နိုဝင်ဘာလအတွင်း လူကုန်ကူးမှု စံချိန်သစ်တင်

မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သော စာရင်းအရ လူကုန်ကူးမှုမှာ နိုဝင်ဘာလအတွင်း စံချိန်တင် မြင့်တက်ခဲ့ပြီး အမှုများအနက် အမှု ၆၀ မှာ ကလေးသူငယ် လူကုန်ကူးခံရမှုများ ဖြစ်နေကြောင်း တွေ့ရှိရသည်။

“နိုဝင်ဘာလအတွင်း ရုံးတင်ခဲ့တဲ့ အမှု ၆၀ ဟာ မေလနှောင်းပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လှေစီးဒုက္ခသည်တွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်” ဟု ယူနီဆက်ပြောခွင့်ရ Mariana Palavra က ပြောသည်။

“မြန်မာနိုင်ငံတစ်ဝှမ်း ကလေးတွေ လူကုန်ကူးခံနေရတာ တခြားအကြောင်းရင်းတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ကလေးတွေဟာ လှေစီးဒုက္ခသည်တွေနဲ့အတူ ပါလာတဲ့ ကလေးအရေအတွက်ထက် ပိုပါတယ်။ ရခိုင်ပြည်နယ်မှာ ကလေးငယ် ၆၀ ကို သူတို့အိမ် ပြန်ပို့ပေးခဲ့ပါတယ်။ သူတို့ကို ယူနီဆက်က ဆက်လက်စောင့်ရှောက်ပေးနေပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလအထိ ၁၁ လအတွင်း လူကုန်ကူးခံရသူ ၆၁၇ ဦးအနက် ၅၀၀ ကို ကယ်တင်နိုင်ခဲ့ရာ ၁၀၀ မှာ ကလေးများဖြစ်ကြသည်။ ယင်းကာလအတွင်း လူကုန်ကူးမှု ၁၂၀ ခန့် ဖြစ်ပွားခဲ့ရာ၌ ၂၂၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ သံသယရှိသူ ၁၂၉ ဦးမှာ တိမ်းရှောင်နေသဖြင့် စုံစမ်းရှာဖွေဆဲဟု ပြည်သူ့ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့က၏ ထုတ်ပြန်ချက်အရ သိရသည်။

လူကုန်ကူးမှု အများဆုံးမှာ ရှမ်းပြည်နယ်၌ ဖြစ်ပွားခဲ့ပြီး ယင်းနောက်မှ မန္တလေး၊ ရန်ကုန်တိုင်းတို့နှင့် ကချင်ပြည်နယ်တို့ ပါဝင်ကြသည်။

၂၀၀၆ မှစ၍ ယနေ့ထိ လူကုန်ကူးမှု စုစုပေါင်း ၁,၂၄၃ မှုကို စစ်ဆေးခဲ့ရပြီး ဒုက္ခသည် ၂,၅၀၀ ကို ကယ်တင်နိုင်ခဲ့သည်။ လူကုန်ကူးမှု သံသယရှိသူ ၂,၀၀၀ ကျော်ကို အမှုဖွင့်စစ်ဆေးခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်က ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်မှုများမှာ အထိုက်အလျောက် အောင်မြင်နေသည်ဟု Mariana Palavra က ယူဆသည်။

“ယူနီဆက်ရဲ့ အကြံဉာဏ်တွေကို ထည့်သွင်းစဉ်းစားပြီး ကလေးသူငယ် ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အခန်းတစ်ခန်းကို ပြင်ဆင်ရေးဆွဲတာအပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအသစ်တစ်ခု ပြင်ဆင်ရေးဆွဲပြီးသွားပါပြီ။ ယူနီဆက်က ၂၀၁၅ လှေစီးဒုက္ခသည်တွေ အရေးတုန်းကလည်း အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ အရှေ့တောင်အာရှ ဖြတ်သွားကြမယ့် ပင်လယ်ခရီးလမ်းက ဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေကိုပါ တွေ့ခဲ့ကြရပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ကလေးသူငယ်များဆိုင်ရာ တရားစီရင်ရေးစနစ်နှင့် ကလေးသူငယ်အခွင့်အရေးများကို တရားရေးဝန်ထမ်း ၉၀ ခန့်အား ယူနီဆက်က သင်တန်းပို့ချပေးခဲ့သည်။

“၂၀၁၅ ထဲမှာ ရိုးရိုးရဲနဲ့ လူကုန်ကူး တိုက်ဖျက်ရေးရဲ အပါအဝင် ရဲဝန်ထမ်း ၁၃၅ ဦးကို ယူနီဆက်က သင်တန်းပေးခဲ့ပါတယ်။ ရခိုင်နဲ့ ကချင်ပြည်နယ်တွေထဲမှာ အရပ်ဘက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့နဲ့ ပူးတွဲပြီး ယူနီဆက်က နည်းပညာအထောက်အပံ့များ ပေးခဲ့ပါတယ်” ဟု ယူနီဆက်ပြောခွင့်ရ Mariana Palvra က ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.