၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ လက်နက်များပြင်ဆင်နေစဉ်။ (အေအက်ဖ်ပီ)

လက်နက်ခဲယမ်းရှားပါးမှုကြောင့် အခက်ကြုံလာတဲ့တော်လှန်ရေး

တရုတ်၏ ဖိအားကြောင့် ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသရှိ တော်လှန်ရေးအဖွဲ့များထံ လက်နက်စီးဆင်းမှုများ ရပ်ဆိုင်းလိုက်ရသည်။ အကျိုးဆက်အနေဖြင့် အာဏာရှင်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် အညာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းရှားပါးမှု ကြုံတွေ့နေရသည်။

ဖရွန်တီးယား 

အသက် ၃၃ နှစ်အရွယ်ရှိ ကိုမိုးကျော် (အမည်လွှဲ) သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြောင်မြို့နှင့် မကွေးတိုင်းရှိ ရေစကြိုမြို့တစ်ဝိုက်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူတို့တော်လှန်ရေးအဖွဲ့တွင် အင်အား ၇၀ ကျော်ခန့် ပါဝင်လှုပ်ရှားလျက်ရှိသည်။ 

ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းအတွင်း ကိုမိုးကျော်တို့အဖွဲ့သည် စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ စခန်းတစ်ခုကို သိမ်းပိုက်ရန် တိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ရပ်တွင် ပါဝင်ခဲ့သည်။ 

ကိုမိုးကျော်၏အဆိုအရ ထိုစစ်ဆင်ရေးကို သူတို့အဖွဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၉ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အင်အား ၁,၀၀၀ ခန့် ပါဝင်ခဲ့သည်။ 

“မနက်လင်းအားကြီးမှာ စပစ်ကြတာပေါ့။ အားလုံးပေါင်း ကျနော်တို့ဘက်က အင်အား ၁,၀၀၀ နီးပါး လောက်ရှိတယ်။ စစ်တပ်ရဲ့စခန်းကို ပတ်လည်ဝိုင်းပြီး စတိုက်ကြတယ်” လို့ ကိုမိုးကျော်က ပြန်ပြောင်းပြောသည်။ 

တိုက်ပွဲသည် ၂ ရက်ခန့်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ကလည်း လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံခဲ့သည်။ 

“လူအင်အားကတော့ ကျနော်တို့က အပြတ်အသတ်သာတယ်” ဟု ကိုမိုးကျော်က ပြောသည်။ သို့သော် စစ်ကော်မရှင်၏ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်တော့မည့်အချိန်တွင် တော်လှန်ရေးအဖွဲ့များတွင် ပြဿနာတစ်ရပ်ပေါ်ပေါက်လာသည်။

“အလုံးအရင်းနဲ့ဝင်လိုက်ရင် စခန်းသိမ်းလို့ ရပြီ။ ဒါပေမဲ့ ပစ်ရတာကြာလာတော့ ကျည်ဆန်တွေ ကုန်ခါနီးလာတယ်။ အဲဒီအချိန် နောက်က ထောက်ပို့လမ်းကြောင်းတွေက ရောက်မလာဘူး။ အဲဒီကစ  အကုန်ဖရိုဖရဲ ဖြစ်ကုန်တာပဲ” ဟု သူက ပြောသည်။ 

နောက်ဆုံး လက်နက်ခဲယမ်းများ လုံးဝမရောက်နိုင်ချိန်တွင်တော့ တော်လှန်ရေးအဖွဲ့များသည် တိုက်ပွဲအတွင်းက ပြန်လည်ဆုတ်ခွာလိုက်ရသည်။ 

“နိုင်ခါနီးမှ ပြန်ဆုတ်ရတော့ စိတ်ပျက်ရတာပေါ့ဗျာ။ တိုက်တဲ့သူက အသက်ပေးတိုက်နေတာကို  နောက်က မလုံမလောက်နဲ့ ပြန်ဆုတ်ရတယ်ဆိုတော့ စိတ်ဓာတ်ကျတာပေါ့” ဟု မိုးကျော်က စိတ်ပျက်လက်ပျက် ပြောသည်။

