ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ကမ်းခြေတစ်နေရာတွင် ငါးဖမ်းလှေများကို ၂၀၂၂၊ ဩဂုတ်၁၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

အန္တရာယ်များနဲ့ ရေပြင်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ဖရိုဖရဲအခြေအနေများကြောင့် နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်း နယ်နိမိတ်တစ်လျှောက် ငါးဖမ်း၍ အသက်မွေးသည့် ဘင်္ဂလားဒေ့ရှ် တံငါသည်တို့အတွက် အန္တရာယ်ပိုရှိလာသည်။

MATTHEW BRUNWASSER ၊ ဖရွန်တီးယား

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း လှေခြောက်စင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ရေပြင်နယ်နိမိတ်အနီး ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းနေသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေပိုင်နက်အတွင်း ငါးဖမ်းနေခြင်းဖြစ်သော်လည်း မြန်မာစစ်သင်္ဘောတစ်စင်းသည် တစ်ကီလိုမီတာခန့်အကွာသို့ ရောက်ရှိလာသည်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်မှလာသည့် ငါးဖမ်းလှေများ ပစ်ခတ်ခံထားရသည်မှာ ပူပူနွေးနွေးပင်ရှိနေသေးရာ ငါးဖမ်းသမားများသည် မြန်မာရေတပ်၏ သွေးထွက်သံယို အကြမ်းပတမ်းနည်းဖြင့် ဖြေရှင်းလေ့ရှိသည့် လက်စနှင့် ရန်လိုတတ်သည့် အမူအကျင့်ကို ကောင်းကောင်းကြီး သိနေသည်။ သို့ဖြစ်ရာ ၎င်းတို့လည်း ငါးဖမ်းပိုက်ကွန်များကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး တီးနပ်ဖ်ကျွန်းဆွယ်ဘက်သို့ လှည့်ထွက်ရန် ရုတ်တရက် ပြင်ဆင်လိုက်သည်။

သို့သော် ၎င်းတို့ နောက်ကျသွားခဲ့လေပြီ။

“စပိဘုတ်အနက်ရောင်တစ်စီးက ရုတ်တရက်ကြီး ဘယ်ကမှန်းမသိပေါ်လာပြီး ကျနော်တို့ဆီကို ရောက်လာတယ်။ လူနှစ်ယောက်က ကျနော်တို့ကို သေနတ်နဲ့လှမ်းပစ်တယ်” ဟု အသက်၃၈နှစ်အရွယ် နူအာ ဟာမစ်က ပြောသည်။ ဟာမစ်သည် ဘင်္ဂလား ဘာသာစကားဖြင့် နူအိုကာ (nuoka) ဟု ခေါ်သည့် လခြမ်းပုံသဏ္ဍာန် ရိုးရာသစ်သားလှေများအနက် တစ်စီး၏ ပဲ့ထိန်းဖြစ်သည်။

ထိုလက်နက်ကိုင်များသည် မပြောမဆို သေနတ်မောင်းတင်ပြီး ၎င်းတို့ကို စတင်ပစ်ခတ်တော့သည်။ အချက်ပေး ဥဩစွဲခြင်း၊ ဟွန်းတီးခြင်း သို့မဟုတ် လော်စပီကာဖြင့် သတိပေးခြင်း အလျင်းမရှိဘဲ ရုတ်တရက် တရစပ် ပစ်ခတ်ခြင်းမျိုး ဖြစ်သည်။အလန့်တကြား လှေကို စက်သတ်လိုက်သောအခါ လှေပေါ်ရှိ ဟာမစ်၏ အဖော်တစ်ဦးမှာ မလှုပ်မယှက် အသက်မဲ့နေပြီဖြစ်သည်။ အခြားနှစ်ဦးမှာမူ ဒဏ်ရာများဖြင့် ညည်းညူနေသည်။

