလေ။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ” ဟု ထပ်မံ ပြောသည်။
ဒုံးတောကျေးရွာ လူသတ်မှုကြီး
ယင်းဒေသတွင်း၌ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်ရပ်များမှာ ဆယ်တဲ တစ်ရွာတည်းတွင်သာ ကြုံခဲ့ရခြင်း မဟုတ်ပါ။ ဆားလင်းကြီးမြို့နယ်ရှိ ဒုံးတောကျေးရွာသူ အသက် ၃၀ နှစ်အရွယ် မသီသီတစ်ယောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်းက ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး ဆူညံပွက်လောရိုက်သံများပါ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည်။
မသီသီ၏ခင်ပွန်းက အခြေအနေကို စုံစမ်းကြည့်ရှုရန် ထွက်သွားခဲ့သည်။ အော်ဟစ်သံများနှင့် စက်သေနတ် ပစ်ခတ်သံများကို ကြားလိုက်ရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့များက ရွာတွင်းတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိသွားခဲ့သည်။
အခြေအနေများ ငြိမ်သက်သွားစဉ်တွင် မသီသီသည် သူ၏ခင်ပွန်းကို ရှာဖွေရန် အိမ်မှ ထွက်လာခဲ့ရာ ထိတ်လန့် ဖွယ်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ သူ၏ ခင်ပွန်း၊ ကလေးငယ် ငါးဦးနှင့် အခြားလူများ ပါဝင်သည့် မီးရှို့ခံထားရသော အလောင်းများ အစုလိုက်အပြုံလိုက်ကို တွေ့ရှိခဲ့ရသည်။
အချို့အလောင်းများတွင် လက်များ ကြိုးချည်ခံထားရသည်ကို တွေ့ရသဖြင့် အသက်ရှင်လျက် မီးရှို့ခံခဲ့ရသည်ကို ညွှန်ပြနေသည်။ မသီသီက သူ၏ခင်ပွန်းကို အလောင်းပေါ်က အဝတ်အစား အပိုင်းအစတစ်ခုကို ကြည့်ရှုပြီး ခွဲခြားသိရှိနိုင်ခဲ့သည်။
“သွေးတွေစွန်းနေပြီး ဦးနှောက်က အပိုင်းအစတွေပါ ရှိနေခဲ့ပါတယ်” ဟု မသီသီ(အမည်လွှဲ)က ဖရွန်တီးယားကို ပြောသည်။ “ကျမက ယောကျ်ားရဲ့ အင်္ကျီလက်မောင်းစလေးကိုပဲ တွေ့လိုက်ရတယ်။ အလောင်းပုံထဲကနေ ဆွဲထုတ်နိုင်ဖို့ ကျမ လက်လှမ်းမီသမျှကို ဖမ်းဆွဲပြီး ဆွဲထုတ်ခဲ့တယ်။ ဒါပေမဲ့ မီးတောက်နေသေးတဲ့ မီးအပူက အရမ်းပြင်းနေတုန်းပဲ” ဟု မသီသီက ပြောသည်။
ယင်းဖြစ်ရပ်ကို “ဒုံးတောလူသတ်မှုကြီး” ဟု အများက သိရှိလာကြပြီး လူမှုကွန်ရက်များတွင် ပျံ့နှံကာ ပြည်သူများက ဒေါသအလွန်အမင်း ထွက်ခဲ့ကြသလို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
သို့သော် သတင်းမီဒီယာအနည်းငယ်သာ ယင်းဖြစ်ရပ်ကို အနီးအနားရှိ လက်ပံတောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် စသော ကြေးနီသတ္တုတွင်းများနှင့် ဆက်စပ်ဖော်ပြခဲ့ကြသည်။ ထိုသတ္တုတွင်းများကို တရုတ်နိုင်ငံအခြေစိုက် ဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီက စစ်တပ်နှင့် ပူးပေါင်း၍ လည်ပတ်နေခြင်း ဖြစ်သည်။
တစ်လနှစ်ကြိမ် သတ္တုတွင်းများသို့ ဝင်ထွက်သွားလာသော ယာဉ်တန်းများကို စစ်တပ်က လုံခြုံရေး တာဝန်ယူပြီး လမ်းခရီးဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးကို အာမခံပေးထားသည်။ မုံရွာမြို့မှ ထွက်လာသော ထိုယာဉ်တန်းများသည် ကြေးနီတူးဖော်ရန် လိုအပ်သော အခြေခံပစ္စည်းများနှင့် လုပ်သားများအတွက် အစားအသောက်များကို သယ်ယူပို့ဆောင်ပေးကြသည်။
