အာရက္ခတပ်တော် (အေအေ)သည် မေလအတွင်းက ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုများကျုးလွန်ခဲ့သည်ဟု ယုံကြည်ရလောက်သည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့တိုင် အေအေတပ်ဖွဲ့က တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ဝေဖန်သံများ ထွက်မလာအောင် နှုတ်ပိတ်နိုင်ခဲ့သည်။
ဖရွန်တီးယားမြန်မာ
ဘူးသီးတောင်မြို့ မီးလောင်ပြင်ဖြစ်နေပုံကို ကိုမောင်မောင် (လုံခြုံရေးအရအမည်လွှဲထားသူ)က ၎င်း ပုန်းခိုသည့် ဦးလေးဖြစ်သူ၏ နေအိမ်ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်နေသည်။
“မရှောင်ရ၊ မတိမ်းရသေးတဲ့ ရိုဟင်ဂျာတွေကျတော့ အေအေက ဖမ်းတာခံရတာပဲ” ဟု အသက်၂၄နှစ်အရွယ် ကိုမောင်မောင်က ပြောသည်။ “သူတို့ ဝတ်ထားတဲ့ ယူနီဖောင်းတွေရယ်၊ အချင်းအချင်း ရခိုင်စကားနဲ့ ပြောနေကြတာရယ်ကြောင့် အေအေမှန်း ကျနော်သိတာ”
ကိုမောင်မောင်သည် ဘူးသီးတောင်မြို့အနီးရှိ ကျေးရွာတစ်ရွာမှဖြစ်သော်လည်း အခင်းဖြစ်သည့် မေ၁၇ရက် ညက ဘူးသီးတောင်သို့ ရောက်နေသည်။ ၎င်းသည် ဘူးသီးတောင်မြို့တွင် ငါးခြောက်ရောင်း၍ အသက်မွေးသည်။ ထိုညတွင် ဦးလေးဖြစ်သူ၏ တိုက်အိမ်တွင် သူနှင့်အတူ ဆွေမျိုးအယောက်၂၀ခန့် တိမ်းရှောင်နေခဲ့သည်။
“အေအေစစ်သားတွေက အိမ်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့နေတာကို ကျနော့်မျက်စိရှေ့တင် တွေ့ခဲ့တယ်။ ကျနော်တို့နဲ့အတူပုန်းနေတဲ့သူတွေက သေနတ်သံကြားပြီး မီးခိုးတွေတက်လာတော့ အဲဒီကနေ ထွက်ပြေးဖို့ လုပ်ကြသေးတယ်။ ဦးလေးက ပုန်းနေတာ ပိုလုံခြုံတယ်လို့ပြောပြီး မသွားဖို့ တားခဲ့တာ။ ကျနော်တို့ ပုန်းနေတဲ့ အိမ်ကတော့ ကံကောင်းလို့ မီးထဲမပါခဲ့ဘူး” ဟု ၎င်းက ဖရွန်တီးယား သို့ ပြောသည်။
ရခိုင်ပြည်နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် အေအေတပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့ စစ်မက်ခင်းကာ ယှဉ်ပြိုင်တိုက်ခိုက်နေသဖြင့် ထိုမီးရှို့မှုသည် အငြင်းပွားဖွယ် အခြေအနေဖြစ်ခဲ့သည်။ အေအေသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည်ဟုဆိုသည့်တိုင် တပ်သားအများစုသည် ရခိုင်လူမျိုးများဖြစ်ပြီး ၎င်းတို့နှင့် တစ်ပြည်တည်းသား ရိုဟင်ဂျာများအကြားက ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကဲဆတ်သည့် အခြေအနေတွင် ရှိနေခဲ့သည်။
ရိုဟင်ဂျာအများစုနေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို သိမ်းပိုက်ရန် အေအေတပ်ဖွဲ့က ကြိုးပမ်းလာသောအခါ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များက အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ထိုအဖွဲ့များတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (အာဆာ)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)နှင့် အာရကန်ရိုဟင်ဂျာတပ်ဖွဲ့တို့ (ARA) ပါဝင်သည်။ ထိုတပ်ဖွဲ့အချို့က ဘူးသီးတောင်ရှိ ရခိုင်နှင့် ဟိန္ဒူလူမျိုးများကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာသောအခါ အေအေတပ်ဖွဲ့ကလည်း အလားတူတုံ့ပြန်ခဲ့ရာ ရိုဟင်ဂျာနေအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခံရ၍ အရပ်သားများ သတ်ဖြတ်ခံရကြောင်း စွပ်စွဲချက်များ ထပ်မံထွက်ပေါ်လာသည်။