ထို့နောက် လှေပေါ်သို့ မြန်မာ့ရေတပ်ဝတ်စုံနှင့် လက်နက်ကိုင်နှစ်ဦး တက်လာသည်။ ထိုရေတပ်သားနှစ်ဦးသည် သူတို့အချင်းချင်းသာ မြန်မာလိုပြောပြီး ဟာမစ်တို့ကိုမူ “စကားတစ်ခွန်းမျှ မပြောပေ”။ ၎င်းတို့က ငါးဖမ်းသမားများကို ကြိုးနှင့် တုပ်နှောင်လိုက်သော်လည်း ကြမ်းကြမ်းတမ်းတမ်းသိပ်မရှိလှဟု ဟာမစ်က ထင်သည်။ ထိုသို့ ရင်တထိတ်ထိတ် ဖြစ်နေစဉ် ဟာမစ်သည် မိတ်ဆွေတစ်ဦးကို သတိရလိုက်သည်။ ထိုမိတ်ဆွေ၏ ငါးဖမ်းလှေကို မြန်မာရေတပ်က ၂၀၂၃၊ နိုဝင်ဘာတွင် ဖမ်းဆီးခဲ့ပြီး ဘယ်တော့မှ ပြန်မပေးတော့ပေ။

အခြေအနေနှစ်ခုမှာ တူသယောင်ဖြစ်သော်လည်း တကယ်တော့ ကွဲပြားနေသည်ကို သူသတိထားမိလိုက်သည်။ ရေတပ်သားနှစ်ဦးသည် ငါးဖမ်းလှေခြောက်စင်းကို အတူတကွကြိုးနှင့်ချည်နှောင်ကာ စစ်သင်္ဘောတစ်စီးဆီသို့ ခေါ်ဆောင်သွားသည်။ တစ်ရက်တာ ထိန်းသိမ်းပြီးနောက် ဟာမစ်တို့ငါးဖမ်းသမားများကို တစ်စုံတစ်ရာ ရှင်းပြချက် မပေးဘဲ မြန်မာရေတပ်က ပြန်လွှတ်လိုက်သည်။

သို့သော်ရေတပ်သားများသည် ဟာမစ်တို့ သုံးရက်လုံး နေ့ညမအား ရှာဖွေဖမ်းဆီးခဲ့သည့် ငါးများကို သိမ်းဆည်းသွားသည်။ အလေးချိန် ၂၅၀ကီလိုဂရမ်ခန့်ရှိပြီး မြန်မာငွေဖြင့် တန်ကြေး သိန်း၄၀နီးပါးရှိသည့် ငါးများ အကြောင်းမဲ့ သိမ်းယူခံရခြင်းမှာ ၎င်းတို့အတွက်မူ ရင်ဝဆောင့်ကန်ခံရသည့်နာကျင်မှုအလား ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။

“ကျနော်တို့က ဆင်းရဲတော့ ငါးဖမ်းပြီးပဲ ရှာစားရတာ။ တခြားဝင်ငွေ မရှိဘူး” ဟု ဟာမစ်က ညည်းညူသည်။

ငါးဖမ်းပိုက်ကွန်များကို ပြင်ဆင်နေသည့် ကော့ဘဇားမြို့က တံငါသည်များကို မြင်တွေ့ရစဉ်။ (Matthew Brunwasser – ဖရွန်းတီးယား)

မှောင်ခိုနဲ့ မီးခိုးရောင် စီးပွားရေး

ငါးဖမ်းလုပ်ငန်းနယ်ပယ်ရှိ သတင်းရင်းမြစ်များ၊ ကျွမ်းကျင်သူများ၏အဆိုနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေနှင့် ငါးဖမ်းသမားများကို နှစ်နိုင်ငံရေကြောင်းနယ်နိမိတ် တစ်လျှောက်တွင် နိုင်လိုမင်းထက် ပြုကျင့်သည်မှာ ၁၉၉၀ပြည့်လွန်နှစ်များ အစောပိုင်းကတည်းကပင်ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ထိုတိုက်ခိုက်မှုများသည် ၂၀၁၇မှစ၍ အကြိမ်ရေမြင့်တက်လာသည်။ 

ထိုနှစ်တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး တိုက်ပွဲများဖော်ဆောင်ခဲ့ရာ ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၁၇တွင်ပင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက နှစ်နိုင်ငံနယ်စပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော နတ်ဖ်မြစ်အတွင်း ငါးဖမ်းခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။ ထိုပိတ်ပင်မှုသည် လုံခြုံရေးအရ ယိုယွင်းလာသော အခြေအနေတွင် ၎င်းတို့၏နိုင်ငံသား ငါးဖမ်းသမားများ မထိခိုက်အောင် ရည်ရွယ်သည်။ သို့သော် ငါးဖမ်းသမားများကလည်း ထိုတားမြစ်ချက်များကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်ကြသည်။

