မဲဆန္ဒနယ်ငါးခုက ရွေးကောက်ပွဲအခြေအနေ

မြစ်ကြီးနား

A three-wheeled motorbike taxi cruises the streets of downtown Myitkyina on October 5, 2015. Support for the NLD ran high then, but it has since waned among ethnic groups in Kachin State. (Steve Tickner)
မြစ်ကြီးနားမြို့လယ်တွင် ဖြတ်သန်းသွားနေသော သုံးဘီးဆိုင်ကယ်တစ်စီးကို ၂၀၁၅၊ အောက်တိုဘာ၇ရက်က မြင်တွေ့ရစဉ်။ ၂၀၁၅ရွေးကောက်ပွဲကာလက ဒေသခံများ၏ ထောက်ခံမှုတစ်ခဲနက် ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း အင်န်အယ်လ်ဒီပါတီအပေါ် ဒေသခံများ၏ ထောက်ခံမှု တဖြည်းဖြည်းကျဆင်းလာသည်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ပါတီကြီးတွေ မြစ်ကြီးနားမှာရုန်းကန်ရဖွယ်ရှိတဲ့ ဒီနှစ်ရွေးကောက်ပွဲ

ယခင်ရွေးကောက်ပွဲသင်ခန်းစာအရ ကချင်ပါတီသုံးခုသည် ပါတီတစ်ခုတည်းအဖြစ်ပေါင်းစည်း၍​ လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြစ်ကြီးနားတွင် အာဏာရအင်န်အယ်လ်ဒီပါတီနှင့် အတိုက်အခံပြည်ခိုင်ဖြိုးပါတီတို့သည် ကချင်ပြည်နယ်ပြည်သူ့ပါတီကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ခွန်လတ် ရေးသားသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၆၂၈ခုအနက် ၂၁၂ခုတွင်ရွေးကောက်ပွဲမကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆုံးဖြတ်ခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း တိုက်ပွဲများလျော့နည်းလာသည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ကျေးရွာအုပ်စု ကိုးဆယ်ရာခိုင်နှုန်းကျော်(၁၉၃အုပ်စု)တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။

“လက်ရှိ အချိန်အထိကတော့ အေးချမ်းတည်ငြိမ်နေပါတယ်။ ကျွန်တော်တို့မှာ ပြဿနာကြီးကြီးမားမားမရှိဘူး”ဟု တပ်မတော်ဗိုလ်မှူးဟောင်းလည်းဖြစ်သူ၎င်းက ဇူလိုင်လအတွင်း ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင် ဖရွန်းတီးယားမြန်မာနှင့် တွေ့ဆုံစဉ်ကပြောသည်။

Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲသည်။

အကယ်၍ ပြည်နယ်အတွင်း ကျေးလက်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်ဖြစ်ပွားမည်ဆိုလျှင်ပင် မြစ်ကြီးနားမြို့တွင်မူ ရွေးကောက်ပွဲကိုမူ အနှောင့်အယှက်ကင်းကင်း ကျင်းပနိုင်မည်ဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက်ကီလိုမီတာ ၈၀၀အကွာတွင်တည်ရှိပြီး ဧရာဝတီမြစ်ကို အမှီပြုထားသည့် မြစ်ကြီးနားမြို့သည် လွန်ခဲ့သည့်ရာစုနှစ်များစွာကတည်းက မြန်မာနှင့်တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်ခဲ့သည်။ ကချင်၊ ရှမ်း၊ ဗမာ၊ အိန္ဒိယနှင့်တရုတ်လူမျိုးများပေါင်းစည်းနေထိုင်ရာ မြို့ဖြစ်သည်။

မြို့လယ်ကောင်ရှိ ‌‌ဈေးနှင့်အရောင်းဆိုင်များတွင် ကချင်ရိုးရာအဝတ်အထည်များနှင့် တရုတ်ထုတ် ပလက်စတစ်ပစ္စည်းများကို ဗမာ၊ ဂျိန်းဖော၊ ဟိန္ဒူနှင့် အခြားဘာသာစကားများပြောဆိုရင်း ရောင်းဝယ်နေကြသည့် ဒေသခံများကိုလည်း မြင်တွေ့နိုင်သည်။

