၂၀၁၅ စက်တင်ဘာ ၂၂ တွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုတွင် တက်ရောက်နေသော ကျောင်းသားများ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ကျိုးပဲ့သွားသော အမေရိကန်ပညာရေးအိမ်မက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ကြောင်း ဇွန်လက ကြေညာခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင် ကျောင်းတက်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကျောင်းသားများ၏ အစီအစဉ်များ ဖရိုဖရဲဖြစ်သွားခဲ့ရသည်။ 

ဗစ်တာမောင် ရေးသားသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခဲ့သည်မှာ ၄ လကျော် ခဲ့ပြီ ဖြစ်သော်လည်း အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေး အိန်ဂျယ်အတွက်မူ ထိုပိတ်ပင်မှုသည် မနေ့၊ တနေ့က ဖြစ်ခဲ့သည့်အလား ခံစားရနေဆဲဟု သူက ဆိုသည်။ 

“ဗီဇာပိတ်လိုက်ပြီလို့ ကြားလိုက်ရတုန်းက ကျမခေါင်းကို မိုးကြိုးနဲ့ ပစ်ချခံလိုက်ရသလိုပဲ။ တစ်နေကုန် ငိုခဲ့ရတယ်။ တလျှောက်လုံး အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ရဖို့ ကြိုးစားထားခဲ့ရတာ” ဟု ရန်ကုန်မြို့တွင် နေထိုင်သော အိန်ဂျယ်က ဖရွန်တီးယားကို ပြောသည်။ 

အိန်ဂျယ်သည် အမေရိကန်သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးနေသော ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်းတစ်ခု၏ ကျောင်းသူဖြစ်သည်။ အမေရိကန်ရှိ ကောလိပ်တစ်ခုတွင် ပညာဆက်လက် ဆည်းပူးနိုင်ရန် ငယ်စဉ်ကတည်းက သူ စိတ်ကူး အိပ်မက်မက်ခဲ့သည်။ 

သူသည် ကျောင်းစာကိုသာမက ကျောင်းစာပြင်ပလှုပ်ရှားမှုများဖြစ်သော ဒေသတွင်းအဆင့် ရေကူးကျွမ်းကျင်ခြင်း၊ မျက်မမြင်ကျောင်း၌ လုပ်အားပေးခြင်း၊ ကောလိပ်ဝင်ခွင့်ရရန် လိုအပ်သည့် စာမေးပွဲများကို ဖြေဆိုခြင်း စသည့် လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခြင်းဖြင့် သူ၏ ပညာရေးမှတ်တမ်းကို အပြည့်အစုံဖြစ်စေရန် ပြင်ဆင်ထားခဲ့သည်။

ပြီးခဲ့သည့်နှစ်၌ အမေရိကန်ရှိ အထက်တန်းကျောင်း ၃ ခုက သူ၏ ကျောင်းဝင်ခွင့်လျှောက်လွှာကို လက်ခံလိုက်သောအခါ သူ၏အိပ်မက်သည် အမှန်တကယ် အကောင်အထည်ပေါ်လုနီးပါး ဖြစ်လာခဲ့သည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းတစ်ခုကို ရွေးချယ်ခဲ့ပြီး စက်တင်ဘာလက စတင်၍ ကျောင်းတက်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ကျောင်းသားဗီဇာ ရရှိရေးဟူသော နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ရန် ကျန်နေခဲ့သည်။  

ခရီးသွားဖို့ ငယ်သေးသည် ဆိုသော အကြောင်းပြချက်ဖြင့် ဧပြီလအတွင်းက ဗီဇာလျှောက်ထားမှု ငြင်းပယ်ခံခဲ့ရသူ အိန်ဂျယ်(အမည်လွှဲ)​မှာ အုပ်ထိန်းသူ မိခင်‌ဒေါ်မိုး (အမည်လွှဲ)နှင့် အတူ ဗီဇာ ဒုတိယအကြိမ် ပြန်လည် လျှောက်ထားခဲ့သည်။ 

“နောက်တစ်ကြိမ် ဖြေရမယ့် အင်တာဗျူးက ဇွန်လမှာ။ ဒါပေမဲ့ အင်တာဗျူး ဖြေရမယ့်ရက် မရောက်ခင် ၂ ပတ်အလိုမှာ အမေရိကန် ပြည်ဝင်ခွင့်ပိတ်လိုက်ပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်” ဟု မိခင်ဖြစ်သူ ‌ဒေါ်မိုးက ဆိုသည်။