မြန်မာရေတပ်၏ အကြမ်းဖက်ရန်လိုမှုများသည် အများအားဖြင့် နယ်စပ်ဒေသတွင် အဖြစ်များသည့် တရားမဝင် ငါးဖမ်းခြင်း၊ မှောင်ခိုကုန်ကူးခြင်း စသည်တို့နှင့် ဆက်စပ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ အယ်လ်ပါဆိုမြို့ရှိ တက်ခ်ဆက်တက္ကသိုလ်တွင် ရေကြောင်းလုံခြုံရေးဘာသာရပ်ကို လေ့လာနေသည့် မိုဟာမတ် ရူဘေယာ့သ် ရာမန်ကမူ မြန်မာစစ်တပ်သည် တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများကို အကာအကွယ်ပေးသည့် သဘောဖြင့် လာဘ်ငွေယူလေ့ရှိသည်ဟု ဆိုသည်။ ဥပမာအားဖြင့် လာဘ်ငွေပေးထားလျှင် ငါးဖမ်းလှေများ မြန်မာ့ရေပိုင်နက်အတွင်း အတားအဆီးမရှိ ငါးဖမ်းနိုင်ပြီးနှင့် အခြားလှေများကလည်း တားမြစ်ကုန်ပစ္စည်းများကို တရားမဝင် သယ်ယူပို့ဆောင်နိုင်ကာ မြန်မာ့ရေတပ်၏ ရန်ပြုခြင်းမခံရတော့‌ပေ။ 

ထိုနည်းလမ်းဖြင့် ရရှိလာသည့် လာဘ်ငွေများအနက် ပမာဏအချို့ကို ရေတပ်၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများတွင် အသုံးပြုလေ့ရှိပြီး ကျန်ငွေများသည် လစာမဖြစ်စလောက်သာ ရရှိသည့် ရေတပ်အရာရှိများ၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားသည်။

တံငါသည်အများစုသည် စားဝတ်နေရေး ပြေလည်ရန် တရားဝင်ငါးဖမ်းသည့် လုပ်ငန်းတစ်ခုတည်းကို အားကိုး၍ မရကြောင်း ဒေသခံများက ဆိုသည်။ ရေကြောင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်ရာတွင် တရားဝင်ကုန်ပစ္စည်းနှင့် တားမြစ်ကုန်စည်များကို ရောနှောလေ့ရှိကြောင်း ထိုကိစ္စများနှင့်ပတ်သက်လျှင် နားလည်သိကျွမ်းသည့် သတင်းရင်းမြစ်များက ဆိုသည်။ အထူးသဖြင့် ငါးဖမ်းလှေများသည် ဖမ်းမိသည့်ငါးများကိုသာမက နေရပ်စွန့်ခွာသူများ၊ မူးယစ်ဆေးဝါးများနှင့် အခြားတားမြစ်ကုန်စည်များကိုပါ သယ်ယူပို့ဆောင်ခြင်းဖြင့် အပိုဝင်ငွေ ရှာဖွေကြသည်။

“ခင်ဗျားမှာ တခြားရွေးစရာမရှိဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့က ငါးတင်ပို့သည့် လုပ်ငန်းရှင် အာဘက်ဒ် အာ့ဆန် ဆာဂါက ပြောသည်။ ဆာဂါတို့မိသားစုသည် လွန်ခဲ့သည့် မျိုးဆက်သုံးဆက်တိုင် ငါးတင်ပို့သည့် လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ကိုင်လာပြီး ၎င်းသည်လည်း ကော့ဘဇားမြို့၏ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ 

“ဆင်းရဲတဲ့သူတွေအတွက်ကျ တရားဝင်တာတွေ၊ တရားမဝင်တာတွေက အရေးမကြီးတော့ဘူး” ဟု သူကပြောသည်။