မြစ်ကြီးနားမြို့သည် တည်ငြိမ်အေးချမ်းသည့် ကူးသန်းရောင်းဝယ်ရေးနှင့် ရိုးရာယဉ်ကျေးမှုပေါင်းစုံတို့ဖြင့် သက်ဝင်လှုပ်ရှားနေသည့်တိုင် အစိုးရနှင့်ကေအိုင်အေတို့အကြား တည်ရှိခဲ့သည့် ၁၇နှစ် အပစ်အခတ်ရပ်စဲရေးကျိုးပျက်ပြီးနောက် ၂၀၁၁တွင် တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ပဋိက္ခအငွေ့အသက်သည် ဒေသခံများ၏စိတ်ထဲတွင် ကိန်းအောင်းနေဆဲဖြစ်သည်။ 

မြစ်ကြီးနားမြို့နယ်အတွင်း တည်ရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်များမှစစ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသည် နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ကြမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထောင်ပေါင်းများစွာသော ပြည်သူများသည် မြစ်ကြီးနားမြို့၊ နယ်နမိတ်အတွင်းရှိ စစ်ရှောင်စခန်း ၂၆ခုတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်နေရမြဲဖြစ်သည်။ 

၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)သည် မြစ်ကြီးနားမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်နေရာများတွင် ဆန္ဒမဲစုစုပေါင်း၏ ၄၆ရာခိုင်နှုန်းဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်များတွင်လည်း အလားတူအနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီသည် မဲဆန္ဒနယ်အားလုံးတွင် ဒုတိယမဲအများဆုံးရခဲ့ပြီး ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၂)တွင် အနိုင်ရခဲ့သည်။ မဲပေးသူအရေအတွက်နည်းခြင်းနှင့် တပ်မတော်မိသားစုဝင်များ၏ ထောက်ခံမဲများကြောင့်အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

၂၀၁၅ရွေးကောက်ပွဲအကြိုကာလ ဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ မဲဆွယ်ခရီးရောက်ရှိစဉ်က ထောက်ခံအားပေးသော ပါတီဝင်အချို့ကို မြင်တွေ့ခဲ့ရစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ယခုနှစ်တွင် နိုင်ငံရေးအရထောက်ခံမှုသည် တိုင်းရင်းသားလူမျိုးအလိုက် ပိုင်းခြားလိုက်ပုံရသည်။ ကချင်လူမျိုးများကြားတွင် အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံမှုကျဆင်းလာသည်။ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲရလဒ်က သိသာသည့် သာဓကဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၂၀၁၅ရွေးကောက်ပွဲတွင် တစ်ပါတီချင်းမစွမ်းဆောင်နိုင်ခဲ့သော ကချင်ပါတီများသည် ၎င်းတို့၏အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ ကချင်ပြည်နယ်ပြည်သူ့ပါတီ(ကေအက်စ်ပီပီ)အဖြစ် ပူးပေါင်းလိုက်ကြသည်။

မြစ်ကြီးနားရှိ လက်ဖက်ရည်ဆိုင်နှင့်ဘီယာဆိုင်များက စကားဝိုင်းများတွင် ကေအက်စ်ပီပီသည် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို စိန်ခေါ်မည့်  ပြိုင်ဘက်ပါတီဖြစ်လာသည်ဟူသည့် ပြောဆိုဆွေးနွေးမှုများကိုလည်း မကြာခဏ ကြားနေရသည်။

“လူငယ်တွေက ၂၀၁၄ ခုနှစ်ကတည်းက ပေါင်းစည်းဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး”ဟု ကေအက်စ်ပီပီက အသက်၂၄နှစ်အရွယ်သာရှိသေးသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းနုပန်ကပြောသည်။ သူသည်ရှေ့နေတစ်ဦးဖြစ်ပြီး တိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။

“၂၀၁၅နောက်ပိုင်း လူငယ်တွေနဲ့ ပြည်သူတွေရဲ့အားထုတ်မှုကြောင့် ပါတီတွေစည်းလုံးညီညွတ်လာကြတယ်”ဟု သူကပြောသည်။ 

