ယခု ဆောင်းပါးသည် Political Insider အတွက် ထုတ်ဝေခဲ့သော ဆောင်းပါးများထဲက တစ်ခုကို မြန်မာစာဖတ်ပရိတ်သတ်များအတွက် ပြန်လည် တည်းဖြတ်ကာ ထုတ်ဝေပေးခြင်း ဖြစ်ပါသည်။ ဖရွန်တီးယား၏ စာဖတ်ပရိတ်သတ်များအတွက် Political Insider ကို နှစ်ပတ် တစ်ကြိမ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျှက် ရှိပြီး ဦးဦးဖျားဖျားနှင့် အချိန်မှန် ဖတ်ရှုလိုပါက Subscribe ပြုလုပ်နိုင်ပါသည်။
ဖရွန်တီးယား
အာဏာသိမ်း စစ်ကော်မရှင်က မကြာခင်ကျင်းပပြုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး (သို့) မြန်မာနိုင်ငံ၏ ပဠိပက္ခဖြေရှင်းရေးအတွက် လမ်းကြောင်း တစ်ရပ်အနေဖြင့် အသုံးတော်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း လွတ်လပ်သောရွေးကောက်အတွက် အာရှကွန်ရက် (ANFREL) က စက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာ က ဆိုသည်။
ထိုအဖွဲ့က ရွေးကောက်ပွဲသည် ဆိုးရွားသည့် နိုင်ငံရေးနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ချို့ယွင်းချက်များ ရှိနေပြီး နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီကြောင်း ပြောဆိုသည်။ တစ်နည်းဆိုရသော် အာဏာတရားဝင်မှု (Legitimacy) ကင်းမဲ့နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အောက်တိုဘာလ ၁၁ ရက်တွင် စစ်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်း၂၀ က စစ်ကော်မရှင် စီစဉ်သည့် မည်သည့်ရွေးကောက်ပွဲကိုမဆို ပယ်ချရန် နိုင်ငံတကာကို တောင်းဆိုခဲ့ကြသည်။ ယင်းထုတ်ပြန်ချက်တွင် စစ်ကော်မရှင်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အတိအလင်း ချိုးဖောက်နေကာ အာဏာနှင့် တရားဝင်မှုအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာလကုန်ပိုင်းတွင် တိုင်းရင်းသားနှင့် တော်လှန်ရေးအဖွဲ့အစည်း ၁၂ ဖွဲ့ ပါဝင်သော တိုင်းရင်းသားလူမျိုးများကောင်စီ (Multi Ethnic Councils – MEC) က ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်အခြေခံချဥ်းကပ်မှုကို အသုံးပြု၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ကတိကဝတ်ကို ကြေညာခဲ့သည်။
စစ်ကော်မရှင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်နှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု လူမျိုးပေါင်းစုံကောင်စီက ဆိုသည်။ ယင်းသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းရေးကို အဟန့်အတားဖြစ်စေကာ ပဋိပက္ခကို ကြာရှည်စေလိမ့်မည် ဟု သတိပေးလိုက်သည်။
