၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ဆောင်းပါးဖြစ်ပါသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်နေသော အမျိုးသားရေးအစွန်းရောက်မှုဆန်သော ဆန္ဒပြပွဲများသည် ပုံမှန်မဟုတ်စွာဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဦးတည်တိုက်ခိုက်နေသည်။ ၎င်းဆန္ဒပြပွဲများအတွက် စနစ်တကျ စုစည်းမှုနှင့် ငွေကြေးထောက်ပံ့မှုများသည်လည်း စစ်တပ်အတွင်းက အချို့သော အဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံပြုမှုက လာနေသည်။
ဖရွန်တီးယား
ဇန်နဝါရီ ၁၂ ရက်နေ့က တောင်ကြီးမြို့ရှိ နေပူပြင်းသော လမ်းမများပေါ်တွင် လူ ၂,၀၀၀ ခန့်သည် ပင်ပန်းနွမ်းနယ်စွာ လျှောက်လှမ်းနေကြသည်။ သာသနာ့အလံများကို စိတ်မပါတပါ ဝှေ့ယမ်းနေကြသော လူအုပ်ကို ရဲတပ်ဖွဲ့က လုံခြုံရေးပေးထားသည်။ ယင်းမြင်ကွင်းသည် ၂၀၂၁ ခုနှစ် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများတွင် ရဲများနှင့် စစ်သားများက ဆန္ဒပြသူ ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် အခြေအနေနှင့် လုံးဝခြားနားနေသည်။
“ကျနော်တို့ရဲ့မြေပေါ်မှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့် အကြမ်းဖက်သမားအုပ်စုတွေကို မလိုချင်ဘူး” ဟု ရှမ်းပြည်နယ်၏မြို့တော်တွင် ပြုလုပ်သော ထိုချီတက်ပွဲကို ဦးဆောင်သည့် ရဟန်းများက ကြွေးကြော်ခဲ့ရာ လူထုကလည်း “မလိုချင်ဘူး၊ မလိုချင်ဘူး” ဟု ပြန်လည်အော်ဟစ်ခဲ့ကြသည်။
ဗုဒ္ဓဘာသာကို အသုံးချ၍ အမျိုးသားရေးဆန်သော ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံတွင် အမြစ်တွယ်နေခဲ့ခြင်းဖြစ်ပြီး၂၀၂၁ အာဏာသိမ်းပြီးစ အချိန်များတွင်လည်း စစ်တပ်ကို ထောက်ခံကြောင်း ပြသရန် ကျင်းပခဲ့ကြသည်။ ၎င်းဆန္ဒပြပွဲများသည် ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ပြန်လည်အားကောင်းလာခဲ့သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဓိကမြို့များနှင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ဗုဒ္ဓဘုရားစေတီတစ်ဆူကို တူဖြင့်ရိုက်ချိုးဖျက်ဆီးနေသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာသောအခါ အမျိုးသားရေး တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဖရွန်တီးယား၏ လူမှုမီဒီယာကို လေ့လာစောင့်ကြည့်မှုအရ ထိုဖြစ်ရပ်နောက်ပိုင်းတွင် အနည်းဆုံးမြို့နယ် ၄၀ ၌ ထိုလုပ်ရပ်ကိုဆန့်ကျင်သော အမျိုးသားရေးဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ပုံမှန်ထက် လူအရေအတွက်ပိုများခဲ့သည်။
သို့သော် တောင်ကြီးမြို့ စီတန်းလှည့်လည်ပွဲတွင် ပါဝင်ခဲ့သူအချို့ကမူ ၎င်းတို့အား ဒေသခံ စစ်ကောင်စီအရာရှိများက ဆန္ဒပြပွဲသို့ တက်ရောက်ရန် လှည့်ဖြားခဲ့ခြင်းနှင့် ဖိအားပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖရွန်တီးယားကို ပြောသည်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှ တိုက်ပွဲများကို ရှောင်တိမ်းလာပြီး တောင်ကြီးတွင် အိမ်ငှားနေထိုင်သည့် ဒေါ်မူ* က ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စစ်ရှောင်များစွာကို အတင်းအကျပ် ပါဝင်စေခဲ့သည်ဟု ပြောသည်။