ငါးဖမ်းလှေတစ်စင်းလျှင် လှေငှားခ၊ ပိုက်ကွန်နှင့်ငါးဖမ်းရာတွင် သုံးသည့် ကိရိယာများ၊ ဓာတ်ဆီနှင့် ငါးဖမ်းသမားများအတွက် အစားအသောက် အပါအဝင် အထွေထွေကုန်ကျစရိတ်သည် တစ်ရက်လျှင် မြန်မာငွေ ၇၅သိန်းကျပ်ခန့် ရှိသည်ဟု ဆာဂါက ဆိုသည်။ အရင်းကျေရန် တံငါသည်များသည် တစ်ရက်လျှင် ၅၀၀ ကီလိုဂရမ် (ပိဿာချိန် ၃၀၀)ခန့် ဖမ်းဆီးရန် လိုအပ်သည်။ သို့တိုင် ထိုအရင်းကျေရန် လိုအပ်သည့် ငွေကြေးပမာဏကို ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ၂၀ဦးခန့်ကို တရားမဝင် ပို့ဆောင်ပေးရုံဖြင့် ရှာဖွေနိုင်ပြန်သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ တရားဝင်နှင့် တရားမဝင် လမ်းကြောင်းနှစ်ခုလုံးမှတစ်ဆင့် ဝင်ရောက်လာသည့် အများဆုံး သွင်းကုန်သည် ရာဘဟု လူသိများသည့် မက်သ်အမ်ဖီတမင်း စိတ်ကြွမူးယစ်ဆေးပြားများဖြစ်သည်။၂၀၂၂တွင် ရာဘဆေးပြား ၄၄သန်းခန့် ၎င်းတို့၏ နိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုသည်။ နှစ်စဉ် ဖမ်းဆီးရမိသည့် ဆေးပြားများ၏ တစ်ဝက်ခန့်မှာ ကော့ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများဖြစ်ရာ မှောင်ခိုသမားများသည် စိတ်ကြွဆေးများ သယ်ဆောင်ရာတွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားက ရေကြောင်းနယ်နိမိတ်ကို အဓိကအားထားလေ့ရှိကြောင်း ဖော်ပြနေသည်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်လူ့အဖွဲ့အစည်းသို့ ရာဘဆေးပြား စိမ့်ဝင်သုံးစွဲမှု မြင့်တက်လာပြီး ပြည်သူ့ကျန်းမာရေးနှင့် ဒေသန္တရ စီးပွားရေးနယ်ပယ်တို့ကို ရိုက်ခတ်ရုံမက လူမှုရေးပြဿနာများလည်း ထူပြောလာသည်ဟု ဒေသခံများက ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးသန်းမှ ခုနှစ်သန်းခန့် ရာဘဆေးစွဲနေသည်ဟု သတင်းများက ဆိုသည်။

“အခုလူတွေအချင်းချင်းကြားက ယုံကြည်မှုက သုညပဲ။ ရာဘမူးယစ်ဆေးဒဏ် မခံရတဲ့ မိသားစုဆိုတာ မရှိသလောက်ပဲ” ဟု တီးနတ်ဖ်မြို့တွင် ဖုန်းဆိုင်ဖွင့်ထားသည့် အသက် ၅၅နှစ်အရွယ် မိုဟာမတ် ဂျာလီလ်က ပြောသည်။

ရာဘကို နိုင်ငံတကာသို့ အကြီးအကျယ် ကုန်ကူးဖြန့်ချိရာတွင် နယ်စပ်ဒေသနှစ်ဘက်လုံးမှ တာဝန်ရှိသူများသာမက အာဏာပိုင် အဆင့်ဆင့်သို့ ပေါက်ရောက်သည့် ခြေတံလက်တံရှည်သော စီးပွားရေးသမားများလည်း ပါဝင်သည်။ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အောက်ခြေအဆင့် ရောင်းဝယ်ဖောက်ကားသူများသာဖြစ်ကာ ဆင်းရဲသော တံငါသည်များကမူ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်ကြသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အစားအသောက်နှင့် ဆေးဝါးကဲ့သို့ တားမြစ်ပစ္စည်းမဟုတ်သည့်တိုင် အခွန်နှင့် ဥပဒေအရ စည်းကျပ်မှု ကင်းလွတ်နေသည့် “မီးခိုးရောင်” လုပ်ငန်းများဟု အမည်တွင်သော တရားမဝင်ကုန်သွယ်မှုတစ်ရပ် တည်ရှိနေသည်။ ရခိုင်နှင့် အခြားမြန်မာနိုင်ငံအတွင်းက ဒေသများအကြား ကုန်စည်စီးဆင်းမှုကို အကြီးအကျယ် အဟန့်အတား ဖြစ်စေခဲ့သော မကြာသေးမီက တိုက်ပွဲများကြောင့် ထိုတရားမဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ပိုမိုအားကောင်းလာကြောင်း ဒေသခံများက ဆိုသည်။

