ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများအတွက် စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေ၏ ရည်ရွယ်ချက်များနှင့် အန္တရာယ်များကို တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းနေသူ ဗစ်ကီဘိုးမန်းကို ဖရွန်တီးယားက ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ဖရွန်တီးယား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အများသိကြသည့် စစ်ကောင်စီသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေက မြန်မာပြည်တွင်းရှိ အဆောက်အအုံများ၊ ပွဲလမ်းသဘင် အခမ်းအနားများနှင့် စီးပွားဖြစ် စီမံကိန်းများအတွက် လက်နက်ကိုင်ဆောင်ခွင့်ရှိသော အစောင့်များအပါအဝင် လုံခြုံရေးဝန်ဆောင်မှုပေးမည့် ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီများအတွက် လုပ်ငန်းလိုအပ်ချက် အခြေခံများကို ပြဋ္ဌာန်းပေးထားသည်။
ပြဋ္ဌာန်းချက်အချို့ကြောင့် လေ့လာစောင့်ကြည့်သူများအကြား ထိုဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။ အထူးသဖြင့် သီးသန့်ငှားရမ်းထားသော လုံခြုံရေးဝန်ထမ်း၊ ကုမ္ပဏီများသည် စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအစီအမံများတွင် ပူးပေါင်းဆောင်ရွက်ရမည်ဟူသည့် ပြဋ္ဌာန်းချက်မျိုးဖြစ်သည်။ တရုတ်နိုင်ငံက စစ်ကောင်စီနှင့် ပူးပေါင်း၍ လုံခြုံရေးကုမ္ပဏီတစ်ခု ပူးတွဲတည်ထောင်ရန် တင်ပြလာသည့် နားလည်မှုစာချွန်လွှာကို အရေးတယူပြုသည့်အနေဖြင့် အဆင့်မြင့်အရာရှိများပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီး လနည်းငယ်အကြာတွင် ထိုဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ထိုနားလည်မှုစာချွန်လွှာရေးထိုးခြင်းမှတစ်ဆင့် ဘာဆက်ဖြစ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် မြန်မာပြည်အတွင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို တရုတ်လက်နက်ကိုင်လုံခြုံရေးအစောင့်များ ကာကွယ်ရန် ထိုဥပဒေအရ ခွင့်ပြုထားကြောင်း လူအများအပြားက ပုံဖော်ကြသည်။ ဤနည်းအားဖြင့် စစ်ကောင်စီတပ်များ အင်အားပိုထွက်လာနိုင်ပြီး စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းများကို ချေမှုန်းရာတွင် ကူညီရာရောက်သည့်အပြင် မြန်မာပြည်၏ အချုပ်အခြာအာဏာကို ထိပါးလာစေနိုင်သည်ဟုပင် လူအများက ယူဆကြသည်။
သို့သော် ဥပဒေပေါ်ပေါက်လာပုံနှင့် ပါဝင်သည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှု မရှိသေးပေ။ ထိုအကြောင်းအရာကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်ရန် ဖရွန်တီးယားသတင်းဌာန၏ အပတ်စဥ် ပေါ့ဒ်ကတ်စ်အစီအစဉ်ဖြစ်သော “What’s Happening in Myanmar” (မြန်မာပြည်မှာ ဘာတွေဖြစ်နေသလဲ)က ဗစ်ကီဘိုးမန်းကို ဆက်သွယ်မေးမြန်းထားသည်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်းဖြစ်သော သူသည် လက်ရှိတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ MCRB သည် အာဏာသိမ်းမှုမတိုင်ခင်က ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကို အခြေခံလေ့လာထားသည့် အစီရင်ခံစာတစ်စောင်ကို ၂၀၂၂တွင် ထုတ်ဝေခဲ့သည်။ ဆက်သွယ်မေးမြန်းမှုအား ပေါ့ဒ်ကတ်စ် တင်ဆက်သူ Luke Corbin က လိုရင်းတိုရှင်းဖြစ်အောင် တည်းဖြတ်ထားပါသည်။ ပေါ့ဒ်ကတ်စ် အပြည့်အစုံကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် နားဆင်နိုင်ပါသည်။