မေ၁၈ရက်၊ နံနက်အစောပိုင်းတွင် အေအေတပ်ဖွဲ့ဝင်များ ဘူးသီးတောင်မြို့သို့ ရောက်ရှိလာပြီး ယမန်နေ့ညက စစ်တပ်နှင့် တစ်ညလုံး မြို့တွင်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဘက်တိုက်ပွဲများအတွင်း မြို့ပျက်ခဲ့ရသည်ဟု ၎င်းတို့ကို ပြောခဲ့ကြောင်း ကိုမောင်မောင်နှင့် အခြားရိုဟင်ဂျာ သတင်းရင်းမြစ်များက ဖရွန်းတီးယားကို ပြောသည်။ သို့သော် ထိုအေအေတပ်ဖွဲ့ဝင်များ မသိခဲ့သည်မှာ ကိုမောင်မောင်နှင့်အတူ ထိုရိုဟင်ဂျာများသည် အခင်းဖြစ်သည့်ညတွင် ဘူးသီးတောင်မြို့တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်တပ်သည် မေ၁၅ရက်ကတည်းက ဘူးသီးတောင်မြို့မှ ဆုတ်ခွာသွားပြီးဖြစ်ကြောင်းနှင့် မေ၁၇ရက်ညတွင် မြို့တွင်းတိုက်ပွဲများ မဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်များအားလုံးက ဆိုသည်။
ပို၍သံသယဖြစ်ဖွယ်အချက်မှာ ထိုနေ့မနက်က မြို့တွင်းအပျက်အစီးများကို ကိုမောင်မောင်က ဖုန်းဖြင့်ဓာတ်ပုံ ရိုက်ကူးခဲ့သော်လည်း စစ်ဆေးရေးဂိတ်တစ်ခုတွင် ထိုပုံများကို အေအေစစ်သားများက တွေ့ရှိသွားခဲ့ရာ ခြိမ်းခြောက်၍ ဖျက်ပစ်စေခဲ့သည်။
မီးဘေးအန္တရာယ်က လွတ်မြောက်ခဲ့သည့်တိုင် ၎င်းတို့မိသားစု၏ ထမင်းအိုးလေးမှာ ထိုညတွင်ပင် ရိုက်ခွဲခံလိုက်ရသည်။ ကိုမောင်မောင်ဖွင့်ထားသည့် ငါးခြောက်ဆိုင်၊ အစ်ကိုဖြစ်သူ၏ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်နှင့် ဂတ်စ်အိုးဆိုင်တို့ အကုန်မီးထဲပါသွားသည်။
ကိုမောင်မောင်သည် နိုင်ငံမဲ့ ရိုဟင်ဂျာအများအပြားအနက် နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်း၊ ထောက်အထားများ ပိုင်ဆိုင်ထားသည့် လက်တစ်ဆုပ်စာ လူနည်းစုတွင် ပါဝင်သည်။ သို့ဖြစ်ရာ သူသည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ တိမ်းရှောင်လာနိုင်ခဲ့သော်လည်း ကြောက်ရွံ့စိုးရိမ်မှုများ ဆက်ရှိနေပြီး ကူကယ်ရာမဲ့ခံစားနေရဆဲဖြစ်သည်။
“ကျနော်က ရန်ကုန်မှာဆိုပေမဲ့ မိသားစုဝင်တွေက ရခိုင်မှာပဲ ဒုက္ခရောက်နေကြတုန်း။ သူတို့ကိုလည်း မကူနိုင်ဘူး။ ကျနော်က ကိုယ့်နိုင်ငံထဲမှာကိုပဲ တရားမဝင်တိမ်းရှောင်နေရသလိုဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။ တစ်စုံတစ်ယောက်ကသာ ဘာလူမျိုးလဲဟု မေးမြန်းလာပါက မိမိသည် “ဗမာမွတ်စလင်” တစ်ဦးဖြစ်သည်ဟုသာ ဖြေဆိုမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ရိုဟင်ဂျာအဖြစ်မွေးလာတော့ ကျနော့်ရဲ့ လူမျိုးနာမည်ကို ကျနော်ချစ်တယ်။ ဒါပေမဲ့ ရိုဟင်ဂျာ ဖြစ်နေတဲ့အတွက် အဲဒီလိုမျိုး ဒုက္ခတွေက အမြဲကြုံနေရတာပဲ” ဟု ကိုမောင်မောင်က မချိတင်ကဲ ပြောသည်။