ထိုပို့ဆောင်ရေးများ ပြုလုပ်သည့် အချိန်တိုင်းတွင် သတ္တုတွင်းစီမံကိန်းအနီးရှိ ထောင်နှင့်ချီသော ကျေးရွာသားများကို အတင်းအဓမ္မ ထွက်ပြေးရှောင်တိမ်းစေကြပြီး ယင်းမှာ တခါတရံ နှစ်ရက်၊ သုံးရက်သာ ဖြစ်သော်လည်း တခါတရံ လေးလအထိ ရှောင်တိမ်းနေရသော အခြေအနေများလည်း ရှိသည်။
“ကျမတို့က အမြဲတမ်း အထုပ်အပိုးတွေ ပြင်ထားပြီးသားပဲ” ဟု မသီသီက ပြောသည်။ “ယာဉ်တန်းတွေ လာရင် ချက်ချင်း ထွက်ပြေးနိုင်အောင် အသင့်လုပ်ထားရတယ်။ လာရင် ဆိုင်ကယ်ဆွဲပြီး ပြေးရတာပဲ” ဟု ဆိုသည်။
ယင်းသို့ပြေးရချိန်များတွင် ယူသွားနိုင်ကြသည်မှာ အခြေခံလိုအပ်ချက်များ ဖြစ်သည့် ဆန်၊ ဆီ၊ အစားအစာ၊ သောက်သုံးရေ၊ အဝတ်အစားအချို့၊ ခြင်ထောင်နှင့် စောင်မျှသာ ဖြစ်သည်။
နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာခြင်း
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကစ၍ နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီများကို တူးဖော်ထုတ်လုပ်လာခဲ့ကြသည်။ ၁၉၉၄ ခုနှစ်တွင် ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီသည် စံပယ်တောင်သတ္တုတွင်းတွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သော်လည်း အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများကြောင့် ၂၀၁၀ ခုနှစ်တွင် လုပ်ငန်းများ ရပ်နားသွားခဲ့သည်။
ထိုအချိန်မှစ၍ သတ္တုတွင်းများကို တရုတ်နိုင်ငံအခြေစိုက် ဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီနှင့် ၎င်းလက်အောက်ခံ ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမိတက်နှင့် မြန်မာယန်စီ ကော့ပါးလီမိတက်တို့က စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် ပူးပေါင်းကာ စီမံခန့်ခွဲ လုပ်ကိုင်လာခဲ့သည်။
ဝမ်ပေါင်သည် တရုတ်အစိုးရပိုင် ကာကွယ်ရေးလုပ်ငန်း နိုရင်ကိုအုပ်စု (Norinco Group) ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကြေးနီစီမံကိန်းအနီးရှိ မြေယာများကို သိမ်းယူခဲ့မှုကြောင့် ၂၀၁၂ ခုနှစ်တွင် ဒေသခံများက ဆန္ဒပြခဲ့ရာ အကြမ်းဖက် ဖိနှိပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းအဖြစ်အပျက်များကြောင့် လယ်သမားများ၏ နစ်နာမှုတိုင်ကြားချက်များကို ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနားထောင်ခဲ့ရသည်။ ထိုအငြင်းပွားမှုများမှာ ယနေ့အထိ မဖြေရှင်းနိုင်သေးသည့်အပြင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

အာဏာမသိမ်းမီက သတ္တုတွင်းစီမံကိန်းများကို ကုမ္ပဏီက ခန့်အပ်ထားသော အရပ်ဘက်လုံခြုံရေး ဝန်ထမ်းများက ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည်။ သို့သော် အာဏာသိမ်းပြီးနောက် သတ္တုတွင်းစီမံကိန်းဧရိယာ အပြင်ဘက်သာမက အတွင်းပိုင်းတွင်ပါ စစ်တပ်က တပ်စွဲထားခဲ့ကြသည်။
“သတ္တုတွင်းတွေ လည်ပတ်နေတယ်ဆိုတာကို တရုတ်နိုင်ငံကို ပြသဖို့ စစ်ကော်မရှင်က အင်အားအများအပြားနဲ့ တပ်စွဲပြီး ကာကွယ်ထားပါတယ်” ဟု NUG အောက်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုပိုင်က ပြောသည်။
