၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ပြီး SOPA က၂၀၂၄ ခုနှစ်အတွက် ပေးအပ်သော အကောင်းဆုံးအတွေးအမြင်ဆုရ အယ်ဒီတာ့အာဘော် ဖြစ်ပါသည်။
တရားမျှတမှုသည် လက်စားချေမှုအဖြစ်သို့ မကူးပြောင်းစေရန်အတွက် ပြစ်ဒဏ်သင့်မှုအတိုင်းအတာကို သေချာစွာ စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး အုပ်ချုပ်သူဟု မိမိကိုယ်ကိုယ် ခံယူထားသူများကလည်း အတိတ်က ကျူးလွန်ခဲ့သော ၎င်းတို့၏လုပ်ရပ်များအပေါ် တာဝန်ယူ၍ ဝန်ခံရှင်းလင်းရမည် ဖြစ်သည်။
ဖရွန်တီးယား
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသော ပဋိပက္ခသည် ၂ နှစ်ကျော်လာပြီဖြစ်ရာ တရားမျှတမှုဆိုင်ရာ မေးခွန်းမှာ ကြီးမားလာနေသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့စဉ်နီးပါး ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်နေသော အဓိကတရားခံနှင့် ပဋိပက္ခကို စတင်ခဲ့သူ စစ်တပ်ထံက တရားမျှတမှုကို မျှော်လင့်၍ မရနိုင်သည်မှာ သေချာသည်။
ယင်းအစား မျှော်လင့်ချက်သည် တော်လှန်ရေးအင်အားစုများတွင် တည်ရှိနေသည်။ သို့သော် တရားမျှတမှုသည် လက်စားချေမှုအဖြစ်သို့ မကူးပြောင်းစေရန်အတွက် မည်သည့်ရာဇဝတ်မှုများကို အပြစ်ပေးမည်နည်းနှင့် မည်သူတို့က တာဝန်ခံမည်နည်း ဆိုသော စဉ်းစားစရာမေးခွန်းများကို ဂရုတစိုက် ဆင်ခြင်ရန် လိုအပ်ပါသည်။
စစ်တပ်သည် ၎င်းခေါင်းဆောင်များ နှင့် တပ်ဖွဲ့ဝင်များက ကျုးလွန်ခဲ့သော ဆိုးဝါးလှသော စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံရမည်မှာ မလွှဲမသွေပင်ဖြစ်သည်။ အခြားတစ်ဘက်တွင်လည်း တော်လှန်ရေးအင်အားစုများသည် ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးရာတွင်၊ တရားမျှတမှုကို ပြန်လည် ရှာဖွေရာတွင် အစွန်းတစ်ဘက် ချောက်ကမ်းပါးသို့ ကျသွားနိုင်သည့် အန္တရာယ် ရှိနေနိုင်ပါသည်။
ဇန်နဝါရီလတွင် တော်လှန်ရေးမူဝါဒကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည့် အဓိကဦးဆောင်အဖွဲ့ဖြစ်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တော်လှန်ရေး အောင်မြင်ပြီးချိန်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် အစိုးရဝန်ထမ်းများကို ဆုချီးမြှင့်သင့်ကြောင်း ထောက်ခံသည့် မူဝါဒစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါစာတမ်းတွင် အငြင်းပွားဖွယ်ရာ အချက်တစ်ခု ပါဝင်နေသည်။ ယင်းအချက်မှာ စစ်ကောင်စီ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အပြစ်ပေးသင့်သည်ဟု ဖော်ပြထားခြင်းပင် ဖြစ်သည်။
CDM လုပ်ခဲ့ကြသော ဝန်ထမ်းများသည် ကြီးမားသောအနစ်နာခံမှုများ ပြုလုပ်ခဲ့ကြပြီး သူရဲကောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့အား ဂုဏ်ပြုခြင်းသည် တရားမျှတပါသည်။ သို့သော် သူရဲကောင်း မဖြစ်လိုသည့် အပြစ်တစ်စုံတစ်ရာ ကျုးလွန်ထားခြင်း မရှိသည့် မည်သူ့ကိုမျှလည်း အပြစ်ပေးခြင်း မပြုသင့်ပါ။ ဤ CDM မူဝါဒသည် လူအများအပြားမှာ ခက်ခဲပြီး ရွေးချယ်ခွင့်မရှိသော အခြေအနေတွင် ရှိနေသည်ကို လျစ်လျူရှုထားပုံရသည်။
မိသားစုတာဝန်များနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ထိုသူတို့သည် အလုပ်ဆက်လုပ်ကာ အာဏာရှင်အမိန့်များကို လိုက်နာခြင်းကလွဲ၍ ရွေးချယ်စရာမရှိသည့် အခြေအနေမျိုးဖြစ်သည်။