မိမိဘာသာ ငါးဖမ်းခြင်းဖြင့် အသက်မွေးသည့်တိုင် ငါးဖမ်းသမားများအတွက်မူ အန္တရာယ်များက ဆက်ရှိနေသည်။ နေရာအချို့တွင် အလွန်ကျဉ်းမြောင်းသည့် နတ်ဖ်မြစ်တစ်လျှောက် ရေလမ်းကြောင်းတွင် သွားလာရသည်မှာ ဒီရေ၊ ရာသီဥတုနှင့် မြစ်ရေအတက်အကျ အပေါ်မူတည်၍ ခက်ခဲလေ့ရှိသည်။ မြစ်ရေအလွန်တိမ်ကောသည့် အချို့လများတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများသည် ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိရန် နတ်ဖ်မြစ်၏ မြန်မာဘက်အခြမ်းသို့ ဖြတ်သန်း၍ သွားလာရသည်။

ကော့ဘဇားမြို့က ငါးဖမ်းလှေများကို မြင်တွေ့ရစဉ်။ (Matthew Brunwasser – ဖရွန်းတီးယား)

ပိုများလာတဲ့ အန္တရာယ်

လွန်ခဲ့သည့် လများကစတင်၍ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အာရက္ခတပ်တော် (အေအေ)က မြန်မာစစ်တပ်ကို အပြင်းအထန် ထိုးစစ်ဆင်လာခဲ့သည်။ ၎င်းတို့အပေါ် အစဉ်တစိုက် ရန်လိုလာသော မြန်မာစစ်တပ်၏ အပြုအမူသည် ထိုကာလမှစ၍ ပိုမိုဆိုးရွားလာသည်ဟု ငါးဖမ်းသမားများက ဆိုသည်။ ယမန်နှစ် နိုဝင်ဘာမှစတင်၍ အေအေက ရခိုင်ပြည်နယ်တစ်ဝန်းနှင့် ချင်းပြည်နယ် နေရာအချို့ရှိ စစ်တပ်၏ တပ်စခန်းအများအပြားကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ စစ်မီးက အရှိန်ကောင်းကောင်းဖြင့် တောက်လောင်ဆဲဖြစ်သည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သည့် မောင်တော အပါအဝင် ရခိုင်ဒေသရှိ မြို့နယ်၁၂ခုကို အေအေက သိမ်းပိုက်ထားပြီးဖြစ်သည်။ စစ်တပ်နှင့် ၎င်း၏ ရိုဟင်ဂျာမဟာမိတ်တပ်ဖွဲ့များက လအတန်ကြာသည်အထိ မောင်တောမြို့နယ်ရှိ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)တွင် အင်အားစုစည်း၍ အေအေ၏ ထိုးစစ်ကို ခုခံခဲ့သော်လည်း ဒီဇင်ဘာ၈ရက်တွင် ရခိုင်တပ်ဖွဲ့က အဆိုပါ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ နခခ-၅ စစ်စခန်း မကျစေရန် စစ်တပ်က နတ်ဖ်မြစ်မှတစ်ဆင့် စစ်သင်္ဘောများဖြင့် အေအေတပ်ဖွဲ့ဝင်များ၏ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပြင်းထန်လာသည့် တိုက်ပွဲများနှင့်အတူ အေအေက ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကို အကြိမ်ကြိမ် ဖမ်းဆီးခဲ့ကြောင်း စွပ်စွဲချက်များလည်း ထွက်ပေါ်လာခဲ့သည်။ နိုဝင်ဘာလဆန်းပိုင်းတွင် အေအေတပ်ဖွဲ့က ငါးဖမ်းသမား ၂၀ဦးကို ဖမ်းဆီးခဲ့ပြီး သုံးရက်အကြာတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ထို့ပြင် ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး မြန်မာ့ရေပြင်တွင် မြောပါနေသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား တစ်စုကိုလည်း အေအေက ကယ်ဆယ်ပြီး ၎င်းတို့၏ အစိုးရထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သေးသည်။

ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသများကို ၎င်းတို့ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သက်သေပြသည့် အနေဖြင့် မြန်မာစစ်တပ်သာမက အေအေကပါ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများကို ဖမ်းဆီးလေ့ရှိသည်။

“မြန်မာစစ်တပ်အနေနဲ့ အာဏာပိုင်အဖွဲ့အစည်းဟာ အေအေမဟုတ်ဘဲ သူတို့သာဖြစ်တယ်၊ ဒါကြောင့် စစ်တပ်)က သူသည် နိုင်ငံတကာအသိုင်းအဝိုင်းပါဝင်တဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှာမဆို ပါဝင်ခွင့်ရှိတဲ့ တစ်ခုတည်းသော အာဏာပိုင်အဖွဲ့အစည်းဆိုတာ ပြသဖို့လိုတယ်” ဟု ရာမန်က ဖရွန်းတီးယားသို့ အီးမေးလ်ကတစ်ဆင့် မှတ်ချက်ပြုသည်။

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက မည်သူနှင့် ဆွေးနွေးမည်နည်း ဆိုသည်မှာလည်း လက်ရှိအခြေအနေမျိုးတွင် မေးခွန်းထုတ်စရာဖြစ်သည်။ တိမ်းရှောင်လာသည့် ရိုဟင်ဂျာများ၏ မူလနေရပ်များရှိရာ နယ်စပ်ဒေသတစ်ခုလုံးကို‌ အေအေက သိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ကမူ ၂၀၂၁ မတိုင်ခင်ကတည်းက မြန်မာအစိုးရနှင့် ဆွေးနွေးရာတွင် ရပ်ခံခဲ့သည့် ၎င်း၏ ရိုဟင်ဂျာများနေရပ်ပြန်ရေးမူဝါဒကို ဆက်လက်ဆွဲကိုင်ထားသည်။

တရားမျှတမှုနှင့် တာဝန်ခံမှု

အောက်တိုဘာ၉ရက်က သတ်ဖြတ်ခံခဲ့ရသည့် အသက်၆၀နှစ်အရွယ် ငါးဖမ်းသမား အိုစမန် ဂါနီသည် နတ်ဖ်မြစ်အနီး လျှပ်စစ်မီးမရသည့် ခေါင်ခိုက်သော ကျေးရွာတစ်ရွာမှဖြစ်သည်။ ကျန်ရစ်သူ ဇနီးသည် ဟာဆင် ဘီဂမ်(၃၅နှစ်)ကမူ ခင်ပွန်းဖြစ်သူ မည်သည့်အတွက်ကြောင့် အသတ်ခံရသည်ကို နားမလည်နိုင်ဖြစ်ရပြီး မိသားစုရှေ့ရေးအတွက် တွေးပူမိကြောင်း ဆိုသည်။

“ကျမမှာ အိမ်ထောင်ပြုပေးရမဲ့ သမီးတစ်ယောက်နဲ့ ကျွေးမွေးပြုစုရမဲ့ သားငယ် သုံးယောက်ရှိတယ်။ အခုတော့ သူတို့ကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ မသိတော့ဘူး” ဟု သားငယ်တစ်ဦးကို ရင်ဝယ်ပိုက်လျက် ပြောသည်။

ခင်ပွန်းဖြစ်သူသတ်ဖြတ်ခံရပြီးကတည်းက ဘင်္ဂလား‌ဒေ့ရှ်အာဏာပိုင်များက အရေးတယူ ဆက်သွယ်၊ အကြောင်းကြားလာခြင်းမရှိသည့်အတွက် စိတ်ပျက်မိကြောင်း သူကဆိုသည်။ 

