ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလံများကို ဝှေ့ယမ်းနေကြသော ထောက်ခံသူများကို နေပြည်တော်တွင်၂၀၂၀ အောက်တိုဘာ ၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ပြိုင်ဘက်မရှိသော ရွေးကောက်ပွဲပြေးလမ်းပေါ်က USDP ၏ တကိုယ်တော်ပြပွဲ

မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် အခြားနိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲနေချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုမိန့် မကျသေးခင်ကပင် စတင် မဲဆွယ်စည်းရုံးနိုင်မှု အခွင့်ထူးများ ရရှိနေသည်။

ဖရွန်တီးယား

အဖြူရောင် ရှပ်အင်္ကျီနှင့် အစိမ်းရောင်ပုဆိုးတို့ကို ဝတ်ဆင်ထားသော အမျိုးသားတစ်စုက ဆင်ခြေဖုံးရပ်ကွက်များတွင် ပြည်သူများအား လာရောက်လှူဒါန်းနေမှုသည် ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဒေသခံများအတွက်တော့ မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်လာသည်။ 

ဖြူစိမ်းများကို ဝတ်ဆင်ကာ အလှူအတန်းပြုနေသည့် ထိုလူစုသည် မြန်မာစစ်တပ်၏ ရွေးကောက်ခံ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်ကြသည်။

“ပြီးခဲ့တဲ့ အပတ်က ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီးရုံးက ပါတီဝင်တွေ ကျမတို့ရပ်ကွက်အထိ လာပြီး သက်ကြီးရွယ်အိုတွေကို ပိုက်ဆံလှူသွားတယ်” ဟု မသီသီ (အမည်လွှဲ) က ဖရွန်တီးယားကို ပြောသည်။ 

“အရင်ကဆို တစ်ခါမှ လာပြီး ပိုက်ဆံလှူတာမျိုး မရှိဘူး။ အခုမှ လူလုံးထွက်ပြပြီး လာလှူကြတာလေ။ မဲဆွယ်ဖို့ပဲ ဖြစ်မှာပေါ့” ဟု သူက ဆိုသည်။ 

ဆိပ်ကြီးခနောင်တိုသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်သည့် မြို့ပြနယ်မြေ ဟု သတ်မှတ်ထားသော မြို့နယ် ၃၃ ခုအနက် တစ်ခုဖြစ်သည်။ စီးပွားရေးဖြစ်ထွန်းသော ရန်ကုန် မြို့လယ်ခေါင်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်မှာ အကွာအဝေးအားဖြင့် များစွာ အလှမ်းမဝေးသော် လည်း ရန်ကုန်မြစ်ခြားထားသဖြင့် ဖွံ့ဖြိုးတိုးတက်မှုမှာ များစွာကွာခြားသည်။ 

အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သည့် ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၏ မဲဆန္ဒနယ်မြေဟောင်းလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ရလာဒ်များ ပျက်ပြယ်သွားခဲ့ရသော ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ထိုနယ်မြေမှတဆင့် ဦးခင်ရီက လွှတ်တော်အမတ်နေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။​

ထိုသို့ ယှဥ်ပြိုင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကို ရှုံးနိမ့်ခဲ့သည်။ ယခုအခါ ဦးတင်ထွန်းနိုင်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဩဂုတ်လ ၁၈ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် ပထမအဆင့်မဲပေးခြင်းကို ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး နောက်ဆက်တွဲ ရွေးကောက်ပွဲအဆင့်များကို ဇန်နဝါရီလတွင် ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ 

ထိုသို့ ကြေညာပြီးချိန်မှစ၍ စစ်ကော်မရှင်၏ ထိန်းချုပ်မှု အများဆုံးရှိသည့် ရန်ကုန်နှင့်ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများ သိသိသာသာ ပြုလုပ်လာကြကြောင်း မသီသီက ဆိုသည်။