တရုတ်၏ မဟာစီမံကိန်းဖြစ်သော မြစ်ဆုံရေကာတာတည်ဆောက်ရေးအပေါ် အင်န်အယ်လ်ဒီအစိုးရက ပြည်သူသို့ပေးသော “ကတိမတည်ခဲ့”ဟုဆိုပြီး ယင်းက စိတ်ပျက်စရာကောင်းသည်ဟု သူက ပြောသည်။

ဧရာဝတီမြစ် မြစ်ဖျားခံရာဖြစ်သော မေခနှင့် မလိခမြစ်များ ဆုံဆည်းရာ မြစ်ဆုံအနီးတွင် တည်ဆောက်မည့် ဧရာမရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်မှုကို လူထုဆန့်ကျင်မှုကြောင့် သမ္မတဟောင်းဦးသိန်းစိန်က ၎င်း၏လက်ထက်တွင် ရပ်ဆိုင်းခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီအစိုးရအဖြစ် တာဝန်ယူခဲ့သော လွန်ခဲ့သောငါးနှစ်အတွင်း စီမံကိန်း၏ ရှေ့အလားအလာကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။

ယင်းသို့ ရှင်းရှင်းလင်းလင်းမသိရသည်ကပင် ဒေသခံကချင်တိုင်းရင်းသားများကို စိုးရိမ်စိတ်များ ဖြစ်ပေါ်စေသည်။ စီမံကိန်းသည် အငြင်းပွားဖွယ်ဖြစ်နေပြီး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် အခြားပြဿနာများဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်ကြသည်။ ယင်းရေအားလျှပ်စစ်စီမံကိန်းက ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို ဒေသခံများ အကျိုးခံစားခွင့် ရ၊ မရလည်း ရှင်းရှင်းလင်းမသိရသေးပေ။

ကချင်ပြည်နယ်မြောက်ပိုင်း၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဧကသုံးသိန်းပေါ်တွင် လုပ်ဆောင်မည့်စီမံကိန်းတစ်ခုနှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင်း ဆိုင်းနုပန်က ဆိုသည်။

သြစတြေးလျနိုင်ငံသားများ ပါဝင်မြှုပ်နှံသည့် Fortuna Metals ကုမ္ပဏီက ရွှေနှင့် အခြားသတ္တုများ ထွက်၊ မထွက် စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုပြုလုပ်ရန် လျှောက်ထားခဲ့သည်ဟု ဆိုင်းနုပန်ကဆိုသည်။ စီမံကိန်းဆက်လက်လုပ်ဆောင်မည်ဆိုပါက ထိုဒေသတွင် နေထိုင်သူများသည် ၎င်းတို့၏မြေယာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းသည် ၎င်း၏ ရွေးကောက်ပွဲမူဝါဒ အဓိကအစိတ်အပိုင်းဖြစ်သော်လည်း အောက်ခြေလူထုလူတန်းစားများပါ စီးပွားအခွင့်အလမ်းများ ခံစားရရှိစေရန် ရည်ရွယ်လုပ်ဆောင်သွားမည်ဟု သူကဆိုသည်။ သို့ရာတွင် ပွင့်လင်းမြင်သာမှုမရှိသော တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအကြီးစားများကိုမူ သတိကြီးကြီးထားသင့်သည်ဟု သူကဆိုသည်။

“အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများကို ကျွန်မတို့ ပံ့ပိုးချင်ပါတယ်။ အကယ်၍ အရာရာကိုတရုတ်ကုမ္ပဏီကြီးတွေကပဲ လုပ်ခွင့်ရနေရင် ဒေသခံစီးပွားရေးလုပ်ငန်းငယ်လေးတွေ စျေးကွက်ထဲ ဝင်လာနိုင်မှာမဟုတ်ဘူး။ တရုတ်စီမံကိန်းတွေကြောင့် ကျွန်မတို့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုတာတွေကို သူတို့(တရုတ်ကုမ္ပဏီ)က ဂရုမစိုက်ဘူး”ဟု ဆိုင်းနုပန်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