“ကျမ တရားမျှတမှုကို လိုချင်တယ်။ နောက်ပြီး နစ်နာကြေးလည်းပေါ့” ဟု သူက တစ်ချက်ရှိုက်ရင်း ပြောသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်အစိုးရကမူ ၎င်း၏ နိုင်ငံနယ်နိမိတ်အတွင်း ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များအရေး ပို၍ စိုးရိမ်နေပုံပေါက်သည်။ ရခိုင်ပြည်နယ်မှ မိုင်အနည်းငယ်ခန့်အကွာ၊ ကော့ဘဇားမြို့တောင်ဘက်ရှိ ကူတူပါလောင်ဒေသတွင် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်သည် လူသူထူထပ်လွန်းလှသည့် ဒုက္ခသည်စခန်းများတွင် ပြွတ်သိပ်ကျပ်၍ နေထိုင်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ဒေသခံများထံမှ ရိုဟင်ဂျာများအပေါ် အမြင်မကြည်မှုများ ကြီးထွားလာသည်။

“ဒီလိုစုပြုံပြီးရောက်လာတော့ ကျနော်တို့ပါ စားဝတ်နေရေး ထိခိုက်ရတယ်။ သူတို့ရောက်လာတော့ သူတို့နဲ့ ဒေသခံတွေနဲ့ အပြိုင်အဆိုင် အလုပ်ရှာကြရတယ်။ သူတို့ကိုငှားရင် လုပ်အားခ ဈေးပိုသက်သာတော့ ကျနော်တို့ဆီက နေ့စားသမားတွေနဲ့ လန်ချားသမားတွေ ဒုက္ခရောက်ကုန်တယ်” ဟု အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေးရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအပေါ် မြန်မာရေတပ်၏ မကြာခဏ တိုက်ခိုက်မှုများကို မည်သည့်အတွက်ကြောင့် ပြန်လည်တုံ့ပြန်ခြင်းမပြုသနည်းဟု မေးမြန်းသည့်အခါ ၎င်းက ဤသို့ဖြေဆိုသည်။ “ကျနော်တို့လောက် လူသားဆန်တဲ့ နယ်ခြားစောင့်တပ် ဘယ်နေရာမှာမှမရှိဘူး” ဟု ၎င်းက ပြောသည်။ ထို့ပြင် ၎င်းတို့၏ နယ်ခြားစောင့်တပ်များသည် “အလွန်သတိကြီးသည်” ဟုလည်း သူက ဆက်ပြောသည်။

“အားလုံးနှင့်ချစ်ကြည်၊ မည်သူနှင့်မျှ အမုန်းမပွား” ဟူသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့်တိုင် အောက်တိုဘာ ပစ်ခတ်မှု ဖြစ်စဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင် အကဲဆတ်သည့် စာတစ်ပုဒ် ရေးသားခဲ့သည်။ ထိုစာတွင် မြန်မာစစ်တပ်အနေဖြင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ချက်ချင်းအရေးတယူ ဆောင်ရွက်ရန်နှင့် ဘင်္ဂလားဒေ့ရှ်၏ ရေပိုင်နက်ကို အပြည့်အဝ လေးစားကာ ကျူးကျော်ရန်စမှုများ ထပ်မလုပ်ရန် သတိပေးထားသည်။

“သူတို့ကို သံခင်းတမန်ခင်း စကားတွေပဲ ပြောနေရင် သူတို့ကလည်း အလောင်းတွေပဲ ထပ်ပို့လာလိမ့်မယ်” ဟု ထိုရေးသားမှုအောက်တွင် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကမူ မှတ်ချက်ပြုသည်။ နောက်တစ်ဦးကလည်း “ကျူးလွန်သူတွေကို တရားမျှမျှတတ စီရင်ဖို့ ငါတို့ဘာလို့ မတောင်းဆိုကြတာလဲ” ဟု မှတ်ချက်ပြုခဲ့သည်။

ငါးလုပ်ငန်းရှင် ဆာဂါကမူ ၎င်း၏အစိုးရက ငါးဖမ်းသမားများကို အကာအကွယ်မပေးသည့်အပေါ် စိတ်ပျက်မိကြောင်း ဆိုသည်။ ဒါကာအစိုးရသည် ထိုကိစ္စအပေါ် အရေးတယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ငါးဖမ်းလုပ်ငန်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးအတွက် အရေးပါသည့် ကဏ္ဍများထိခိုက်ရသည်ဟု ဆိုသည်။

“သူတို့က ဘာမှလုပ်တာမဟုတ်ဘူး” ဟု ၎င်းက ခေါင်းခါလျက်ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar