၂၀၁၂ ခုနှစ် ဇွန်လတွင် တွေ့ရသော မုံရွာမြို့မှ လမ်းမတစ်လမ်း၏ မြင်ကွင်း (ဓာတ်ပုံ - Douglas Long | ဖရွန်တီးယား)

မုံရွာမြို့မှ ပြန်ပေးဆွဲမှု‌‌တွေကြား ကျီးလန့်စာစား ဘဝများ

မုံရွာမြို့မှာ ပြန်ပေးဆွဲခံရမှုတွေ အဖြစ်များနေပြီး ကျုးလွန်သူတွေက ကလေးငယ်တွေကို ပိုမိုပစ်မှတ်ထား ဖမ်းဆီးကာ မိသားစုဆီကနေ ငွေရရှိရေး ခြိမ်းခြောက် တောင်းယူနေကြပါတယ်။ 

ဖရွန်တီးယား

မညိုနဲ့ သူမရဲ့ သားငယ်ကို လက်နက်ကိုင်တွေက သေနတ်နဲ့ ချိန် ဟန့်တားခဲ့ချိန်မှာ  ‘ကျွန်မရဲ့ ဆိုင်ကယ်ကိုပဲ ယူသွားပါ’ လို့ မညိုက သူတို့ကို ငိုယို တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ အသနားခံမှုက အရာမထင်ခဲ့ပါဘူး။  နောက်ဆုံးမှာ မညိုရဲ့ အသက်ဆယ်နှစ်အရွယ် သားငယ်ကို သူတို့ ဖမ်းဆီးသွားခဲ့ပါတယ်။

မေလ ၈ ရက်နေ့မှာ စစ်ဘေးဒဏ်ခံ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့ထဲ ကလေး ကျောင်းပို့ရင်း ပြန်ပေးဆွဲခံရတယ် ဆိုတဲ့ သတင်းက လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ 

“လူတိုင်းက အရမ်းကြောက်သွားကြတာလေ၊ ဘယ်အဖွဲ့ကဖမ်းတာလည်းမသိဘူးလေ”

မုံရွာမြို့ပြင်က ရပ်ကွက်တစ်ခုမှာ နေတဲ့ မစောမိက ဆိုပါတယ်။  ယခုဆောင်းပါးမှာ မညိုနှင့်မစောမိအပါအဝင် သတင်းရင်းမြစ်များရဲ့အမည်တွေကို လုံခြုံရေးကြောင့် ပြောင်းလဲ ဖော်ပြ ထားပါတယ်။ 

နှစ်ရက်တာ အကြာမှာတော့ ကလေးကို ငွေနဲ့ ပြန်လဲဖို့ မိသားစုကို အဖွဲ့တစ်ဖွဲ့က ဆက်သွယ်လာပါတယ်။ 

“ကလေးပြန်ရဖို့ သိန်း၃၀၀နဲ့ ရွေးလိုက်ရတယ် ကြားတယ်” လို့ မစောမိက ဆိုပါတယ်။

“ဒီအဖွဲ့တွေအားလုံးက လူတွေကို ဒုက္ခလိုက်ပေးနေတာလေ”

ဒီလို ပြန်ပေးဆွဲခံရမှုတွေဟာ မုံရွာနဲ့ မြန်မာနိုင်ငံရဲ့ အညာဒေသက မြို့တွေမှာ ခပ်စိပ်စိပ် ဖြစ်ပေါ်နေပါတယ်။ 

၂၀၂၁ အာဏာသိမ်းမှုအပေါ် ပြည်သူတွေရဲ့ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ သိကြတဲ့ PDF တပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ နေရာတိုင်းလိုလို အလျှိုလျှို ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ကျေးရွာနဲ့ နယ်တော်တော်များများကို PDF တွေအနေနဲ့ ထိန်းချုပ်ထားပြီး မုံရွာနဲ့ မြို့ကြီးများမှာ မြို့ပြပြောက်ကြားတိုက်ခိုက်ရေးကို လုပ်ဆောင်နေကြပါတယ်။

တိုင်းမြို့တော်ကြီးတွေမှာ စစ်တပ်က  အခိုင်အမာ တပ်စွဲထားပေမယ့် မြို့တွင်းမှာ  ရာဇဝတ်မှု တွေ တစ်စ တစ်စ တိုးပွါးလာနေခြင်းကိုတော့ မျက်ကွယ်ပြုထားပါတယ်။ 

မညိုရဲ့ သားငယ် ပြန်ပေးဆွဲမှု မဖြစ်ပေါ်ခင် ရက်အနည်းငယ်ခန့်က လေးနှစ်အရွယ် သားငယ်နဲ့ အတူ မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦး မုံရွာမြို့က သူမတို့ရဲ့ နေအိမ်နှင့်အတူ တွဲလျက်ဖွင့်ထားတဲ့ စျေးဆိုင်မှာ ရှိနေစဥ်မှာပဲ ပြန်ပေးဆွဲခြင်း ခံခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့တွေက အလျင်အမြန် လိုက်ဖမ်းခဲ့တယ် ပြောပေမယ့် ပြန်ပေးသမားတွေကို မဖမ်းမိခဲ့ပါဘူး။ ပြန်ပေးသမားတွေက ဖမ်းဆီးခံရတဲ့ သားအမိကိုသာ လွှတ်ပေးခဲ့ပြီး သူတို့ကတော့ မော်တော်ကားနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

“ကျွန်မတို့ အမြဲတမ်း အထိတ်တလန့်နဲ့ ကျီးလန့်စာစားပြီး နေနေရတယ်၊ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိဘူး” ဟု မစောမိက ဆိုပါတယ်။ 

စစ်တပ်ရဲ့ လက်ဝေခံ ပျူစောထီး (ပျူ) တွေသာမက စစ်တပ်ကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကပါ ငွေလိုချင်လို့ ပြန်ပေးဆွဲမှု တွေကို ကျူးလွန်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပျူ တွေကတော့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးကြတယ် ဟုလည်း ဆိုကြပါတယ်။ 

နိုင်ငံတစ်ဝန်းက တိုက်ပွဲတွေမှာ မကြုံစဖူး အရှုံးတွေကို ကြုံတွေ့နေရတဲ့ စစ်တပ်ကတော့ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စစ်မှုထမ်း ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ ခေါ်ယူနေခဲ့ပါတယ်။​ လက်ရှိအချိန်ထိ အမျိုးသမီးများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းခံရခြင်းတော့ မရှိသေးပါဘူး။ 

ဒါပေမယ့် သတ်မှတ်ထားတဲ့ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ ကြုံရင် ကြုံသလို လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားသစ် စုဆောင်းခြင်းမျိုး ရှိတယ်လို့ ဖရွန်တီးယားက သတင်းရရှိထားပါတယ်။

 “ပျူစောထီးတွေရော အချို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကရော ပြန်ပေးဆွဲမှုတွေမှာ ပါနေကြတယ်။ တော်လှန်ရေးတပ်ဖွဲ့ တွေကပါ ဒီလိုမျိုး လုပ်နေတော့ လူတွေက အရမ်း စိတ်မကောင်းဖြစ်တာပေါ့ ” လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မယမင်းက ဆိုပါတယ်။ 

၂၀၂၁ ခုနှစ် မေလဆန်းပိုင်း အာဏာသိမ်းပြီးနောက် မုံရွာမြို့ခံများ စုဝေးဆန္ဒပြစဥ် (ဓာတ်ပုံ – ဖရွန်တီးယား)

သူဌေးဟု ထင်ခံရခြင်း၏ နောက်ကွယ်တွင်

စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မုံရွာမြို့ဟာ စီးပွားရေး အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဖြစ်တဲ့ မန္တလေးမြို့ကနေ ကလေးမြို့ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေ ဆုံစည်းရာ ဖြစ်တဲ့ မုံရွာမြို့မှာ ကုန်သွယ်ရေးလုပ်ငန်းနဲ့ အသက်မွေးသူ အလွန်များပါတယ်။ ဒီလမ်းတွေကတဆင့် မုံရွာကို ဖြတ်ပြီး ဒေသထွက်စားသုံးဆီနဲ့ ပဲအမျိုးမျိုးကို ကုန်သွယ်ကြရတာပါ။ အိန္ဒိယနိုင်ငံက ကုန်စည်တွေလည်း ဝင်ရောက်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်က စလို့ ချမ်းသာသူ မြို့မျက်နှာဖုံး လို့ ယူဆခံရသူတွေကို ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများအတွက် ပစ်မှတ်ထားခြင်း ခံနေရတယ် လို့ ဒေသခံတွေက ဖရွန်တီးယားကို ပြောပါတယ်။

“ပထမတော့ လုပ်ငန်းရှင်တွေဆီက အလှူခံတာပေါ့၊ တချို့က လှူဖို့ ငြင်းဆန်တော့ တော်လှန်ရေး အဖွဲ့တွေက ဖမ်းသွားတယ်။ အဲဒီလိုနဲ့ ပြန်ပေးဆွဲတာတွေ ဓါးပြတိုက်တာတွေ စလာခဲ့တာပဲ” လို့  ဓါးပြတိုက်မှုမှာ ပါဝင်တဲ့ အဖွဲ့အချို့နှင့် ပတ်သက်ပြီး ပွဲရုံပိုင်ရှင် ကိုဇင်မောင်မောင်က ပြောပါတယ်။  

တချိန်တည်းမှာပဲ ပျူစောထီးအုပ်စုကလည်း ဒေသခံတွေကို စတင်ပြီး ပြန်ပေးဆွဲတာတွေ လုပ်လာကြောင်း သူက ပြောပြပါတယ်။

“တောမီးလောင်တော့ တောကြောင် လက်ခမောင်းခတ်တာလေ”လို့ သူက ဆိုပါတယ်။ 

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းမှာ ဖြစ်ခဲ့တဲ့ သူ့ သူငယ်ချင်းဖြစ်သူ စားသောက်ဆိုင်ပိုင်ရှင်၏ ၁၃ နှစ်အရွယ် သမီးငယ် ပြန်ပေးဆွဲခံရမှုကို ကိုဇင်မောင်မောင်က ပြောပြပါတယ် ။  ၁၃ နှစ်အရွယ် သမီးငယ်ရဲ့ ကျောင်းအပြန်လမ်းမှာ သေနတ်သမားနှစ်ဦးက ပြန်ပေးဆွဲခဲ့ပြီး ငွေကျပ် သိန်း ၁၀၀ တောင်းခဲ့တယ် လို့ ဆိုပါတယ်။ 

ပြန်ပေးဆွဲခံရသူ သမီးငယ်၏မိသားစုက တောင်းတဲ့ငွေကို ပေးဖို့ မတတ်နိုင်တာမို့ ကလေးကို ပြန်လွှတ်ပေးပါလို့ တောင်းပန်ခဲ့ပေမယ့် ပြန်ပေးသမားများက လက်မခံခဲ့ပါဘူး။ သူတို့အနေနဲ့ စောင့်ကြည့်နေတာ ကြာပြီမို့ မိသားစု ဝင်ငွေကောင်းမှန်းသိတယ်လို့ အကြောင်း ပြန်လာပါတယ်။

သုံးရက်အကြာမှာတော့ မိသားစု စုငွေနဲ့ ဆွေမျိုးတွေဆီကနေ ချေးငှါးရငွေ ပေါင်းပြီး စုစုပေါင်းငွေ သိန်း ၈၀ နဲ့ သမီးငယ်ကို ပြန်ရွေးခဲ့ရပါတယ်။ ပြန်ပေးဆွဲခံရသူ သမီးငယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မုံရွာမြို့အနီးရှိ ရွာတစ်ရွာကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး  ကလေးငယ်ကိုတော့ ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်း ကိုဇင်မောင်မောင်က ဆိုပါတယ်။

မုံရွာမြို့ခံ မစောမိက “ကျွန်မတို့ကို ပိုက်ဆံရှိတဲ့သူတွေလို့ ထင်ခံရမှာ သိပ်ကြောက်တာပဲ။ သူဌေးလို့ ထင်တာနဲ့  သူတို့က စောင့်ကြည့်နေကြတော့တာ” လို့မစောမိကဆိုပါတယ်။

ပြန်ပေးအဖွဲ့များက  ပစ်မှတ် ထားခံရသူ ဒေသခံ၏ ချမ်းသာကြွယ်ဝမှုကို ခန့်မှန်းတွက်ချက်မှု ပေါ် မူတည်ပြီး ကျပ် သိန်း အနည်းငယ် မှ သိန်း ၅၀၀ အထိ သို့မဟုတ် သိန်း ၁၀၀၀ အထိ ပြန်ပေးငွေ တောင်းခံကြပါတယ်။ ဒီလို ဖြစ်ရပ်တွေကြောင့် မုံရွာမြို့ရဲ့ ချမ်းသာကြွယ်ဝသူ မြို့မျက်နှာဖုံးတွေဟာ ဘေးကင်းနေဆဲလို့ ယူဆရတဲ့ မန္တလေး၊ နေပြည်တော်နဲ့ ပြင်ဦးလွင်တို့လို မြို့တွေဆီ အများအပြား ရှောင်တိမ်းသွားကြကြောင်း သိရပါတယ်။ 

ပြန်ပေးဆွဲမှု အများစုမှာ ငွေ ရယူလိုမှု သက်သက်ကို အရင်းခံပေမဲ့ လူသတ်ခံရမှုတွေမှာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပြန်ပေးသမားတွေဆီကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့သူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီ အမှုနဲ့ ပတ်သက်တဲ့ အသက် ၁၇ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာ ပလဖ)က ထုတ်ပြန်ပါတယ်။ မြို့ သူဌေးများရဲ့ အမည်စာရင်းကို စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ ပြန်ပေးအဖွဲ့တွေထံ ပေးပို့ခဲ့တဲ့ စစ်တပ် သတင်းပေး (ဒလန်) တစ်ဦးကို ပြီးခဲ့တဲ့နှစ် မေလကပဲ မုံရွာပလဖအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ ဖမ်းဆီးမှုအပြီး  အသေးစိတ်အချက်အလက် ထုတ်ပြန်ပေးမယ်လို့ ဆိုခဲ့ပေမဲ့ အခုချိန်ထိ ထပ်မံထုတ်ပြန်တာ မရှိသေးပါဘူး။ 

ဒီလို သတင်း ထပ်မံထုတ်ပြန်ခြင်း မတွေ့ရှိရတာကြောင့်  ပြန်ပေးဆွဲမှုများအတွက်အချို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်နေနိုင်တယ် ဆိုတဲ့ သံသယတွေ ဖြစ်လာကြတယ်လို့ ကိုဇင်မောင်မောင်က ဆိုပါတယ်။

“ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဖမ်းလိုက်နိုင်သလဲ၊ ပြန်ပေးသမားတွေက ဘယ်သူတွေလဲ၊ ဘယ်မှာနေသလဲဆိုတာ သူတို့ ဘယ်လို သိသလဲ”လို့ ကိုဇင်မောင်မောင်က ထောက်ပြပါတယ်။

ပြန်ပေးသမားနဲ့ တော်လှန်ရေးသမားကြား ပြည်သူတွေ ကွဲကွဲပြားပြားမြင်နိုင်ဖို့ တောကြောင်တွေ ရှိနေခဲ့ရင် ဖော်ထုတ် အရေးယူပြီး ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ 

တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတွေထဲ ဒီလို ဖြစ်ရပ်တွေကို  ထုတ်ဖော်ပြောဆိုလာသူတွေလည်း တွေ့ရှိရပါတယ်။  မေလ ၁ ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာ ရွှေဆိုင် ဓါးပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဓားပြတိုက်မှုကို လက်နက်ကိုင်ဆောင်သူအချို့က ကျုးလွန်ခဲ့တာ ဖြစ်ပြီး ရွှေတစ်ပိဿာကျော်နှင့် ငွေ ၈ သိန်းကျပ်ကို ယူဆောင်သွားခဲ့ပါတယ်။

ရက်အနည်းငယ် အတွင်းမှာပဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အနေနဲ့ တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျူးလွန်သူတွေဟာ တော်လှန်ရေး အဖွဲ့တစ်ဖွဲ့မှ ဖြစ်တယ်လို့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)က မြေလတ်အသံ မီဒီယာကို ပြောပါတယ်။ 

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် မုံရွာမြို့ ဘုရားစေတီများအနီး လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းနှင်သွားစဥ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

ပြည်သူများဘက် သေနတ်ပြောင်းလှည့်ကြခြင်း

လတ်တလော ကြုံတွေ့နေရတဲ့ ရန်ပုံငွေအခက်အခဲတွေကြောင့် တော်လှန်ရေး တပ်ဖွဲ့ တစ်ချို့ ဟာ ရန်ပုံငွေ ရှာဖွေရေးအတွက် မေးခွန်းထုတ်စရာ နည်းလမ်းတွေကို စတင် လုပ်ဆောင် လာကြတယ် လို့ မုံရွာမြို့နယ်အခြေစိုက် အမည်မဖော်လိုသူ PDF တပ်ဖွဲ့တစ်ဦးက ဆိုပါတယ်။ 

အချိန်ကြာလာတာနဲ့ အမျှ ဒီလို အဖွဲ့တွေဟာ ရာဇဝတ်မှု ကျူးလွန်တဲ့အဖွဲ့အဖြစ် ကူးပြောင်း သွားသလို တစ်ချိန်တည်းမှာပဲ​ တကယ့် ရာဇဝတ်သားတွေကလည်း တော်လှန်ရေးအဖွဲ့တွေ အဖြစ် ဟန်ဆောင်လာကာ ရာဇဝတ်မှု ကျူးလွန်မှုတွေ ပြုလုပ်လာကြတယ်လို့ သူက ရှင်းပြပါတယ်။ 

“တချို့အဖွဲ့တွေဆိုရင်ဗျာ လူတွေဆီက ဓားပြတိုက်တာတွေ၊ ဆက်ကြေးကောက်တာတွေ လုပ်ပြီး ချမ်းသာသွားကြတယ်။ အဲဒါတွေကိုမြင်ရတာ စိတ်ပျက်မိတယ်။ သူတို့ တော်လှန်ရေး ကိုသစ္စာဖောက်သွားကြတယ်။ တော်လှန်ရေးအဖွဲ့တွေဟာ ဘာကြောင့်ပဲ ဖြစ်ဖြစ် ပြည်သူတွေဘက်ကို သေနတ်ပြောင်းလှည့်လို့မရဘူး။ အနိုင်ကျင့်လို့မရဘူး။ အဲဒီလိုလုပ်တာ အရမ်းရွံဖို့ကောင်းတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

တချို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဒလန်တွေနဲ့ စစ်တပ် ထောက်ခံသူတွေကို ပစ်မှတ်ထား ဖမ်းဆီးတယ် ဆိုတဲ့ ခေါင်းစဥ်အောက်က ငွေကြေး ချမ်းသာသူတွေကို ပြစ်မှတ်ထား ဓားပြတိုက် ခြင်းကိုသာ လုပ်ဆောင်နေတဲ့သူတွေလည်း ရှိတယ်လို့ စစ်ကိုင်းဒေသခံ မသန္တာဝင်းက သူမ အမြင်ကို ပြောပါတယ်။

“တချို့ အမှုတွေကျတော့လည်း ဖုံးထားလိုက်လို့ လူတွေမသိတဲ့အမှု တွေလည်း ရှိတယ်။ ကျူးလွန်ခံရတဲ့ ပြည်သူတွေကတော့ သူတို့ကို ထပ်အန္တရာယ်ပေးမှာ ကြောက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြပါဘူး” လို့ သူမက ပြောပါတယ်။

မိသားစုဘဝ လုံခြုံရေးအတွက်  မုံရွာကနေ မန္တလေးမြို့ကို ပြောင်းရွှေ့လာတဲ့သူတွေအထဲမှာ ကိုဇာနည်ရဲ့ မိသားစုလည်း ပါပါတယ်။ 

“ကျွန်တော်တို့ မိသားစုဝင်တစ်ယောက်ယောက်သာ ဖမ်းခံရမယ်ဆိုရင် ဘယ်အဖွဲ့ကို တိုင်လို့ တိုင်ရမှန်း မသိဘူးလေ၊ တိုင်လည်း မတိုင်ရဲဘူး။ … တိုင်လိုက်လို့ဖမ်းဆီးခံရမှာ၊ သတ်ခံရမှာကို လူတွေကကြောက်တယ်လေ။ နှစ်ဖက်လုံးကို ကြောက်ရတယ်” လို့ ကို ဇာနည်က မိသားစု ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။

“စစ်တပ်က လုပ်တာကို တော်လှန်ရေးအင်အားစုတွေ ဆီတိုင်ဖို့လည်းမလွယ်ဘူး။ကျွန်တော်တို့က စစ်တပ်ထိန်းချုပ်တဲ့အောက်မှာ နေတာပါ။တော်လှန်ရေးအဖွဲ့ဘက်က ပြစ်မှုကျူးလွန်သူတွေ အတွက် စစ်တပ်ကို တိုင်ရမလား။ တော်လှန်ရေးအဖွဲ့ကို တိုင်ရမလား။ စစ်တပ်ကိုတိုင်ရင် ဒလန် ဖြစ်မယ်။ တော်လှန်ရေးဘက်ကို တိုင်ဖို့ကလည်းမလွယ်ဘူး”လို့ သူက ပြောပါတယ်။ 

“သူတို့တောင်းတဲ့ငွေ ပေးလိုက်ရရင်လည်း မိသားစုဝင်တွေက တိုးတိုးတိတ်တိတ် ကြိတ်ရှင်းရ တယ်။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာလည်း သိပ်ထုတ်မပြောဘူး။ ဖမ်းခံရတဲ့သူကို တစ်ခုခု လုပ်ပစ်လိုက်မှာ ကြောက်လို့လေ” လို့ ကိုဇာနည်က ပြောပြပါတယ်။

ဒါပေမဲ့ လူတိုင်းက မုံရွာကနေ ရှောင်တိမ်းနိုင်တာတော့ မဟုတ်ပါဘူး။ မုံရွာမြို့မှာ အလှကုန်ဆိုင် လေး ဖွင့်ထားတဲ့ မစောမိကတော့ သူတို့အိမ်နီးနားချင်းတွေ ပြန်ပေးဆွဲခံခဲ့ရတာကို မြင်တွေ့ခဲ့ရပေမဲ့ ဒီမြို့မှာပဲ ဆက်နေမယ်လို့ ဆိုပါတယ်။

“ကြောက်တာတော့ ကြောက်တယ်။ တခြားပြောင်းဖို့ကလည်း မလွယ်ဘူး။ ငွေကြေးရော၊ စီးပွားရေးတွေ ပြန်စဖို့ရော မလွယ်ဘူး။ အခက်အခဲရှိတယ်။ အမေတို့ကလည်း မုံရွာက သူ့ဇာတိဆိုတော့ အသက်ကြီးမှ တခြားနေရာမပြောင်းချင်ဘူးလေ” လို့ မစောမိက ပြောပါတယ်။

အခြားနေရာတွေကိုမပြောင်းဘဲမြို့မှာဆက်နေတဲ့သူတွေဟာ လုံခြုံရေးကို ပိုပြီး သတိထားနေထိုင်လာကြပါတယ်။အထူးသဖြင့် မြို့ပြင်ဘက် လူပြတ်တဲ့နေရာတွေဆီ မသွားရဲဘဲ မှောင်တာနဲ့ အပြင်မထွက်ရဲဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အချို့ ပြန်ပေးဆွဲ လုယက်မှုတွေဟာ နေ့ခင်းဘက်တွေမှာပါဖြစ်ပွားနေတာပါလို့  ‌ဒေသခံတွေကပြောဆိုပါတယ်။ 

“ကျွန်မတို့ သတိထားပြီးတော့ နေနေရတာပဲ၊ ညနေ ၆ နာရီကျော်ရင် အပြင် မထွက်ရဲတော့ ဘူးလေ၊ အဲဒီလို သတိထားနေတာတောင်မှ ပြန်ပေးဆွဲတာတွေ ဓါးပြတိုက်တာတွေက ဖြစ်နေကြတာပဲ။ အန္တရာယ်ကို သိပေမဲ့လည်း သတိထား နေရတာပဲပေါ့” လို့ မစောမိက ဆိုပါတယ်။

မြို့ခံလူတွေကတော့ အခြေအနေတွေက ပိုမိုဆိုးဝါးလာပြီး မိခင်နှင့် ကလေးငယ်တွေကို ပိုမို ပစ်မှတ် ထားခံနေရတယ်လို့လည်း ဆိုပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီလိုအမှုတွေကို ပိုမို အလေးအနက်ထား အရေးယူသင့်ပြီး ပိုဆိုးလာပါက လူထု၏ ယုံကြည်မှုကို ဆုံးရှုံးရနိုင်တယ်လို့ ပြောပါတယ်။ 

 “ဒီလို ဖမ်းဆီးငွေတောင်းမှုတွေကို NUG က အသေအချာ ကိုင်တွယ်ပြီး အရေးယူသင့်တယ်။ မဟုတ်ရင်တော့ တဖြည်းဖြည်းနဲ့ လူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးလိမ့်မယ် ” လို့ သူက ဆိုပါတယ်။​

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.