ဤလူများကို အာဏာရှင်ဘက်တော်သား လူဆိုးများအဖြစ် သတ်မှတ်ခြင်းသည် အကာအကွယ်များ ရယူနိုင်ရန်အတွက် ၎င်းတို့အား စစ်ကောင်စီနှင့်ပူးပေါင်းသွားစေရန် တွန်းပို့စေပါလိမ့်မည်။ ထို့ပြင် နိုင်ငံ့ပဋိပက္ခများ ပြီးဆုံးသွားနောက် ပြန်လည်သင့်မြတ်ရေးကို ပိုမိုခက်ခဲစေပါလိမ့်မည်။
တော်လှန်ရေးအင်အားစုဝင်အချို့သည်လည်း ရာဇဝတ်မှုများ ကျူးလွန်နေသည်ကိုလည်း သတိပြုမိရန် လိုအပ်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် စစ်တပ်၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်ပါက မှေးမှိန်နေပြီး စစ်တပ်က တိုင်းပြည်ကို အကျပ်အတည်းသို့ လုံးဝပြိုလဲသည်အထိ မတွန်းပို့ခဲ့ပါက ထိုအရာများ ဖြစ်လာမည် မဟုတ်သည်မှာ သေချာသည်။ သို့သော် ယင်းမှာ သီးသန့်အကြောင်းအချက်တစ်ခုသာ ဖြစ်ပြီး ပြည်သူအပေါ် တော်လှန်ရေးအဖွဲ့အချို့မှ ရာဇဝတ်မှုကျူးလွန်သူများ၏ လုပ်ရပ်များအတွက် တာဝန်ရှိမှုကို ပပျောက် လျော့နည်းသွားစေမည် မဟုတ်ပေ။
၎င်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအနက် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လူငယ် ၇ ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်း ဖြစ်သည်။ ဤဖြစ်စဉ်နှင့် ပတ်သက်၍ ထင်မြင်ချက်များ ကွဲလွဲနေ သော်လည်း ချောင်းဦးမြို့နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင်များက ကျေးရွာတစ်ခုတွင် ယင်းလူငယ်များကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
ယင်းဖြစ်ရပ်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါကျေးရွာအား စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မကြာခင်တွင် သတင်းပေးဟု စွပ်စွဲပြီး အမျိုးသမီးများအပါအဝင် လူငယ် ၇ ဦးကို လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ အမျိုးသမီးတချို့ကိုမူ မသတ်ဖြတ်မီ အုပ်စုဖွဲ့ မုဒိန်းပြုကျင့်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ပြစ်မှုကျုးလွန်ခဲ့သော တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို NUG လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြစ်မှုဖြစ်ပွားပြီး မကြာမီတွင် ဖမ်းဆီးခဲ့သော်လည်း နောက်တစ်လ အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
NUG ကိုယ်တိုင်ကမူ ယင်းဖြစ်ရပ်ကို ယခုနှစ် ဇန်နဝါရီလရောက်ချိန် လအတန်ကြာမှသာ သိရှိခဲ့ပုံရပြီး သတင်းဌာနများက သတင်းဖော်ပြပြီးနောက် မေလတွင် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် အဆိုပါလူသတ်မှုများကို ‘ဥပဒေမဲ့လုပ်ရပ်များ’ဟု ခေါ်ဆိုခဲ့ပြီး အမှန်တရားကို ဖော်ထုတ်ရန်နှင့် ဥပဒေအရ အရေးယူရန် လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။ သို့သော် ပြစ်မှုကျူးလွန်သူများအား မည်သို့သောအရေးယူမှုများ ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။