“အရင်တုန်းကတော့ လုံခြုံရေးကို ကုမ္ပဏီကပဲ လုပ်ခဲ့ပြီး အစောင့်တွေမှာ လက်နက် မရှိကြပါဘူး။ အခုတော့ စစ်ကော်မရှင်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကိုင် စစ်သားတွေကို လုံခြုံရေးအတွက် ပို့ဆောင်ပေးနေတယ်။ ကြေးစင်တောင်မှာရှိတဲ့ ယန်စီသတ္တုတွင်းမှာ စစ်သား ၃၀၀ လောက် ရှိပြီး လက်ပံတောင်းတောင်က ဝမ်ပေါင်သတ္တုတွင်းမှာလည်း အနည်းဆုံး အဲ့ဒီလောက်တော့ ရှိပါတယ်” ဟု သူက ဆိုသည်။
သတ္တုတွင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များ
ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၉၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး စစ်တပ်က မြို့ပေါ်နှင့် အနီးအနားကျေးရွာအချို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ သတ္တုတွင်း စီမံကိန်းများသည် စစ်ကော်မရှင်ကို ငွေကြေး အထောက်အပံ့ ပေးနေသောကြောင့် ပစ်မှတ်ထား တိုက်ခိုက်လာကြသော်လည်း တရုတ်၏ အမျက်ဒေါသကို ရှောင်ရှားနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များဘက်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု မရှိပေ။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတစ်ဦး၏ ဇနီးတစ်ဦး အပါအဝင် ဖရွန်တီးယားနှင့် ပြောဆိုခဲ့သော ဒေသခံအများအပြား၏ ပြောကြားချက်များအရ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၆ ရက်က လက်ပံတောင်း ကြေးနီသတ္တုတွင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အသက် ၄၃ နှစ်အရွယ် သတ္တုတွင်းလုပ်သား ကိုကျော်နိုင် သေဆုံးခဲ့သည်။ ထို့နောက် စစ်တပ်က အနီးအနားရှိ ကျေးရွာတစ်ရွာပေါ်သို့ စက်တပ်လေထီးများ အသုံးပြု၍ ဗုံးချခဲ့ရာ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ထို့အပြင် စက်တင်ဘာလ ၂၇ ရက်နှင့် အောက်တိုဘာလ ၂၄ ရက်နေ့များတွင် လက်ပံတောင်း သတ္တုတွင်းကို တော်လှန်ရေးအဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးဒဏ်ရာရသူ အရေအတွက်များကို ထုတ်ဖော်ကြေညာခြင်း မရှိသေးပါ။
သတ္တုတွင်း ယာဉ်တန်းများ လာမည့်လမ်းကြောင်းအတွင်း တော်လှန်ရေးအင်အားများကို ဖယ်ရှားရန် စစ်ကော်မရှင်တပ်ဖွဲ့များက စစ်လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရပ်သားနှင့် တော်လှန်ရေးတပ်သား ခွဲခြားခြင်းမရှိဘဲ ဦးတည်ချက်မဲ့ ပစ်ခတ်ခြင်းနှင့် ကျေးရွာများကို ဝင်ရောက် စီးနင်းရှင်းလင်းစစ်ဆေးခြင်းများဖြင့် တုံ့ပြန်လာခဲ့သည်။
“သူတို့က လက်နက်ကြီးတွေ အမြောက်လက်နက်တွေကို အသုံးပြုပါတယ်။ ကျနော်တို့က မတိုက်ခိုက်ဘဲ နေရင်တောင် အရပ်သားတွေက ထိခိုက်ဒဏ်ရာရနေကြပါတယ်” ဟု ကိုပိုင်က ပြောသည်။
ဒုံးတောလူသတ်မှုကြီးသည် ကုမ္ပဏီသို့ ရိက္ခာပို့သည့်ယာဉ်တန်းကို လိုက်ပါကာကွယ်နေသော စစ်ကော်မရှင်တပ်ဖွဲ့များကို တော်လှန်ရေးအဖွဲ့များက လက်လုပ်ဖောက်ခွဲရေးပစ္စည်းများဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က ကြေးနီသတ္တုတွင်းများကို ပိတ်ပင်ရန် တောင်းဆိုကြေညာခဲ့ကြသည်။ နှစ်လအကြာတွင် သတ္တုတွင်းများသို့ ဓာတ်အားပို့လွှတ်နေသည့် လျှပ်စစ်တာဝါတိုင်တစ်တိုင်ကို ဖျက်ဆီးခဲ့ကြသည်။