“ကျမတို့က ဧည့်စာရင်းမှာ မှတ်ပုံတင်ထားတာပေါ့။ အဲ့တော့ အုပ်ချုပ်ရေးမှူးက စစ်ရှောင်တွေအတွက် ပွဲတစ်ခုရှိတယ်လို့ အကြောင်းကြားတယ်။ ဆန္ဒပြပွဲဖြစ်ကြောင်း မပြောခဲ့ဘူး။ မနက်ကျရင် မိသားစုတိုင်းက အနည်းဆုံး လူတစ်ယောက် ဘောလုံးကွင်းကို လာရမယ်တဲ့” ဟု ၎င်းက ပြောသည်။
သူ ရောက်သွားချိန်တွင် လှည့်စားခံရမှန်း သိလိုက်ရသော်လည်း ဒေါ်မူက ဆန္ဒပြပွဲစီစဉ်သူများကို ဆန့်ကျင်၍ လှည့်ပြန်ရန် မဝင့်မရဲဖြစ်ခဲ့ရသည်။
“လှည့်စားခံရမှန်းသိတော့ အရမ်းစိတ်ပျက်မိတယ်။ အမျိုးသားရေး ဆန္ဒပြပွဲမှန်း သိလိုက်တာနဲ့ ချက်ချင်း ထွက်သွားချင်ခဲ့တယ်။ ဒါပေမဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတွေက ချီတက်ပွဲကို ဝန်းရံပြီး စောင့်ကြည့်နေတော့ မထွက်ရဲဘဲ တစ်နာရီလောက် သူတို့နဲ့ အတူတူ လမ်းလျှောက်ခဲ့ရတယ်” ဟု သူက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဆန့်ကျင်သည့် ယခုကဲ့သို့သော ဆန္ဒပြပွဲများသည် စစ်အုပ်ချုပ်ရေးအောက်တွင် ပုံမှန်ဖြစ်သော်လည်း ယခုဆန္ဒပြပွဲများတွင် ပုံမှန်မဟုတ်သည့် ဒုတိယပစ်မှတ်တစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်သည်။
ကိုသိမ်းအေးတဖြစ်လဲ မင်းအောင်လှိုင်
တောင်ကြီးမြို့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် နေမင်းကြီးဆရာတော်၊ ရန်ကုန်မြို့မှ ဦးကေသရနှင့် မြန်မာပြည်အလယ်ပိုင်းက ပေါက်ကိုတော် စသည့် အစွန်းရောက် အမျိုးသားရေးဝါဒီရဟန်းများအားလုံးသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်မြေပြင်တွင် စစ်တပ် ဆုံးရှုံးခဲ့မှုများအတွက် မင်းအောင်လှိုင်အား ကာကွယ်ရေးဦးစီးချုပ်ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဇန်နဝါရီလ ၂၁ ရက်က ရန်ကုန်မြို့လယ်ရှိ အထင်ကရနေရာ တစ်ခုဖြစ်သည့် ဆူးလေဘုရားတွင် ကျင်းပသော စုဝေးပွဲတွင် ဦးကေသရက မင်းအောင်လှိုင်အား “ကိုသိမ်းအေး” ဟုပင် လှောင်ပြောင်သရော်သည့် နာမည်ပြောင်ဖြင့် ရည်ညွှန်းခဲ့သည်။ ထိုနာမည်ပြောင်သည် အာဏာသိမ်းပြီးနောက် ထိရောက်အောင် မကိုင်တွယ်နိုင်ဘဲ အေးအေးဆေးဆေးနေသူဟူသော လှောင်ပြောင်သည့် အဓိပ္ပာယ်သက်ရောက်သည်။
အခြားသူများကဲ့သို့ပင် ဦးကေသရကလည်း မင်းအောင်လှိုင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို ရာထူးလွှဲပေးပြီး နုတ်ထွက်သင့်ကြောင်း တောင်းဆိုခဲ့သည်။ စိုးဝင်းသည် စစ်တပ်အတွင်း၌ အထင်ကြီး လေးစားခံရသူ ဖြစ်သည်။
အချို့သော ပါဝင်သူများသည် ခြိမ်းခြောက်ခံရခြင်းနှင့် လှည့်စားခံရခြင်းများ ရှိသော်လည်း အချို့ကမူ ဆန္ဒပြပွဲများကို မိမိဆန္ဒအလျောက် သွားခဲ့ကြသည်။ ဆူးလေဘုရားတွင် ရှိနေခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားရေး ဘုန်းကြီးတစ်ပါးက ထိုစုဝေးပွဲသည် အမျိုးသားရေးထောက်ခံသော အသိုင်းအဝိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောသည်။
“တကယ်တော့ သူတို့အများစုဟာ တပ်မတော်ရဲ့ စစ်ရှုံးမှုတွေကြောင့် စိတ်ဓာတ်ကျပြီး စိုးရိမ်ပူပန်နေကြတာပါ။.. အချို့က စစ်တပ်ကို ထောက်ခံခဲ့တာ မှားပြီလားလို့ တွေးနေနိုင်တယ်။ ဒါကြောင့် သူတို့ဘက်မှာ လူတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ဦးဇင်းတို့က ပြချင်တာ။ စုဝေးပွဲတွေက သူတို့ကို စိတ်ဓာတ်ခွန်အားပေးဖို့ပါပဲ” ဟု ၎င်းက အမည်မဖော်လိုဘဲ ပြောသည်။
နေမင်းကြီးဆရာတော်သည် နှစ်ပေါင်းများစွာကြာအောင် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများအကြားတွင် ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးထောက်ခံမှုကို တည်ဆောက်ခဲ့သည်။
“၂၀၁၆ ခုနှစ်ကတည်းက သူဟာ ပအိုဝ်းရွာတွေကို သွားပြီး သူ့ရဲ့ အမျိုးသားလုံခြုံရေးကွန်ရက်ဆိုတာမှာ ပါဝင်ဖို့ ရွာသားတွေကို စည်းရုံးခဲ့တယ်။ သူက အဲဒီမှာ စစ်တပ်ကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့ ဘုန်းကြီးတွေထဲက တစ်ပါးဖြစ်ပြီး ဗိုလ်ချုပ်တွေနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လက်နက်ကိုင်တပ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်” ဟု အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) ၏ အဖွဲ့ဝင် ခွန်လားဘွယ်က ပြောသည်။
အာဏာသိမ်းမှုသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်များပါဝင်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အနီးနားရှိ တောင်ကြီးတို့တွင် နေထိုင်နေကြသော ပအိုဝ်းလူမှုအသိုင်းအဝိုင်းကို ကွဲပြားစေခဲ့သည်။
ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်တပ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က လွှမ်းမိုး အုပ်ချုပ်နေပြီး စစ်အာဏာရှင်စနစ်ကို စိတ်ပျက်နေသော လူငယ်များကမူ စစ်ကောင်စီကို တိုက်ခိုက်ရန် PNDFကို ဖွဲ့စည်းခဲ့သည်။
ယခင်က ကြားနေခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် PNDF အပါအဝင် အခြားတော်လှန်ရေးအဖွဲ့များဖြစ်သော အဖွဲ့များ၏ အကူအညီဖြင့် ဆီဆိုင်မြို့ကို ထိန်းချုပ်လိုက်ကြောင်း ဇန်နဝါရီလတွင် ကြေညာကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။

လားဘွယ်က ပအိုဝ်းလူမျိုးအများစုသည် ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်ယုံကြည်မှုပြင်းထန်ကြပြီး စစ်တပ်က ဘာသာရေးကို ကာကွယ်သည်ဟု ယူဆသောကြောင့် အမျိုးသားရေး ဆန္ဒပြပွဲများတွင် ဆန္ဒအလျောက် ပါဝင်နေမှုများ ရှိကြောင်း ပြောသည်။
ရိုးသားသော ပအိုဝ်းလူမျိုးများသည် ၎င်းတို့၏ ယုံကြည်မှုကြောင့် စစ်တပ်၏ “နိုင်ငံရေးကစားကွက်များ” တွင် အသုံးချခံနေရသည်ကို မြင်တွေ့ရသောအခါ စိတ်မကောင်းဖြစ်ရသော်လည်း လူငယ်မျိုးဆက်သည် ထိုသို့ ဝါဒမှိုင်းတိုက်ခံရမှုမှ ကင်းဝေးနေပြီဟု ၎င်းက ဆိုသည်။
“ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို စစ်တပ်အတွက် အလုပ်လုပ်ပေးနေတာတွေ ရပ်တန့်ပြီး ပအိုဝ်းလူထုရဲ့ ဆန္ဒအတိုင်း လိုက်နာဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဏာဗဟိုချက်က ပြိုင်ဘက်
တောင်ကြီးဆန္ဒပြပွဲတွင် လှည့်စားခံခဲ့ရသော ဒေါ်မူက ဆန္ဒပြပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးရုံးက စစ်ရှောင်မိသားစုများကို ဆန်၊ ဆီ၊ ကြက်ဥနှင့် ပဲများ ဝေငှပေးခဲ့ကြောင်း ပြောပြသည်။
ပင်လောင်းမြို့နယ်က ပအိုဝ်းလူမျိုးတစ်ဦးဖြစ်သူ ခွန်သာဦး* ကလည်း သူနှင့် ရွာသားများသည် ခြိမ်းခြောက်ခံရပြီး ဆန္ဒပြပွဲများသို့ မကြာခဏ လာရောက်ခဲ့ရကြောင်းနှင့် တက်ရောက်ခဲ့ခြင်းကြောင့် ငွေကြေးတစ်စုံတစ်ရာ ရရှိခဲ့ကြောင်း ဖရွန်တီးယားကို ပြောသည်။
“တောင်ကြီးမှာ တပ်မတော်ကို ထောက်ခံတဲ့ စုဝေးပွဲရှိရင် ရွာခေါင်းဆောင်က ကျနော်တို့ မသွားချင်ရင်တောင် ကားတွေနဲ့ လူတွေကို လာစုတယ်။ ငြင်းရင် စစ်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖွဲ့တွေကို ခေါ်မယ်လို့ ခြိမ်းခြောက်တယ်။ လိုက်သွားရင်တော့ ကျနော်တို့ကို ၁၀,၀၀၀ ကျပ် ဒါမှမဟုတ် ၁၅,၀၀၀ ကျပ် ပေးတယ်” ဟု ၎င်းက ပြောသည်။
ဤဆန္ဒပြပွဲများ၏ စနစ်တကျ စုစည်းမှုနှင့် ငွေကြေးထောက်ပံ့မှုသည် ၎င်းတို့အား စစ်တပ်နှင့် ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းတစ်ခုက ကျောထောက်နောက်ခံပြုထားသည်ဟု သံသယဖြစ်စေသည်။
“ဒီကိစ္စက စစ်တပ်တွင်း ပျက်ဆီးနေပြီဆိုတာကို ပြသနေတယ်။.. ဒီဆန္ဒပြပွဲတွေက အရမ်းကုန်ကျစရိတ်များပြီး စစ်တပ်ရဲ့ အကူအညီမပါဘဲ ကျင်းပလို့ မရဘူး။ စစ်တပ်နဲ့ နီးစပ်တဲ့ ဘုန်းကြီးတွေက မင်းအောင်လှိုင်ကို နုတ်ထွက်ဖို့ ပြောတယ်ဆိုရင် ဒီအသံက စစ်တပ်အတွင်းက လာတာ ဖြစ်ရမယ်” ဟု တော်လှန်ရေးကို ထောက်ခံသော နွေဦးတော်လှန်ရေး သံဃာကွန်ရက်၏ ဦးဆောင်ဆရာတော် ဦးဝါယမက ပြောသည်။
ယခင် ဖရွန်တီးယား၏ ဆောင်းပါးတစ်ခုတွင် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုအပေါ် စစ်တပ်အတွင်း၌ မကျေမနပ်ဖြစ်မှုများ ရှိနေကြောင်း၊ ဗိုလ်ချုပ်တစ်ဦးကပင် သူ့ကို “စစ်တပ်သမိုင်းမှာ အညံ့ဆုံးခေါင်းဆောင်” ဟု ခေါ်ဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဖရွန်တီးယားက မေးမြန်းခဲ့သော အင်းစိန်အခြေစိုက် အမျိုးသားရေးဘုန်းကြီးက စစ်အရာရှိများနှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးများက ဇန်နဝါရီဆန္ဒပြပွဲအတွက် ရန်ပုံငွေများ ပေးခဲ့သည်ဟု ဝန်ခံသော်လည်း အသေးစိတ်ကို ထပ်မံထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ ၎င်းက ဆူးလေဆန္ဒပြပွဲ၏ ပွဲစီစဉ်သူများကို အာဏာပိုင်များက မေးမြန်းစစ်ဆေးခြင်း မပြုခဲ့ကြောင်းဆိုသော်လည်း မန္တလေးက ပေါက်ကိုတော်မှာ စစ်ဆေးမေးမြန်းခံခဲ့ရသည်။