အလားတူဖြစ်ရပ်မျိုးများ စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးများရှိ တော်လှန်ရေးအဖွဲ့များ အကြား ယခုလပိုင်းများအတွင်း မကြာခဏဆိုသလို ကြုံတွေ့လာရသည်။ ကျည်ဆန်မလုံလောက်မှုကြောင့် စစ်ဆင်ရေးများက ပြန်လည်ဆုတ်ခွာလာရခြင်းနှင့် စစ်ဆင်ရေးများ ရပ်တန့်ကာ တပ်ဖျောက်နေရခြင်းများ ပြုလုပ်နေကြရသည်။

ဖရွန်တီးယားက တွေ့ဆုံမေးမြန်းခဲ့သော တော်လှန်ရေးအင်အားစုဝင်များ၏ ပြောပြချက်အရ လက်နက်ခဲယမ်း မလုံလောက်မှု အခက်အခဲများသည် ယခုနှစ်အစောပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ကော်မရှင်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုရန်နှင့် ပြည်မရှိ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ခဲယမ်းများ ထောက်ပံ့ရောင်းချမှုများကို ရပ်တန့်ရန် ဖိအားပေးခဲ့ပြီးနောက် ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ပြောသည်။ 

“၁၀၂၇ အသီးအပွင့်များ” 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း လအနည်းငယ်အတွင်း အညာဒေသက တော်လှန်ရေးအင်အားစုများ အများအပြားသည် မြန်မာနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သော ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် စစ်ရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။ 

ထိုအချိန်ကာလတွင် တော်လှန်ရေးတပ်ဖွဲ့များသည် ကိုယ်တိုင်ပြုလုပ်သည့် လက်လုပ်ဗုံးများနှင့် “တူမီး” ဟုခေါ်သော မီးခတ်သေနတ်များကို အသုံးပြု၍ စစ်ကော်မရှင်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြသည်။

၂၀၂၁ နှစ်လယ်ပိုင်းတွင်မူ မြေပြန့်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်မှုများမှာ ပိုမိုကျယ်ပြန့်လာသည်။ ထိုမှစ၍ စစ်အာဏာရှင်ကို ဆန့်ကျင်လိုသော တော်လှန်ရေးအဖွဲ့အချို့သည် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်  မြန်မာ့အမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကဲ့သို့ လက်နက်အင်အား သာလွန်ကောင်းမွန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ စစ်ရေးသင်တန်းများ တက်ရောက်လာကြသည်။

သင်တန်းပြီးဆုံးပြီးသော တော်လှန်ရေးတပ်သားသစ်များသည် တိုက်ပွဲဝင်အဆင့်မီ မောင်းပြန်လက်နက်များကို ကိုင်ဆောင်ပြီး အညာသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုလက်နက်များအနက် အများစုမှာ KIA စက်ရုံများတွင် ထုတ်လုပ်သည့် “KA” မော်ဒယ်များနှင့် Type 81 အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်သေနတ်များ ဖြစ်ကြသည်။

အညာဒေသတစ်ခွင် “ပါယိ” ဟု ခေါ်သည် Type 81 မောင်းပြန်ရိုင်ဖယ်များသည်  တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် မောင်းပြန်ရိုင်ဖယ်အမျိုးအစား ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် Type 81 သေနတ်များကို ကိုယ်တိုင် ထုတ်လုပ်နေပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် TNLA၊ MNDAA နှင့် အာရက္ခတပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဖြင့် မြို့များ သိမ်းပိုက်ပြီးနောက် အညာဒေသတွင် Type 81 သေနတ်များ ပိုမိုတွေ့ရလာခဲ့သည်။ TNLA နှင့် MNDAA တို့ထံ စစ်ရေးသင်တန်း တက်ရောက်ခဲ့သည့် အညာဒေသက တော်လှန်ရေးအင်အားစုများသည်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်အနီးတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်ကြီးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေစဉ်။ (အေအက်ဖ်ပီ)