ဖိအားများကြုံလာသော်
ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ကို မြန်မာ့လူ့အသိုင်းအဝိုင်းများအကြား လူယုတ်မာဗီလိန်များဟု အများက ရှုမြင်နေစဉ်တွင် အေအေတပ်ဖွဲ့မှာမူ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသည့် သူရဲကောင်းများဟု ချီးမွမ်းခံနေရသည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် အေအေက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့သစ်များကို သင်တန်းပေးပြီး လက်နက်ပါ တပ်ဆင်ပေးခဲ့သည်။ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိရေးအတွက် တိုက်ပွဲဝင်နေသည်ဟု ဆိုကြသည့်တိုင် အေအေတပ်ဖွဲ့ကမူ ထိုနိုင်ငံရေးစနစ်မျိုးကို လိုလားမှုရှိ၊ မရှိမှာ မသေချာလှပေ။
ကွန်ဖက်ဒရိတ် အဆင့်ထိ ရရှိရန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အေအေခေါင်းဆောင်များက အတိအလင်း ကြေညာထားပြီးဖြစ်သည်။ ကွန်ဖက်ဒရိတ်အဆင့်ဆိုသည်မှာ ဖက်ဒရယ်စနစ်တွင် ပြည်နယ်များသို့ ခွဲဝေအပ်နှင်းသည့် အာဏာထက်ကျော်လွန်၍ ဗဟိုအစိုးရတစ်ရပ်ရပ်ကို တာဝန်ခံစရာမလိုဘဲ ကိုယ့်ကြမ္မာကိုယ် အပြည့်အဝ စီမံအုပ်ချုပ်ခွင့်ရှိသည့် နိုင်ငံရေးစနစ်မျိုးဖြစ်သည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အေအေက တာဝန်ရှိကြောင်း စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် မေ၂၂ရက်တွင် အရပ်ဘက်အဖွဲ့အစည်း ၁၉၅ဖွဲ့က ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။
အရပ်သားများကို အကာအကွယ်ပေးခြင်းသည် စစ်ပွဲအတွင်း အထူးလိုက်နာရမည့် ကျင့်ဝတ်ဖြစ်ကြောင်း၊ အာရက္ခတပ်တော် (အေအေ) အနေဖြင့် ဒေသတွင်း မှီတင်းနေထိုင်သော ရခိုင်နှင့်ရိုဟင်ဂျာများအပြင် အခြားလူမျိုးနှင့် ဘာသာရေးအုပ်စုဝင် အရပ်သားအားလုံးကို ကာကွယ်ပေးရန် တောင်းဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်မှတ်၂၀၀ နီးပါးရရှိရန် အဖွဲ့အစည်းအရေအတွက် မများများအောင် ဆွဲထည့်ထားခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကြေညာချက်ကို ထောက်ခံကြောင်း ဖော်ပြထားသည့်အဖွဲ့နှင့် လူပုဂ္ဂိုလ်များအနက် လူသိနည်းလှသော အွန်လိုင်းပေါ့ဒ်ကတ်စ် အစီအစဉ်တစ်ခုကို တင်ဆက်သူ နိုင်ငံခြားသား ကျောင်းဆရာနှစ်ဦးလည်းပါဝင်သည်။ ထို့ပြင် ထိုကြေညာချက်ကို ထောက်ခံသည့် အဖွဲ့တစ်ဖွဲ့မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်တစ်ခုမျှ အနိုင်မရခဲ့သည့် နိုင်ငံရေးပါတီတစ်ခု၏ နော်ဝေနိုင်ငံရုံးခွဲဖြစ်နေသည်။