စစ်အာဏာသိမ်းဆန့်ကျင်ရေးသမားနှင့် တက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းကလည်း အဆိုပါဆန္ဒပြပွဲများသည် စစ်တပ်အတွင်း ကွဲပြားမှုများ ပိုမိုကြီးထွားလာကြောင်း အထောက်အထားဖြစ်သည်ဟု သဘောတူသော်လည်း ထိုအရာက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအတွက် ကောင်းကျိုးမရှိနိုင်ဟု ဆိုသည်။
“သူတို့ကြားက ကွဲအက်မှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်လာရင် ကျနော်တို့ တော်လှန်ရေးအတွက် ပိုကောင်းလာမယ်လို့ မျှော်လင့်စရာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ တောင်းဆိုချက်တွေက မင်းအောင်လှိုင်ထက် ပိုပြီး ရက်စက်တဲ့ ခေါင်းဆောင်ကို သူတို့လိုချင်နေတာကို ပြနေလို့ပဲ” ဟု ၎င်းက ပြောသည်။
ဖရွန်တီးယားက မေးမြန်းခဲ့သော စစ်တပ်ထောက်ခံသူ အများစုသည် မင်းအောင်လှိုင်ကို အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဝေဖန်ခြင်းမဟုတ်ဘဲ အတိုက်အခံများကို ချေမှုန်းနိုင်ခြင်းမရှိသောကြောင့် ဝေဖန်ခဲ့ကြသည်။
သို့သော် စစ်တပ်၏ သစ္စာခံမှုနှင့် နာခံမှုဓလေ့၊ တပ်အတွင်းစောင့်ကြည့်ရေးစနစ်နှင့် မင်းအောင်လှိုင်သည် ၁၃ နှစ်ကြာ ရာထူးများအပေါ် အာဏာစွဲကိုင်ထားနိုင်မှုတို့ကြောင့် ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်မည် ဆိုသည်မှာ ရှင်းလင်းမှုမရှိသေးပေ။
နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်တပ်၏ အရေးအကြီးဆုံး အရာရှိလေ့ကျင့်ရေးကျောင်းရှိရာ မန္တလေးတိုင်းရှိ ပြင်ဦးလွင်မြို့ သို့မဟုတ် ရှမ်းမြောက်ပိုင်း အကြီးဆုံးမြို့ဖြစ်သော လားရှိုးမြို့ကို လက်လွတ်မခံရမချင်း မင်းအောင်လှိုင်ကို ရာထူးမှ ဖယ်ရှားနိုင်ဖွယ်မရှိကြောင်း ပြောသည်။ စစ်တပ်သတင်းရင်းမြစ်များကလည်း ဖရွန်တီးယား၏ ပထမဆောင်းပါးတွင် လားရှိုးကို အနီရောင်မျဉ်းအဖြစ် သတ်မှတ်ခဲ့သည်။ TNLA တပ်ဖွဲ့များသည် ထိုမြို့နှစ်မြို့လုံးကို ဝန်းရံထားသော်လည်း ဇန်နဝါရီလတွင် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့သော အပစ်အခတ်ရပ်စဲရေးကို အဓိက လိုက်နာနေသည်။
အကယ်၍ ထိုမြို့များ ဆုံးရှုံးသွားပါက မင်းအောင်လှိုင်သည် ပြည်ပသို့ ထွက်ပြေးမည် သို့မဟုတ် ၎င်း၏ အရေးအကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်သော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးပြု၍ တော်လှန်ရေးအဖွဲ့များနှင့် အပေးအယူညှိနှိုင်းရန် ကြိုးပမ်းမည်ဟု ဦးသန်းစိုးနိုင်က ခန့်မှန်းခဲ့သည်။
သို့သော် ဦးဝါယမကဲ့သို့ တော်လှန်ရေးထောက်ခံသူများသည် စစ်တပ်၏ ဖရိုဖရဲဖြစ်မှုအပေါ် အားရလျှက်ရှိသည်။
“သူတို့ (စစ်တပ်ထောက်ခံသူများ) ဘယ်လောက်ကြောက်နေလဲဆိုတာ ထင်ရှားပါတယ်။..တော်လှန်ရေး အောင်မြင်သွားရင် သူတို့ အမျိုးသားရေးအဖွဲ့တွေနဲ့ မဘသဘုန်းကြီးတွေဟာ ဒီလူ့အဖွဲ့အစည်းမှာ နေရာဆုံးရှုံးသွားမယ်ဆိုတာ သူတို့သိနေကြတယ်” ဟု ၎င်းက ပြောသည်။