၂၀၂၃ ခုနှစ် ဇွန်လတွင်လည်း တော်လှန်ရေးအင်အားစုများက သတ္တုတွင်းများအနီးရှိ ညောင်ပင်ကြီး ကျေးရွာရဲစခန်းကို တိုက်ခိုက်ခဲ့ကြသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က အနည်းဆုံး အိမ်ခြေ ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သတ္တုတွင်းများအနီး ပတ်ဝန်းကျင်ကို ဝင်ရောက် ထိန်းချုပ်ခဲ့သည်။
“သူတို့က လူတွေကို ထည့်မတွက်ကြဘူး”
စစ်အာဏာသိမ်းပြီးနောက် ကြေးနီသတ္တုတွင်းများတွင် လုပ်ကိုင်နေသော ထောင်နှင့်ချီသည့် ဝန်ထမ်းများသည် စစ်တပ်၏အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် မကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်၍ အလုပ်မှ ထွက်ခွာခဲ့ကြရာ ကြေးနီ ထုတ်လုပ်မှုများလည်း လုံးဝ ရပ်တန့်သွားခဲ့သည်။
သို့သော် စားဝတ်နေရေး အခက်အခဲများကြောင့် အလုပ်သမားအများစုက ၂၀၂၄ ခုနှစ် ဇွန်လဝန်းကျင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြရသည်။
“ဝင်ငွေမှမရှိရင် ဘယ်လိုစားသောက်နေထိုင်မလဲ။ အစပိုင်းမှာ လက်ပံတောင်းနဲ့ ကြေးစင်တောင်က အလုပ်သမားတွေ အပါအဝင် လူတိုင်း CDM ထဲ ဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးထက် မိသားစု လိုအပ်ချက်တွေက ပိုအရေးကြီးလာပြီး အလုပ်ကို ပြန်လုပ်ခဲ့ကြရပါတယ်” ဟု ကြေးစင်တောင်တွင် သတ္တုတူးဖော်နေသည့် ယန်စီကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သည့် မခိုင် (အမည်လွှဲ) က ပြောသည်။
သတ္တုတွင်းလုပ်ငန်းများ အပြည့်အဝ ပြန်လည် လည်ပတ်လာသည်နှင့်အမျှ သတ္တုတွင်းများ လုံခြုံရေးအတွက် ရှိနေသည့် စစ်ကော်မရှင်တပ်ဖွဲ့များက ဒေသခံပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများ သိသိသာသာ ဆိုးရွားလာခဲ့သည်။
စစ်ကော်မရှင်တပ်ဖွဲ့များ၏ ဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများသည် ပုံမှန်လိုလို ဖြစ်ပွားလာခဲ့သည်။ ယာဉ်တန်းလမ်းကြောင်းပေါ်ရှိ ကျေးရွာများကို စစ်တပ်က မကြာခဏ ဖျက်ဆီး လုယက်ကြပြီး လမ်းကြောင်းပြင်ပက တွေ့ရှိသူများကိုလည်း ဖမ်းဆီးလေ့ရှိသည်။
“သူတို့က တွေ့သမျှ လူတိုင်းကို ဓားစာခံလို ဖမ်းဆီးထားကြပါတယ်။ ငွေတွေ့ရင် ငွေယူတယ်။ ဖုန်းတွေ့ရင် ဖုန်းသိမ်းတယ်” ဟု ဆရာမ ဒေါ်ကျော့ (အမည်လွှဲ) က ဖရွန်တီးယားကို ပြောသည်။
ဒေသခံသတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း စစ်တပ်က လုံခြုံရေးပေးနေသော ယာဉ်တန်းလမ်းကြောင်းတစ်လျှောက်ရှိ ရွာသား ၄၀ ခန့်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။
ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏဆိုသလို တိုက်ခိုက်ခြင်းခံနေရသည့် အခြေအနေမှာပင် ဝမ်ပေါင်စီမံကိန်းကို ထပ်မံ တိုးချဲ့လုပ်ကိုင်ရန် စီစဥ်နေသည်ဟု ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန် ကြေညာမှုများအရ သိရသည်။
“သူတို့ (တရုတ်ကုမ္ပဏီ) က ကိုယ့်စီးပွားရေးကိုပဲ ကြည့်ကြတာပါ။ လူတွေကို ထည့်မတွက်ကြဘူး” ဟု ဒေါ်ကျော့က ပြောသည်။

စစ်ကော်မရှင်၊ တရုတ်နိုင်ငံနှင့် အမျိုးသားညီညွတ်ရေးအစိုးရ