အမေရိကန်သမ္မတထရမ့်၏ ကြေညာချက်

ဇွန် ၄ တွင် ထုတ်ပြန်ခဲ့ပြီး ဇွန် ၉ တွင် စတင်အသက်ဝင်ခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ကြေညာချက်သည် နိုင်ငံ ၁၂ နိုင်ငံက နိုင်ငံသားများအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဗီဇာအသစ်များနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မဟုတ်သည့် ဗီဇာများကိုပါ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများ ကြားတွင် မြန်မာနိုင်ငံသည် ပြည်ဝင်ခွင့်ဗီဇာ အပြည့်အ၀ အပိတ်ခံရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး လာအိုနိုင်ငံ၏ ဗီဇာသည်လည်း တစိတ်တပိုင်း ပိတ်ခံထားရသည်။ 

ထိုကြေညာချက်အပြီးတွင် ရန်ကုန်ရှိ အမေရိကန်သံရုံးဝက်ဘ်ဆိုက်တွင် “ဤနိုင်ငံများက နိုင်ငံသားများသည် ဗီဇာလျှောက်လွှာများ ဆက်လက်တင်သွင်းနိုင်ပြီး အချိန်ဇယားအတိုင်း အင်တာဗျူးများ ဆောင်ရွက်နိုင်သော်လည်း ၎င်းတို့အား ဗီဇာထုတ်ပေးရန် သို့မဟုတ် အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့်ပြုရန် အရည်အချင်းမပြည့်မီသူများအဖြစ် သတ်မှတ်ခံရနိုင်သည်” ဟူသော ထုတ်ပြန်ချက်ကို တင်ခဲ့သည်။

အိမ်ဖြူတော်၏ ပြန်ကြားရေးအရာရှိ ဒုတိယအတွင်းရေးမှူး အဘီဂေးလ်ဂျက်ဆင် ကမူ ထရမ့်၏ ဆောင်ရွက်ချက်များအားလုံးသည် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဘေးကင်းလုံခြုံရေးအတွက်သာ ဖြစ်သည်ဆိုသော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်

“သမ္မတရဲ့ အမြော်အမြင်ရှိရှိနဲ့ တားမြစ်လိုက်တဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေဟာ နိုင်ငံအလိုက်ပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် သေချာ စိစစ်ထားခြင်း မရှိဘဲ ပြည်ဝင်ခွင့် သက်တမ်း ကျော်လွန်ပြီး နေထိုင်နှုန်းများတဲ့ နိုင်ငံတွေ၊ ကိုယ်ရေးအချက်အလက် အသေးစိတ် မတင်ပြနိုင်တဲ့ နိုင်ငံတွေ၊ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။ ဒီလို ကန့်သတ်ချက်တွေဟာ သမ္မတ ကျမ်းသစ္စာကျိန်ဆိုစဉ်က ပထမဆုံး ကတိကဝတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံခြားသားတွေရဲ့ အန္တရာယ်ပေးမှုကနေ ကာကွယ်ပေးမယ်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်”ဟု ဂျက်ဆန်က ဆိုသည်။ 

သမီးဖြစ်သူ၏ ဒုတိယအကြိမ် ဗီဇာအင်တာဗျူးကို ချိန်းဆိုထားသော ရက်သည် ထရမ့်ကြေညာသည့် နောက်ဆုံးသတ်မှတ်ရက် ဇွန် ၉ နောက်ပိုင်းမှ ဖြစ်သောကြောင့် ဒေါ်မိုးက ထိုအင်တာဗျူးကို သွားမဖြေဘဲ ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

“အခုမှတော့ ဘာမှလုပ်လို့ မရတော့ဘူးလေ။ သမီးရဲ့ ပညာရေးအတွက်နဲ့ အမေရိကန်နိုင်ငံမှာ ကျောင်းဝင်ခွင့်ရဖို့ ပြင်ဆင်မှုတွေအတွက် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ခန့်) လောက် အကုန်ခံခဲ့ရတယ်။ ကျမတို့ကလည်း အမေရိကန်မှာ အပြီးအပိုင် ပြောင်းရွှေ့နေထိုင်ဖို့ အစီအစဉ် မရှိပါဘူး။ ဒီမှာလည်း ကျမတို့ ပစ်ထားလို့ မရတဲ့ စီးပွားရေး ရှိနေတာလေ။ ကျမသမီးလေးက ကမ္ဘာ့အကောင်းဆုံးပညာရေးကို လိုချင်တဲ့ ကျောင်းသူစစ်စစ်တစ်ယောက်ပါ” ဟု ဒေါ်မိုးက ဆိုသည်။ 