သို့သော်လည်း အေအေ၏ မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် နီးစပ်သည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ စစ်အာဏာသိမ်းမှုဆန္ဒပြပွဲများဦးဆောင်သည့် တက်ကြွလှုပ်ရှားသူ အဖွဲ့ပေါင်းစုံ စုဖွဲ့ထားသော အထွေထွေသပိတ်ကော်မတီ (GSC)နှင့် စစ်ကောင်စီကို ဆန့်ကျင်သည့် ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ရန်ကုန်ဆေးပညာကွန်ရက် (Yangon Medical Network) ကဲ့သို့ ထင်ရှားသည့် အဖွဲ့အစည်းများကလည်း ထိုကြေညာချက်ကို ထောက်ခံ၍ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါစွပ်စွဲချက်များကို အေအေက ဇွန်၈ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ တုံ့ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်မှာ တစ်ဖက်သတ်စွပ်စွဲချက်များနှင့် အခြေအမြစ်မရှိသည့် သတင်းမှားများအပေါ် အခြေခံသည်ဟုဆိုကာ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပယ်ချခဲ့သည်။ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပေါ်လာသည့်အခါ အထွေထွေသပိတ်ကော်မတီ (GSC) နှင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (တကသများ ရန်ကုန်)တို့က ထိုကြေညာချက်အပေါ် ၎င်းတို့၏ ထောက်ခံမှုကို ပြန်လည်ရုတ်သိမ်းခဲ့သည်။
တကသများ ရန်ကုန်အဖွဲ့ချုပ်က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးကမူ ဖရွန်တီးယားကို ဤသို့ဖြေဆိုသည်။
“ထုတ်ပြန်ချက်ထဲမှာ အေအေက ရိုဟင်ဂျာတွေကို အကြမ်းဖက်ခဲ့တဲ့ အချက်အလက်တွေပါပေမဲ့ အဖွဲ့ဝင်တော်တော်များက လက်မခံကြဘူး။ အေအေက ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ဒါမျိုးလုပ်မှာမဟုတ်ဘူးလို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။
“ကျနော်နဲ့ တခြားအဖွဲ့ဝင်တချို့ကတော့ စစ်တိုက်နေတာကြောင့် မြေပြင်မှာ ဘာမဆိုဖြစ်နိုင်ပြီး အရင်ကလည်း အဲဒီမှာ တိုင်းရင်းသားပဋိပက္ခတွေဖြစ်ခဲ့တယ်။ အိမ်မီးရှို့ခံရတဲ့ ရိုဟင်ဂျာတွေက ထုတ်ပြောနေပြီဖြစ်လို့ ဒုက္ခရောက်တဲ့သူတွေရဲ့ အသံကိုနားထောင်သင့်တယ်လို့ ပြောပေမဲ့လည်း အလုပ်မဖြစ်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။
“အဖွဲ့ဝင် တော်တော်များများက အေအေကို ထောက်ခံပြီးတော့ တော်လှန်ရေးမှာ သူတို့ရဲ့ပါဝင်မှုကို အလေးထားကြတယ်။ အဲဒါကြောင့် အေအေကို ဒီလိုပြောဖို့က မကောင်းဘူးလို့ ထင်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
နောက်ဆုံးတွင် တကသများ ရန်ကုန်အဖွဲ့ဝင်များစုက အေအေဘက်တွင် ရပ်တည်ခဲ့ကြသည်။
အထွေထွေသပိတ်ကော်မတီက ကြေညာချက်မှ ပြန်လည်နုတ်ထွက်ခြင်းမှာ ထိုထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးထောက်ခံရန် အဖွဲ့ဝင် အဖွဲ့အစည်းအားလုံး၏ သဘောတူချက်မပါဘဲ လုပ်ဆောင်ခဲ့မိ၍ဖြစ်ကြောင်း GSC၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဖုန်းမော်က ဆိုသည်။
“ကျနော်တို့ အဖွဲ့တွင်းမှာလည်း ဒီမိုကရေစီနည်းလမ်းအတိုင်း လုပ်ပါတယ်။ ထုတ်ပြန်ချက်ထဲပါတဲ့ အချက်အလက်၊ အကြောင်းအရာတွေနဲ့ပတ်သက်လို့ သဘောမတူစရာမရှိပါဘူး။ တခြားလည်း ထပ်ပြောစရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။
