နေပြည်တော်၊ မတ် ၂၅
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးသစ်များ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ- NLD Chairperson’s Facebook
အစိုးရသစ်စသည့်အချိန်တွင် ဌာနအလိုက် ရက် ၁၀၀ စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ဝန်ကြီးသစ်များကို ညွှန်ကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးဖြစ်သည့် ပြည်ထောင်စုဝန်ကြီးသစ် ၁၈ ဦးအနက် ၁၄ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့မွန်းလွဲပိုင်းက တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးသစ်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ပြောသည်။
“ဘာသာရပ်တစ်ခုအပေါ်မှာ အသေးစိတ် ဆွေးနွေးတာ မဟုတ်ပါဘူး။ ဧပြီလ ၁ ရက်နေ့ အစိုးရသစ် စတဲ့အခါမှာ ရက် ၁၀၀ စီမံချက်ကို ဌာနအလိုက် ရေးဆွဲထားဖို့၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ဟာကိုပဲ အဓိကပြောသွားပါတယ်။ ရက် ၁၀၀ စီမံချက်မှာလည်း ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းမျိုးတွေကို ဦးစားပေးလုပ်ဖို့ ပြောပါတယ်”ဟု ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနကို တာဝန်ယူရမည်ဟု သတင်းထွက်နေသည့် ၎င်းက သတင်းထောက်များအား ပြောကြားသည်။
ထို့ပြင် ပြင်ပတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် ဝန်ကြီးအိမ်ရာများကိစ္စနှင့် ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ဆိုသည်။
“နောက်တစ်ခုက ခြိုးခြံချွေတာဖို့ ပြောတာပေါ့။ အခု ပရိဘောဂတွေ၊ အိမ်တွေ ပြန်ပြင်ရဦးမယ်။ ပရိဘောဂကို ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးအသစ် ၁၈ ဦးက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ရမယ်။ ဝယ်ပြီး ထည့်ရမယ်။ အဲ့ဒီအတွက်ကို နိုင်ငံတော်ကနေ ပြန်မတောင်းရဘူး။ ပြီးရင် ငါးနှစ်သက်တမ်း ထမ်းဆောင်ပြီးရင်လည်း အဲ့ဒါတွေကို နောက်လူတွေကို လက်ဆင့်ကမ်း လွှဲပေးသွားရမယ်။ စပြီး အနစ်နာခံဖို့” ဟု သူရဦးအောင်ကိုပြောသည်။
ဝန်ကြီးအိမ်ရာများအတွက် နိုင်ငံတော်က သက်ဆိုင်ရာ ဝန်ကြီးများအား ပရိဘောဂကြေး ကျပ်သိန်း ၃၀ ထုတ်ပေးပြီး အဆိုပါဝန်ကြီး တာဝန်ပြီးဆုံးကာ နေအိမ်မှ ထွက်ခွာရချိန်တွင် ပရိဘောဂများကို ယူဆောင်သွားခွင့်ရှိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ္ဋ်က ပြောကြားထားသည်။
ဝန်ကြီးဟောင်းများ ထားရှိခဲ့သည့် နေအိမ်အလွတ်တွင် လေအေးစက်တစ်လုံးသာ ပါဝင်မည်ဖြစ်သလို ထွက်ခွာသွားသော ဝန်ကြီးများသည် ၎င်းတို့ စိုက်ထားသည့် အပင်များပင် နှုတ်ယူသွားနိုင်ကြောင်း ၎င်းကပြောကြားခဲ့သဖြင့် ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေသည်။
ဝန်ကြီးသစ်များအတွက် အစိုးရက ပရိဘောဂကြေး ကျပ် သိန်း ၃၀ စီ ထပ်မံထုတ်ပေးမည်ဖြစ်သည်ဟု ဦးရဲထွဋ္ဋ်က ပြောကြားထားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဝန်ကြီးသစ်များအား ခရီးသွားချိန်တွင် ခြိုးခြံချွေတာရန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။
“နောက်အလားတူပဲပေါ့လေ။ ပြည်တွင်းခရီးသွားတဲ့အခါတွေ၊ ပြည်ပခရီးသွားတဲ့အခါတွေမှာလည်း ခြိုးခြံချွေတာဖို့၊ အပိုလူတွေမခေါ်ဖို့၊ လိုအပ်သလောက်ဝန်ထမ်း၊ လိုအပ်သလောက်လူပဲ ခေါ်ဖု့ိ၊ ဒါတွေကို ခြိုးခြံချွေတာဖို့ကိစ္စတွေ ပြောပါတယ်” ဟု သူရဦးအောင်ကို ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်သင့်သူ ၁၈ဦး၏ အမည်စာရင်းကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က မတ် ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့အား ကန့်ကွက်မည့်သူမရှိသဖြင် ပြည်ထောင်စုလွှတ်တော်က မတ် ၂၄ ရက်နေ့တွင် အတည်ပြုထားပြီးဖြစ်သည်။ သို့သော် အဆိုပါဝန်ကြီးများက တာဝန်ယူရမည့် ဝန်ကြီးဌာနအမည်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အဆိုပါ ပြည်ထောင်စုဝန်ကြီးများအား တာဝန်ယူရမည့် ဝန်ကြီးဌာန ၂၁ ခုတွင် ခွဲဝေ သတ်မှတ်တာဝန်ပေးပြီးပါက လက်ရှိ ဝန်ကြီးဌာန ၃၁ ခုထံမှ လုပ်ငန်းတာဝန်များ လွှဲပြောင်းရယူရမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသစ် ၁၈ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခြောက်ဦး၊ ပြင်ပပညာရှင် ခြောက်ဦး၊ တိုင်းရင်းသားပါတီမှ တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦးနှင့် တပ်မတော်မှ သုံးဦးတို့ ဖြစ်ကြသည်။