MCRBက ဒီအစီရင်ခံစာကို ဘာလို့ပြုစုခဲ့တာလဲဆိုတာရယ် မြန်မာပြည်မှာရှိတဲ့ ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘာတွေလေ့လာသိရှိခဲ့ရသလဲဆိုတာကို အရင်ရှင်းပြပါလား။
၂၀၁၈မှာ ကျမတို့က မိမိဆန္ဒအလျောက် လေးစားလိုက်နာနိုင်တဲ့ လုံခြုံရေးနဲ့လူ့အခွင့်အရေးဆိုင်ရာအခြေခံမူများနဲ့ ပတ်သက်လို့ လုပ်ငန်းအဖွဲ့တစ်ခုကို ကမ္ဘာလုံးဆိုင်ရာ ရှေ့ပြေးဆောင်ရွက်ချက်တစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီတွေပါတယ်။ နောက်ပြီး သတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ချို့နဲ့ NGO (အစိုးရမဟုတ်သော အဖွဲ့အစည်းများ)တွေ၊ သံရုံးတွေလည်း ပါတယ်။ ဒီအဖွဲ့မှာပါတဲ့ ကုမ္ပဏီတွေ တင်ပြလာတဲ့ထဲက ထူးခြားတဲ့တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပေမဲ့ သူတို့ကို ထိန်းချုပ်မယ့် ဘာစည်းမျဥ်းဥပဒေမှမရှိဘူးလို့ ပြောကြတယ်။ ၂၀၁၈ နှစ်ဆန်းလောက်မှာ ဒီဥပဒေရေးဆွဲဖို့ ကော်မတီတစ်ခုဖွဲ့တယ်ဆိုတဲ့ သတင်းကို ကျမရဲ့ဝန်ထမ်းတစ်ယောက်က နိုင်ငံတော်ပြန်တမ်းမှာ သွားတွေ့တယ်။ နောက်ပြီး ၂၀၁၆ လောက်က ထင်တယ်။ ပြည်တွင်းက မြန်မာကုမ္ပဏီတွေစုပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအသင်းကို အရင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးကြီးစန်းပွင့် (အဲဒီအချိန်မှာ သူက အော်ရီဒူးရဲ့ လုံခြုံရေးမန်နေဂျာ လုပ်နေတယ်) ရဲ့ အားပေးမှုနဲ့ စဖွဲ့ခဲ့တယ်။ ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက ကြီးထွားလာတာကို သူကကြိုမြင်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းက ဘာစည်းမျဥ်း၊ ကြီးကြပ်မှုမှမရှိတော့ ဒီနယ်ပယ်ထဲ ပရော်ဖက်ရှင်နယ် မဆန်တဲ့သူတွေလည်း အများကြီးပါလာတယ်။
ဒီအသင်းက ဂျပန်၊ အိန္ဒိယနဲ့ စင်ကာပူက ဥပဒေတွေကို လေ့လာနေတာကို ကျမတို့ တွေ့ရှိခဲ့တယ်။ သူတို့က သူရရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို လော်ဘီလုပ်ခဲ့ပေမဲ့ အရမ်းကြီးတော့ အလုပ်မဖြစ်ခဲ့ဘူး။ လုံခြုံရေးကိစ္စဖြစ်တာရော၊ စစ်တပ်နဲ့ ဆက်နွှယ်နေတာကြောင့်ရော အင်န်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) လွှတ်တော်အမတ် တော်တော်များများက ဒီနယ်ပယ်တစ်ခုလုံးအပေါ် သံသယရှိခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၁၇ နှောင်းပိုင်းကျတော့ ဒါတွေအကုန် ရုတ်တရက် ပြောင်းလဲသွားတယ်။ ဘာလို့လဲဆိုတော့ အရင် အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်လေဆိပ်မှာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး တပြုံကြီးနဲ့ ဖမ်းမိလို့ပဲ။ အဲဒီအမှုကို နောက်ကြောင်းလိုက်တော့ သူက ရာဇဝတ်ဂိုဏ်းသာသာရှိတဲ့ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတစ်ခုကို ထောင်ထားတာ။ အဲဒီကိစ္စကြောင့်ပဲ အင်န်အယ်လ်ဒီအစိုးရအနေနဲ့ ဒီဥပဒေရေးဆွဲဖို့အတွက် ကော်မတီဖွဲ့ဖို့ စလုပ်ခဲ့တာဖြစ်ပြီး ပြည်ထဲရေး ဒုဝန်ကြီးက ဦးဆောင်ခဲ့တယ်။