ထိုသို့တုံ့ပြန်မှု နှေးကွေးခြင်းနှင့် လုံလောက်သော ကိုင်တွယ်ဖြေခြင်းမှုမရှိခြင်းက စစ်အုပ်ချုပ်ရေးထက် ပိုမိုကောင်းမွန်ပြီး လူသားဆန်သည့် ရွေးချယ်စရာတစ်ခု ပေးအပ်မည်ဆိုသော NUG ၏ အခိုင်အမာ ပြောဆိုနေမှုများကို ထိခိုက်စေကာ စိုးရိမ်စရာဖြစ်သည်။ “ဖမ်းဆီးရမိသူများကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း မပြုရ” ဟူသော စစ်ရေးကျင့်ဝတ်ကို ထုတ်ပြန်ထားသော်လည်း အဆိုးရွားဆုံး ချိုးဖောက်မှုများ ဖြစ်ပေါ်သည့်တိုင် ၎င်းတို့သည် ဤကျင့်ဝတ်ကို ကျင့်သုံးရန် သို့မဟုတ် ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ရန် ပျက်ကွက်နေပုံရသည်။
ထိုသို့ ပျက်ကွက်နေခြင်းသည် ၎င်းတို့၏လက်အောက်ရှိ နာမည်ခံတပ်ဖွဲ့များကို ထိန်းချုပ်မှုမရှိခြင်း ကြောင့်လည်း ဖြစ်နိုင်ချေရှိသည်။ ယင်းအချက်မှာ သိသာလှသော်လည်း မြန်မာနိုင်ငံ၏ နယ်မြေအများအပြားကို ‘ထိရောက်စွာ ထိန်းချုပ်ထားသည်’ ဟူသော ၎င်းတို့၏ အခိုင်အမာပြောဆိုမှုနှင့် ဆန့်ကျင်နေခြင်းကြောင့် NUG အတွက် ဝန်ခံရန် ခက်ခဲပါသည်။ နယ်မြေထိန်းချုပ်မှုသည် ၎င်းတို့အား တိုင်းပြည်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်အတွက် အဓိကသော့ချက် ဖြစ်သည်။
NUG တွင် စစ်တပ်ကဲ့သို့ စစ်လက်နက်အင်အား မတောင့်တင်းသော်လည်း ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ထောက်ခံမှုရရှိထား၍ ရှင်းလင်းသော ကိုယ်ကျင့်တရားဆိုင်ရာ အသာစီးရှိမှုကို ပိုင်ဆိုင်ထားသည်။ ယင်းအတွက်ကြောင့် NUG ၏ စကားလုံးများသည် အလွန်အရေးပါပြီး သန်းပေါင်းများစွာသော လူအများက စိတ်အားထက်သန်စွာ နားထောင်နေကြသည်။ ထို့ကြောင့် ၎င်းတို့သည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ရမည် ဖြစ်သည်။
ချောင်းဦးလူသတ်မှုသည် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခု၏ လုပ်ရပ်ဖြစ်သော်လည်း စစ်တပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား ပဋိပက္ခအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့သို့သော ဖြစ်ရပ်များ ကြောင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြားရှိ ယုံကြည်မှုကို လျော့ရဲသွားစေနိုင်ပါသည်။
စစ်ကောင်စီက ဒေသခံပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းခြင်းကလည်း အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့သည်။ သို့သော် တော်လှန်ရေးအဖွဲ့များက သတ်ဖြတ်ခဲ့သော အရပ်သားဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် နိုင်ငံရေးပါတီဝင်များစွာကို နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေအရ အရပ်သားများအဖြစ် သတ်မှတ်နိုင်သည်။
တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့၏ ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရသူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့တွင် ကျူးလွန်ခံရသူများသည် စစ်တပ်နှင့် တိုက်ရိုက် ပါဝင်ခဲ့သည်ဟု မကြာခဏဆိုသလို အခိုင်အမာ ပြောဆိုသော်လည်း စွပ်စွဲချက်များကို အတည်ပြုရန် အတွက် သင့်လျော်သော ဥပဒေရေးရာ လုပ်ငန်းစဉ်မှာ အားနည်းလှသည်။
NUG ၏ စစ်ရေးကျင့်ဝတ်သည် အရပ်သားများကို တိုက်ခိုက်ခြင်းအား တရားဝင် တားမြစ်ထား သော်လည်း ၎င်းတို့၏ခေါင်းဆောင်များသည် ဤလုပ်ကြံသတ်ဖြတ်မှုများကို တိတ်တဆိတ် သဘောတူခွင့်ပြုထားသည့် သို့ ပြဿနာကို ရှောင်လွှဲထားသည့်ပုံစံ ပေါ်ပေါက်သည်။
ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ မရှိခြင်းသည် တော်လှန်ရေးအဖွဲ့များအား အကြောင်းပြချက် အနည်းငယ်ဖြင့်ပင် ရန်ကြွေးများကို ဖြေရှင်းရန် အခွင့်အရေးပေးရာရောက်ပြီး ဤကဲ့သို့သော ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် လှုပ်ရှားမှုများသည် အထူးအန္တရာယ်ရှိပါသည်။
အချို့က အဆိုပါသတ်ဖြတ်မှုများသည် ရက်စက်ကြမ်းကြုတ်သော်လည်း အာဏာရှင်၏ ဒေသတွင်းလက်ပါးစေများကို ပစ်မှတ်ထားခြင်းက ၎င်း၏ချုပ်ငြိမ်းမှုကို မြန်မြန်ရောက်စေလိမ့်မည်ဟု ငြင်းခုံနိုင်သည်။ လုပ်ကြံသတ်ဖြတ်သော လှုပ်ရှားမှုတို့ကြောင့် ဒေသခံအရာရှိအချို့ အစုလိုက်အပြုံလိုက် နုတ်ထွက်မှုများ ဖြစ်ပေါ်စေသော်လည်း ဤလုပ်ရပ်သည် စစ်အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲပြီးနောက်တွင်ပင် ရပ်တန့်ရန် ခက်ခဲပြီး လက်တုံ့ပြန် အကြမ်းဖက်မှုစက်ဝန်းကို ဖြစ်ပေါ်စေသည်။
ဖရွန်တီးယားက စစ်မှုထမ်းဟောင်း မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများကို တွေ့ဆုံမေးမြန်းမှုများအရ လုပ်ကြံသတ်ဖြတ်မှုများသည် အချို့လူများကို စစ်တပ်နှင့် ပိုမိုနီးကပ်စွာ ဆက်နွှယ်သွားစေခဲ့ကြောင်း ပြောဆိုကြသည်။
သို့သော် NUG သည် ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အာဏာကို ပိုမိုကျင့်သုံးရန်အတွက် အဖွဲ့၏ အတွင်းစည်းပိုင်းကိုလည်း ပြန်လည်ကြည့်ရှုရန် လိုအပ်သည်။ ၎င်း၏အဖွဲ့ဝင်အချို့သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ဆိုးဝါးလှသော “ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ” နှင့် တစ်ချိန်တည်းတွင် အစိုးရအဖြစ် တာဝန်ယူခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လူများ ဖြစ်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD အစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များကို ထိန်းချုပ်ခွင့်မရှိသော်လည်း နိုင်ငံတကာအလယ်တွင် ယင်းဖြစ်ရပ်များအပေါ် ငြင်းဆိုပေးခြင်းဖြင့် ရခိုင်ပြည်နယ်ရှိ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ရာတွင် ပါဝင်ခဲ့သည်။
ထိုမူဝါဒများမှ အရေးပါသော ကွဲထွက်မှုတစ်ခုအဖြစ် NUG သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ရိုဟင်ဂျာများအား နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များကို ပြန်လည်ကြိုဆို၍ ၎င်းတို့အတွက် တရားမျှတမှု ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ရိုဟင်ဂျာလူမျိုးတစ်ဦးကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင်အချို့ကလည်း သဘောထားပြောင်းလဲကြောင်း ကြေညာခဲ့သည်။ သို့သော် ထိုသူများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များအပေါ်တွင် ၎င်းတို့၏ ပူးပေါင်းပါဝင်ခဲ့မှုကို ဝန်ခံရန် ပျက်ကွက်နေဆဲဖြစ်သည်။