ထိုစစ်ဆင်ရေးကြောင့် TNLA နှင့် MNDAA တပ်ဖွဲ့များသည် ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ မြို့နယ်တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ ယမန်နှစ် ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို စတင်ပြီးနောက် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးနှင့် ဆက်စပ်နေသည့် ရှမ်း–မန်း စစ်ဆင်ရေးတွင်လည်း မန္တလေး MDY-PDF တပ်ဖွဲ့နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် စဉ့်ကူးတို့အပါအဝင် မြို့နယ်အချို့ကို  သိမ်းပိုက်နိုင်ခဲ့ကြသည်။ 

ဤအောင်မြင်မှုများကြောင့် တော်လှန်ရေးအင်အားစုများအတွက် လက်နက်ခဲယမ်း စီးဆင်းမှု လမ်းကြောင်းအသစ်များ ပွင့်လာခဲ့ပြီး Type 81 သေနတ်များနှင့် ကျည်ဆန်များ အပါအဝင် အခြားလက်နက်များ ပြည်မဒေသများသို့ သယ်ယူပို့ဆောင်ရ လွယ်ကူလာခဲ့သည်။

စစ်ကော်မရှင်တပ်များထံမှ သိမ်းဆည်းရရှိသည့် လက်နက်များကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များထံက ဝယ်ယူနိုင်ခဲ့သည်။ ထို့အပြင် တရုတ်–မြန်မာ နယ်စပ်တလျှောက်ရှိ စက်ရုံများက ထုတ်လုပ်လိုက်သော ကျည်ဆန်ထောက်ပံ့မှုများလည်း အလုံအလောက် ရရှိနေခဲ့သည်။

“Type 81 သေနတ်တွေတင် မကဘူး။ မြန်မာစစ်တပ်ရဲ့ MA-1 သေနတ်တွေလို လက်နက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဝယ်လို့ရတယ်။ အဲ့တုန်းက ဈေးနှုန်းတွေပါ ကျသွားတာ” ဟု လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ခဲ့သင်တန်းယူခဲ့သည့် အညာဒေသက PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့အချို့က လက်နက်အရောင်းအဝယ်အတွက် ကြားခံ ပွဲစားလုပ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံက ဝယ်ယူရရှိသည့် လက်နက်များကို အခြားအဖွဲ့များထံ ပြန်လည်ရောင်းချခဲ့ကြသည်။

“အဲဒီအချိန်က ဝယ်သူစိတ်ကြိုက်စျေးကွက်ပါ။  ၆၀ မမ မော်တာတွေလို လက်နက်တွေတောင် လွယ်လွယ်ဝယ်လို့ ရခဲ့တယ်။…တစ်ဖက်က ပြောရင် ဒါတွေက ၁၀၂၇ က ပွင့်တဲ့အသီးအပွင့်တွေပဲ” ဟု သူက ဆိုသည်။

တရုတ်ဖိအားနဲ့ လက်နက်ပိတ်ဆို့မှု

ထိုသို့ လက်နက်များ လွယ်ကူစွာ ရောင်းဝယ်နိုင်မှုမှာ ကြာရှည်မခံခဲ့ပါ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အပြီးတွင်  တရုတ်နိုင်ငံသည် MNDAA နှင့် TNLA တို့အား စစ်ကော်မရှင်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချုပ်ဆိုရန် ဖိအားပေးမှုများ တိုးမြှင့်ခဲ့သည်။ 

MNDAA နှင့် စစ်တပ် သဘောတူညီချက်အရ လားရှိုးမြို့ကို စစ်ကော်မရှင်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။ တစ်ဖက်တွင်လည်း TNLA သည် စစ်တပ်၏ ထိုးစစ်များကြောင့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို ဆုံးရှုံးလိုက်ရပြီးနောက် စစ်တပ်နှင့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ရသည်။ 

ယင်းသဘောတူညီချက်များထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့နှင့် မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်မြို့တို့ကို စစ်တပ်ထံ ပြန်လည်ပေးအပ်ရန်တို့ ပါဝင်သည်။

MNDAA နှင့် TNLA တို့နှင့် ညှိနှိုင်းဆွေးနွေးနေစဉ် UWSA ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အခြားတော်လှန်ရေးအဖွဲ့များအား လက်နက်မပံ့ပိုးတော့ရန် ဖိအားပေးခဲ့သည်။