ထုတ်ပြန်ချက်ပါ အေအေအပေါ် စွပ်စွဲချက်များကို သဘောမတူသည့် အဖွဲ့ဝင်အရေအတွက်မည်မျှရှိသည်ကို မသိရသော်လည်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံးက ထိုအငြင်းပွားမှုကြောင့် အထွေထွေသပိတ်ကော်မတီမှ နုတ်ထွက်ခဲ့သည်။
ထုတ်ပြန်ချက် မူကြမ်းရေးသားရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် လူ့အခွင့်အရေးအဖွဲ့အစည်း Defend Myanmar Democracy အဖွဲ့ဝင် ကိုနော်အောင်ကမူ ထိုထုတ်ပြန်ချက်အတိုင်း ရပ်တည်သည်ဟု ဆိုသည်။
“ထုတ်ပြန်ချက်ကို ရေးနေချိန်က ကျနော်တို့မှာ မှန်ကန်တဲ့အချက်အလက်တွေနဲ့ ခိုင်လုံတဲ့အထောက်အထားတွေရှိပါတယ်။ ထုတ်ပြန်ချက်ထဲပါတဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေအတိုင်း ကျနော်တို့က အခိုင်အမာ ရပ်တည်ပါတယ်။ ထုတ်ပြန်ချက်မထုတ်ခင်လည်း အဖွဲ့ဝင်တွေက ဒါကို ဆွေးနွေးပြီး တိုင်ပင်ခဲ့ကြပါတယ်” ဟု ကိုနော်အောင်က ပြောသည်။
“အေအေနဲ့ သူ့ကို ထောက်ခံသူတွေက ဒီထုတ်ပြန်ချက်ကို ပြစ်တင်ဝေဖန်ကြမယ်ဆိုတာ အစကတည်းက သိပြီးသားပါ။ ဒါကို ပြန်တုံ့ပြန်ဖို့ သင့်၊ မသင့် ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ လက်ရှိနိုင်ငံရေးကြောင့်ရော ပြောသင့်ပြောထိုက်တဲ့ အခြေအနေမဟုတ်တာကြောင့်ရော မတုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မှန်ကန်တဲ့ အချက်အလက်တွေပါဝင်တဲ့ အစီရင်ခံစာ ကောင်းကောင်းတစ်ခု ထုတ်ဖို့လည်း ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း ယခုဆောင်းပါးဖော်ပြချိန်ထိ ထိုအစီရင်ခံစာ ထွက်မလာခြင်းမရှိသေးပေ။
ထိုအဖြစ်အပျက်များအတွက် အသေးစိတ်ဆွေးနွေးရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်အသင့်ရှိကြောင်း အေအေတပ်ဖွဲ့က ဆိုခဲ့သည့်တိုင် ထိုသို့တွေ့ဆုံမှုမျိုးမှာ ဘယ်သောအခါမှ ဖြစ်မလာခဲ့ဟု ကိုနော်အောင်က ဆိုသည်။
“အစည်းအဝေးလုပ်ဖို့ သုံးကြိမ်ဆက်သွယ်ခဲ့ပါတယ်။ ပထမကတော့ အေအေက ဆွေးနွေးမယ်လို့ ပြောပေမဲ့ နောက်တော့ တွေ့ဖို့ငြင်းဆန်ခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဘက်ပြန်ဆုတ်ခဲ့တဲ့ NUG
ထိုအငြင်းပွားမှုအတွင်း အမျိုးသားညီညွတ်ရေးအစိုးရလည်း ပါဝင်လာသည်။
NUG အစိုးရအဖွဲ့သည် ၂၀၁၇က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာအရပ်သားများကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် စစ်တပ်ကို ကာကွယ်ပေးခဲ့သည်ဟုဆိုကာ စွပ်စွဲခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များ စိုးမိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထိုဖြစ်စဉ်များကို စစ်တပ်က စနစ်တကျ ကြံစည်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သက်သေအထောက်အထား အများအပြားက ညွှန်ပြနေသည့်တိုင် အန်င်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ ပြစ်မှုများကို အပြည်ပြည်ဆိုင်ရာတရားရုံးမျက်မှောက်တွင် ခုခံကာကွယ်လျှောက်လဲခဲ့သည်။ ထိုရာဇဝတ်မှုများကို စစ်သားအချို့က အထက်မှ အမိန့်ပေးခိုင်းစေခြင်းမရှိဘဲ ၎င်းတို့ဘာသာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။