၂၀၁၉ တွင် ရိုက်ကူးထားသော ပတ်စပို့ရုံး။ (ဓာတ်ပုံ-ဖရွန်တီးယား)

ပြည်ဝင်ခွင့် ပိတ်လိုက်ခြင်းကြောင့် စိတ်ဒုက္ခရောက်ကြသူများ

ဤအဖြစ်အပျက်မျိုးသည် အိန်ဂျယ် တစ်ဦးတည်း ကြုံတွေ့ရသော အဖြစ်အပျက် မဟုတ်ပေ။ အမေရိကန်တွင် ပညာသင်ခွင့် ရရန် ကြိုးစားနေကြသော မြန်မာကျောင်းသားများနှင့် မိဘများသည် ဗီဇာပိတ်ပင်မှုကြောင့် စိတ်ဒုက္ခပင်လယ်ဝေခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ သန်းအနက် အမေရိကန်ဗီဇာလျှောက်ထားသူမှာ အနည်းငယ်မျှသာ ရှိသော်လည်း ထရမ့်၏ ဥပဒေအသစ်က အမေရိကန် ဗီဇာရလိုသည့် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားများ၏ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်ခဲ့သည်။

ဗီဇာပိတ်ပင်ခံရသူများထဲတွင် အမေရိကန်တက္ကသိုလ်များ၌ ဝင်ခွင့်ရရှိပြီးသူများ၊ အမေရိကန်နိုင်ငံတွင် နေထိုင်သူများ၏ မိသားစုဝင်များ၊  Diversity Visa ရရှိသူများ နှင့် အလုပ်ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည်။ ထိုဥပဒေက ကင်းလွတ်ခွင့်ရသူများမှာ မရှိသလောက် နည်းပါးပြီး အမြဲတမ်းနေထိုင်ခွင့်ရှိသူများ၊ သံတမန်များနှင့် ၂ နိုင်ငံသား ခံယူထားသူများသာ ပါဝင်သည်။

ရန်ကုန်ရှိ Pre-Collegiate Program ကို ၂၀၀၃ ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး အထက်တန်းပြီး ထားသည့် မြန်မာကျောင်းသားများအား ပြည်ပရှိ တက္ကသိုလ်များ၊ အထူးသဖြင့် အမေရိကန် ကောလိပ်များတွင် ကူးပြောင်း၍ ပညာသင်ကြားနိုင်ရန်  ပြင်ဆင်လေ့ကျင့်ပေးသည့် သင်တန်းတစ်ခု ဖြစ်သည်။ 

အမေရိကန်၊ ဗာဂျီးနီးယားပြည်နယ်ရှိ လင့်ချ်ဘာ့ဂ်တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သည့် အဆိုပါသင်တန်း၏ တွဲဖက်ဒါရိုက်တာဖြစ်သူ ဒေါ်အိအိလှိုင်က လက်ရှိ Pre-Collegiate Program မှ ဝင်ခွင့်နှင့် ပညာသင်ဆုများ ရရှိထားသော ကျောင်းသားများသည် ဗီဇာပိတ်ပင်မှုကြောင့် ၎င်းတို့၏ ထောက်ပံ့ကြေးများ ဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။ 

“သူတို့ရထားတဲ့ ကျောင်းဝင်ခွင့်ကို ရွှေ့ဆိုင်းမလား ဒါမှမဟုတ် အမေရိကန်မှာ ပညာသင်ကြားဖို့ ဆိုတဲ့ အိပ်မက်ကို လုံးဝ လက်လျှော့ပြီး တခြားနိုင်ငံတွေက တက္ကသိုလ်တွေအတွက် ပြန်လျှောက်မလားဆိုတာ ဆုံးဖြတ်ရတော့မှာပါ” သူက ဆိုသည်။

ဗီဇာပိတ်လိုက်သည်ဟု ကြေညာချိန်တွင် တက္ကသိုလ်များတွင် လျှောက်လွှာတင်ရမည့် နောက်ဆုံးရက်များ ကျော်လွန်သွားပြီ ဖြစ်သောကြောင့် ကျောင်းသားများအတွက် နစ်နာမှုရှိကြောင်း ဒေါ်အိအိလှိုင်က ဆိုသည်။  

ရန်ကုန်အခြေစိုက် Royal Suchit ပညာရေးအကြံပေးကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ဒေါ်စုချစ်က ကျောင်းသားများအား အခြားနိုင်ငံရှိ ကောလိပ်များကို ရှာဖွေရန် အကြံပေးမှုများ ပြုလုပ်နေသော်လည်း အမေရိကန် ပညာရေးအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သူများအတွက်မူ ဒုက္ခများကြောင်း ဆိုသည်။ 

သူ ဆွေးနွေးအကြံပေးခဲ့သည့် ကျောင်းသားများအနေဖြင့်  အမေရိကန်ကောလိပ်တွေမှာ ဝင်ခွင့်ရဖို့ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရကြောင်းနှင့်  ဝင်ခွင့်ရချိန် တွင်ပင် ဗီဇာအင်တာဗျူးဖြေဆိုရန် လပေါင်းများစွာ ထပ်စောင့်ခဲ့ကြောင်း ဆိုသည်။​

“အခုတော့ ဒီဗီဇာ ပိတ်ပင်မှုက အမေရိကန်မှာ ပညာသွားသင်မယ်ဆိုတဲ့  အိပ်မက်တွေကို ချေမွဖျက်ဆီးလိုက်သလိုပါပဲ။ ဒီဥပဒေကြောင့် ဒီက ကျောင်းသားတွေရော မိဘတွေရော အကုန် အရမ်း စိတ်ပျက်ဝမ်းနည်းနေကြရပါတယ်” ဟု သူက ဆိုသည်။

အမေရိကန် မဟုတ်သည့် အခြားနိုင်ငံများရှိ တက္ကသိုလ်များတွင် ပြောင်းလဲ၍ ပညာသင်ကြားမည် ဆိုသော ကျောင်းသားများအတွက်လည်း များပြားသောငွေကြေးနှင့် အချိန်ကို ထပ်မံရင်းနှီးရမည်ဖြစ်ကြောင်း ဒေါ်အိအိလှိုင်က ပြောသည်။ အခြားနိုင်ငံများ၏ ကောလိပ်အဆင့်ပညာရေးအတွက် အနည်းဆုံး နောက်ထပ် ၆ လ အချိန်ယူကာ အခြေခံအတန်းများကို ပြန်လည် တက်ရောက်ရမည်ဟု သူက ရှင်းပြသည်။​ 

“ကောလိပ်ဝင်ခွင့်အတွက် လိုအပ်ချက်တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ ဒါကြောင့် ကျောင်းသားတွေဟာ အင်္ဂလန်၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေက ကောလိပ်တွေကို ပြန်ပြီး လျှောက်မယ် ဆိုရင် (IGCSE) A-level ဒါမှမဟုတ် တခြား လိုအပ်တဲ့ သင်တန်းတွေ ထပ်တက်ဖို့ အချိန်ယူရ ပါလိမ့်မယ်” ဟု သူက ဆိုသည်။ထို့ပြင် ကုန်ကျစရိတ်မှာ ဒေါ်လာ ၅,၀၀၀ ကနေ ၂၅,၀၀၀ ထိ ပိုမို ကုန်ကျနိုင်သည် ဟု ဆိုသည်။ 

“အခုတော့ သူတို့ ကလေးရဲ့ နိုင်ငံခြားပညာရေးအတွက် နောက်ထပ် … ကုန်ကျစရိတ်တွေ များလာတော့မှာပါ” ဟု ဒေါ်စုစုလှိုင်က ဖြည့်စွက် ပြောသည်။ 

အောက်တိုဘာ ၈ က အိမ်ဖြူတော်၌ ဆွေးနွေးပွဲတစ်ခုတွင် စကားပြောနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ခက်ခဲသော အမေရိကန်ပြည်ဝင်ခွင့်

ပြည်ဝင်ခွင့်မပိတ်ခင်က အမေရိကန်ဗီဇာလျှောက်ထားလိုသော မြန်မာကျောင်းသားများသည်  ရန်ကုန်ရှိ အမေရိကန်သံရုံးတွင်  ခက်ခဲတင်းကြပ်သော အင်တာဗျူးများကို ဖြေဆိုခဲ့ရသည်။ ထိုအင်တာဗျူးများတွင် ကျောင်းသားများက ကျောင်းတက်နိုင်ရန် ငွေကြေးအရင်းအမြစ်ရှိခြင်း၊ ပညာဆက်သင်နိုင်ရန် အဆင်သင့်ဖြစ်ခြင်းနှင့် မိခင်နိုင်ငံသို့ ပြန်လာရန် ရည်ရွယ်ထားမှုရှိခြင်း စသည်တို့ကို အခိုင်အမာ သက်သေပြနိုင်ရန် ကြိုးစားခဲ့ရသည်။

ဗီဇာလျှောက်ထားလိုသူများသည် အမေရိကန်နိုင်ငံသို့ ရောက်သွားလျှင် ကုန်ကျမည့် ပညာသင်ကြားစရိတ်နှင့် နေထိုင်မှုစရိတ်တို့ကို ပေးချေနိုင်ကြောင်း ပြသရန် ဘဏ်စာရင်းရှင်းတမ်းများ၊ ငွေကြေးဆိုင်ရာ ကျမ်းကျိန်လွှာများ၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများနှင့် အခြားစာရွက်စာတမ်းများကို တင်ပြခဲ့ရသည်။ 

ထို့အပြင် အမေရိကန်ရှိ တက္ကသိုလ်များတွင် တက်ရောက်နိုင်သည့် အရည်အချင်းကို ဆန်းစစ်ရန် ကျောင်းသားများ၏ ပညာရေးနောက်ခံနှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုကိုလည်း အခိုင်အမာ ဖော်ပြရန် လိုအပ်သေးသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အမေရိကန်ဗီဇာလျှောက်လိုသူများ ရုတ်တရက် များပြားလာမှုကြောင့် ဗီဇာအင်တာဗျူးအတွက် ချိန်းဆိုသည့်ရက် ရရန်ပင် အင်မတန် ခက်ခဲလာခဲ့သည်။ ယခုတော့ ထိုဗီဇာလျှောက်သည့် လုပ်ငန်းစဉ်သည် အသုံးမဝင်တော့သလောက် ဖြစ်သွားခဲ့သည်။ 

အမေရိကန်ဗီဇာလျှောက်ထားသည့် အတွေ့အကြုံများကို မျှဝေကြသော ဖေ့ဘုတ်ခ် Group များတွင် မကျေမနပ်ဖြစ်နေသူများနှ င့်ကိုယ်ပိုင်ထင်မြင်ယူဆချက်ကို ဖော်ပြသူများက အလွန်များပြား နေသည်။ အမေရိကန်နိုင်ငံသို့ အရင် ရောက်ရှိသွားသူများက   ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခြင်း နှင့် ခိုလှုံခွင့်တောင်းခံခြင်း စသည့် အကြောင်းအရင်းများက  ဗီဇာပိတ်ပင်မှုကို ဖြစ်စေခဲ့ကြောင်း အချို့က ဆိုသည်။ 

“ဒီလိုမျိုး ဗီဇာပိတ်လိုက်တာက တရားမျှတမှု မရှိဘူး။ စည်းကမ်းဖောက်တယ်ဆိုရင် ဖောက်တဲ့သူတွေကို အပြစ်ပေးလေ။ အဲဒီအစား အမေရိကန်မှာ ကျောင်းတက်ချင်ပြီး ဘွဲ့ရပြီးရင် သေချာပေါက် အိမ်ပြန်မယ့်  ကျောင်းသားစစ်စစ်တွေကို ဘာကြောင့် ဗီဇာပိတ်ရသလဲ” ဟု  William အမည်ရှိ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးက ရေးသားထားသည်။

ထရမ့်၏ ဇွန်လ ၄ ရက်နေ့ ကြေညာချက်အရ မြန်မာနိုင်ငံကို အကြောင်းရင်း ၂ ခုကြောင့် ပြည်ဝင်ခွင့်ဗီဇာပိတ်ခဲ့ရသည် ဟု ဆိုသည်။ ကျောင်းသားဗီဇာနှင့် လဲလှယ်ရေး (Exchange) ဗီဇာ ကိုင်ဆောင်သူများအနက် ၄၂ ရာခိုင်နှုန်းသော မြန်မာနိုင်ငံသားများသည် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ကြခြင်းနှင့် ပြည်နှင်ဒဏ်ခံရသူများကို ပြန်လည်လက်ခံရာတွင် စစ်ကော်မရှင်၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆိုသည်။ 

ထရမ့်၏ ပထမဆုံး သမ္မတသက်တမ်းကာလဖြစ်သည့် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်များအတွင်း၌  အမျိုးသားလုံခြုံရေးကို ကာကွယ်မည်ဟူသော အကြောင်းပြချက်ဖြင့် မူဆလင်လူမျိုးအများစု နေထိုင်ရာ နိုင်ငံများကိုလည်း အလားတူ ဗီဇာပိတ်ပင်မှုမျိုးကို ပြုလုပ်ခဲ့ဖူးသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ တွင် အဆိုပါ ဗီဇာပိတ်ပင်သည့် အမိန့်ကို ထုတ်ပြန်ခဲ့သောအခါ အမေရိကန်နိုင်ငံ တစ်ဝှမ်းရှိ လေဆိပ်များတွင် ရုန်းရင်းဆန်ခတ်မှုများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး  အရပ်သား အခွင့်အရေး အဖွဲ့အစည်းများကလည်း တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ 

ထို့နောက် ထရမ့်သည် အီရတ်နိုင်ငံကို စာရင်းမှ ဖယ်ရှားကာ မူဆလင်နိုင်ငံမဟုတ်သည့် မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားကို ဗီဇာပိတ်ပင်သည့်စာရင်းထဲ ထည့်လိုက်သည့် အမိန့်နှစ်ခုကို ထပ်မံ လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ တွင်မူ ထရမ့်သည် ခရီးသွားလာခွင့်ပိတ်ပင်သည့်စာရင်းသို့ အီရစ်ထရီးယား၊ ကာဂျစ္စတန်၊ မြန်မာနှင့် နိုင်ဂျီးရီးယားတို့ကို ထပ်မံထည့်သွင်းခဲ့သည်။

‘ထရမ့်နှင့် ဟာဝိုင်အီ’ အမည်ရှိ အထက်တရားရုံး၌ စွဲဆိုထားသော အမှုတွင် တရားလိုများက ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်မှုသည် နိုင်ငံသားအပေါ် အခြေခံ၍ လူအချင်းချင်း ခွဲခြားဆက်ဆံမှု ဖြစ်သောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဥပဒေ ကို ချိုးဖောက်သည်ဟု စွဲချက်တင်ခဲ့သည်။ ထို့အပြင် ၎င်းတို့က ထရမ့်သည် ပြည်ဝင်ခွင့် ပိတ်မှုကို အစ္စလာမ်ဆန့်ကျင်ရေး စိတ်ဓာတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲကာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမပြင်ဆင်ချက်ရှိ ပြည်ထောင်စုတည်ထောင်မှုဥပဒေကိုလည်း ချိုးဖောက်သည်ဟု ဆိုခဲ့သည်။

၂၀၁၈ခုနှစ်၊ ဇွန်လ ၂၆ တွင် အမေရိကန် တရားရုံးချုပ်က ထရမ့်အစိုးရဘက်မှ အနိုင်ပေးပြီး ခရီးသွားလာခွင့် ပိတ်ပင်မှုကို အတည်ပြုခဲ့သည်။ ဥပဒေရေးရာဝက်ဘ်ဆိုက်ဖြစ်သည့် Justia – US Supreme Court ကမူ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် သမ္မတ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကို ထောက်ခံခဲ့ခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ 

သို့သော်လည်း ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရပြီးနောက် ထရမ့်၏ မြန်မာနိုင်ငံအပေါ် ပိတ်ပင်မှုအပါအဝင် နိုင်ငံသားအပေါ် အခြေခံသည့် ခရီးသွားလာခွင့် ပိတ်ပင်မှုများကို ရုပ်သိမ်းကြောင်း သမ္မတအမိန့်တစ်ရပ် ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည်။  

ရှေ့ဆက် ပိုမိုခက်ခဲတော့မည့် အခြေအနေ 

နယူးယောက်အခြေစိုက် Waypoint Immigration USA ဥပဒေကုမ္ပဏီ၏ စီမံခန့်ခွဲရေးရှေ့နေ ဟယ်လင်ပါတလိုအား ဖရွန်တီးယားက အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ သူက လက်ရှိ ဗီဇာပိတ်ပင်မှုတွင် မြန်မာနိုင်ငံကို ထည့်သွင်းထားရခြင်း၏ အကြောင်းပြချက်နှစ်ခုကြောင့် မြန်မာနိုင်ငံသားများအား ထိုအမိန့်မှ ပြန်ပြီး ကင်းလွတ်ခွင့်ရရန် ပိုမို ခက်ခဲစေသည်ဟု ဆိုသည်။ 

“ဒီတစ်ခါ ဗီဇာပိတ်ပင်မှုပုံစံဟာ ၂၀၁၇ ခရီးသွားလာခွင့် ပိတ်ပင်မှုကနေ သင်ခန်းစာ ယူထားပုံရပါတယ်။ အကြမ်းဖက်မှုတို့၊ ဘာသာရေးခွဲခြားမှုတို့ စသဖြင့် ဒီလို တိုက်ရိုက်စွပ်စွဲချက်တွေထက် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုနှုန်းနဲ့ ပြည်နှင်ဒဏ်ခံရသူတွေကို ပြန်လည်လက်ခံရာမှာ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းလိုမျိုး  စီမံခန့်ခွဲရေးဆိုင်ရာအချက်တွေပေါ်မှာ အဓိက အခြေခံထားတာကြောင့် တရားရုံးမှာ စွဲချက်တင်ဖို့ တော်တော်ခက်သွားတာပေါ့” ဟု သူက ဆိုသည်။ 

လူထု၏ သဘောထား ကြီးကြီးမားမား ပြောင်းလဲသွားခြင်း သို့မဟုတ် အမေရိကန်နိုင်ငံ၏ အဓိကမဟာမိတ်များထံမှ ထင်ရှားသိသာသော နိုင်ငံရေးဖိအားပေးခံရခြင်း မရှိပါက  ဗီဇာပိတ်ပင်သည့်အမိန့်သည် ထရမ့်၏ သမ္မတသက်တမ်း တလျှောက်လုံး ဆက်လက်တည်မြဲနေဖွယ်ရှိကြောင်း ပါတလိုက ပြောသည်။ 

“ဒီဗီဇာပိတ်ပင်မှုကို ချေဖျက်ဖို့ တိုက်ပွဲဝင်ရမယ့်အခြေအနေကတော့ ခက်ခဲပြီး နိုင်နိုင်ခြေ နည်းပါလိမ့်မယ်” ဟု သူက ဆိုသည်။ 

စစ်ကော်မရှင်ကတော့ ဗီဇာပိတ်ခံရမှုနှင့် ပတ်သက်ပြီး ယခုအချိန်ထိ တုန့်ပြန်မှု တစ်စုံတစ်ရာ မပြုလုပ်သေးပေ။ သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ ရက်က စ၍ မြန်မာမှ တင်သွင်းသော ကုန်စည်များအပေါ် ၄၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ခံမည်ဟု အကြောင်းကြားထားသည့် ထရမ့်၏စာကို လက်ခံရရှိခြင်းသည် “ဂုဏ်ယူစရာ” တစ်ခုအဖြစ် လက်ခံခဲ့ပြီး သူက အခွန်နှုန်းထားကို လျှော့ချပေးရန် တောင်းဆိုခဲ့သည်။ 

ထို့အပြင် မြန်မာအပေါ် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် ဝါရှင်တန်အစိုးရကို တောင်းဆိုခဲ့သော်လည်း နိုင်ငံအတွင်းရှိ လူထောင်ပေါင်းများစွာကို ထိခိုက်စေသည့် ဗီဇာပိတ်ပင်မှုနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာ ထုတ်ဖော်တောင်းဆိုခြင်း မရှိခဲ့ပေ။

“ကျမက အထက်တန်း​အောင်ပြီးရင် ဘော်စတွန်က ကောလိပ်ကို တက်ချင်ခဲ့တာပါ။ ပြီးရင် ဆေးကျောင်းတက်ပြီး အာရုံကြောအထူးကု ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့တာ။ အခုထိ ကျမ အိပ်မက်ကို လက်မလျှော့သေးပါဘူး။ ဒါပေမဲ့ ဘာဆက်ဖြစ်မယ်မှန်းလည်း မသိတော့ဘူး” ဟု သူက ဆိုသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.