ကေအက်စ်ပီပီပါတီမှ မြစ်ကြီးနားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်၂၄နှစ်သာရှိသေးသော ဆိုင်းနုပန်ကို ဇူလိုင်၂၁ရက်က ပါတီရုံးချုပ်တွင်မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အသက်၃၃နှစ်ရှိပြီဖြစ်သည့် အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသော လွမ်တူးသည် ကေအက်စ်ပီပီပါတီကို ထောက်ခံသူဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် မြစ်ကြီးနားမြို့က ဒေသခံများအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်ကြောင်း သူကထောက်ခံသည်။ သို့သော် တရုတ်ကုမ္ပဏီများသည်ပင် အဆိုပါလိုအပ်ချက်ကိုဖြေရှင်းနိုင်မည့် အစိတ်အပိုင်းဖြစ်သည်ဟု သူကရှုမြင်သည်။

“ဒီမှာဝင်ငွေမရှိတဲ့လူငယ်တွေအများကြီးရှိတယ်။ ရွာသားတွေ ဝက်မွေးတယ်။ ဒါပေမဲ့ ဝက်တွေရောင်းဖို့ ဈေးကွက်ကောင်းကောင်းမရှိဘူး။ ပြောင်းတွေစိုက်ပြီး တရုတ်နိုင်ငံက ပြောင်းဖူးစက်ရုံတွေဆီ တင်ပို့ရောင်းချလို့ရမယ်ဆိုရင် ပြောင်းစိုက်တောင်သူတွေအတွက် အဆင်ပြေနိုင်တယ်” ဟု လွမ်တူးကပြောသည်။

မြစ်ကြီးနားတွင် ကချင်လူမျိုးမဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများအကြားတွင် အင်န်အယ်လ်ဒီပါတီသည် ရေပန်းစားလျက်ရှိပြီး ၎င်းတို့၏ထောက်ခံမှု အခိုင်အမာရရှိထားကြောင်းနှင့် ၎င်းတို့သည် ယခုအခါလူများစုဖြစ်နေပြီဟု လွမ်တူးကဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်းများအရ လူဦးရေ၂၄၄,၀၀၀ဝန်းကျင်ရှိသည့် မြစ်ကြီးနားမြို့နယ်၏ ၅၀ရာခိုင်နှုန်းသည် ကချင်လူမျိုးများဖြစ်သည်ဟု သိရသည်။ ဗမာလူဦးရေ ၂၈ဒသမ၃ ရာခိုင်နှုန်းရှိပြီး ရှမ်းက၉ဒသမ၉ ရာခိုင်နှုန်းရှိသည်။ အစိုးရက၂၀၁၄သန်းခေါင်စာရင်းပါ လူမျိုးစုနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေး၍ လွမ်တူး၏ ပြောဆိုမှုကို အတည်ပြုရန်ခဲယဉ်းသည်။ သို့တိုင် မြစ်ကြီးနားမြို့သည် မတူကွဲပြားသည့် လူမျိုးစုများနှင့် ကိုးကွယ်ရာ ဘာသာဝင်များ အစုံအလင်ရှိသည့် မြို့ကြီးတစ်ခုအဖြစ် သက်ဝင်လှုပ်ရှားနေသည်။

“ဗမာလူမျိုးအားလုံး အင်န်အယ်လ်ဒီကို ထောက်ခံတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက လူတော်တော်များများ ဒီကိုလာပြီး လမ်း၊ တံတားဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်ကြတယ်။ သူတို့မိသားစုတွေနဲ့ အတူလာကြပြီး တစ်ခါတစ်လေ မပြန်ကြတော့ဘူး”ဟု လွမ်တူးက ပြောသည်။

မိုဘိုင်းဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင် လွမ်တူးကို ဇူလိုင်၂၁ရက်က ၎င်း၏ နေအိမ်တွင်မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများနှင့် နေထိုင်သူများသည် ၎င်းတို့ရောက်ရှိနေသည့် မဲဆန္ဒနယ်များတွင် မဲပေးခွင့်ရရန်မှာ အနည်းဆုံး ရက်ပေါင်း၁၈၀ (ခြောက်လ)နေထိုင်ပြီးမှသာထိုနေရာ၌ မဲထည့်နိုင်ရန်လျှောက်ထားခွင့်ရှိသည်။

