ခရမ်းရောင်ဆံပင်နှင့် မင်းသမီးများ၊ ဝံပုလွေများနှင့် မိတ်ကပ်၊ အထူးဝတ်စုံများ ဝတ်ဆင်ထားသည့် မိန်းမပျိုများကို မြန်မာနိုင်ငံတွင် ယခု ရက်သတ္တက ကျင်းပခဲ့သော Cosplay စိတ်ကူးပုံဖော် အလှဝတ်စုံပွဲတော်တွင် တွေ့ခဲရသည်။ ထိုကဲ့သို့ ပွဲများမှာ ကမ္ဘာတစ်ဝန်းတွင် အလွန်လူကြိုက်များလာကာ ပွဲကျင်းပမှုများလည်း မြင့်မားလာသည်။
ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
ရန်ကုန်တွင် ပြုလုပ်ခဲ့သော နှစ်ရက်ကြာ ပွဲတော်တွင် လူငယ် ရာပေါင်းများစွာ စုဝေးခဲ့ကြပြီး သီချင်းဆိုပြိုင်ပွဲများ၊ ထူးခြားဆန်းသစ်သော ဝတ်စုံများ၊ အသေးစိတ်ချယ်သထားသော မိတ်ကပ်များအပြင် ဆန်းကျယ်သည့် ဆံပင်ပုံစံများအား ၎င်းတို့ ကြိုက်နှစ်သက်သည့် ဇာတ်ကောင်များအတိုင်း ဝတ်ဆင်ထားကြသည်။ စိတ်ကူးယဉ်ပုံဖော်ထားသော ဝတ်စုံဒီဇိုင်းများနှင့် သရုပ်ဆောင် ပြသသော ပွဲတော်သို့ စိတ်အားထက်သန်သူများသည် အယ်နီမေးရှင်း ရုပ်သံစီးရီးများ၊ ကာတွန်းကားများနှင့် ဗီဒီယိုဂိမ်းများမှ ဇာတ်ကောင်များကို တုပသရုပ်ဆောင်ရန် စုဝေးလာကြခြင်းဖြစ်သည်။ ဇာတ်ကောင်အများအပြားမှာ ဂျပန်ပေါ့ ယဉ်ကျေးမှုမှ ဖြစ်ကြသည်။
ပွဲကို တက်ရောက်ခဲ့ပြီး ဂျပန်အယ်နီမေးရှင်းဇတ်ကောင်တစ်ခုကဲ့သို့ ဝတ်စားထားသော ချူးကေခိုင်က နောက်ထပ်ပွဲတွင် ပရိတ်သတ်များအတွက် သရုပ်ဆောင်ပြရန် စိတ်အား ထက်သန်နေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ “ဒီအကြောင်းကို သိတဲ့လူပိုများပြီး ကျွန်မတို့မှာ မိတ်ဆွေတွေ ပိုများလာလေ ပိုကောင်းလေပေါ့” ဟု ၂၁ နှစ်အရွယ် ၎င်းက ပြောသည်။ “ပြီးတော့ ကျွန်မတို့ပိုပြီး ပျော်နိုင်လေပေါ့”ဟု ၎င်းကဆိုသည်။
ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
ပွဲတွင် ပြသထားသော စိတ်လှုပ်ရှားအံ့သြဘွယ် ဝတ်စုံအများအပြားကို အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။ အခြားဝတ်စုံများမှာ ပွဲအတွက် အထူးချုပ်လုပ်ထားသော ပြည်တွင်းဖြစ်များ ဖြစ်သည်။ ယင်းပွဲမျိုးကို ကမ္ဘာ့နိုင်ငံအများတွင် ပြုလုပ်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အသစ်အဆန်း ဖြစ်နေသေးသည်။ မြန်မာလူငယ်များက နိုင်ငံတကာတွင် ခေတ်စားနေသောအရာများကို အမီလိုက်နိုင်ရန် ကြိုးစားလျက်ရှိနေကြခြင်းဖြစ်သည်။
ယခုနှစ်ပွဲတော်မှာ ရှစ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
သတင်း- အေအက်ဖ်ပီ
ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