ဒါကို အထောက်အပံ့ဖြစ်စေဖို့ ကျမတို့ကလည်း ဆန်းစစ်လေ့လာမှုတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ။ ၂၀၁၉မှာ စပြီးလေ့လာတော့ အဲဒီတုန်းက အဓိကတွေ့ရတဲ့ ပြဿနာက လုံခြုံရေး၊ အစောင့်တွေရဲ့ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေပေါ့။ သူတို့က လုပ်ခလစာအနှိမ်ခံရတယ်၊ အလုပ်ချိန် နှစ်ချိန်ဆက်လောက် လုပ်ကြရတယ်၊ လုံခြုံရေးပစ္စည်း၊ ကိရိယာ အပြည့်အစုံလည်းမရှိဘူး။ နောက်ပြီးတော့ အလုပ်ချိန်အတွင်း အိမ်သာတောင် သုံးခွင့်မရတာ၊ ရေတောင် သောက်ခွင့်မပေးတာ စသဖြင့်ပေါ့။ တကယ်တော့ ဒီပြဿနာတွေက တစ်ကမ္ဘာလုံးမှာလည်း ဒီနယ်ပယ်ထဲ ပုံမှန်လိုကို ဖြစ်နေတဲ့ ကိစ္စပါ။ ဒါ့ပြင် ရှိပြီးသား ဥပဒေတွေကလည်း ပရမ်းပတာဖြစ်နေတယ်။ ဟုတ်တာပေါ့ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာဥပဒေမရှိဘူးဆိုတာကတော့ အသေအချာပဲလေ။ ဒါပေမဲ့ ၁၉ရာစုလောက်က ပြဋ္ဌာန်းခဲ့တဲ့ လက်နက်ဆိုင်ရာဥပဒေတွေတော့ ရှိနေတယ်။ နောက်ပြီး ကုမ္ပဏီများဥပဒေတော့ ရှိတယ်။ အဲဒါတွေက ခေတ်တော့မီတယ်။ ဒီဥပဒေတွေက သူတို့လုံခြုံရေးဝန်ဆောင်မှု ပေးနေတယ်ဆိုတာကိုပဲ မှတ်ပုံတင်ခိုင်းတယ်။ ဒါပေမဲ့ ကုမ္ပဏီတော်တော်များများက “ဘာလုပ်မှာလဲ” ဆိုတဲ့ မေးခွန်းအောက်က ပေးထားတဲ့ အဖြေတိုင်းကို အမှန်ခြစ်လိုက်ကြတယ်။ ဒါကြောင့် ဒီဟာကြီးက သိပ်အဓိပ္ပာယ်မရှိလှဘူး။
ဥပဒေရှုထောင့်ကပဲကြည့်ကြည့် အလုပ်သမားအခွင့်အရေးနဲ့ လုပ်ငန်းခွင်လုံခြုံမှု ရှုထောင့်ကပဲကြည့်ကြည့် ပြန်ပြီးပြင်ဆင်သုံးသပ်ရမယ့် ကိစ္စတွေအများကြီး တွေ့ခဲ့ရတယ်။ နောက်ထပ် ကျမတို့ အသေးစိတ် လေ့လာခဲ့တာကတော့ လုံခြုံရေးကင်မရာ (CCTV) တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီကိစ္စက ပိုပြီးတောင် စိတ်ဝင်စားစရာကောင်းလာသေးတယ်။ ဘာလို့လဲဆိုတော့ CCTV ကင်မရာတွေက
လူတွေအတွက် အကျိုးရှိသလို အန္တရာယ်လည်းများတယ်။ ဆိုလိုတာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို CCTV တွေကနေ မှတ်တမ်းတင်ထားနိုင်ကြတယ်။ ထားဝယ်မှာ ဆိုင်ကယ်စီးလာတဲ့လူတစ်စုကို စစ်သားတွေက သေနတ်နဲ့ပစ်လိုက်တဲ့ ရုပ်သံဖိုင်ဆို တော်တော်နာမည်ကြီးခဲ့တယ်။ ဒါပေမဲ့ စစ်တပ်က ဆန္ဒပြပွဲမှာ ပါတဲ့သူတွေကို နောက်ကြောင်းပြန်လိုက်တာဖြစ်ဖြစ်၊ သူတို့ဖမ်းချင်သူတဲ့သူကို ရှာတာဖြစ်ဖြစ် အဲဒီအခါမျိုးမှာလည်း CCTV တွေကို သုံးကြတာပါပဲ။
လေ့လာမှုအတွင်းတွေ့ခဲ့ရတဲ့ အချက်တွေအရ ပုဂ္ဂလိကလုံခြုံရေးနဲ့ပတ်သက်ပြီး အန္တရာယ်ကျရောက်နိုင်ခြေက ရုတ်တရက် အတော်မြင့်မားလာတယ်။ ဒါကြောင့် ဒီအကြောင်းအရာက အရမ်းထိလွယ်၊ ရှလွယ်ကိစ္စဖြစ်လာတဲ့တိုင်အောင် ဒီအစီရင်ခံစာကို ထုတ်ဝေသင့်တယ်လို့ ယူဆပြီးထုတ်ခဲ့တာပါ။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာပေါ့။ ဒီအစီရင်ခံစာကို ကျမတို့က ၂၀၂၂၊ ဖေဖော်ဝါရီမှာ ထုတ်ဝေခဲ့ပြီး နောက်ဆက်တွဲလေ့လာမှု နည်းနည်းလည်း ဆက်လုပ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၂၂၊ သြဂုတ်လမှာ ရုတ်တရက် ကျမအဖမ်းခံရတော့ ဒီလေ့လာမှုကလည်း အဆက်ပြတ်သွားတယ်။ (မှတ်ချက် – ၎င်းသည် ထိုနှစ် နိုဝင်ဘာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။)
အဲဒါနဲ့ ဆက်စပ်ပြီး အာဏာမသိမ်းခင်က ရေးဆွဲခဲ့ပေမဲ့ မကြာသေးခင်ကမှ စစ်ကောင်စီကနေ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို သွားသတိရမိတယ်။ ဘာကြောင့် စစ်တပ်က ပုဂ္ဂလိကလုံခြုံရေးဥပဒေကို အခုမှ ပြဋ္ဌာန်းလိုက်တာလဲ။
ကျမအထင်တော့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက လုံခြုံရေးနယ်ပယ်က လုပ်ငန်းတွေကြားမှာတော့ ဒီကိစ္စကို ဆွေးနွေးခဲ့ကြပြီးသားဖြစ်ပါလိမ့်မယ်။ ကျမရဲ့ အရင်လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက်က မကြာသေးခင်က အာဏာသိမ်းမှုနောက်ပိုင်း ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးဖို့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ လုပ်ငန်းအရေအတွက်က အင်မတန်မြင့်တက်လာတယ်။ ကျမတို့ အစီရင်ခံစာအတွက် သုတေသနပြုတဲ့အချိန်ကဆိုရင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအရေအတွက်က ၁၅၀လောက်ပဲရှိပြီး အခုတော့ ၃၅၀လောက်ထိ ရှိလာပြီတဲ့။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း တစ်နှစ်ကို ကုမ္ပဏီ ၃၀ ကနေ ၄၀ အထိ ဒီလုပ်ငန်းအတွက် မှတ်ပုံတင်ကြတာကို တွေ့ရတယ်။ ဒါကဘာကိုပြနေလဲဆိုတော့ ရာဇဝတ်မှုတွေ အဆမတန်ထူပြောလာတဲ့အတွက် လူတွေအတွက် လုံခြုံရေးက အရေးတကြီးလုပ်ရမယ့် ကိစ္စတစ်ရပ်ဖြစ်လာတယ်။ ကျမတို့ ဘဏ်ဓားပြတိုက်တဲ့အမှုတွေ အများကြီးတွေ့လာရတယ်။ လူတွေက သူတို့ရဲ့ စည်းစိမ်၊ ဥစ္စာတွေ ပိုလုံခြုံအောင် ပိုပြီးဦးစားပေးလာကြတယ်။ အဲဒါကြောင့် ဒီကဏ္ဍအတွက် လိုအပ်ချက်က ကြီးလာပြီးတော့ စည်းမျဥ်း၊ စည်းကမ်းတွေနဲ့ သေသေချာချာ ထိန်းသိမ်းဖို့လည်း လိုလာတယ်။
ဒါပေမဲ့လည်း ဒီအခြေအနေဖြစ်လာဖို့ ဘယ်အရာတွေက တွန်းအားပေးသလဲ။ တရုတ်ကုမ္ပဏီတွေ၊ အထူးသဖြင့် (ရခိုင်ပြည်နယ်) ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ လက်ရှိလည်ပတ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေမှာပါဝင်တဲ့ တရုတ်ကုမ္ပဏီတွေကြောင့် ဒီကိစ္စတွေ ဖြစ်လာတာလို့ပဲ ယူဆရပါတယ်။ ဒါကတော့ ကျမရဲ့ အထင်အမြင်သပ်သပ်ပေါ့နော်။ ဒီဒေသကို အာရက္ခတပ်တော် (အေအေတပ်ဖွဲ့) ရောက်ရှိလာတဲ့အပေါ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သွေးထွက်သံယို ဖြစ်စဉ်တွေ ဖြစ်လာမှာကို ဒီကုမ္ပဏီတွေက အတော်လေးစိုးရိမ်ကြပြီး သူတို့ရဲ့ လုပ်ငန်းတွေအတွက် အကာအကွယ်တွေ လိုအပ်တယ်လို့ ယူဆလာကြတယ်။ ဒါကြောင့် သူတို့က စစ်ကောင်စီကို မနှစ်တုန်းက နားလည်မှုစာချွန်လွှာတင်ပြခဲ့ပုံရပြီး သတင်းတွေမှာပါတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုကို ပူးပေါင်းတည်ထောင်ဖို့ဆိုတာ အဲဒီကနေ ဖြစ်လာခဲ့ပုံရတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီက “အိုကေ၊ ငါတို့ဆီမှာလည်း အရင်ကတည်းက မသုံးရသေးတဲ့ ဒီဥပဒေကြမ်းရှိတယ်”လို့ ပြောလိုက်ပုံပဲ။
သူတို့ဘက်ကရော မြန်မာဘက်ကပါ ကြည့်မယ်ဆိုရင် တရုတ်တွေချည်း သီးသန့်ဆိုတာမျိုးထက် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ပြည်ပကုမ္ပဏီတွေအပါအဝင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ အားလုံးလိုက်နာနိုင်မယ့် ဥပဒေရှိတာ ပိုကောင်းတယ်လို့ ကျမကတော့ ထင်တယ်။ တရုတ်တွေအတွက်လည်း ပိုကောင်းသွားတယ်လို့ ကျမကတော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခု ပူးတွဲတည်ထောင်တာက အကျိုးရှိမယ်ဆိုတဲ့ သူတို့ရဲ့ အယူအဆက မှားနေလို့ပါပဲ။ အဲဒီလိုသာလုပ်ခဲ့မယ်ဆိုရင် တိုက်ပွဲတွေဖြစ်လာတဲ့အခါ ကုမ္ပဏီက လုံခြုံရေး၊ အစောင့်တွေကို စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်တွေဘက်က ဝင်တိုက်ဖို့ ဆွဲထည့်တဲ့ အခြေအနေမျိုးဖြစ်လာနိုင်တယ်။ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း (စစ်ကိုင်းတိုင်းအတွင်းက)က အတွေ့အကြုံတွေကြောင့် သင်ခန်းစာတွေ ရသင့်သလောက် ရပြီးပြီလို့ ရှင့်အနေနဲ့ ထင်ပါလိမ့်မယ်။ အဲဒီစီမံကိန်းမှာဆိုရင် တရုတ်ကုမ္ပဏီတွေက စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ (မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ)နဲ့ လက်တွဲခဲ့တယ်။ ဒီလိုလက်တွဲခဲ့သည့်တိုင် စစ်တပ်ပိုင်ကုမ္ပဏီက သူတို့အတွက် ကောင်းကောင်းကန်းကန်း အထောက်အကူမဖြစ်ခဲ့တဲ့အပြင် ၂၀၁၂တုန်းက ကျမတို့မြင်တွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးလည်း ကျူးလွန်ခဲ့တယ်။ အဲဒီတော့ (တရုတ်တွေအနေနဲ့) သင်ခန်းစာ ကောင်းကောင်းရသွားပြီလို့ ရှင်ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ အဲဒီလိုမဟုတ်ဘူးရှင့်။ သင်ခန်းစာရသွားတာ စစ်တပ်ပဲဖြစ်မယ်ထင်တယ်။
ဆိုတော့ တော်တော်လေးကို ဆိုးဆိုးရွားရွားရေးဆွဲခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ယှဥ်ရင် အခု (ပုဂ္ဂလိကလုံခြုံရေး) ဥပဒေက သေသေချာချာလေး ရေးဆွဲထားတာကို တွေ့ရပါလိမ့်မယ်။ ဘာမှန်းမသိတဲ့ အချက်တချို့ ရှိသေးပေမဲ့ ကြည့်ရတာ ဒီဥပဒေကို ရေးဆွဲတဲ့အခါမှာ စင်ကာပူ၊ ဂျပန်နဲ့ အိန္ဒိယလိုမျိုး ဒေသတွင်းနိုင်ငံတွေက ဥပဒေတွေကို တော်တော်လေး မှီငြမ်းထားတယ်ဆိုတာကတော့ သိသာပါတယ်။ ဥပဒေက ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေသာမက ကိုယ့်ဘာသာကိုယ် ခန့်ထားတဲ့ လုံခြုံရေးဝန်ထမ်း ၁၀ယောက်အထက်ရှိတဲ့ ကုမ္ပဏီတွေအတွက်ပါ အကျုံးဝင်ပါတယ်။ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေက မှတ်ပုံတင်ဖို့လိုပြီး စောင့်ကြည့်ကွပ်ကဲမှုကိုလည်း ခံယူရပါမယ်။ အစောင့်တွေကို သင်တန်းပေးရမှာဖြစ်သလို လိုင်စင်ချပေးမယ့် အာဏာပိုင်တွေကို အစောင့်တွေရဲ့ အချက်အလက်တွေ ပေးဖို့လိုတယ်။ ဒါတွေအကုန်လုံးက ဒီနယ်ပယ်အတွက် ရှိသင့်ရှိထိုက်တဲ့ လိုအပ်ချက်တွေပါပဲ။ အထူးသဖြင့် စင်ကာပူလို နိုင်ငံမျိုးမှာပေါ့။
ဥပဒေနဲ့ပတ်သက်လို့ ဘယ်လိုဖြစ်လာမယ်ဆိုတာကတော့ မရေမရာရှိနေတုန်းပဲ။ စည်းမျဥ်းစည်းကမ်းတွေနဲ့ နည်းဥပဒေတွေ မရှိသေးသလို ကုမ္ပဏီတွေဘယ်လိုမှတ်ပုံတင်ရမယ်ဆိုတဲ့ နည်းလမ်းတွေလည်း မထုတ်ပြန်သေးတဲ့အတွက် ဒီဥပဒေအရ ဘယ်သူမှလည်း မှတ်ပုံမတင်သေးဘူး။ လုပ်စရာရှိတာတွေကတော့ အများကြီးပဲ။ အံ့ဩစရာမကောင်းတာတစ်ခုကတော့ ဒီဥပဒေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တစ်လုံးမှ မပါဘူး။ ဒါပေမဲ့လည်း တခြားနိုင်ငံတွေက ဒီလိုဥပဒေတွေမှာလည်း ဒီလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းချက်တွေ မပါကြဘူး။ အသက်ရှင်သန်ပိုင်ခွင့်ဆိုတာ ဘယ်သူမဆိုအတွက် အင်မတန်အရေးပါတဲ့ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပေမဲ့ ဒီလုပ်ငန်းတွေရဲ့ ဗီဇမှာကိုက ဒီအခွင့်အရေးတွေအကြောင်း မပါပါဘူး။ အနည်းဆုံး စာရွက်ပေါ်မှာတောင် ဒီကိစ္စအကြောင်း ရေးမထားဘူး။ အင်အားသုံးရတဲ့ အခြေအနေအတွက် ပေးတဲ့သင်တန်း ဒါမှမဟုတ် လိင်ဖြစ်တည်မှုအခြေပြု အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ပေးတဲ့သင်တန်းတွေအကြောင်း အသေးစိတ်မသိရသေးပါဘူး။ ဒီလိုပြောလိုက်လို့ နောင်ထွက်လာမယ့် သူတို့လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်းတွေမှာ ဒီအကြောင်းအရာတွေ ပါမလာနိုင်ဘူးလို့ ပြောလို့မရပြန်ဘူး။ ဖြစ်နိုင်ခြေတွေကတော့ အများကြီးပါပဲ။
ဒီဥပဒေကို မပြဋ္ဌာန်းခင်ကတည်းက အကြီးဆုံးအန္တရာယ်တစ်ခုကို ကျမတို့ ရှာဖွေတွေ့ရှိခဲ့တယ်။ ကျမတို့အဖွဲ့ ကိုယ်ပိုင်သုတေသနလုပ်တုန်းကလည်း တွေ့ရှိတာဖြစ်သလို အခုဥပဒေထဲမှာလည်း ပြဋ္ဌာန်းထားပါတယ်။ အဲဒါကတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေအနေနဲ့ အများပြည်သူလုံခြုံရေးအတွက် ပူးပေါင်းဖို့တာဝန်ရှိတယ်ဆိုတဲ့အချက်ပါပဲ။ ထပ်ပြောပါရစေ ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ ဗြိတိန်ကိုပဲကြည့်ကြည့်၊ စင်ကာပူကိုပဲကြည့်ကြည့် ကမ္ဘာတစ်ဝန်း ဘယ်နေရာကိုပဲကြည့်ကြည့် တကယ်လို့သာ ရာဇဝတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ရင် ကုမ္ပဏီတွေအနေနဲ့ ရဲတပ်ဖွဲ့ ဒါမှမဟုတ် အာဏာပိုင်တွေကို အမှုမှန်ပေါ်ပေါက်ရာမှာ ကူညီဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ ဒါက မြန်မာပြည်မှာတော့ အတော်ကို အကဲဆတ်တဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက ရာဇဝတ်မှုတွေကို တခြားနိုင်ငံတွေထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အနှက်ဖွင့်ဆိုလို့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ချရေးထားတဲ့ ဥပဒေတစ်ခုရှိတာ ကောင်းတယ်လို့တော့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲသူတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းလမ်းညွှန်တွေ ရေးဆွဲချမှတ်တဲ့နေရာမှာ လုပ်ငန်းရဲ့ ဥပဒေသဘောတရားတွေကို ခိုင်ခိုင်မာမာသိရှိနားလည်စေလို့ပါပဲ။ လုံခြုံရေးဝန်ထမ်းတွေအနေနဲ့လည်း “ဒီကိစ္စဆို ခင်ဗျား ကျနော့်မန်နေဂျာနဲ့ စကားပြောရလိမ့်မယ်” ဆိုပြီး ပြောရေးဆိုခွင့် ရှိသွားမယ်။ အရင်ကဆိုရင် အတူအလုပ်တွဲလုပ်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းအချင်းချင်း လက်တို့ပြီး “ဟေ့လူ ခင်ဗျား အရင်က ရဲလုပ်ဖူးတယ်မဟုတ်လား။ အဲဒီတုန်းက အကြောင်းတွေ ပြောပြစမ်းပါဗျာ။ အဲဒီတုန်းက ဆန္ဒပြတဲ့သူတွေက ဘယ်သူတွေလဲဗျ” ဆိုတဲ့မေးခွန်းမျိုး မေးမြန်းကြတာ တွေ့ဖူးပါလိမ့်မယ်။ ဆိုတော့ ဥပဒေတွေထုတ်ပြန်ပြီး စည်းနဲ့ဘောင်နဲ့ ထိန်းလိုက်တဲ့အခါမှာ မန်နေဂျာတစ်ယောက်အနေနဲ့ ဒီလိုကိစ္စရပ်မျိုးတွေဟာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေထဲက ထိပ်ဆုံးမှာရှိနေတယ်ဆိုတာ နားလည်သဘောပေါက်သွားမယ်။ အရင်က လုပ်ငန်းခွင်မှာ ပြီးစလွယ်လုပ်တတ်တဲ့ ပုံစံတွေ၊ အထူးသဖြင့် ကုမ္ပဏီတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကြံရာပါဖြစ်သွားတတ်တဲ့ ဖြစ်စဉ်တွေထက်စာရင် ဒီလိုစည်းနဲ့ဘောင်နဲ့ ထိန်းကွပ်လိုက်တာ ပိုကောင်းပါတယ်။ ကျမဆိုလိုချင်တာက ကုမ္ပဏီတွေအနေနဲ့ CCTV တွေတပ်ဖို့လိုမလားဆိုတဲ့ ကိစ္စမျိုးကို သူတို့ဘာသာ စဉ်းစားကြတဲ့အခါမျိုးပေါ့။ ဒါ့ပြင် ငါတို့ဘယ်လိုအန္တရာယ်မျိုး ကြုံလာနိုင်သလဲ။ အဲဒီအခြေအနေတွေအတွက် ဘယ်လိုပြင်ဆင်ထားမလဲ။ တကယ်လို့ အန္တရာယ်ရှိတဲ့ အခြေအနေကြုံလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းတွေကို အဖြေရှာဖို့ ဒီဥပဒေက မန်နေဂျာတွေကို တွန်းအားပေးပါလိမ့်မယ်။
ဒီလိုတွေးတာက သတင်းမီဒီယာတွေရဲ့ ဒီဥပဒေနဲ့နားလည်မှုစာချွန်လွှာတွေနဲ့ပတ်သက်ပြီး သတင်းရေးသား တင်ဆက်ကြတဲ့ မတူတဲ့ရှုထောင့်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ ဒီဥပဒေဟာ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်အတွင်းမှာ လက်နက်ကိုင်အခြေချ၊ စစ်အုပ်ချုပ်ရေးကို ထောက်ပံ့ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ချေမှုန်းတဲ့နေရာမှာ ပါဝင်လာနိုင်တယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသုံးသပ်သူတွေရဲ့ စိုးရိမ်ပူပန်မှုမျိုး ခင်ဗျားမှာရော ရှိပါသလား။
ပထမဆုံးအနေနဲ့ ကျမထင်တာက “ဟေ့ မာကို ရူဘီယို (အမေရိကန်နိုင်ငံခြားရေးဝန်ကြီး)၊ ငါတို့ကိုကြည့်ပါဦး။ တွေ့လား တရုတ်က ခြိမ်းခြောက်နေတယ်။ တရုတ်က ခြိမ်းခြောက်နေတယ်” လို့ ပြောနေတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံဟာ အိမ်ဖြူတော်က အစိုးရအပြောင်းအလဲရဲ့ ဒဏ်ကို ခံစားနေရတယ်။ ဒါကြောင့် ကျိုးကြောင်းဆီလျော်စွာပဲ (အမေရိကန်အစိုးရရဲ့) အာရုံစိုက်မှု ပြန်ရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက တရုတ်ရဲ့ ခြိမ်းခြောက်မှုခံနေရပါတယ်ဆိုပြီး အသံထွက်ဖို့ပဲလို့ လူတွေက စဉ်းစားကြပါတယ်။ ဒါကြောင့် ဒါဟာ ကျမရဲ့ပထမဆုံး သံသယအမြင်ပေါ့နော်။
ဒုတိယအချက်အနေနဲ့ လူတော်တော်များများက ဒီနယ်ပယ်ကို သိပ်သတိမထားမိကြဘူးလို့လည်း ကျမ ထင်ပါတယ်။ ဒီဥပဒေကို ကျမတို့ တောက်လျှောက်လေ့လာနေတာ ၁၀နှစ်နီးပါးရှိပြီ။ စစ်တမ်းပြုစုခဲ့တုန်းက ကျမတို့ လေ့လာခဲ့တဲ့ ပြည်ပလုံခြုံရေးကုမ္ပဏီ၁၅ခုလောက်မှာ နှစ်ခုက ဂျပန်ကုမ္ပဏီတွေဖြစ်ပြီး ခြောက်ခုလောက်က အနောက်နိုင်ငံက ကုမ္ပဏီတွေဖြစ်ပါတယ်။ သုံးခုလောက်ကတော့ တရုတ်ကုမ္ပဏီတွေဖြစ်ပြီး အဲဒီထဲကနှစ်ခုကတော့ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ အရေးပါတဲ့ တစ်ခုတည်းသော ကုမ္ပဏီကတော့ Frontier Services Group ဖြစ်ပြီး ဒီလုပ်ငန်းသည် ပိုးလမ်းမစီမံကိန်းတွေအကြောင်းပြောရင် အမြဲဖော်ပြခံရတဲ့ တရုတ်ကုမ္ပဏီ လေးခု၊ ငါးခုထဲက တစ်ခုပါ။ ဆိုတော့ ဒီကဏ္ဍမှာ သူတို့တွေ ဝင်ပါကြတယ်ဆိုတာ ကျိန်းသေပေမဲ့ ဒီစျေးကွက်ကို ကြီးစိုးထားတဲ့ ဒါမှမဟုတ် ဈေးကွက်အတွင်း ခြေလှမ်းသွက်နေတဲ့ ကုမ္ပဏီတွေတော့ မဟုတ်ကြဘူး။
အချက်အလက်ပြန်ပြင်ထားတဲ့ ကုမ္ပဏီစာရင်းကိုကြည့်တော့လည်း တရုတ်ကုမ္ပဏီတွေ နည်းနည်းပဲ ပါသေးတယ်။ ပြီးတော့ ဒီဥပဒေက တရုတ်လက်နက်ကိုင်အစောင့်တွေအတွက်သာမဟုတ်ဘဲ ဒီနယ်ပယ် တစ်ခုလုံးကို စည်းမျဥ်းနဲ့ ထိန်းချုပ်မယ့် ဥပဒေဖြစ်တယ်။ သတင်းမီဒီယာတွေရဲ့ အသုံးအနှုန်းကလည်း ရှုပ်ထွေးမှုတွေဖြစ်စေပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာဆိုရင်လည်း လက်နက်ကိုင် ကြေးစားတပ်တွေ၊ ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို ခွဲခြားရတဲ့အခါမှာ သတင်းတွေမှာ သုံးကြတဲ့ စကားလုံးအသုံးအနှုန်းတွေကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်ပါတယ်။ မြန်မာမှာတော့ Mercenary ကို ကြေးစားစစ်သားလို့သုံးပြီး ကြေးစားဆိုတဲ့ စကားရပ်က သာမန်၊ အပျော်တမ်းမဟုတ်တဲ့ ကျွမ်းကျင်အဆင့်ကို ဆိုလိုတာဖြစ်ပါတယ်။ ကျမအမြင်တော့ တချို့သတင်းဖော်ပြမှုတွေရဲ့ ဝေါဟာရအသုံးအနှုန်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ နည်းနည်းလေး ရှုပ်ထွေးနေတာကို တွေ့ရပါတယ်။
ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းခန့်ထားရာမှာ နိုင်ငံခြားသားဝန်ထမ်းအရေအတွက်ဟာ စုစုပေါင်းဝန်ထမ်းအရေအတွက်ရဲ့ ၂၅ရာခိုင်နှုန်းထက်မကျော်ရဘူးလို့ ဥပဒေက အတိအလင်း ဆိုထားတယ်။ ဒီရာခိုင်နှုန်းက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေမှာပါတဲ့ အချိုးအတိုင်းယူထားတယ်လို့ ထင်ရပါတယ်။ ဒါကြောင့်လည်း တရုတ်တွေချည်းပါတဲ့ “စစ်တပ်တစ်ခုလုံး” ရုတ်တရက်ကြီး မြန်မာပြည်ထဲ ဝင်လာတာမျိုးကို မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အန္တရာယ်များတဲ့ နယ်မြေတွေမှာရှိတဲ့ စီမံကိန်းတွေအတွက် အထူးလုံခြုံရေးအထောက်အပံ့ ရယူခွင့်ကို ဒီဥပဒေက ခွင့်ပြုပေးထားပါတယ်။ ဒီအထူးလုံခြုံရေးအထောက်အပံ့က ပြည်တွင်းပုဂ္ဂလိကလုံခြုံရေးဈေးကွက်က ငှားရမ်းတာလည်း ဖြစ်နိုင်သလို ပြည်တွင်းကမဟုတ်ဘဲ တခြားနည်းလမ်းနဲ့လည်း ရယူတာဖြစ်နိုင်တယ်။
အခုတော့ ဒါဟာ စောင့်ကြည့်ရမယ့် ကိစ္စတစ်ရပ်ဆိုတာ အထင်အရှားပါပဲ။ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုတာ အင်မတန် အန္တရာယ်တွေများတဲ့ အလုပ်ပါ။ ပဋိပက္ခဒဏ်သင့် ဒေသတစ်ခုမှာ ဘက်မလိုက်ဘဲ ကြားနေသူအဖြစ် ရပ်တည်ရတဲ့ ပုဂ္ဂလိကလုပ်ငန်းတစ်ခုဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ပစ်ခတ်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်တွေကို သွားကူညီမိလို့ အန္တရာယ်ရောက်နိုင်ခြေက အမြဲရှိနေပါတယ်။ အဲဒီလိုသာဖြစ်လာခဲ့ရင် ဒီကုမ္ပဏီတွေဟာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေတွေရဲ့ အကာအကွယ်ကို ဆုံးရှုံးသွားနိုင်ပါတယ်။ အဲဒီတော့ တရုတ်လုံခြုံရေးကုမ္ပဏီဖြစ်ဖြစ်၊ တခြားလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ကိုအလုပ်အပ်တဲ့သူဖြစ်ဖြစ် ဒါတွေက သတိထားရမယ့်အချက်တွေဖြစ်ပြီး ဒီလိုကိစ္စမျိုးကို သေသေချာချာ စဉ်းစားဖို့လိုတဲ့အပြင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။
ဗစ်ကီဘိုးမန်းသည် ၂၀၁၃မှ စတင်ကာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ၏ ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၉၀ မှ ၁၉၉၃ အထိ ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၂မှ ၂၀၀၆အထိ ဗြိတိသျှသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
What’s Happening in Myanmar သည် ဖရွန်တီးယားမှ အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်သည့် အပတ်စဥ် ပေါ့ဒ်ကတ်စ်ဖြစ်ပြီး ဤအစီအစဉ်တွင် သတင်းထောက်များက ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် ရေပန်းစားနေသော သတင်းများ၏ နောက်ကွယ်က အကြောင်းအရာများကို ဆွေးနွေးကြသည်။ ယခင်အခန်းဆက်အသံလွှင့်ဆောင်းပါးနှင့် မေးမြန်းချက်များကို ဤနေရာတွင် တစ်စုတစ်စည်းတည်း နားသောတဆင်နိုင်ပါသည်။