ယခုနှစ်အစောပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ခဲ့ပြီး ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ မဲဆန္ဒနယ်တစ်ခုတွင် ဆန္ဒမဲပေးခွင့်ရရန် အနည်းဆုံးနေထိုင်ရမည့်သက်တမ်းကို ရက်ပေါင်း ၁၈၀ (ခြောက်လ)မှ ရက်ပေါင်း၉၀သို့ လျှော့ချခဲ့သည်။ ကေအက်စ်ပီပီအပါအဝင် တိုင်းရင်းသားပါတီများက ၎င်းတို့ရမည့်မဲများ လျော့နည်းလာနိုင်သည်ဟုဆိုကာ ယင်းပြင်ဆင်ချက်ကို ကန့်ကွက်ခဲ့ကြသည်။

သို့သော် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများသည် နဂိုကတည်းက မဲကွဲနေပြီးသားဖြစ်သည်။ ၎င်းတို့ကိုယ်၎င်းတို့ ကချင်မျိုးနွယ်စုဟုမခံယူသည့် လီဆူတိုင်းရင်းသားများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မဲထည့်ကြမည်ဖြစ်ပြီး တပ်မတော်နှင့် ၎င်းတို့၏မိသားစုဝင်များသည် ပြည်ခိုင်ဖြိုးပါတီကိုမဲပေးကြမည်ဟု လွမ်တူးကဆိုသည်။

“ကေအက်စ်ပီပီက ကချင်တိုင်းရင်းသားပါတီမဟုတ်ဘူး။ အခုသူတို့လုပ်နေတဲ့ စည်းရုံးရေးအရဆို လူတိုင်းပါဝင်နိုင်တဲ့ပါတီလိုမျိုး လုပ်ဆောင်နေတာ။ တစ်ကယ်လို့ ကျွန်တော်တို့အားလုံး ကချင်တစ်ပါတီ(ကေအက်စ်ပီပီ)တည်း နောက်မှာစည်းစည်းလုံးလုံး ရပ်တည်မယ်ဆိုရင် အင်န်အယ်လ်ဒီကိုနိုင်တယ်”ဟု လွမ်တူးကပြောသည်။

အသက်၂၃နှစ်ရှိပြီဖြစ်သည့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းတစ်ခုကအဖွဲ့ဝင် ကိုအောင်မြတ်အတွက်မူ ပိုမိုကောင်းမွန်သည့် ပညာရေးကိုလက်လှမ်းမီနိုင်ရေးသည် ၎င်း၏အကြီးမားဆုံး ရွေးကောက်ပွဲမျှော်လင့်ချက်ဖြစ်သည်။

“ကျွန်တော်တို့အတွက် လေ့လာဖို့အများကြီးလိုအပ်နေတယ်။ ကချင်ပြည်နယ်မှာလေ့လာစရာနေရာအများကြီးမရှိဘူး။ အစိုးရစာကြည့်တိုက်တွေမှာလည်း  လုံလောက်တဲ့သင်ကြားရေးအထောက်အကူပစ္စည်းနဲ့ စာအုပ်တွေမရှိဘူး”ဟု သူကပြောသည်။

ကချင်ပြည်နယ်က ကျောင်းသားလူငယ်များသည် ပညာသင်ဆုလျှောက်နိုင်သည့်နည်းလမ်းများနှင့် ပညာသင်ဆုရရှိနိုင်မည့် အခွင့်အလမ်းများကို လိုအပ်နေသည်ဟု ကိုအောင်မြတ်က ပြောသည်။ ၎င်းသည် ယခုနှစ်တွင် ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်တစ်ဦးလည်းဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲ ဆန္ဒမဲပေးသူရာခိုင်နှုန်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကားပြီး Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။

ကိုအောင်မြတ်သည် လူထုနှင့် ထိတွေ့မှုမရှိဘဲကင်းကွာနေသည့် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုမရှိကြောင်း ပြောသည်။