တရားဝင်မှုဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံတွင် ကာလရှည်ကြာ အငြင်းပွားဖွယ်ရာ ဇစ်မြစ်တစ်ခု ဖြစ်ခဲ့ပြီး အာဏာနှင့် ပြည်သူ့သဘောတူညီချက်အကြား လွန်ဆွဲရုန်းကန်နေရမှုများမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
စစ်တပ်က ဗိုလ်ချုပ်များအတွက် “တရားဝင်မှု” သည် ယေဘုယျအားဖြင့် နယ်မြေ၊ လူထု နှင့် သတင်းစကားများကို ထိန်းချုပ်ဖိနှိပ်နိုင်ခြင်း ဟုသာ အဓိပ္ပာယ်ရပြီး အဆိုပါ တရားဝင်မှုတွင် ပြည်သူများ၏ အလိုဆန္ဒနှင့် သဘောတူညီချက်ကို သူတို့ မလိုအပ်ပေ။
မှန်မှန်ကန်ကန် နည်းလမ်းများဖြင့် ပြည်သူအများစု၏ ရွေးကောက်တင်မြှောက်ခံရပါက တရားဝင်သည်ဟု အကြမ်းဖျင်းအဓိပ္ပါယ် ဖွင့်နိုင်သော်လည်း ပြည်သူ့ ယုံကြည်မှုကို အရယူရန်မှာမူ အုပ်ချုပ်သူအဖွဲ့အစည်းများမှ ကိုယ်ကျိုးမကြည့်ဘဲ လူထုနှင့် ဒေသအကျိုး ဦးတည်ကာ ထိထိရောက်ရောက် ဦးဆောင်အုပ်ချုပ်သူ သို့ အဖွဲ့အစည်း ဖြစ်ရန် လိုကြောင်း လွိုင်ကော်တွင် နေထိုင်သူ အသက် ၄၉ နှစ်အရွယ် ဒေါ်မြ (အမည်လွှဲ)က မှတ်ချက်ပြုသည်။
“စစ်တပ်က စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးကိုပဲ အဓိက လက်ကိုင်ထားတယ်။ … ပြည်သူကို အာဏာ၊ လက်နက်နဲ့ အုပ်ချုပ်နေတယ်လို့ မြင်တယ်” ဟု အီးစီ (အမည်လွှဲ)၊ ကရင်နီပြည်နယ် ကျောင်းသားသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးက မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။ သူသည် အသက် ၂၉ နှစ်အရွယ်ရှိပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီက လွိုင်ကော်နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေခဲ့သော ကျောင်းသားတစ်ဦး ဖြစ်သည်။
ထိုသို့ စစ်ကော်မရှင်က တရားဝင်မှုနှင့် အာဏာတည်မြဲရေးအတွက် ကြိုးပမ်းအားထုတ်နေစဥ် မြန်မာနိုင်ငံ၏ စစ်ပွဲဒဏ်အများဆုံး ခံနေရသော ပြည်နယ်ထဲက တစ်ခုဖြစ်သည့် ကရင်နီပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများကောင်စီ၏ အဖွဲ့ဝင် တစ်ခုက ပြည်နယ်အတွင်းရှိ နိုင်ငံရေးတရားဝင်မှု၏ အဓိပ္ပာယ်ကို တိတ်ဆိတ်စွာ ပုံဖော်နေသည်။
၂၀၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သည် လေကြောင်းတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းအရေးနှင့် အရပ်သားများအပေါ် စစ်တပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုများအပါအဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခု ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် အခက်ခဲဆုံးဟု ဆိုသော အခက်အခဲများအားလုံးကြားတွင် ဒေသခံလူထုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအကြား လူမှုရေးကတိကဝတ်များမှတစ်ဆင့် တရားဝင်မှုကို တည်ဆောက်နေသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ၌ IEC ၏ ပထမဆုံးမိန့်ခွန်းတွင် IEC ဥက္ကဋ္ဌ နှင့် ပူးတွဲတည်ထောင်သူဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ်သူ ခူးဦးရယ်က လူငယ်သားကောင်းများ စစ်အာဏာရှင်စနစ်ဆိုးချုပ်ငြိမ်းရေး ဒုက္ခဆင်းရဲခံကာ စွန့်လွှတ်ပေးဆပ်မှုများကို အသိအမှတ်ပြု ဂုဏ်ယူကြောင်းနှင့် တော်လှန်ရေးအတွင်း အဆုံးမရှိ ကာလရှည်ကြာနစ်မြောပြီး မျှော်လင့်ချက်များ မပျောက်ဆုံးစေလိုကြောင်း ပြောဆိုသည်။
IEC ၏ တည်ထောင်မှုမှာ အခြေခံကျောရိုးပြည်နယ်များက အုပ်ချုပ်ရေးပိုင်းကို စနစ်တကျ စတင်နိုင်ရန်နှင့် အင်အားကောင်းလာစေရန် ရည်ရွည်ရင်းဖြစ်ပြီး ယင်းမှတဆင့် အားကောင်းသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ပုံဖော်နိုင်ရန် ဖြစ်သည် ဟု သူက ဆိုသည်။
IEC ဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍ “ကျနော်တို့ပြည်နယ်ရဲ့ လိုအပ်ချက်၊ နိုင်ငံရေးအရ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ပံ့မှု ကိစ္စရပ်၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို သီးသန့် မဏ္ဍိုင်တစ်ရပ်ဖြစ်ဖို့အတွက် IEC က ဖြစ်လာရတာပါ” ဟု IEC ၏ အထွေထွေအတွင်းရေးမှူး ၂ ဖြစ်သူ ကိုဗညားခွန်အောင်က ဆိုသည်။
ဆက်လက်၍ “တော်လှန်ရေးကာလမှာ ပစ်စလက်ခတ် လုပ်လို့ မရတဲ့ကိစ္စရပ်တွေ အများကြီးရှိပါတယ်။ ဥပမာ။ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တဲ့ ကိစ္စရပ်လိုမျိုးတွေ၊ လူမှုရေးဆိုင်ရာ မတရားမှုတွေကို လုပ်လို့မရဘူးပေါ့။ အဲဒီဟာတွေ တစ်ပြိုင်နက်ဖြေရှင်းဖို့ တရားစီရင်ရေးတွေ လိုအပ်တယ်ဆိုတဲ့ စဥ်းစားချက်နဲ့ IEC ကလည်း ဒီထဲက တစ်ခုဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်” ဟု ကိုဗညားခွန်အောင်က ဆိုသည်။
တည်ထောင်ချိန်မှ စတင်ကာ IEC သည် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းများ၊ ကျန်းမာရေးဆေးခန်းများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ကွန်ရက်များကို တည်ထောင်ခဲ့ပြီး ဒေသခံပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပေးဆောင်ရန် ကြိုးပမ်းနေခဲ့သည်။
IEC သည် ကရင်နီပြည်နယ်၏ အုပ်ချုပ်ရေးမြေပုံကို မြန်မာ့စစ်တပ်က သတ်မှတ်ထားသည့် မြို့နယ် ၇ ခုမှ ချဲ့ထွင်ပြီး ယခုအခါ မြို့နယ် ၁၆ ခု အဖြစ် ပိုင်းခြားကာ ပြန်လည်ရေးဆွဲခဲ့သည်။
Political Insider က တွေ့ဆုံမေးမြန်းခဲ့သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့ဝင်များအပါအဝင် ကရင်နီပြည်နယ်ရှိ IEC ခေါင်းဆောင်မှုနေရာများက ပုဂ္ဂိုလ်များစွာ၏ အဆိုအရ IEC သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရမှု၊ လုံခြုံရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့် ဝန်ဆောင်မှုများကို စီမံခန့်ခွဲရာတွင် အရေးပါသော အခန်းကဏ္ဍက ပံ့ပိုးပေးနေသည်။
ပြည်သူ့ဝန်ဆောင်မှုအခြေပြု အုပ်ချုပ်ရေးစနစ်
သူနေထိုင်ရာ ရပ်ရွာကို မည်သူက အုပ်ချုပ်ပိုင်ခွင့် ရှိသနည်းဟူသည့် မေးခွန်းကို ဒေါ်မြက ဤသို့ ဖြေဆိုသည်။
“SAC က မတရားသဖြင့် အာဏာကို သိမ်းပိုက်ရယူထားတာပဲနော်။ IEC ဆိုတာက တော်လှန်ရေးကနေမှ ပြည်သူတွေကြားက ဖြစ်တည်လာတာ။ ပေါ်ထွက်လာတာပါ။ … ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ မူဝါဒပိုင်းနဲ့ ရွေးကောက်ခံ ကိစ္စရပ်တွေမှာ ပြင်ဆင်သင့်တာတွေ ရှိတယ်ဆိုပေမဲ့ သူက ပြည်သူကနေ ဖြစ်လာတဲ့ အရပ်သားအုပ်ချုပ်ရေးဖြစ်တယ်” လို့ သူက ဆိုသည်။
နိုင်ငံဥဿျောင်ရာထူးနှင့်အတူ အာဏာနှင့် တရားဝင်မှုကို ရယူရန် အားသန်လျှက် ရှိသော်လည်း အုပ်ချုပ်ရေး၏ အဓိကတာဝန်တစ်ခုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး ပြည်သူ့ဝန်ဆောင်မှုများဖြင့် ပြည်သူကို ကြည့်ရှု စောင့်ရှောက် ထောက်ပံ့ရန်ကိုမူ မျက်ကွယ်ပြုထားသော စစ်ကော်မရှင်၏ ပျက်ကွက်မှုကို စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးစသည့် တိုက်ခိုက်မှုအန္တရာယ်များအောက်က IEC က အကောင်အထည်ဖော် ဆောင်ရွက်ပြသလျှက်ရှိသည်။
သတင်းရင်းမြစ်များ၏ ပြောဆိုချက်များအရ IEC သည် ပညာရေး၊ ကျန်းမာရေးနှင့် စစ်ဘေးရှောင်ကူညီရေး အရေးကိစ္စများတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း လုပ်ဆောင်နိုင်မှုတွေ အားကောင်းသည် ဟု သိရသည်။
အဓိကအားဖြင့် ထိုင်း-မြန်မာ မယ်စဲ့နှင့် တော်လှန်ရေးအင်အားစုများ အားကောင်းသော ဒီမော့ဆို ၊ ဖရူဆို ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်လျှက်ရှိပြီး ကျန်ဒေသများတွင်မူ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များ များပြားခြင်း နှင့် စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်မှု အားနည်းကြောင်း သိရသည်။
ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်များ ကျေးလက်ဒေသများနှင့် ထိုင်းနယ်စပ်တစ်လျှောက်ရှိ မယ်စဲ့တွင် ဒေသအခြေပြုအုပ်ချုပ်ရေးအဖွဲ့များ သည် ယာယီကျောင်းများ၊ ကျန်းမာရေးဆေးခန်းများနှင့် ရဲစခန်းများကိုပင် ဖွင့်လှစ်လုပ်ကိုင်နေကြသည်။ သြဂုတ်လအထိ IEC သည် ၎င်း၏နယ်မြေများအတွင်း ကျောင်းများ၊ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများနှင့် ကောလိပ်များ၊ ဆေးရုံများ၊ ရဲစခန်းများနှင့် အကျဉ်းထောင်များကို တည်ထောင် ပြီးစီးခဲ့သည်။
ယင်းမှာ အစပြုလျှက်ရှိသည့် အခြေခံ အဆောက်အအုံများသာဖြစ်သော်လည်း ၎င်းတို့သည် ဗဟိုချုပ်ကိုင် အမိန့်ပေး အုပ်ချုပ်မှုကို အခြေမပြုဘဲ ပြည်သူ့ကို အခြေပြုသည့်၊ ပြည်သူ့ ဝန်ဆောင်မှုနှင့် အကျိုးကို ရှေးရှုသည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို ကိုယ်စားပြုသောကြောင့် ထူးခြားသော သင်္ကေတတစ်ခု ဖြစ်သည်။
IEC အရာရှိများက ဤသို့သော ပြည်သူအခြေပြုအုပ်ချုပ်ရေးလုပ်ငန်းများသည် တော်လှန်ရေး၏ အဓိကမျှော်မှန်းချက် ဖြစ်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွက် ပြင်ဆင်ရန် မရှိမဖြစ် လိုအပ်သည်ဟု ဆိုကြသည်။
ကရင်နီတွင် ဒေသန္တရအုပ်ချုပ်ရေးတွင် အလုပ်ဖြစ် အောင်မြင်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ အားကောင်းသော အရပ်ဘက်လူ့အဖွဲ့အစည်းများရှိနေပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမှု ကောင်းမွန်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ၏ အတွင်းရေးမှူးချုပ် မော်ဒေးမြာက ပြောသည်။
စုစည်းမှု အားကောင်းသော အရပ်ဘက်လူ့အဖွဲ့အစည်းများရှိသည် ဆိုသည့်အချက်ကို ၂၀၁၉ ခုနှစ်တွင် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုစိုက်ထူခြင်းကို ကရင်နီလူငယ် ထောင်ပေါင်းများစွာက ဆန့်ကျင်၍ ဆန္ဒပြခဲ့မှု ကဲ့သို့သော ဥပမာများစွာတွင် တွေ့မြင်နိုင်သည်။
ကရင်နီသည် အုပ်ချုပ်ရေးအဖွဲ့အစည်းအားလုံး၌ အမျိုးသမီးကိုယ်စားပြုမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည်ကို ဥပဒေဖြင့် သတ်မှတ်ထားသော မြန်မာနိုင်ငံရှိ ပထမဆုံးပြည်နယ်လည်း ဖြစ်သည်။
သို့သော် အုပ်ချုပ်သူများအနေဖြင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို ပိုမိုနားထောင်နိုင်ရန် လိုအပ်နေဆဲ ဖြစ်သည်ဟု ဖရွန်တီးယား Political Insider သို့ ဒေသခံဒေါ်မြနှင့် Karenni Youth association ဥက္ကဌ ကိုပါကြီးတို့က ပြောသည်။
“ဟိုးအပေါ်က အုပ်ချုပ်ရေးအကြီးပိုင်းတွေကလည်း မြေပြင်က ရပ်ရွာလူထုနဲ့ မကြာခဏ ဆုံပြီး လူထုအသံကို နားထောင်တာမျိုး ဖြစ်ရင်တော့ ပိုကောင်းမှာပေါ့” ဟု ဒေါ်မြက ဆိုသကဲ့သို့ “ကရင်နီမှာ လူမျိုးပေါင်းစုံရှိနေတော့ သူတို့ရဲ့ သက်ဆိုင်ရာဘာသာစကားနဲ့ ဖြစ်စေ ရိုးရာဓလေ့ အခမ်းအနား တွေမှာဖြစ်စေ IEC နဲ့ ပတ်သက်တာတွေကို ထည့်သွင်းပြောပေးစေလိုတယ်။ ပြည်သူလူထုရဲ့ ဖြစ်စေချင်တဲ့ စကားသံတွေ မြေပြင်အထိ နားထောင်ပေးနိုင်ရင်တော့ ပိုကောင်းနိုင်မယ်” ဟု ကိုပါကြီးက ပြောသည်။
စစ်ဒဏ်နဲ့ အဖွဲ့များစွာကြား အုပ်ချုပ်မှုယန္တယားကို တည်ဆောက်ရာတွင်
စစ်ပွဲများအကြား အုပ်ချုပ်ခြင်းတွင် အကန့်အသတ်များစွာ ရှိသည်။ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့များစွာရှိသော ဒေသများတွင် အကန့်အသတ်များနှင့် စိန်ခေါ်မှုများ ပိုသာမည်မှာ ငြင်းဖွယ် မလိုအပ်သော ကိစ္စရပ် ဖြစ်သည်။ ပြည်သူနှင့် နီးကပ်မှုအပေါ် အခြေခံ၍ တည်ဆောက်ထားသော တရားဝင်မှုသည် ပဋိပက္ခနှင့် စစ်ဘေးတို့နောက်မှ လိုက်ပါလာသော ဝန်ထုတ်ဝန်ပိုးအောက်တွင် ကြံ့ကြံ့ခံနိုင်ရန် လိုအပ်သည်။
“ပြီးခဲ့တဲ့ ဇွန်လကစပြီး PNO နဲ့ စစ်တပ်ပေါင်းပြီး ဖယ်ခုံအရှေ့ခြမ်းနဲ့ မိုးဗြဲကို စစ်ကြောင်းထိုးနေတော့ အခုကတော့ စစ်ဘေးရှောင်တွေက တိုးလာနေတယ်။ စစ်ရှောင်လူဦးရေက ၃ သိန်း ကျော်သွားပြီ ဒါကလည်း IEC က ထုတ်ပြန်ထားတဲ့ အရေအတွက်ပေါ့” ဟု ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်း Karenni Hope မှ ညှိနှိုင်းရေးမှူး ကိုလွမ်းက ရှင်းပြသည်။
“စစ်ရေးက အရှိန်မြှင့်လာနေတဲ့ အချိန်ဆိုတော့ စစ်ရေးဘက်ကိုပဲ ဒီတော်လှန်အလှူရှင်တွေက စစ်ရေးဘက်ကိုပဲ အားစိုက်ကူညီနေကြတာလည်း တွေ့ရတယ်” ဟု သူက ပြောသည်။
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၏ ကိုယ်စားလှယ်တစ်ဦးက တော်လှန်ရေးအဖွဲ့များက ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားရေး စသည့် ကဏ္ဍတိုင်းကို တည်ဆောက် နေချိန်တွင် စစ်ကော်မရှင်က တည်ဆောက်သမျှကို နောက်မှ လိုက်ပါ ဖျက်ဆီးနေသည်ဟု ပြောသည်။
မြို့တော် လွိုင်ကော်နှင့် အရှေ့ပိုင်းကုန်းမြင့်ဒေသအများစုသည်လည်း စစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) နှင့် ဒေသအခြေပြု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် နယ်မြေများ ခွဲခြားထိန်းချုပ်ထား ကြခြင်းကြောင့် ၎င်းတို့ကြား အကွဲအပြဲများက ပြည်နယ်နှင့် ပြည်သူ့ လုံခြုံရေးအခြေအနေများအတွက် စိန်ခေါ်မှုများ ဖြစ်စေသည်။
အဓိက ပြဿနာတစ်ခုမှာ များပြားလှသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ပေါင်းစပ်ညှိနှိုင်း နိုင်ရေးဖြစ်သည်။ ထိုသို့ အရေအတွက် များပြားလွန်းနေခြင်းက သေးငယ်သော စစ်ဆင်ရေးများ လုပ်ဆောင်ရန်ပင် ညှိနှိုင်းမှုများ လိုအပ်နေကြောင်း ညွှန်ပြနေသည်။
“ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ကိုယ်စီရှိကြတယ်။ အတိုင်းအတာတစ်ခုအထိလည်း ရှိခဲ့တဲ့ သူတို့ရဲ့ ယန္တရားတွေနဲ့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရတဲ့ နေရာမှာ စိန်ခေါ်မှုလို့ ပြောလို့ရမယ်” ဟု IEC ၏ အထွေထွေအတွင်းရေးမှူး ၂ ဖြစ်သူ ကိုဗညားခွန်အောင်က ပြောသည်။
အချို့သော အဖွဲ့များ၏ အဆင့်ဆင့် အမိန့်ပေးနာခံမှုစနစ် အားနည်းခြင်းသည်လည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်ဟု ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၏ အဆင့်မြင့်ကိုယ်စားလှယ်က ဆိုသည်။
ပြည်နယ်အတွင်း အားအကောင်းဆုံး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ်အနေဖြင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)နှင့် IEC တို့၏ နိုင်ငံရေး လမ်းညွှန်မှုကို ခံယူသည့် တပ်ဖွဲ့အဖြစ် တရားဝင် ကြေညာထားသည်။
အခက်အခဲပေါင်းများစွာ ရှိနေသော်လည်း အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၊ လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများကြားတွင် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများ ဆက်လက်ရှိနေသည်။ ဥပမာအားဖြင့် Karenni Hope နှင့် အခြား အရပ်ဘက်လူ့ အဖွဲ့အစည်းများသည် လေကြောင်း တိုက်ခိုက်မှုများအတွက် ကြိုတင်သတိပေးစနစ်များ တည်ထောင်ခြင်းနှင့် နေရာရွှေ့ပြောင်းရမှုဆိုင်ရာ အချက်အလက်များ မျှဝေခြင်းတို့ကို IEC အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။
သို့သော်လည်း ငွေကြေးနှင့် လူသားအရင်းအမြစ် နည်းပါးခြင်းကဲ့သို့သော အခြားပြဿနာများလည်း ရှိနေသည်။ လူသားချင်းစာနာမှုအကူအညီများအတွက် တကယ်လိုအပ်သော ရန်ပုံငွေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသာ ကရင်နီပြည်နယ်က ရနေသည်ဟု IEC က ခန့်မှန်းသည်။ နိုင်ငံတကာအကူအညီ လျော့ကျမှုများက ဘဏ္ဍာရေးအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။
IEC ၏ လက်ရှိ အခွန်ကောက်ခံမှုစနစ်သည် လိုအပ်သော ဘတ်ဂျက်များကို ပြည့်မီရန် ဝေးကွာလွန်း နေသော်လည်း ဒေသခံပြည်သူတစ်ချို့ကမူ အဖွဲ့များစွာ၏ အခွန်နှင့် လမ်းကြေး ကောက်ခံမှု၊ နယ်မြေ မလုံခြုံမှုကြား ရုန်းကန်နေကြရသည်။
“က.လ.လ.တ ကလည်း လမ်းကြေးတောင်းတယ်။ IEC ကလည်း အခွန်ကောက်တယ်။ ကယန်းပြည်သစ် ကလည်း လုပ်စားတယ်။ စစ်တပ်ကလည်း ပိုက်ဆံတောင်းတယ် ဆိုတော့ ကျနော်တို့က ဘယ်သူ့အဖေ ခေါ်လို့ ခေါ်ရမှန်းမသိဘူး။ အကုန်လုံးကို ကြောက်နေရတာ” ဟု အသက် ၃၅ နှစ်အရွယ် ကားဆရာ ဦးဆူရယ်က ဆိုသည်။
“လုံခြုံရေးလည်း အာမမခံပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်သေပေါ့ ။ ကားပျက်ရင်လည်း ခံ။ စစ်တပ်က လိုက်ရင်လည်း ခံ။ ရေကြီးလို့ ကုန်ပုတ်ရင်လည်းရှုံးပေါ့။ အခွန်ကတော့ ခပ်ကြီးကြီးပဲ” ဟု သူက ငြီးငြူသည်။
“အခွန်တွေ ကောက်တာတော့ ကောက်ပေမဲ့ ဒေသတွင်း လူထုကြတော့လည်း ပိုပိုခက်ခဲလာနေကြတဲ့အပေါ်မှာ သိချင်ကြတာပေါ့။ ရေတိုအတွက်လား ရေရှည်အတွက်လား။ ဘာတွေ သုံးပေးနေသလဲ” ဟု ဒေါ်မြက ဆိုသည်။
IEC သည် ၎င်း၏ နှစ်စဉ်ဘတ်ဂျက်စာရင်းများကို Facebook အပါအဝင် နေရာများတွင် ထုတ်ပြန် ထားသည်။ ဒေသတွင်း ပြည်သူအများစုမှာ အင်တာနက်အသုံးပြုရန် ခက်ခဲနေသည်ကို ထောက်ရှုပြီး ထိုအချက်အလက်များကို လူထုနှင့် တိုက်ရိုက်ထိတွေ့ အသိပေးမှုများ ပိုမိုလုပ်ဆောင်သင့်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြဇာတ်
တစ်ချိန်တည်းမှာပင် စစ်ကော်မရှင်သည် “ပုံမှန်အခြေအနေ” ကို ပြန်လည်ဖော်ဆောင်မည်ဟု ကြွေးကြော်ကာ ကရင်နီမြို့နယ်များဖြစ်သည့် လွိုင်ကော်နှင့် ဘောလခဲတို့တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး တစ်ဘက်တွင်လည်း ဒေသတွင်း စစ်ကြောင်းထိုးမှုများကို အပြင်းအထန် ပြုလုပ်လျှက် ရှိသည်။
“နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းတွေလည်း တောက်လျှောက်ထိုးနေတယ်။ အခုဆိုရင် ဒီမော့ဆိုကိုလည်း ရသွားပြီလို့တောင် ဝါဒဖြန့်တာတွေကလည်း အရမ်းအားကောင်းလာတယ်။ တကယ်တမ်းက သူတို့က ဘောလခဲ နဲ့ ဒီမော့ဆို အဓိကလမ်းမကြီး တောက်လျှောက်ကိုပဲ စစ်ကြောင်းထိုးသွားတာ လမ်းဘေးက ကျေးရွာတွေရဲ့ အနီးပတ်ဝန်းလောက်မှာပဲ သူတို့ တပ်စွဲလို့ရသေးတာ။ သူတို့တွေ အခုအထိ ဘောလခဲကို မရောက်သေးဘူး၊ ဖရူဆိုကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်” ဟု ကိုလွမ်းက ရှင်းပြသည်။
စစ်ကော်မရှင်က ၎င်း၏ အုပ်ချုပ်ရေးကို တစ်စိတ်တစ်ပိုင်း ပြန်လည်တည်ဆောက်ထားပြီး စစ်ရှောင်များ ပြန်ရောက်လာသည့် လွိုင်ကော်တွင် မဲပေးနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်။ သို့သော် ပြည်နယ်က အခြားနေရာဒေသများရှိ ကျေးရွာများ အားလုံးနီးပါး ဆိတ်သုဉ်းနေဆဲဖြစ်သည်။
“သူတို့တွေ နယ်မြေစိုးမိုးမှု ပြန်ရထားတဲ့ နေရာတွေမှာ ဒေသခံတွေမရှိဘူးလေ။ ဒီလိုအခြေအနေတွေ ရှိသည့်တိုင်အောင် သူတို့က ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မှာ” ဟု ကိုလွမ်းက ပြောသည်။
စစ်ကော်မရှင်သည် အင်အားသုံး၍ တရားဝင်မှုကို ရှာဖွေနေချိန်တွင် IEC ကမူ သူ၏ လုပ်ဆောင်နိုင် စွမ်းရည်ကတစ်ဆင့် တရားဝင်မှုကို ရယူနေသည်။ ယင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဆင့်ကဲ ပြောင်းလဲမှုကို အရိပ်အယောင်ပြနိုင်သည့် ခြားနားချက်တစ်ခု ဖြစ်သည်။
စစ်ကော်မရှင်က ဖြစ်စေ၊ တော်လှန်ရေးအဖွဲ့အစည်းများက ဖြစ်စေ တရားဝင်မှုကို အတင်းအကြပ် ပြဋ္ဌာန်း၍ မရဘဲ ကြိုးစားအားထုတ်မှသာ ရရှိနိုင်သည်ကို နားလည်ပါက စစ်ပွဲ၏ ရလဒ်သာမက ၎င်းကတစ်ဆင့် ပေါ်ထွက်လာမည့် နိုင်ငံ၏ အနာဂတ် ပုံသဏ္ဌာန်ကိုပါ သတ်မှတ်ပေးလိမ့်မည်။
တင်စိုး၊ အောင်ခမ်း နှင့် သူသူအောင် ရေးသည်။