ဖိအားများနှင့်တောက်လျှောက်ရင်ဆိုင်ရပြီးနောက် UWSA သည် သြဂုတ်လ ၂၀ ရက်တွင် မဟာမိတ်အဖွဲ့များကို အစည်းအဝေး ခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးသို့ MNDAA၊ TNLA နှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP) တို့ တက်ရောက်ခဲ့ကြပြီး UWSA က စစ်ရေးလှုပ်ရှားမှုများအတွက် တော်လှန်ရေးအဖွဲ့များအား ထောက်ပံ့မှု၊ ငွေကြေးအကူအညီနှင့် လမ်းကြောင်းများကို မပံ့ပိုးတော့ကြောင်း ကြေညာခဲ့သည်။

‘ဝ’ တပ်ဖွဲ့၏ အပြောင်းအလဲသည် အလွန်ကြီးမားသည့် သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ 

TNLA ဒုတိယဗိုလ်ချုပ်ကြီး တာဘုန်းကျော်က ကျည်ဆန်၊ ငွေကြေးနှင့် လူအင်အား အလွန်အမင်း ချို့တဲ့ လာခြင်းနှင့် လက်နက်ဝယ်ယူမှုကြောင့် တင်ရှိနေသည့် ဒေါ်လာဘီလီယံချီ ကြွေးမြီ များက စစ်ကော်မရှင်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုလိုက်ရသည့် အခြေအနေသို့ တွန်းပို့ခံရခြင်း ဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်တွင် သူ၏လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့သည်။ 

UWSA ၏ ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်သည် “လူတိုင်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အခြေစိုက် PDF အဖွဲ့ဝင် ကိုလင်းထိန်က ဖရွန်တီးယားကို ပြောသည်။ 

“အဲဒီနောက် အညာမှာ လက်နက်ဈေးတွေ စတက်တော့တာပါပဲ။ ကျည်ဆန်ဈေးတွေလည်း ကြောက်ခမန်းလိလိ တက်သွားခဲ့တယ်”ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှ PDF အဖွဲ့ဝင် ကိုအောင်လွင် (အမည်လွဲ) ကလည်း UWSA ၏ ကြေညာချက်အပြီးတွင် “အရောင်းအဝယ်လုပ်တဲ့သူတွေက ဈေးတွေကို တက်အောင် ဆွဲတင်လာကြတယ်” ဟု ပြောသည်။

“အရင်တုန်းကမောင်းပြန်တစ်လက်ကို သိန်း ၁၀၀ ဝန်းကျင်လောက် ပေါက်တယ်။ အခု သိန်း ၂၅၀ လောက်အထိ တက်သွားတယ် ။ ရောကတ်ပစ်ဗုံး (RPG ထိပ်ဖူး) တွေလည်း ဈေးတွေ တက်ကုန်တယ်။ အခုဆို လက်လုပ် RPG တွေကိုပဲ အဓိကအားထားရတော့တယ်” ဟု သူက ဆိုသည်။ 

ယခင်က RPG ကျည်တစ်လုံးကို ကျပ် ၈၀,၀၀၀ ခန့်သာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၅၀,၀၀၀ သို့ တက်သွားခဲ့ပြီး ယခုအခါ ကျပ်၂၀၀,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။

တော်လှန်ရေးအဖွဲ့များအတွက် ပိုမိုခက်ခဲစေသည့်အချက်မှာ ကျည်ဆန်ဈေးနှုန်းများ အဆက်မပြတ် မြင့်တက်လာခြင်း ဖြစ်သည်။  ၅ ဒဿမ ၅၆ မမ ကျည်ဆန် တစ်တောင့်သည် ယခုနှစ် အစောပိုင်းကစ၍ ကျပ် ၅,၀၀၀ မှ ကျပ် ၈,၅၀၀ အထိ မြင့်တက်လာခဲ့သည်။

“ပစ္စည်းလိုတဲ့အချိန်  ရှားလို့ စျေးကတက်တယ်။ မြန်မာငွေက တန်ဖိုးကျနေတော့လည်း စျေးကတက်တယ်။ အကြောင်းအရာတွေက အကုန်လုံးတက်ဖို့ပဲ ရှိတယ်။‌ ဈေးတွေ တက်လေ တိုက်ဖို့ခက်လေပဲ” ဟု ကိုအောင်လွင်က ပြောသည်။

ထိုသို့ လက်နက်ချို့တဲ့မှုများ ကြုံတွေ့နေရသည့်အချိန်တွင် တစ်ဖက်မှာ စစ်တပ်က ယခုနှစ်အစောပိုင်းကစ၍ အညာဒေသရှိ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ တဖြည်းဖြည်း တိုက်ခိုက်ဝင်ရောက်လာနေသည်။ 

ဥပမာပြရမည်ဆိုပါက နိုဝင်ဘာလကုန်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ စခန်းတစ်ခုတွင် MDY-PDF အဖွဲ့ဝင်များ လက်နက်များကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးလုပ်ဆောင်နေစဉ်။ (အေအက်ဖ်ပီ)

“ကျည်ပေးရင် အသက်ပေးတိုက်ပွဲဝင်မယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဒေါင်းနီတပ်ဖွဲ့ဟု လူသိများသော ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ် (၉၇၀၆) တပ်ရင်းသည် ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း–မန်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။  နောင်ချိုမြို့တွင် TNLA နှင့်အတူ တိုက်ပွဲဝင်စဉ် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။  စစ်တပ်သည် ယခုနှစ် ဇူလိုင်လတွင် နောင်ချို့မြို့ကိုအချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် ပြန်လည် သိမ်းပိုက်ခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် ဒေါင်းနီတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် “တပ်ရင်းမှူး ရောင်းရန်ရှိသည်” ဟူသော ကြေညာသည့် ပို့စ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ကျည်ဆန် အလွန်လိုအပ်နေသည့် အခြေအနေကြောင့် ကျပ်သိန်း ၁၀၀ ဖြင့် “ရောင်းချမည်” ဟု ရေးသားထားသည်။

အဆိုပါပို့စ်သည် မြေပြင်ရှိ PDF များ ရင်ဆိုင်နေရသည့်လက်နက်ခဲယမ်းလိုအပ်ချက် အခက်အခဲ မည်မျှကြီမားသည်ဆိုသည်ကို ထင်ဟပ်ပြသနေသည်။

“ရှေ့တန်းမှာ လက်နက်ခဲယမ်း လိုအပ်လို့ဆိုပြီး ကျနော်တို့ နောက်မှာ ထားထားတဲ့ သက်စောင့်ဂန်း(သေနတ်)တွေတောင် ပေါင်ပြီး ခဲယမ်းဖြည့်တင်းထားရတယ်။ အဲ့တော့ ကျနော်တို့အနေနဲ့ နောက်ထပ်ခဲယမ်းဖြည့်ဖို့ ဘာမှလည်း အဆင်မပြေတာနဲ့ ဒီ Content လေး ခေါင်းထဲပေါ်လာတော့ တပ်ရင်းမှူးကိုတောင် မတိုင်ပင်ဘဲ တင်ဖြစ်သွားတယ်” ဟု ဒေါင်းနီတပ်ဖွဲ့ဝင်တစ်ဦးက မြေအလတ်အသံ သတင်းဌာနသို့ ပြောခဲ့သည်။

အကြီးစားတိုက်ပွဲကြီးတစ်ပွဲ ဖော်ဆောင်ရန် အနည်းဆုံး ကျည်ဆန် အတောင့် ၃၀,၀၀၀ လိုအပ်ပြီး တိုက်ပွဲငယ် တစ်ခုတွင်ပင် စစ်သားတစ်ဦးချင်းစီအတွက် ကျည်ဆန်အတောင့် ၂၀၀ ခန့် လိုအပ်သဖြင့် ယခုအခါ PDF အဖွဲ့ အများအပြားသည် အကြီးစားတိုက်ပွဲများကို ရှောင်ရှားလာကြရသည်ဟု ၎င်းက ဆက်ပြောသည်။

“ပွဲ(တိုက်ပွဲ)ကြီးရင် ကြီးသလောက် လိုအပ်ချက်က ပိုမြင့်လာတယ်။ ကျည် ၃၀,၀၀၀ ဆို တစ်ပွဲ သိန်း ၂၅ဝ လောက် ကုန်တယ်။ ဒါကဦးထုပ်တွေ၊ ကျည်ကာတွေ မပါဘူး” သူက ပြောသည်။