လက်ရှိ NUG အစိုးရ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးသည် အင်န်အယ်လ်ဒီအစိုးရ လက်ထက်ကလည်း ထိုရာထူးဖြင့်ပင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုစဥ်က ရိုဟင်ဂျာများသည် ၎င်းတို့၏ နေအိမ်များကို ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း လူသိရှင်ကြား စွပ်စွဲခဲ့ဖူးသည်။ ပျက်စီးသွားသည့် ရိုဟင်ဂျာရွာများကို ဘူဒိုဇာဖြင့်ရှင်းလင်းခဲ့သည့် အငြင်းပွားဖွယ် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် လူကယ်ပြန်ဝန်ကြီးအဖြစ် ကြီးကြပ်ခဲ့သူလည်းဖြစ်သည်။
ထိုကဲ့သို့ ရှင်းလင်းခဲ့ခြင်းမှာ စစ်တပ်၏ ရာဇဝတ်မှုများကို သက်သေခံနိုင်မည့် အချက်အလက်များ ဖျက်ဆီးခြင်းနှင့် ရိုဟင်ဂျာများ အိမ်ခြေရာမဲ့ဘဝသို့ ရောက်ရှိသွားအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
NUG အစိုးရကမူ ထိုကဲ့သို့သော အတိတ်ကမူဝါဒများနှင့် လမ်းခွဲမည်ဟု ကတိကဝတ်ပြုခဲ့ပြီး ထိုအတိုင်းလည်း လုပ်ဆောင်မှုအချို့ ရှိခဲ့သည်။ ရိုဟင်ဂျာတစ်ဦးကို ၎င်းတို့၏ လူ့အခွင့်အရေးဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးမည် ဖြစ်ကြောင်းဆိုပြီး ၎င်းတို့ အပေါ် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဝန်ခံခဲ့သည်။ သို့သော် ထိုဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် အင်န်အယ်လ်ဒီအစိုးရ၏ အခန်းကဏ္ဍကိုမူ ထည့်သွင်းပြောဆိုလေ့မရှိပေ။
၂၀၁၇က စစ်တပ်၏ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများကို ထိုစဥ်က အင်န်အယ်လ်ဒီကို ထောက်ခံသူများ အပါအဝင် မြန်မာလူ့အသိုင်းအဝိုင်းတွင် အကြီးအကျယ်ထောက်ခံခဲ့ကြပြီး ရိုဟင်ဂျာမုန်းတီးရေးဝါဒသည် ခိုင်မာစွာ အမြစ်တွယ်နေဆဲဖြစ်သည်။ ထို့ကြောင့် NUG က ၎င်းတို့၏ မူဝါဒအပြောင်းအလဲကို နိုင်ငံတကာ အသိုင်းအဝိုင်း လက်ခံလာအောင် ကြိုးပမ်းနေရသလို ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများ စိတ်မပျက်သွားအောင်လည်း ကြိုးပမ်းနေရသည်။
ဘူးသီးတောင်မြို့နယ်တွင် အေအေတပ်ဖွဲ့က ရာဇဝတ်မှုများကျုးလွန်နေသည်ဟု သတင်းများထွက်လာပြီးနောက် NUG အစိုးရက ဧပြီတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ သို့သော် ထုတ်ပြန်ပြီး မိနစ်အနည်းငယ်အတွင်း ကြေညာချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ပထမ ထုတ်ပြန်ချက်တွင် ဘူးသီးတောင်တိုက်ပွဲများအတွင်း “အထူးသဖြင့်ရိုဟင်ဂျာများ” ရင်ဆိုင်နေရသည့် ဒုက္ခများကို စာနာကြောင်းဆိုခဲ့သော်လည်း လက်သည်မည်သူမည်ဝါ ဖြစ်သည်ကို မဖော်ပြခဲ့ပေ။
