မတ်၂၈ရက်က ငလျင်ကြောင့် နေပြည်တော်ရှိ ပျက်စီးသွားသည့် အဆောက်အဦတစ်ခုမှ ပစ္စည်းများကို သယ်ထုတ်နေသည့် ဒေသခံတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ငလျင်အလွန်ကာလ ရုန်းကန်နေရတဲ့ အာမခံကုမ္ပဏီများ

မတ်၂၈ရက်ငလျင်သည် မြို့ကြီးများရှိ အဆောက်အဦများကိုသာမက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးစအာမခံ လုပ်ငန်းကဏ္ဍတစ်ခုလုံးကိုလည်း အောက်ခြေမှ ဆွဲလှုပ်လိုက်သည်။ ထိုကုမ္ပဏီများသည် သဘာဝဘေးအန္တရာယ်ကိုပါ အာမခံပေးထားသည်ဖြစ်ရာ ယခုတွင် ၎င်းတို့သည် ငလျင်ဒဏ် အပြင်းအထန်ခံစားရသည့် နေပြည်တော်နှင့် မန္တလေးတို့ကဲ့သို့ မြို့ကြီးများတွင် ငွေကြေးအမြောက်အမြား လျော်ကြေးအဖြစ်ပေးဆောင်နေရသည်။

ဖရွန်တီးယား

ပြင်းအား ၇ဒသမ၇ ရစ်ချ်တာစကေးရှိ စစ်ကိုင်းငလျင်ကြောင့် မြန်မာပြည်အလယ်ပိုင်း တကြောတွင် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ၎င်းတို့အနက် ဒေါ်ချောနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ ပိုင်ဆိုင်သော နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေအိမ်လည်းပါဝင်သည်။

အိမ်က ဆိုးဆိုးရွားရွားမပျက်စီးသွားသည့်တိုင် ငလျင်ဒဏ်ကြောင့် နံရံများတွင် အက်ကြောင်းရာများပေါ်လာသည်။ ကံကောင်းထောက်မစွာဖြင့် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်ချော၏ ခင်ပွန်းသည်က အိမ်ဝယ်စဉ်က ငလျင်အာမခံကိုပါ ဝယ်ယူထားခဲ့သည်။

“အိမ်က အရစ်ကျစနစ်နဲ့ ဝယ်ထားရတာဆိုတော့ မဖြစ်မနေ အာမခံကိုပါ ဝယ်ခဲ့ရတာ”ဟု ဒေါ်ချော (အမည်လွှဲ) က ဖရွန်တီးယားသို့ ပြောသည်။

အာမခံထားရခြင်းသည် အရေးပေါ်ကိစ္စရပ်များတွင် ပိုင်ဆိုင်မှုများလုံခြုံမှုရှိစေရန်ဖြစ်သည်။ သို့သော် ဒေါ်ချောတို့အတွက်မူ အာမခံလျော်ကြေးရရှိရန် လျှောက်ထားရသည့် လုပ်ငန်းစဉ်များတွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ အာမခံကုမ္ပဏီက အပျက်အစီးများအား စစ်ဆေးရန် စုံစမ်းရေးအဖွဲ့တစ်ခုကို ၎င်းတို့၏ နေအိမ်သို့ စေလွှတ်ခဲ့ရာ အက်ကြောင်းများကို မည်သည့်အချိန်တွင် ပထမဆုံး သတိထားမိခဲ့သနည်းဟု ထိုအဖွဲ့က မေးမြန်းခဲ့သည်။ ထိုချိန်မှစ၍ စိတ်ရှုပ်ဖွယ်ရာကိစ္စရပ်များ ကြုံတွေ့လာရသည်ဟု ဒေါ်ချောကဆိုသည်။

“သူတို့က ငလျင်လှုပ်ပြီးပြီးချင်း အက်ရာတွေက စတွေ့ရတာလားလို့ မေးတယ်။ ငလျင်လှုပ်ပြီးပြီးချင်းတွေ့တာမဟုတ်ဘူးဆိုရင် အာမခံကြေးမရနိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျမတို့က ဘယ်လိုသိနိုင်မှာလဲ။ ငလျင်လှုပ်ပြီး အိမ်အပြင်မှာ တစ်ပတ်လောက်နေခဲ့ရတာ။ ဘယ်သူမှ အိမ်ထဲ မနေရဲခဲ့ကြဘူး”ဟု ဒေါ်ချောက ပြောသည်။