“ကျွန်တော့်ရဲ့  တစ်မဲကလည်းအရေးပါတယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ပါတီကို မဲထည့်မယ်ဆိုရင် ရွေးချယ်ခံရတဲ့ခါ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်တယ်”ဟု ကိုအောင်မြတ်က ပြောသည်။ နိုဝင်ဘာ၈ရက်တွင် ကေအက်စ်ပီပီကို မဲထည့်မည်ဟု ၎င်းကဆိုသည်။

“အောက်မြန်မာပြည်ကလာတဲ့ နိုင်ငံရေးပါတီတွေကို မဲမပေးဖို့ဆုံးဖြတ်ထားပြီးသား”ဟု သူကပြောသည်။ လက်ရှိအာဏာရပါတီအင်န်အယ်လ်ဒီနှင့် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီတို့ကို ရည်ရွယ်ပုံရသည်။

“သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျွန်တော်တို့နေခဲ့ပြီးပြီ။ ဘာမှဖြစ်မလာဘူးဆိုတာလည်းကျွန်တော်တို့သိပြီ”ဟု ကိုအောင်မြတ်က ပြောသည်။

ဒေသစီးပွားရေးဖွံ့ဖြိုးရန်၊ ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လက်လှမ်းမီရန်မှာ အားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ သို့သော် ယင်းမျှော်လင့်ချက်များသည် ဒေသခံများအတွက် ကြာရှည်တည်မြဲသည့် လုံခြုံရေးအာမခံချက်မရှိပါက လက်တွေ့အကောင်အထည်ပေါ်လာနိုင်စရာမရှိပေ။ ဆိုလိုသည်က ကချင်ပြည်နယ်အတွင်းက တောက်လောင်နေဆဲပြည်တွင်းစစ်မီးကို ငြိမ်းသတ်ရန်ဖြစ်သည်။

“ရွေးကောက်ခံအမတ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို အရှိန်မြှင့်လုပ်ဆောင်စေချင်တယ်။ ငြိမ်းချမ်းမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ”ဟု လွမ်တူးကပြောသည်။

၂၀၁၅ရွေးကောက်ပွဲ​ မဲဆွယ်ကာလက မြစ်ကြီးနားမြို့နယ်ရှိ အင်န်အယ်လ်ဒီပါတီထောက်ခံသူအချို့ကို မဲဆွယ်စည်းရုံးလှုပ်ရှားမှုတစ်ခုတွင် မြင်တွေ့ခဲ့ရစဉ်။ (စတိဖ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ကချင်ပြည်နယ်တွင် ကချင်ပါတီ၏ ရွေးကောက်ပွဲရှုံးနိမ့်မှုကို အဖြေရှာကြည့်ခြင်း

နိုဝင်ဘာ၈ရက်တွင် နေရာအများစု၌ ရှုံးနိမ့်ခဲ့ခြင်းမှာ ၎င်းတို့ကြောင့်မဟုတ်ဘဲ အခြားအကြောင်းအရင်းများကြောင့်ဖြစ်သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီဝင်များကဆိုသည်။

Account Required

You must have an account to access this content.

Create Account

Already a member? Log in here
Kachin National Congress party supporters rally in Myitkyina on August 25. (Hkun Lat)
ကချင်အမျိုးသားကွန်ဂရက်ပါတီဝင်များက စက်တင်ဘာ၁၀ရက်တွင် မြစ်ကြီးနားမြို့အတွင်း စီတည်းလှည့်လည်၍ မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ | J.M. Elizabeth)

ကိုဗစ်-၁၉ကြောင့် ပွဲမလှဖြစ်ရတဲ့ မြစ်ကြီးနားက ရွေးကောက်ပွဲအကြိုကာလ

ကိုဗစ်-၁၉ကန့်သတ်ချက်များကြောင့် ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင် မဲဆွယ်စည်းရုံးရာ၌ အခက်အခဲများ ကြုံနေရသည်ဟု ပါတီများကဆိုသည်။

Account Required

You must have an account to access this content.

Create Account

Already a member? Log in here
Hkun Lat

Hkun Lat

Hkun Lat is a documentary photographer based in Yangon. He works on his own projects and on assignment for international media and organisations.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.