ထို့ကြောင့် ယခုအခါ တော်လှန်ရေးအင်အားစုများသည် စစ်ဆင်ရေးနှင့် တိုက်ပွဲများဖော်ဆောင်ရေးထက် အချိန်အများစုကို ရန်ပုံငွေရှာဖွေရေးနှင့် ကုန်ကျစရိတ်များအတွက် အခြားဝင်ငွေရပေါက်ရလမ်းများ ရှာဖွေခြင်းဖြင့် ကုန်ဆုံးနေရသည်။ 

“ပွဲတွေဖော်ဖို့ စဉ်းစားလာရတယ်။ တော်တော် စဉ်းစားရတယ်။ ကျည်မရှိရင် သေနတ်တွေဆိုတာ အရုပ်သာသာပဲ။ ဘာမှသုံးလို့ မရဘူး။ ပွဲဖော်ဖို့ အကူအညီတောင်းရင် ကျည်ပေးမှာလား.. ဘယ်လောက်ပေးမှာလဲ (မေးရတယ်)။ ကိုယ်က သေနတ်နဲ့ လူစိုက်မယ်။ အမှန်အတိုင်းပြောရရင် တစ်ဖက်က ကျည်ပေးရင် ကျနော်တို့က အသက်ပေး တိုက်ပွဲဝင်မယ်” ဟု တော်လှန်ရေးသမား ကိုမိုးကျော်က ပြောသည်။

လက်နက်ခဲယမ်းရှားပါးမှု မြင့်တက်လာသည့်နောက် တိုက်ပွဲများကို ရှောင်ရှားရသည့် အခြေအနေဖြစ်လာသည်။

“တပ်သားသစ်တွေဆိုတာက တိုက်ပွဲထဲ ရောက်ရင် ဒိုင်း…ဒိုင်းဆိုပြီး ပစ်ချင်တယ်။ သူတို့က ရှေ့နောက်မ စဉ်းစားထားဘူး။ ကိုယ်တွေလည်း အစတုန်းက အဲ့လိုပါပဲ ။ သူတို့ကို နားလည်ပါတယ်။ ဒါပေမဲ့ အခုလို ပစ်လို့ ကျည်တွေကုန်တဲ့အချိန် စစ်တပ် ကိုယ့်နေရာကို လာထိုးရင် ဘယ်လိုလုပ်မလဲ။ အဲ့အတွက်တွေပါ စဉ်းစားနေရတယ်” ဟု သူက ဆိုသည်။

အညာဒေသရှိ အချို့သောတပ်ဖွဲ့များသည် NUG ထံက ၃ လ တစ်ကြိမ်လျှင် ကျပ် သိန်း ၁၀၀ ခန့် ထောက်ပံ့မှုများ ရရှိကြသော်လည်း အချို့အဖွဲ့များမှာ အထောက်အပံ့ လုံးဝမရရှိကြပါ။ 

ဥပမာအားဖြင့် ဒေါင်းနီတပ်ဖွဲ့သည်  လွန်ခဲ့သည့် ၆ လအတွင်း ငွေကြေး သို့မဟုတ် အစားအစာ အထောက်အပံ့ တစုံတရာ မရရှိခဲ့ပါ။

“တခါတရံ ရပါတယ်။ ဒါပေမဲ့ ရတဲ့ပမာဏက လက်နက်နဲ့ ကျည်ဆန် ဝယ်ဖို့ မလုံလောက်ပါဘူး။ ရိက္ခာဖိုးတောင် ရုန်းကန်နေရတယ်” ဟု ကိုလင်းထိန်က ပြောသည်။

“ကိုယ့်သေနတ်ကို ဝယ်သုံး‌နေရတဲ့ အနေအထားရှိတယ်။ ‌သေနတ်တစ်လက်ရဖို့ ပိုက်ဆံတွေ စုရတယ်။ လုပ်ရတယ်။ ကိုယ်ပိုင်ပိုက်ဆံရှိရင်လည်း စိုက်ပြီးဝယ်ရတယ်။ တခါတလေ အတိုးတွေယူပြီး ဝယ်ရတယ်။ အဲ့ဒါနဲ့တင် ပြီးသွားတာမဟုတ်ဘူး။ အဲ့သေနတ်မှာသုံးမယ့် ကျည်လိုအပ်ချက်တွေက အများကြီးပဲ။ တပ်ရင်းတိုင်း တပ်ရင်းတိုင်းမှာ အခက်အခဲတွေရှိတယ်။ တိုက်ပွဲတိုက်နေရတဲ့သူတွေ ရဲဘော်တိုင်းနီးပါးသိတယ်” ဟု ဒေါင်းနီတပ်ဖွဲ့ ခေါင်းဆောင်က မြေအလတ်အသံသို့ ပြောခဲ့သည်။

“အကုန်လုံး အခက်အခဲရှိတယ်။ တိုက်ပွဲတိုက်ရတာ မလွယ်တော့ဘူး။ အဖွဲ့အများစုက ရုန်းကန်နေရတယ်။ ဖြစ်နိုင်ရင် လက်နက်ခဲယမ်း လုံလုံလောက်လောက် ထောက်ပံ့စေချင်တယ်။ ဘယ်သူထောက်ပံ့ပံ့ပါ။ ပစ္စည်းတွေရှိမှ တော်လှန်ရေးနိုင်လိမ့်မယ်” ဟု ကိုလင်းထိန်က ပြောသည်။

ဖရွန်တီးယားက ယင်းအခြေအနေနှင့် ပတ်သက်၍ NUG ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။ 

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ ထောက်ခံမှုဖြင့် ရှမ်းပြည်နယ်အတွင်း အောင်မြင်မှုများရရှိလာသော စစ်တပ်သည် အညာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်လက်တိုးမြှင့်တင်လာမည်ကို တော်လှန်ရေးအဖွဲ့ များက စိုးရိမ်နေကြသည်။ ကိုမိုးကျော်တို့အဖွဲ့ကမူ စစ်တပ်စခန်းများကို ထိုးစစ်ဆင်နိုင်ရေးထက် ဝင်လာမယ့်စစ်ကြောင်းများကို ခုခံနိုင်ရေးအတွက်ကို အဓိကပြင်ဆင်လျက်ရှိသည်။ 

“သတင်းတွေကတော့ ကျနော်တို့ဒေသတွေကို စစ်ကြောင်းတွေ ပိုထိုးလိမ့်မယ်လို့ ကြားတာပဲ။ ဘယ်ပွဲမှ ကျနော်တို့ ထိုးစစ်ဆင်နိုင်မှာ မဟုတ်ဘူး။ ခံစစ်အတွက်တောင် မနည်းပြင်နေရတယ်” ဟု ကိုမိုးကျော်က ဆိုသည်။ 

ကိုမိုးကျော်အတွက် မကြာခင်ရင်ဆိုင်ရနိုင်သည့် အခြေအနေအတွက် လိုအပ်နေသည့် ကျည်ဆန်ပမာဏကိုပင် တွက်ချက်ရခက်ခဲသည်။ 

“ကျည်ဘယ်လောက်ကုန်မလဲ မသိဘူး။ သူတို့(စစ်တပ်)က ဘယ်လိုထိုးမလဲ ကျနော်တို့မှ မသိတာ။ ကိုယ်သွားတိုက်တာဆို မှန်းလို့ရတယ်” ဟု ကိုမိုးကျော်က ရှင်းပြသည်။ 

“ကျည်တွေ၊လက်နက်တွေ မလောက်ရင်လည်း မီးစင်ကြည့်ကရမှာပဲ။ ရှေ့တိုးသင့်ရင် တိုးမယ်။ မဖြစ်မနေ ဆုတ်ရမယ့်အချိန်မှာ ဆုတ်မယ်။  ရဲဘော်တွေရဲ့အသက် အလကားမပေးနိုင်ဘူး။ အဲ့လိုပဲ အသက်စွန့်သွားတဲ့ ရဲဘော်ရဲဘက်တွေရဲ့ အနစ်နာခံရမှုတွေ အလဟဿဖြစ်အောင်တော့ ကျနော်တို့ လုပ်မှာမဟုတ်ဘူး” ဟု သူက ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.