အချေအတင် ငြင်းခုံရပြီးနောက် နောက်ဆုံးတွင် အာမခံကုမ္ပဏီက အိမ်ပြင်ဆင်စရိတ်အတွက် လျော်ကြေးပေးရန် သဘောတူလိုက်သည်။ ထိုကုမ္ပဏီသည် ပြည်တွင်းအာမခံလုပ်ငန်းတစ်ခုနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းတည်ထောင်ထားသည့် အာမခံဝန်ဆောင်မှုတစ်ခုဖြစ်သည်။ သို့သော်သဘောတူမှု ရယူပြီး နှစ်ပတ်ကျော်ကြာသည်အထိ ငွေကြေးတစ်ကျပ်၊ တစ်ပြားမှ မရရှိသေးသဖြင့် အိမ်ကိုလည်း မပြင်ဆင်နိုင်သေးဟု ဒေါ်ချောက ဆိုသည်။

အာမခံလုပ်ငန်းများမှ လျော်ကြေးငွေရရန် စောင့်ဆိုင်းနေသူများမှာ ဒေါ်ချောတို့ဇနီးမောင်နှံ နှစ်ဦးတည်း မဟုတ်ပေ။ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အာမခံလုပ်ငန်းက မန္တလေး၊ နေပြည်တော်နှင့် အခြားဒေသများတွင် ငလျင်အတွက် အာမခံကြေးတောင်းခံလွှာ ၅၀ခန့်အတွက် ငွေကျပ် လေးဘီလျံ (အမေရိကန်ဒေါ်လာကိုးသိန်းခန့်) ကို လျော်ကြေးအဖြစ် ပေးအပ်ခဲ့သည်ဟု စစ်တပ်ဘက်ယိမ်းသည့် ပေါ်ပြူလာဂျာနယ်က မေ၂၂ရက်တွင် သတင်းဖော်ပြခဲ့သည်။ သို့သော် မြန်မာ့အာမခံလုပ်ငန်းထံမှ လျော်ကြေးရရှိရန် ‌စောင့်ဆိုင်းနေသည့် လျှောက်လွှာပေါင်း ၅၀၀ကျော် ကျန်ရှိနေသေးသည်ဟုလည်း အဆိုပါသတင်းဌာနကဆိုသည်။

မန္တလေးမြို့ရှိ အာမခံကိုယ်စားလှယ်တစ်ဦးဖြစ်သူ မမြလွင်(အမည်လွှဲ)ကမူ ငလျင်ကြောင့် ပျက်စီးမှုအတိုင်းအတာ ဤမျှကြီးမားလိမ့်မည်ဟု အာမခံကုမ္ပဏီများက မမျှော်လင့်ခဲ့ကြကြောင်း ဆိုသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အာမခံကုမ္ပဏီတွေက ဖြစ်စဉ်တစ်ခုတည်းကြောင့်နဲ့ ဒီလိုမျိုးလျော်ကြေးငွေ အများကြီးပေးရမဲ့အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးကြဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကုမ္ပဏီများက ရောင်းချသည့် အာမခံပေါ်လစီများသည် ငလျင်ကြောင့် ပျက်စီးသွားသည့် မန္တလေးနှင့် နေပြည်တော်ရှိ အဆောက်အဦးများကိုသာမက မော်တော်ယာဉ်များကိုပါ လျော်ကြေးပေးရမည်ဖြစ်၍ ထိုလုပ်ငန်းများသည် ဘဏ္ဍာရေးဖိအားများကို ရင်ဆိုင်နေရသည်။

“ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေထဲမှာ မော်တော်ယာဥ်တွေလည်းပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီတွေက ထိခိုက်သွားတဲ့ ယာဥ်တိုင်းအတွက် လျော်ကြေးပေးရမှာပါ”ဟု မမြလွင်က ပြောသည်။