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်သို့ ကြေးနီတင်ပို့မှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၆ သန်း ရှိခဲ့သည်။
“ကြေးနီက ရတဲ့ပိုက်ဆံကို စစ်တပ်က လက်နက်နဲ့ ကျည်တွေ ထုတ်ဖို့ သုံးတယ်။ အဲဒီလက်နက်တွေနဲ့ ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်နေတာ” ဟု ကိုပိုင်က ပြောသည်။
စစ်ကော်မရှင်သည် သတ္တုတွင်းများက ငွေကြေးအကျိုးအမြတ် သာမက လက်နက်ထုတ်လုပ်ရေးတွင်ပါ အထောက်အပံ့ရနေသည်။ အဆိုပါသတ္တုတွင်းများ၏ မိခင်ကုမ္ပဏီဖြစ်သော နိုရင်ကိုအုပ်စုသည် တရုတ်စစ်တပ်ပိုင် ဖြစ်သည်။ နိုရင်ကိုအုပ်စုသည် မြန်မာစစ်တပ်အတွက် လက်နက်များ ရောင်းချပေးနေသည်ဟု လူ့အခွင့်အရေး ဆိုင်ရာများ၊ တရားဥပဒေ စိုးမိုးမှုဆိုင်ရာအရေးများကို ဆောင်ရွက်နေသော Justice For Myanmar အဖွဲ့က ဆိုသည်။
နိုရင်ကိုနှင့် မြန်မာစစ်တပ်သည် ကာကွယ်ရေးပစ္စည်းကုန်သွယ်မှုနှင့် ဆက်စပ် နည်းပညာများဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် ၂၀၁၇ ခုနှစ်တွင် သဘောတူခဲ့ကြသည်။ နိုရင်ကို၏ လက်အောက်ခံကုမ္ပဏီ China Wanbao Engineering Corporation သည် အမေရိကန် ဒေါ်လာ ၅ သန်း မှ ၁၀ သန်းခန့်ရှိသည့် စစ်လက်နက် ထုတ်ကုန်များကို မြန်မာစစ်တပ်သို့ တိုက်ရိုက်ရောင်းချခဲ့သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ သိရသည်။
Justice for Myanmar နှင့် ပြင်သစ်အခြေစိုက် စုံစမ်းထောက်လှမ်းဖော်ထုတ်ရေးသားသော လွတ်လပ်သည့် သတင်းမီဒီယာ Intelligence Online တို့၏ အဆိုအရ နိုရင်ကိုသည် မြန်မာနိုင်ငံရှိ ခရိုနီကုမ္ပဏီများဖြစ်သည့် Star Sapphire Trading ကုမ္ပဏီလီမိတက်နှင့် မုတ္တမဟိုးဒင်းစ် ကတဆင့် စစ်တပ်သို့ လက်နက်ရောင်းနေသည်ဟု သိရသည်။
မုတ္တမဟိုးဒင်းစ် ပိုင်ရှင် ဦးရန်ဟိုးသည် စင်ကာပူကတဆင့် စစ်တပ်သို့ စစ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန် နိုရင်ကိုအတွက် ကြားပွဲစားအဖြစ် လုပ်ကိုင်နေသည်ဟု Intelligence Online က ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဇွန်လတွင် ဒေသခံကာကွယ်ရေးအဖွဲ့က လျှပ်စစ်တာဝါတိုင်ကို တိုက်ခိုက်ခဲ့ပြီးနောက် ဝမ်ပေါင်က ပြည်သူများကို စီမံကိန်းဧရိယာအတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် လှုပ်ရှားမှုများမှ ရှောင်ရှားရန်နှင့် ယင်းသို့ တိုက်ခိုက်မှုသည် ဒေသခံပြည်သူလူထုကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအထိ ရောက်ရှိသွားစေနိုင်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဝမ်ပေါင်ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် တော်လှန်ရေးအဖွဲ့များအား သတိပေးခဲ့သဖြင့် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်စဉ်များ လျော့နည်းလာခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ယမန်နှစ် ဇန်နဝါရီလတွင် NUG သည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့် လူမှုစီးပွားရေးဆိုင်ရာ စီမံကိန်းများကို ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြုသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သေးသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ တရုတ်လေ့လာရေး အစီအစဉ်ကို ဦးဆောင်သူ နန်းလွင်ရတနာအောင်က NUG သည် တရုတ်နိုင်ငံ၏ အာဏာအင်အားနှင့် ပြည်တွင်းရှိ အခန်းကဏ္ဍကို နားလည်ထားသဖြင့် တရုတ်အစိုးရကို နူးညံ့ပျော့ပြောင်းသည့် သဘောထားဖြင့် ချဉ်းကပ်လေ့ရှိသည်ဟု ဆိုသည်။
လက်တွေ့အခြေအနေကို လိုက်လျောညီထွေ ချိန်ညှိဆောင်ရွက်ရမည်ဆိုသည့် ချဉ်းကပ်မှုအရ NUG သည် တရုတ်နိုင်ငံကို မိမိဘက်တွင် ထိန်းသိမ်းထားနိုင်ရန် ပိုမိုပျော့ပြောင်းနူးညံ့သော လေသံဖြင့် ဆက်ဆံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူက ဆိုသည်။
“တရုတ်အစိုးရနဲ့ NUG ဆက်ဆံရေးက တည်ငြိမ်သေချာတဲ့ နိုင်ငံရေးအယူအဆများအပေါ် အခြေခံထားမျိုးမဟုတ်ဘဲ အကျိုးစီးပွားအပေါ် အခြေခံထားတဲ့ အပြန်အလှန် အကျိုးအမြတ်ရယူတဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ ဥပမာဆိုရရင် တရုတ်စီမံကိန်းတစ်ခု တိုက်ခိုက်ခံရရင် သို့မဟုတ် တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံရတဲ့အခါမျိုးဆိုရင် တရုတ်က NUG ကို ဆက်သွယ်အကူအညီ တောင်းခံလာနိုင်ပါတယ်” ဟု နန်းလွင်ရတနာအောင်က ပြောသည်။
ကိုပိုင်က ဝမ်ပေါင်နှင့် ယန်စီတို့အနေဖြင့် စစ်ကော်မရှင်၏ ပြည်သူများကို သတ်ဖြတ်နေမှုကို မည်သည့် အတိုင်းအတာအထိ ဆက်လက် လက်ခံသွားမည်နည်းဟု မေးခွန်းထုတ်ခဲ့ပြီး ကြေးနီထုတ်လုပ်မှုမှ ရရှိသည့် အမြတ်အစွန်းများကို စစ်ကော်မရှင်နှင့် မျှဝေနေမှုကို ရပ်တန့်ပေးရန် တရုတ်အစိုးရကို တောင်းဆိုခဲ့သည်။
ကြေးနီစီမံကိန်းလုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်စွဲထားသော စစ်တပ်သည် ဒုန်းတောလူသတ်မှုမျိုးကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်မျိုးသာမက အခြားသော ဖိနှိပ်သတ်ဖြတ်မှုများကို မကြာခဏဆိုသလို ကျူးလွန်နေသည်။
စစ်တပ်၏သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်များက အနည်းဆုံး ပြည်သူ ၇၃ ဦး သေဆုံးခဲ့ရသည်။
စီမံကိန်းများနှင့်ဆက်စပ်ပြီး ပြည်သူများ သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍ ကိုပိုင်က “ပြည်သူတွေကို ဆက်လက် ဖိနှိပ်နေမယ်ဆိုရင် သူတို့ (စစ်ကော်မရှင်) ကြာကြာခံမှာ မဟုတ်ဘူး။ ကျနော်တို့ အဖွဲ့တင် မဟုတ်ဘူး၊ အခြားအဖွဲ့တွေကလည်း တိုက်ခိုက်လာကြပါလိမ့်မယ်။ ပြည်သူတွေက တောင်းဆိုရင် ကျနော်တို့ကလည်း ထိုးစစ်ဆင်ရပါလိမ့်မယ်” ဟု ဆိုသည်။
လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် ဒုန်းတောလူသတ်မှုကြီးတွင် ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသည့် မသီသီက “ဒီစီမံကိန်းကို ရပ်တန့်စေချင်ပါတယ်” ဟု ပြောသည်။
ဒေါ်ကျော့ကလည်း “သတ္တုတွင်းတွေ ဆက်လည်ပတ်နေသရွေ့ ကျမတို့ ထွက်ပြေးနေရဦးမှာပါပဲ။ တော်လှန်ရေးအင်အားစုတွေက သတ္တုတွင်းတွေကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အဲဒီအချိန်မှပဲ ကျမတို့ လုံခြုံပြီး လွတ်လပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
Esther J ရေးသားသည်။