ရွေးကောက်ပွဲအကြိုကာလ၌ နိုင်ငံရေးပါတီများက ပြည်သူများနှင့် တွေ့ဆုံကာ မဲဆွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသော်လည်း ယခုနှစ်ရွေးကောက်ပွဲတွင်မူ တစ်မူ ထူးခြားသည်။ အဘယ်ကြောင့်ဆိုသော် ကြံ့ခိုင်ရေးပါတီ တစ်ခုတည်းကသာ သိသိသာသာ မဲဆွယ်ရေးအတွက် လှုပ်ရှားနေသည့် အတွက် ဖြစ်သည်။ 

“ကျမတို့ ရပ်ကွက်ကို လာတယ်ဆိုတာကလည်း ကြံ့ခိုင်ရေးပါတီအပြင် တခြားပါတီ မရှိပါဘူး” ဟု မသီသီက ပြောသည်။

တာ ပေးမထွက်ခင်က ပြေးနှင့်ပြီ

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးရေးအတွက် ရက်ပေါင်း ၆၀ ရရှိမည်ဟု UEC က အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ပါတီများသည် အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက်နေ့ သန်းခေါင်ယံမတိုင်မီအထိ မဲဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်သည်။

ဩဂုတ်လ ၁၈ ရက်ကစ၍  ပါတီစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် အစီအစဉ်များ ဆောင်ရွက်ခွင့်ပြုထားသော်လည်း မဲဆွယ်ကာလကို မကြေညာခင်အထိ လူထုရှေ့ မဲဆွယ်စည်းရုံးခြင်းကိုတော့ ခွင့်မပြုပေ။ 

သို့သော်လည်း ဆိပ်ကြီးခနောင်တိုနှင့် အခြားမြို့နယ်များတွင် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများသည် လွန်ခဲ့သည့် ၂ လခန့်ကတည်းက စတင်ခဲ့ကြောင်း တွေ့ရှိရသည်။ ဤသို့ လက်ဦးမှုရယူ၍ မဲဆွယ်စည်းရုံးခြင်းသည် တရားမျှတမှုမရှိဟု အခြားပါတီများက ခံစားရသော်လည်း မကျေနပ်ကြောင်း ပြောပါက ပါတီဖျက်သိမ်းခံရမည်ကို စိုးရိမ်သောကြောင့် မည်သည့်ပါတီကမှ တရားဝင် ကန့်ကွက်ပြောဆိုမှု မရှိသေးချေ။

ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ပါတီဝင်များက မဲဆန္ဒရှင်ပြည်သူများအပါအဝင် ဘုန်းကြီးကျောင်းများနှင့် ဆင်းရဲနွမ်းပါးသည့် မိသားစုများထံ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်နေသည်ကို မကြာခဏ မြင်တွေ့ရကြောင်း ပြည်သူ့ပါတီ၏ ပါတီဝင်တစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။ 

“သူတို့ကတော့ သူတို့ပါတီကို မဲပေးပါလို့ တိုက်ရိုက် ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး လှူဒါန်းတာတွေက မဲဆွယ်တဲ့ ပုံစံတစ်မျိုးပဲလေ။ ကျနော်တို့ ပြည်သူ့ပါတီကတော့ ရွေးကော်က တရားဝင် မကြေညာမချင်း မဲဆွယ်တာမျိုး လုပ်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ 

ပြည်သူ့ပါတီကို ၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်းဖြစ်သူ ဦးကိုကိုကြီးက ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မျှ အနိုင်မရခဲ့ပေ။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့ပါတီသည် ၂၀၂၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် UEC ၌ ပြန်လည် မှတ်ပုံတင်ခဲ့သည်။ စက်တင်ဘာလ ၂၃ ရက်အထိ ပြည်သူ့ပါတီသည် ရွေးကောက်ပွဲကော်မရှင်တွင် ကိုယ်စားလှယ်လောင်း ၅၁၂ ဦး ကို မှတ်ပုံတင်ထားသည်။

ရန်ကုန်မြို့၊ လသာမြို့နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန္ဒာမင်းကလည်း ပြည်သူ့ပါတီဝင်၏ စကားကို ထောက်ခံခဲ့ပြီး UEC သည် စစ်တပ်နှင့်နီးစပ်သော ပါတီများကို  မျက်နှာသာပေးနေသည်ဟု ဆိုသည်။ သူက ဦးခင်ရီသည် ပေါ်ပေါ်ထင်ထင် မဲဆွယ် စည်းရုံးလှုပ်ရှားခွင့်ရှိသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