ပြင်ဆင်ခဲ့သည့် ထုတ်ပြန်ချက်တွင်မူ “ရခိုင်၊ ရိုဟင်ဂျာနှင့် ဟိန္ဒူလူမျိုး” များဟု ဖော်ပြခဲ့ပြီး အေအေက ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများကျုးလွန်ခဲ့သည့် သက်သေများရှိသည့်တိုင်အောင် NUG က စစ်တပ်ကိုသာ အပြစ်တင်ခဲ့သည်။
“အေအေကို ထုတ်ပြန်ချက်ထဲ မထည့်ဖို့ ဆုံးဖြတ်ခဲ့တာက ယုံကြည်စိတ်ချရတဲ့ ဓာတ်ပုံ၊ ရုပ်သံသက်သေတွေ မရှိခဲ့သေးလို့ပါ။ ဒါပေမဲ့လည်း အဲဒီတုန်းက ထုတ်ပြန်ချက်ကို ပြန်ပြင်နေတုန်း ရိုဟင်ဂျာအဖွဲ့အစည်းတွေက မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေနဲ့ ဓာတ်ပုံအထောက်အထားတွေ ပေးပို့လာတယ်” ဟု အမည်မဖော်လိုသည့် NUG အစိုးရအဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သို့သော်လည်း မည်သည့် အပြောင်းအလဲမှ ဖြစ်မလာခဲ့ပေ။
ကနဦးတွင် ထိုသတင်းရင်းမြစ်က အဆိုပါကြေညာချက်ကို ၎င်းတို့က အချက်အလက်အသစ်များ ထပ်မံပြင်ဆင်၍ ပြန်လည်ထုတ်ပြန် ခဲ့သည်ဟု ဆိုသည်။
“ထုတ်ပြန်ချက်ကို ဘာလို့ပြန်ပြင်ခဲ့သလဲဆိုတော့ သေဆုံးဒဏ်ရာရတဲ့သူတွေ၊ အိမ်တွေပျက်စီးဆုံးရှုံးရတဲ့သူတွေက ရိုဟင်ဂျာတွေ သာမကဘဲ ရခိုင်နဲ့ ဟိန္ဒူတွေလည်း ပါတယ်ဆိုတာ သိရလို့ပါ”ဟု ၎င်းက ပြောသည်။
သို့သော် ထိုပြောဆိုမှုမှာ မြေပြင်ရှိ အဖြစ်အပျက်များနှင့် အချိန်ကာလအရ ကွဲလွဲနေသည်။ ဒေသတွင်း သတင်းများအရ ရခိုင်နှင့် ဟိန္ဒူများ၏ နေအိမ်များသည် ရိုဟင်ဂျာများ၏ နေအိမ်များ မီးလောင်မှုမဖြစ်ခင်ကတည်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထုတ်ပြန်ချက်ကို ပြင်ဆင်ခဲ့ခြင်းမှာ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုခံရမည့်အရေး ရှောင်လွှဲရန်နှင့် အေအေတပ်ဖွဲ့အား စွပ်စွဲစော်ကားမိမည်ကို စိုးရိမ်၍ ဖြစ်နိုင်သည်။
“အေအေကသာ ဒါတွေကို ကျုးလွန်ခဲ့တယ်လို့ ပြောဖို့ကကျတော့ ဒီတော်လှန်ရေးကာလမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို စော်ကားပြောဆိုသလိုဖြစ်သွားမှာကို တခြားအဖွဲ့ဝင်တွေက သိပ်မလိုလားကြဘူး” ဟု ထိုသတင်းရင်းမြစ်က ဆက်ပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပေါ် မဟာမိတ်တွေအဖြစ်နဲ့ အားထားနေရတဲ့အတွက်ကြောင့်လည်း ဒီလိုကိစ္စမျိုးကို ထုတ်မပြောရဲတာဖြစ်ပါတယ်”
NUG အဖွဲ့ဝင် တချို့က ရိုဟင်ဂျာလူထုအပေါ် ကျုးလွန်နေသည့် တိုက်ခိုက်မှုများနှင့် စပ်လျဥ်း၍ သီးခြားကြေညာချက် ထုတ်ပြန်ရန် အဆိုပြုခဲ့သော်လည်း အများစုက ပယ်ချခဲ့သည်။ ရခိုင်နှင့် ဟိန္ဒူများ ခံစားနေရသည့် ဒုက္ခများကို ကြေညာချက်တွင် ထည့်သွင်း ဖော်ပြခဲ့သဖြင့် ရိုဟင်ဂျာများအပေါ် ရာဇဝတ်မှုများ ကျုးလွန်သည့် လက်သည်ကို နာမည်တပ်ရန်မလိုတော့ဟု NUG သတင်းရင်းမြစ်က ဆိုသည်။
“ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တယ်လို့ ဆိုလိုက်ရင် ဘယ်သူက အကြမ်းဖက်သလဲဆိုတာကို ထုတ်ပြောဖို့ လိုလာပြီလေ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ “ဒါကြောင့်လည်း ရခိုင်နဲ့ဟိန္ဒူလူမျိုးတွေရဲ့ အခြေအနေတွေကိုပါ ထည့်သွင်းပြီး ထုတ်ပြန်ဖို့ ဆုံးဖြတ်ကြလိုက်တာဖြစ်ပါတယ်”