မတ်၂၈ငလျင်ကြောင့် ပျက်စီးသွားသည့် မန္တလေးမြို့ရှိ အဆောက်အဦတစ်ခုအနီး ဖြတ်သန်းသွားလာနေသူတစ်ဦးကို ဧပြီ၁၃ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

စာမေးပွဲစစ်ခံရတဲ့ အာမခံကုမ္ပဏီတွေ

မြန်မာနိုင်ငံတွင် နေအိမ်များအတွက် အခြေခံမီးအာမခံကို ရောင်းချပေးလေ့ရှိပြီး မီးလောင်ခြင်းအတွက်သာ လျော်ကြေးပေးလေ့ရှိသည်။ အကယ်၍ ငလျင်၊ ရေကြီးခြင်းနှင့် အခြားဘေးအန္တရာယ်များအတွက်ဝယ်ယူလိုပါက အခြေခံမီးအာမခံနှင့်အတူ အပိုထပ်ဆောင်းဝယ်ယူရသည်။ မီးအာမခံအတွက် ပေးသွင်းရသည့် တစ်နှစ်စာ ပရီမီယံကြေးသည် နေအိမ်တန်ဖိုး၏ သုညဒသမ၂ရာခိုင်နှုန်းဖြစ်ပြီး အပိုထပ်ဆောင်းဝယ်ယူမှုများအတွက် ထပ်ဆောင်းအကာအကွယ် တစ်ခုလျှင် နေအိမ်တန်ဖိုး၏ သုညဒသမ၁ရာခိုင်နှုန်းကို နှစ်စဉ် ပေးသွင်းရသည်။ 

“ထိခိုက်ပျက်စီးမှုများတဲ့ ငလျင်မျိုးက မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထမရှိဘူးလေ။ အာမခံကုမ္ပဏီတွေနဲ့ ကိုယ်စားလှယ်တွေက သူတို့ ပရီမီယံကြေးက များများရဖို့အတွက်ကို မီးအာမခံနဲ့အတူ ငလျင်အာမခံကိုတွဲဝယ်ဖို့ ဝယ်သူကို ဆွဲဆောင်တတ်ကြတယ်”ဟု မမြလွင်ကပြောသည်။ ငလျင်အတွက် လျော်ကြေးပေးသည့် အာမခံပေါ်လစီကို အများဆုံးဝယ်ယူကြသူများမှာ နေပြည်တော်နှင့် မန္တလေးတို့ရှိ ကြွယ်ဝချမ်းသာသော လုံးချင်းတိုက်ပိုင် မိသားစုများဖြစ်ကြောင်း ၎င်းကဆိုသည်။

ငလျင်ကြောင့် အာမခံကုမ္ပဏီများ ပေးအပ်ရမည့် လျော်ကြေးငွေစုစုပေါင်း ပမာဏကို ဖရွန်တီးယားအတည်မပြုနိုင်ခဲ့ပေ။ သို့သော် AYA Sompo အာမခံကုမ္ပဏီမှ သတင်းရင်းမြစ်တစ်ဦးကမူ ၎င်းတို့ပေးအပ်ရန်ရှိသည့် လျော်ကြေးပမာဏသည် ကျပ်၆ဘီလျံမှ ၈ဘီလျံအထိ ရှိသည်ဟု ဆိုသည်။ ဖက်စပ်အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် AYA Sompo တွင် AYA Myanmar General Insurance က ရှယ်ယာ၂၀ ရာခိုင်နှုန်းပါဝင်ပြီး ဂျပန်ကုမ္ပဏီ Sompo ကုမ္ပဏီက ၈၀ရာခိုင်နှုန်း ပါဝင်သည်။

“ကုမ္ပဏီက ငလျင်အာမခံလျော်ကြေးအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ လျော်နိုင်တဲ့အနေအထားရှိပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ သို့သော် ငလျင်အာမခံအတွက် ပေးအပ်ရမည့် လျော်ကြေးပမာဏသည် မမျှော်လင့်ဘဲ များပြားနေသဖြင့် ကုန်ကျစရိတ်များလျှော့ချရန် ကုမ္ပဏီက လုပ်ဆောင်နေကြောင်း ထိုသတင်းရင်းမြစ်က ဆိုသည်။ ဥပမာအားဖြင့် လစဉ်သတ်မှတ်ချက်များအတိုင်း ပြည့်မီအောင် ရောင်းချနိုင်သည့် ဝန်ထမ်းများအား ပေးအပ်သည့် အပိုဆုကြေးငွေကို ငွေကျပ်၄၅သိန်းမှ ၁၅သိန်းသို့ လျှော့ချခြင်းဖြစ်သည်။

မတ်၂၈ရက်နောက်ပိုင်းတွင် AYA Sompo က ငလျင်အတွက် အာမခံများကို ရောင်းချမှုကို ရပ်နားလိုက်သည်။ ငလျင်အာမခံရောင်းချမှုကို ယာယီ သို့မဟုတ် အပြီးတိုင်ရပ်နားခြင်းလောဆိုသည်ကို ဖရွန်တီးယားက ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိတွင် ဖြေဆိုရန် မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။

ငလျင်အာမခံကြေး ဝယ်ယူရန် အများပြည်သူ စိတ်ဝင်စားမှုမြင့်တက်နေချိန်တွင် ထိုသို့ရပ်နားလိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လအတွင်း ငလျင်အာမခံဝယ်ယူရန် ဖုန်းဆက်၍ စုံစမ်းမေးမြန်းသူဦးရေ ရုတ်တရက်မြင့်တက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် အခြားအာမခံလုပ်ငန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ငလျင်မလှုပ်ခင်က ဘယ်လိုအာမခံပဲဖြစ်ဖြစ် ဖုန်းဆက်မေးမြန်းစုံစမ်းတာမျိုးက တစ်ရက်ကို တစ်ခု လောက်ပဲရှိခဲ့တယ်”ဟု ၎င်းကပြောသည်။ “အခုကျတော့ ငလျင်အာမခံလိုချင်တဲ့သူတွေ ဖုန်းဆက်လာတာ တစ်ရက်ကို ၁၀ယောက်၊ ၁၅ယောက်လောက်ရှိတယ်။ ငလျင်အာမခံမရောင်းတော့ဘူးဆိုတော့ တခြားအာမခံတွေဝယ်ဖို့လည်း စိတ်မဝင်စားကြတော့ဘူး။ ဖုန်းခေါ်တာတွေများလာပေမဲ့ ရောင်းနှုန်းကတော့ ကျသွားတယ်”

၂၀၁၃မှ ၂၀၂၂အထိ ပြည်တွင်းပိုင် အာမခံကုမ္ပဏီနှစ်ခုတွင် အထွေထွေမန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် အာမခံအကြံပေး ဦးအောင်မိုးသူက ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင်များ မကြာခဏ ထပ်မံလှုပ်ခတ်သဖြင့် အဆောက်အဦများ ပို၍ပျက်စီးနေသည့်အတွက် အာမခံကုမ္ပဏီများကငလျင်အာမခံရောင်းချမှုကို ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ဖရွန်တီးယားကို ပြောသည်။

“အာမခံလုပ်ငန်းဆိုတာက ကြိုတင်မသိနိုင်တဲ့ မတော်တဆဖြစ်ရပ်တွေအပေါ်မှာ အခြေခံလုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်။ ကုမ္ပဏီတွေက ကြိုမသိနိုင်တဲ့ အန္တရာယ်တွေအတွက် အာမခံထားရှိတာကို လက်ခံပေမဲ့ ဖြစ်မှာသေချာနေတဲ့ ကိစ္စတွေကိုတော့ လက်ခံလေ့မရှိကြပါဘူး”ဟု ဦးအောင်မိုးသူက ပြောသည်။

“ငလျင်ကြီးတွေလှုပ်ပြီးတဲ့နောက်မှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်တတ်တာက သဘာဝပေါ့နော်။ ဒီငလျင်ငယ်တွေကြောင့် ထပ်ပြီးထိခိုက်ပျက်စီးမယ်ဆိုရင် အာမခံကုမ္ပဏီက လျော်ကြေးပေးရမှာဖြစ်တာကြောင့် ဒါကဖြစ်ဖို့သေချာနေတဲ့ အန္တရာယ်တစ်ခုလို့ ပြောလို့ရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နောက်ဆက်တွဲငလျင်များငယ်များ လျော့ကျသွားပါက ကုမ္ပဏီအချို့က ငလျင်အာမခံများ ပြန်လည်ရောင်းချလိမ့်မည်ဟု ၎င်းက ခန့်မှန်းသည်။

အာမခံကိုယ်စားလှယ် ကိုကျော် (အမည်လွှဲ)က ပြည်တွင်း၊ ပြည်ပ ဖက်စပ်လုပ်ကိုင်နေသည့် အာမခံလုပ်ငန်းများသည် ငလျင်လှုပ်ခတ်မှုနောက်ပိုင်း လျော်ကြေးများပေးချေရန် ဘဏ္ဍာရေးအရ တောင့်တင်းခိုင်မာသော်လည်း ပြည်တွင်းအခြေစိုက် အာမခံကုမ္ပဏီအချို့ကမူ ခက်ခက်ခဲခဲ ရုန်းကန်နေရပုံပေါ်သည်ဟု ဆိုသည်။

“အာမခံထားသူတွေအတွက် အာမခံကြေးတောင်းခံလွှာတင်တဲ့အခါ တချို့ပြည်တွင်းကုမ္ပဏီတွေက  လုပ်ငန်းစဥ်တွေ ကြန့်ကြာအောင်လုပ်ပြီး တောင်းဆိုမှုလျှောက်ထားချက်တွေမှာ အမှားမရှိ၊ ရှိအောင်အသည်း အသန်ရှာကြတယ်။ ဥပမာ မော်တော်ယာဉ်တစ်စီးက ငလျင်ကြောင့် ပျက်စီးသွားတာ သေချာနေတာတောင်မှပဲ သူတို့က ရဲစခန်းထောက်ခံစာ တောင်းနေသေးတယ်”ဟု ၎င်းကပြောသည်။

နက်ရှိုင်းစွာ အမြစ်တွယ်နေသော အကျင့်ပျက်ချစားမှုနှင့် လာဘ်ငွေပေးရခြင်းတို့ကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းများထံမှ လိုအပ်သော ထောက်ခံစာများ ရယူခြင်းသည် အစဉ်အားဖြင့် ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။ ငလျင်နောက်ပိုင်း အခြေအနေအရပ်ရပ် ရှုပ်ထွေးနေသည်ဖြစ်ရာ ထောက်ခံစာယူရခြင်းသည် ပို၍ပင် ခက်ခဲလာသည်။

“အာမခံကြေးပေးတာတွေက စာရွက်စာတမ်းအပေါ်မူတည်တယ်”ဟု ဦးအောင်မိုးသူက ပြောသည်။ “ဥပမာ ကားတစ်စီး ထိခိုက်တယ်ဆိုရင် ရဲစခန်းက ထောက်ခံစာက မဖြစ်မနေလိုတယ်။ မီးလောင်တယ်ဆိုရင် မီးသတ်နဲ့ ရဲစခန်းတွေဆီက ထောက်ခံစာတွေလိုတယ်။ ငွေတောင်းခံလွှာမှာပါတဲ့ အချက်အလက်တွေက မပြည့်စုံရင် လျော်ကြေးတွေက ကြန့်ကြာတာမျိုး၊​ မရတာမျိုး ဖြစ်တတ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အခြားနိုင်ငံများတွင်မူ အာမခံဝယ်ယူထားသူက လျော်ကြေးတောင်းခံလာပါက ကုမ္ပဏီက ၎င်းတို့၏ ကိုယ်ပိုင်စုံစမ်းရေးအဖွဲ့များဖြင့်ဖြစ်စေ၊ ပြင်ပစုံစမ်းစစ်ဆေးရေးအဖွဲ့များကို ငှားရမ်း၍ဖြစ်စေ အာမခံကြေး တောင်းခံမှုများကို စိစစ်လေ့ရှိရာ အစိုးရဌာနဆိုင်ရာ ထောက်ခံစာများ မလိုအပ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင်မူ လူအများစုက အာမခံများ မဝယ်ယူလိုခြင်း အကြောင်းအရင်းများအနက် တစ်ခုမှာ လျော်ကြေးတောင်းခံရာတွင်  အစိုးရအာဏာပိုင်များထံမှ ထောက်ခံစာများရယူရန် မဖြစ်မနေ လိုအပ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မတ်၂၈ငလျင်ကြောင့် ပျက်စီးသွားသည့် နေပြည်တော်ရှိ အဆောက်အဦတစ်ခုကို ဒေသခံများက ကြည့်ရှုနေကြစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

အားနည်းသေးသည့် အာမခံယဥ်ကျေးမှု

၁၉၅၉တွင် မြန်မာ့အာမခံကဏ္ဍတစ်ခုလုံးကို အစိုးရက ထိန်းချုပ်လိုက်သည်။ ထို့နောက် နှစ်၅၀ကျော် ကြာမြင့်သည်အထိ အစိုးရတစ်ဦးတည်းသာ အာမခံလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၂၀၁၃တွင် ဦးသိန်းစိန်အစိုးရက ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္ပဏီများကို အာမခံစျေးကွက်သို့ ဝင်ရောက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။ ထို့နောက် ၂၀၁၉တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက နိုင်ငံခြားကုမ္ပဏီများကိုပါ ထိုကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အာခံလုပ်ငန်းအပြင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၂၆ခုရှိကာ ၎င်းတို့အနက် ၁၅သည် မြန်မာနိုင်ငံသားပိုင်ဖြစ်သည်။ နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီငါးခုရှိပြီး ခြောက်ခုကမူ ပြည်တွင်းနှင့်ပြည်ပ ပူးတွဲဖက်စပ်လုပ်ငန်းများဖြစ်သည်။

၂၀၂၁၊ ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကဏ္ဍအများအပြားရှိ ပြည်ပကုမ္ပဏီများ မြန်မာပြည်မှ ပြန်လည်ထွက်ခွာသွားသော်လည်း နိုင်ငံခြားမှလာရောက်လုပ်ကိုင်သည့် အာမခံလုပ်ငန်းများကမူ ပြည်တွင်းတွင် ဆက်လက်လည်ပတ်နေသည်။ ၎င်းတို့အနက် အမေရိကန်အခြေစိုက် Chubb၊ ကနေဒါအခြေစိုက် Manulife၊ ဗြိတိန်မှလာသည့် Prudential၊ ဂျပန်မှလာသည့် Dai-ichi Life နှင့် Sompo ကုမ္ပဏီများနှင့် ဟောင်ကောင်အခြေစိုက် AIA အာမခံလုပ်ငန်းများပါဝင်သည်။

ထိုကဏ္ဍကြီးတစ်ခုလုံးကို အစိုးရက လက်ဝါးကြီးအုပ်ခဲ့စဥ်က နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းက အာမခံထားရှိခြင်း၏ ကောင်းကျိုးများကို ပြည်သူများအား လုံလောက်သော အသိပညာ မပေးနိုင်ခဲ့ကြောင်း မမြလွင်ကဆိုသည်။

“အာမခံလုပ်ငန်းကို နှစ်များစွာ အစိုးရပိုင်လုပ်ခဲ့တာကြောင့် ပြည်သူအများစုက ငွေကြေးမတက်နိုင်တဲ့အပြင်ကိုမှ အာမခံနဲ့ပတ်သတ်ပြီး အသိပညာမရှိခဲ့ကြတော့ အာမခံဝယ်ဖို့ကို စိတ်မဝင်စားခဲ့ကြဘူး။အစိုးရအပေါ် ယုံကြည်မှုမရှိတာကြောင့်လည်း ပါတာပေါ့”ဟု ၎င်းက ပြောသည်။

၂၀၁၃၊ ပုဂ္ဂလိကကုမ္ပဏီများ ဈေးကွက်အတွင်း ဝင်‌ရောက်လုပ်ကိုင်ခွင့်ရရှိခဲ့ချိန်မှစ၍ အာမခံကဏ္ဍသည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် အာမခံဝယ်ယူရန်လိုအပ်သည်ကို ပြည်သူအများစုက ယခုထိ နားမလည်နိုင်ကြသေးကြောင်း ဦးအောင်မိုးသူက ဆိုသည်။

“ပုဂ္ဂလိကကုမ္ပဏီတွေက ပရီမီယံရောင်းရဖို့အတွက်နဲ့ ငွေရှာဖို့အတွက်ပဲ အာရုံစိုက်နေကြတယ်။ လူထုကိုအသိပညာပေးဖို့ အချိန်မပေးကြဘူး။ ပြည်သူလူထုဘက်ကကြည့်တော့လည်း အာမခံအကြောင်း စပြီးကြားလာရပေမဲ့ သူ့ရဲ့ အကျိုးကျေးဇူးတွေကို သိပ်မသိကြဘူး”ဟု ၎င်းက ပြောသည်။

ပြည်ပကုမ္ပဏီများစျေးကွက်အတွင်းသို့ ဝင်ရောက်လာသည့်အခါ အခြေအနေများ ပိုမိုတိုးတက်လာခဲ့သည်။ သို့သော် အာမခံကဏ္ဍ အားယူရုန်းထနေချိန်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင်းရှိ အခြားသော ကဏ္ဍများကဲ့သို့ပင် အရာရာ ခေတ်နောက်ပြန်သွားခဲ့သည်။

“လက်ရှိအဖြစ်အပျက်တွေနဲ့ အုပ်ချုပ်သူတွေရဲ့ မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေကလည်း အာမခံလုပ်ငန်းကိုထိခိုက်စေပါတယ်။ အာမခံထားတဲ့သူနှုန်းထားကလည်း ၂၀၂၁ မတိုင်ခင်ကနဲ့ယှဉ်ရင် အတော်လေးလျော့ကျလာတယ်”ဟု ဦးအောင်မိုးသူက ပြောသည်။

“မြန်မာပြည်က လူအများစုက အာမခံဆိုတာ အခြေခံလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ မတွေးကြသေးဘူး။​ ငွေပိုငွေလျှံရှိတဲ့သူတွေပဲ ဝယ်နိုင်ကြသေးတယ်။ ပြည်သူတွေဝင်ငွေကျရင် အာမခံလုပ်ငန်းကလည်း ကျသွားမှာပဲ”ဟု ၎င်းက ဆက်ပြောသည်။

မတ်၂၈ငလျင်သည် အာမခံကုမ္ပဏီများနှင့် ကိုယ်စားလှယ်များအတွက် အရည်အချင်းစစ် စာမေးပွဲကြီးဖြစ်ကြောင်း၊ ထိုအခြေအနေတွင် ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်သူများသာ အာမခံနယ်ပယ်တွင် နာမည်ကောင်းဖြင့် ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း ဦးအောင်မိုးသူကဆိုသည်။

“ငလျင်မလှုပ်ခင်ကဆိုရင် ကုမ္ပဏီတွေက ကားအက်စီးဒင့်၊ မတော်တဆမှုတွေလောက်ပဲ ဖြေရှင်းရတာများပြီး သဘာဝဘေးဆိုရင်လည်း အများစုလျော်ရတာက မီးလောင်တဲ့ ကိစ္စတွေပဲ။ တပြိုင်နက်ထဲ ဒီလောက်များပြားတဲ့ အာမခံဖြစ်စဉ်တွေကို ကိုင်တွယ်ရတာ သူတို့အတွက်တော့ ဒါပထမဆုံးအကြိမ်ပဲ”ဟု ၎င်းကပြောသည်။

“ဒါပေမဲ့ အာမခံကုမ္ပဏီတွေက လျော်ကြေးတွေပေးနိုင်ပါ့မလား ဒါမှမဟုတ် ဒေဝါလီခံရမလား ပူစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ အာမခံကုမ္ပဏီတစ်ခု ထောင်မယ်ဆိုရင် လိုအပ်တဲ့ အနိမ့်ဆုံး မတည်ရင်းနှီးငွေက ကျပ်၄၀လီလျံရှိမှ ခွင့်ပြုတာပါ။ ဝယ်ယူထားသူတွေ ပုံမှန်ပေးသွင်းနေတဲ့ ပရီမီယံကြေးတွေလည်းရှိနေတာဆိုတော့ ဒီကုမ္ပဏီတွေက လျော်ကြေးမပေးနိုင်စရာအကြောင်း မရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.