“တခြားပါတီတွေကတော့ အခုထိ မဲဆွယ်စည်းရုံးလို့ မရသေးပါဘူး။ ကျမကတော့ ရွေးကော်က ကြေညာထားတဲ့အတိုင်း ရွေးကောက်ပွဲမတိုင်ခင် ရက် ၆၀ အလိုမှ စပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွားမှာပါ” ဟု သူက ဖရွန်တီးယားသို့ ပြောသည်။ 

ရန်ကုန်မြို့တွင် ပြုလုပ်သော မဲပေးခြင်းသရုပ်ပြပွဲတစ်ခု၌ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ သတင်းထောက်များကို စကားပြောနေစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

“ရွေးကောက်ပွဲ ရလဒ်ဆိုတာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲနဲ့ ဆုံးဖြတ်တာပါ။ အခုအချိန်မှာ သူတို့ ဘယ်လောက်ပဲ ဦးဆောင်နေပါစေ၊ တကယ်တမ်း အဖြေထွက်လာရင် အနိုင်ရချင်မှ ရမှာပါ” ဟု ဖြည့်စွက်ပြောသည်။

ဦးခင်ရီသည် လယ်သမားများ၊ ကျောင်းသားများနှင့် အနုပညာရှင်များအပါအဝင် လူထုနှင့် ပုံမှန်တွေ့ဆုံလျက်ရှိပြီး ထိုတွေ့ဆုံမှုများကို ကြံ့ခိုင်ရေးပါတီ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဂုဏ်ယူစွာ ပြန်လည်ဖော်ပြနေသည်။

ထိုဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဦးခင်ရီက လူထုထံသို့ တိုက်ရိုက်မိန့်ခွန်းပြောကြားသည့် ဗီဒီယိုများ ကိုလည်း အပတ်စဉ် ပုံမှန် တင်လေ့ရှိသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆိုရှယ်မီဒီယာပေါ် တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ဦးခင်ရီက “နားထောင်ကောင်းရုံသက်သက် ဆောင်ပုဒ်တွေကို အလွတ်ရွတ်ပြနေမယ့် အစား တကယ့်ကို အရွေ့ရှိတဲ့ ရလာဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့ အတူ  ဒီရလာဒ်တွေကို အချိန် ကန့်သတ်ချက် (Time Frame) သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ ကျနော်တို့ အသင့်ရှိပါတယ်။ ကျနော်တို့မှာ ဒီလမ်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ အပြည့်အဝရှိပါတယ်” ဟု ဆိုသည်။

ဤသို့ မဲဆွယ်လှုပ်ရှားမှုများကို သိသိသာသာ ပြုလုပ်လျက် ရှိသော်လည်း ရွေးကောက်ပွဲကော်မရှင် သည် ကြံ့ခိုင်ရေးပါတီ၏ လုပ်ဆောင်ချက်များကို မသိကျိုးကျွန်ပြုထားပုံ ရသည်။ မဲဆွယ်စည်းရုံး သည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပေးရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ကြံ့ခိုင်ရေးပါတီတို့ကို ဖရွန်တီးယားက ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပါ။ 

“အရန်လူအနေနဲ့ ဇာတ်ပို့ပေးရုံ”

ဒေါ်စန္ဒာမင်းသည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အနိုင်ရရှိခဲ့သူ ဖြစ်သည်။ သူသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း နေပြည်တော်မဲဆန္ဒနယ်တွင် အဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးအတွက် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

သို့သော် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်း အပါအဝင် အကြောင်းအရာတချို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ဒေါ်စန္ဒာမင်းကို အန်အယ်လ်ဒီပါတီက ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ယခုနှစ် ဩဂုတ်လတွင် သူသည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသို့ ဝင်ရောက်ခဲ့သည်။ ယင်းပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ တွင် အန်အယ်လ်ဒီပါတီက ဝင်ရောက်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်လိုက်သည့်အခါ မကျေနပ်သော အဖွဲ့ဝင်တချို့က ခွဲထွက်သွားပြီး တည်ထောင်ခဲ့သည့် ပါတီဖြစ်သည်။ 

ယခုနှစ်တွင်မူ ဒေါ်စန္ဒာမင်းအပါအဝင် အန်အယ်လ်ဒီ ပါတီဝင်ဟောင်းများစွာသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသို့ ဝင်ရောက်ခဲ့ကြသည်။ အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်ဟောင်း အယောက် ၅၀ ခန့်သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ၌ ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဆိုသည်။ 

သို့သော်လည်း စစ်ကော်မရှင်၏ ဇန်နဝါရီလ ၂၃ ရက်၌ ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတစ်ခုတည်ထောင်ရန် လိုအပ်ချက်များ မပြည့်မီဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၉ ရက်တွင် ပါတီ ၄ ခုကို ဖျက်သိမ်းခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံခဲ့ရသော နိုင်ငံရေးပါတီများထဲတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီလည်း ပါသွားခဲ့သည်။ 

ဒေါ်စန္ဒာမင်းကမူ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြောင်း ဆိုသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲဝင်ရန် ပါတီတစ်ခုသည် ပါတီဝင်အင်အား အနည်းဆုံး ၅၀,၀၀၀ ရှိရန် လိုအပ်သည်ဟု ဆိုသော်လည်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ သည် ပါတီဝင်ပေါင်း ၈၈,၀၀၀ ကျော်ကို စာရင်းတင်သွင်းခဲ့သည်ဟု သူက ဆိုသည်။

“ကျမတို့ ပါတီက လိုအပ်တဲ့ ပါတီဝင်အရေအတွက် မပြည့်မီဘူးလို့ ဘာကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ပြောတာလဲဆိုပြီး မေးခဲ့ပေမဲ့ သူတို့ဘက်က ပြန်ဖြေရှင်းတာမျိုး မရှိသေးပါဘူး” ဟု သူက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၏ ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ်ကို လက်လျှော့ လိုက်ရသော်လည်း ရွေးကောက်ပွဲ၌ ဆက်လက်ပါဝင်နိုင်ရန် ဒေါ်စန္ဒာမင်းက ကြိုးစားခဲ့သည်။ သူသည် ယခုအခါ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ထား ကာ ပြည်သူများအား မဲပေး ရန် တိုက်တွန်းလှုံ့ဆော်လျက်ရှိပြီး ကြံခိုင်ရေးပါတီ ထောက်ခံသူများသာ မဲရုံများ၌ ကြီးစိုးနေမည်ကို စိုးရိမ်ကြောင်း သူက ပြောသည်။ 

“ပြည်သူတွေ မဲမပေးဘဲနေရင် ကျမတို့က ပြည်ခိုင်ဖြိုးပါတီကို ရှုံးမှာပဲ။ ဒီအချက်ကို လူတွေ အားလုံး နားလည်ထားဖို့ လိုပါတယ်” ဟု သူက ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်  အန်အယ်လ်ဒီပါတီ မပါရှိခြင်းကြောင့် လာမည့်ရွေးကောက်ပွဲအပေါ် လူထု၏ စိတ်ဝင်စားမှုမှာ အစကတည်းက နည်းပါးနေခဲ့သည် ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းကို အနိုင်ယူရခဲ့ဖူးသူ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ဆိုသည်။  ထပ်မံ၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဖျက်သိမ်းလိုက်ခြင်းကြောင့် လူထု၏ စိတ်ဝင်စားမှုမှာ မရှိသလောက်ဖြစ်သွားနိုင်သည်ဟု သူက မှတ်ချက်ပြုသည်။ 

“အဓိက မဲပေးမယ့်သူတွေကတော့ ပြည်ခိုင်ဖြိုးထောက်ခံသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ပါတီငယ်တွေ ကတော့ ပြည်ခိုင်ဖြိုးပါတီကို တရားဝင်ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ အစိုးရအဖြစ် ပုံပေါ်စေဖို့အတွက် အရန်လူအနေနဲ့ ဇာတ်ပို့ပေးရုံပဲ ဖြစ်ပါလိမ့်မယ်” ဟု သူက ဆိုသည်။ 