ရိုဟင်ဂျာများနှင့် စပ်လျဥ်း၍ မပြတ်မသား ပြောဆိုချက်များသည် NUG အစိုးရအတွက်တော့ ယခုဖြစ်စဉ်က ပထမဆုံးအကြိမ် မဟုတ်ပေ။
ယမန်နှစ်၊ သြဂုတ်တွင် NUG က ရိုဟင်ဂျာများကို “မြန်မာနိုင်ငံသား” အဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သဖြင့် အနာဂတ် ဒီမိုကရေစီအစိုးရတစ်ရပ်က ရိုဟင်ဂျာများကို နိုင်ငံသား ပေး၊ မပေး ဟုဆိုသည့် မေးခွန်းများအတွက် အဖြေပေးပြီးသားဖြစ်ခဲ့သည်။ သို့သော် မြန်မာဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ရိုဟင်ဂျာများကို ညွှန်းဆိုရာ၌ “တိုင်းရင်းသား” ဟူသည့် စကားလုံံးကို ရှောင်ကြဥ်ခဲ့သည်က သိသာထင်ရှားသည်။ ထိုထုတ်ပြန်ချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်တွင် အပေါ်ယံဆန်သော မူဝါဒအပြောင်းအလဲသာ ဖြစ်ပေလိမ့်မည်။ လက်တွေ့တွင်မူ ခေတ်အဆက်ဆက် အစိုးရများက ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုခဲ့သဖြင့် ၎င်းတို့သည် ဆယ်စုနှစ်များစွာ နိုင်ငံမဲ့ဖြစ်ခဲ့ရပြီး လူမျိုးရေးအရ ခွဲခြားခံခဲ့ရသည်။
ဖရွန်တီးယားက အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မှတ်ချက်ပေးရန် ဆက်သွယ်သည့်အခါ ၎င်းက သတင်းထောက်အား မည်သည့် တိုင်းရင်းသားဖြစ်သည်ကို ဦးစွာမေးမြန်းခဲ့သည်။
“ခင်ဗျားက မွတ်စလင်လား” ဟု ၎င်းက မေးသည်။ “အဲဒီဒေသမှာရှိတဲ့ မွတ်စလင်တွေနဲ့ စကားပြောခဲ့တယ်လို့ ပြောတယ်နော်။ အဲဒါကြောင့် ရခိုင်နဲ့ တခြားဒေသခံတွေကိုရော မေးခဲ့သလားဆိုတာကို သိချင်တာ။ မွတ်စလင်တွေဆီကပဲ သတင်းအချက်အလက်တွေ မတောင်းပါနဲ့” ဟု ဦးခိုင်သုက ပြောဆိုခဲ့သည်။
ထို့နောက် ဆိုခဲ့ပါ စွပ်စွဲချက်များကို ၎င်းက ငြင်းဆန်ခဲ့သည်။
“အခြေအမြစ်မရှိတဲ့သတင်းမှားတွေကို ဖြန့်နေတာက အောက်တန်းကျတဲ့လုပ်ရပ်ပါပဲ။ ဒါကြောင့်လည်း အေအေဘက်က ထပ်ပြီးတော့ ရှင်းပြစရာမလိုတော့ပါဘူး” ဟု ၎င်းက ပြောသည်။
နောက်ပိုင်းတွင် ပိုမိုဆိုးရွားသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည့်တိုင် အေအေတပ်ဖွဲ့ကို ဝေဖန်ကန့်ကွက်သံများ တိတ်ဆိတ်သွားသည်ကို ကြည့်ခြင်းအားဖြင့် အေအေက ပြစ်တင်ဝေဖန်သူများကို အသံတိတ်သွားအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည်မှာ သိသာထင်ရှားလှသည်။ သြဂုတ်တွင် မောင်တောမြို့မှ စစ်ဘေး တိမ်းရှောင်သည့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော်သည် အေအေတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းကြောင့် သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။
ထိုစဥ် NUG ထံမှ ထုတ်ပြန်ချက်လည်း ထွက်မလာခဲ့ပေ။ အရပ်ဘက်အဖွဲ့အစည်းများ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း ထိုကြေညာချက်တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းအပါအဝင် အခြားထင်ရှားသည့်အဖွဲ့များ မပါဝင်လာတော့ပေ။