“၂၀၁၇ မှာ ကျွန်တော်တို့လူတွေထဲက ရိုဟင်ဂျာလူမျိုးတွေကို စစ်တပ်က လူမျိုးသုဥ်းသတ်ဖြတ်တာကို အသံထွက် ကန့်ကွက်သူ နည်းပါးခဲ့တယ်။ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အတိတ်စစ်အစိုးရတွေရဲ့ ဇာတ်ကြောင်းတွေဟာ လူ့အဖွဲ့အစည်းထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ အခု စစ်တပ်က ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုတောင် ငြင်းပယ်နေဆဲဖြစ်ပေမဲ့ ကျွန်တော်က နားလည်ပေးနိုင်ခဲ့ပါပြီ” ဟု NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရေးသားခဲ့သည်။
ဒေါက်တာဝင်းမြတ်အေးထံက ဤစကားများသည် အာရုံလွှဲပြောင်းခြင်းမျှသာ ဖြစ်သည်။ NLD အစိုးရအဖွဲ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်ခဲ့သည့် သူသည် စစ်တပ်က ကျူးလွန်ခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ရှိသော်လည်း ရိုဟင်ဂျာများက ကိုယ့်နေအိမ်များကိုယ် မီးရှို့ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများ၏ မြေများအား သိမ်းယူခြင်းကို ကြီးကြပ်ခဲ့သည်။
ထို့အပြင် စစ်တပ်က NLD နှင့် မြန်မာလူထုကို ရိုဟင်ဂျာများအကြောင်း လှည့်ဖြားခဲ့သည်ဟု အခိုင်အမာ ပြောဆိုခြင်းသည် ရိုးသားမှု မရှိပါ။ အဆက်ဆက်သော စစ်အစိုးရများသည် မွတ်ဆလင်လူနည်းစုများကို အပြစ်ကျူးလွန်သူများအဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့သည်မှာ မှန်ပါသည်။ သို့သော် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များနှင့် ၂၀၂၁ အာဏာသိမ်းမှုအပေါ် တုံ့ပြန်မှုက မြန်မာ့လူ့အဖွဲ့အစည်းသည် စစ်တပ်၏ ဝါဒဖြန့်မှုနောက်တွင် အလွယ်တကူ လိုက်ပါခြင်းမရှိကြောင်း ပြသနေသည်။ လူထုသည် ရိုဟင်ဂျာများအကြောင်း စစ်တပ်၏ လိမ်ညာမှုများကို ယုံကြည်မည်ဆိုပါက ၎င်းတို့ကိုယ်တိုင် ယုံကြည်ရန် အသင့်အခြေအနေ ရှိနေရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဝါဒဖြန့်မှုဖြင့် လှည့်ဖြားခံရခြင်းတို့ကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ရသည်ဟု ဆိုခြင်းက တရားဝင် ခွင့်လွှတ်ရန် မရှိပါ။ ထိုသို့ဆိုလျှင် လက်ရှိ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသူများကလည်း ထိုနည်းတူ စောဒက တက်နိုင်ပါသည်။
ရခိုင်ပြည်နယ်က ဖြစ်ရပ်များသည် ထင်ရှားသော ဥပမာတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံတစ်ဝန်းတွင် ဆယ်စုနှစ် ၇ ခုကျော်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခသမိုင်း၏ အခန်းတစ်ခန်းမျှသာ ဖြစ်သည်။ မြန်မာပြည်မှ အကြမ်းဖက်မှု သံသရာစက်ဝန်းကို အပြီးသတ်ရန်မှာ တရားမျှတမှုသာလျှင် အဓိကသော့ချက် ဖြစ်သည်။ စစ်တပ်ကို ဖြုတ်ချခြင်းတစ်ခုတည်းဖြင့် ဤပန်းတိုင်ကို အောင်မြင်မည် မဟုတ်ပါ။
လွယ်ကူသော ပုံသေနည်းများ မရှိသော်လည်း စစ်မှန်သော တရားမျှတမှု ဖြစ်ပေါ်လာရန်အတွက် နစ်နာခဲ့သူမည်သူကိုမျှ မေ့လျော့၍မရဘဲ ပြစ်ဒဏ်သင့်မှုအတိုင်းအတာကို သေချာစွာ ခွဲခြားရပါမည်။ ရက်စက်ကြမ်းကြုတ်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုကို အပြစ်ပေးရမည် ဖြစ်သော်လည်း နိုင်ငံရေးအရ ဆက်နွယ်ပတ်သက်မှု ရှိရုံမျှနှင့် အပြစ်ပေးခြင်း မပြုသင့်ပါ။ ထို့အပြင် အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံသစ်ကို တည်ဆောက်ရာတွင် အတိတ်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို အပြည့်အဝ ရှင်းလင်းတာဝန်ခံရန် ဖြစ်သည်။