“ဖန်တရာတေနေတဲ့ ဇာတ်ကြောင်းပါပဲ။ ဇာတ်သိမ်း ဘယ်လိုလာမယ်ဆိုတာကိုလည်း လူတိုင်း သိနေပြီးသားပဲ။ ဒီလိုဇာတ်လမ်းမှာ တခြား ပါတီအသေးလေးတွေကတော့ လူရွှင်တော်နေရာတို့ ဇာတ်ပို့နေရာတို့ကနေ အားဖြည့်သရုပ်ဆောင်ပေးရမှာပေါ့” ဟု သူက ဆက်လက်ပြောသည်။

ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးရေးပွဲတစ်ခုတွင် ပါတီဥက္ကဌဟောင်း ဦးသန်းဌေးရုပ်ပုံပါ ဦးထုတ်ကို ဝတ်ဆင်ထားသော ထောက်ခံသူတစ်ဦးကို ၂၀၂၀ နိုဝင်ဘာ ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

လက်ဝါးကြီးအုပ်ခံထားရသော ဒေသန္တရအုပ်ချုပ်ရေးယန္တရား

ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၃ ရက်အထိ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်း ၄,၉၆၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပါတီများမှ ကိုယ်စားလှယ်လောင်း ၅၁ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦးက လွှတ်တော်အမတ် နေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။

ကြံခိုင်ရေးပါတီသည် ကိုယ်စားလှယ်လောင်း ၁,၀၁၈ ဦး ဖြင့် အရေအတွက်အများဆုံး စာရင်းပေးသွင်းထားသည့် ပါတီဖြစ်သည်။ ၎င်းအရေအတွက်သည်  ကိုယ်စားလှယ်ဦးရေ ဒုတိယအများဆုံး တင်သွင်းသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီထက် ၂ ဆ ပိုများသည်။ 

ရွေးကောက်ပွဲကော်မရှင်သည် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်ကာလမတိုင်ခင် စောစီးစွာ ကြိုတင်မဲဆွယ် စည်းရုံးမှုများကို မျက်ကွယ်ပြုထားသည့်အပြင် စစ်ကော်မရှင်ကလည်း ပါတီဝင်များကို လက်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းများ ပြုလုပ်ကာ မျက်နှာသာပေးလျက် ရှိသည်။ အာဏာသိမ်းပြီးချိန်မှစ၍ စစ်မှုထမ်းဥပဒေအပါအဝင် စစ်ကော်မရှင်၏ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာ၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အားကိုးရသည့် လက်ပါးစေများ ဖြစ်သည်။

ဦးသိန်းစိန်အစိုးရနှင့် အန်အယ်လ်ဒီအစိုးရ အုပ်ချုပ်သည့် ၂၀၁၁ မှ ၂၀၂၀ ခုနှစ်များအတွင်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရပ်ကွက်နေလူထုက ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ သို့သော် အာဏာသိမ်းပြီးနောက်တွင် စစ်ကော်မရှင်လက်အောက်မှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးခန့်အပ်ခဲ့သည်။ 

အာဏာမသိမ်းခင်က ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးအများအပြားမှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၌ နေထိုင်သည့် ကိုဇော်ဝင်း (အမည်လွှဲ)ကမူ ရွာရှိ ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရာထူးမှ နုတ်ထွက်သွားသည့်အခါ မြို့နယ်အုပ်ချုပ်ရေးရုံးက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို အစားထိုး ခန့်အပ်ခဲ့ကြောင်း ပြောပြသည်။ 

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကြံ့ခိုင်ရေးပါတီသည် ၎င်းတို့ ရရှိသည့် အခွင့်ထူးများကို အပြည့်အဝ အသုံးချကာ အမြတ်ထုတ်လာသည်။

“ပါတီကနေ တိုက်ရိုက်လာပြီး မဲဆွယ်တာမျိုးတောင် မလိုဘူး။ ရပ်ကွက်ထဲက သူတို့ ပါတီဝင် အုပ်ကြီးက ပြည်သူတွေကို သူတို့ ပါတီအနိုင်ရရင် ဘယ်လိုအကျိုးအမြတ်တွေ ရမယ်ဆိုတာကို ဆွယ်နေတာမျိုး ရှိတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။ 

၂၀၂၁ နောက်ပိုင်းမှ ခန့်အပ်ခံရသည့် ဓနုဖြူမြို့နယ်ရှိ အခြားကျေးရွာတစ်ရွာ၏ ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးတစ်ဦးကမူ ပါတီဝင်များကိုသာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းကို  စစ်ကော်မရှင်က  မူဝါဒတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း  ဖရွန်တီးယားကို ပြောသည်။

“ကျနော် သိရသလောက်တော့ အုပ်ချုပ်ရေးမှူးနေရာအတွက် ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုပဲခန့်ဖို့ စီစဉ်ထားတာပါ။ ကျနော်တို့မြို့နယ်မှာ အာဏာသိမ်းပြီးကတည်းက ပါတီဝင်တွေပဲ အုပ်ချုပ်ရေးမှူး တွေ ဖြစ်လာကြတယ်။ ဒါကို ပါတီအတွင်းမှာ တရားဝင် ပြောထားတာမျိုး မရှိပေမဲ့ ပါတီရဲ့လူကြီး တွေကတော့ ဒီအကြောင်းကို သိကြမှာပါ” ဟု သူက ဆိုသည်။ 

အာဏာသိမ်းမှု မတိုင်ခင်က ရွေးချယ်ခြင်းခံခဲ့ရသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးအနည်းငယ်ကမူ စစ်ကော်မရှင်၏ အာဏာပိုင်များနှင့် သင့်မြတ်စွာ ပေါင်းသင်းနိုင်မှုကြောင့် ၄င်းတို့၏ ရာထူးကို တည်မြဲအောင် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုအုပ်ချုပ်ရေးမှူးများအထဲတွင် ၂၀၁၆ ခုနှစ်၌ ရွေးကောက်ခြင်း ခံခဲ့ရသော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးလည်း ပါဝင်သည်။

ဦးမင်းမင်းဦးသည် စစ်တပ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့ပြီး စစ်ကော်မရှင်၏ ဥပဒေများကို လက်တွေ့လုပ်ဆောင်ပေးနေသော်လည်း ရပ်ကွက်နေပြည်သူများနှင့် ပနံသင့်အောင် ဆက်လက်နေထိုင်နိုင်ခဲ့သည်။ 

အသက် ၃၃ နှစ်အရွယ် ရပ်ကွက်နေပြည်သူတစ်ဦးကမူ ဦးမင်းမင်းဦးသည် “ပါးနပ်သူတစ်ယောက်” ဖြစ်ကြောင်း ဆိုသည်။

“သူက ဘယ်အစိုးရတက်တက် ကိုယ့်အစိုးရပဲဆိုပြီး သဘောထားနိုင်တဲ့ သူမျိုးပဲ။ စစ်တပ်က စစ်မှုထမ်းဥပဒေထုတ်တော့လည်း သူ့ရပ်ကွက်က လူတွေကို မထည့်ဘဲ တခြားကနေ ဝယ်ပြီး ထည့်တာတွေ လုပ်ပေးတယ်” ဟု သူက ဆိုသည်။ 

သူက ဆက်လက်၍ “ဒါပေမဲ့ ၂၀၂၄ နှစ်လယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဘာအကြောင်းမှမရှိဘဲ သူ့ကို ရာထူးက ထုတ်ပစ်လိုက်တယ်။ ပြီးတော့ သူ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်ကို အစားထည့်လိုက်တယ်။ အဲ့လူက မျိုးဦးတဲ့။ ဒါပေမဲ့ ရပ်ကွက်က လူတွေကတော့ မင်းမင်းဦးကိုပဲ သဘောကျကြတယ်” ဟု ပြောသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ကြီးကြပ်ရသည့် စစ်ကော်မရှင်၏ ရန်ကုန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ၂၀၂၄ ခုနှစ်တွင် စစ်ကော်မရှင်သည် တစ်နိုင်ငံလုံးရှိ အုပ်ချုပ်ရေးမှူးများအားလုံးကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်ရာခိုင်နှုန်းအထိ အစားထိုးခဲ့သည်ကိုမူ မသိရကြောင်း ဖရွန်တီးယားသို့ ပြောခဲ့သည်။ 

သို့သော် ထို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် ပြည်ခိုင်ဖြိုးပါတီအတွက် တက်ကြွစွာ စည်းရုံးရေး ပြုလုပ်ပေးနေကြသည်မှာ သေချာသည်။ 

ကိုဇော်ဝင်းကမူ ၄င်းတို့ကျေးရွာရှိ အုပ်ချုပ်ရေးမှူးကမူ ကျေးရွာပြည်သူများကို ချော့လိုက် ခြောက်လိုက်ဖြင့် ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေးနေသည်ဟု ဆိုသည်။

“လွန်ခဲ့တဲ့လက လုပ်တဲ့ မဲပေးဖို့ သရုပ်ပြတဲ့ပွဲကို တစ်အိမ်ထောင် တစ်ယောက် တက်ရမယ်လို့ သူက ပြောတယ်။ မလာရင် မလာတဲ့ အိမ်ထောင်စုကို အရေးယူမယ်လို့လည်း ခြိမ်းခြောက်တယ်။ အဲလိုမျိုး ပွဲတွေမှာဆို သူက ကြံ့ခိုင်ရေးပါတီသာ ရွေးကောက်ပွဲနိုင်မယ်ဆိုရင် ပြည်သူတွေက စစ်မှုထမ်းရတော့မှာ မဟုတ်ဘူး လို့ ပြောတယ်။ လူတွေကလည်း စစ်မှုထမ်းရမှာကို ကြောက်နေကြတော့ သူပြောတာကို ယုံကြတာပေါ့” ဟု ကိုဇော်ဝင်းက ဆိုသည်။ 

ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မသီသီကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို နည်းနည်းကလေးမှ အယုံအကြည်မရှိဟု ဆိုသည်။  

“ဒီရွေးကောက်ပွဲက အရေခြုံ ရွေးကောက်ပွဲပဲလေ။ အရင်တစ်ခေါက်တုန်းကတော့ လူတိုင်းနီးပါး အားတက်သရော မဲပေးချင်ကြတာ။ ကျမဆို မနက်အစောကြီးကတည်းက မဲရုံကို သွားတာ။ ဒါပေမဲ့ ဒီတခါတော့ မဲစာရင်းတောင် သွားမကြည့်ဖြစ်ဘူး” ဟု သူက ဆိုသည်။

မသီသီနှင့် တစ်ရပ်ကွက်တည်းနေသည့် အိမ်အကူအဖြစ် လုပ်ကိုင်ကာ မိသားစုဝင် ၄ ယောက်ကို ထောက်ပံ့နေသော အမျိုးသမီးကမူ ကြံ့ခိုင်ရေးပါတီက လာရောက်လှူဒါန်းသည့်အခါ သူ့အနေဖြင့် ငြင်းဆန်မှုမရှိခဲ့ကြောင်း ဆိုသည်။ 

“ကျမတို့ရပ်ကွက်မှာ ဆင်းရဲသားတွေ အများကြီးပဲ။ ပိုက်ဆံ၂၀,၀၀၀၊  ၃၀,၀၀၀ ဆိုတာက ဆန် ၄ ပြည်လောက် ဝယ်လို့ရတယ်။ မိသားစုတစ်စုအတွက် သုံးလေးရက်လောက် စားလို့ရတယ်” ဟု ပြောသည်။ 

သို့သော် သူက “မဲပေးဖို့ကတော့ စိတ်မဝင်စားပါဘူး။ ကျမကတော့ သူတို့ပေးရင် ယူမယ်။ မဲဆွယ်တရားဟောတော့လည်း နားထောင်လိုက်တာပေါ့။ ဒါပေမဲ့ မဲပေး မပေးကတော့ ကိုယ့်ကိစ္စပဲ” ဟု ဆိုသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.