ရန်ကုန်၊ ဧပြီ ၂၉
ရုရှား၏ လေ့ကျင့်ရေးတိုက်လေယာဉ် Yak-130
ရုရှားနိုင်ငံမှ လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်သုံးစီးကို ယခုနှစ်ကုန်ခန့်တွင် မြန်မာလေတပ်က လက်ခံရရှိမည်ဖြစ်သည်ဟု ရုရှားသတင်းဌာနများက ရေးသားထားကြသည်။
“စီစဉ်ထားချက်အရ ၂၀၁၆ မှာ လေယာဉ်သုံးစင်း မြန်မာကို လွှဲပေးဖို့ပါ” ဟု ရုရှားနိုင်ငံ Kommersant နေ့စဉ်သတင်းစာက သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ရေးသားထားသည်။
အဆိုပါ လေ့ကျင့်ရေးတိုက်လေယာဉ်ကို စိတ်ဝင်စားကြောင်း မြန်မာက ပြောကြားပြီးနောက် သုံးနှစ်အကြာ ၂၀၁၅ ခုနှစ်၊ ဇွန်တွင် မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် Yak-130 လေယာဉ် ဝယ်ယူရေးကန်ထရိုက်ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းဌာနက ရေးသားထားသည်။
အဆိုပါ လေယာဉ်တစ်စီးလ ျှင်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် တန်ဖိုးရှိကာ လက်ရှိအချိန်တွင် အယ်ဂျီးရီးယား၊ ဘင်္ဂလားဒေရှ့်နှင့် ဘီလာရုနိုင်ငံများတွင် အသုံးပြုနေသည်ဟု The Diplomat မဂ္ဂဇင်းက ရေးသားထားသည်။
Yak-130 သည် ခေတ်မီဂျက်တိုက်လေယောဉ်များ၏ စွမ်းဆောင်ရည်မျိုးရှိကာ ကမ္ဘာ့တစ်ခုတည်းသော လေ့ကျင့်ရေး တိုက်လေယာဉ် ဖြစ်သည်။ ထိုင်ခုံနှစ်ခုပါပြီး ထောက်လှမ်းရေးနှင့် အသေးစား ဂျက်တိုက်လေယာဉ်လည်းဖြစ်သော Yak-130 တွင် လက်နက်အလေးချိန် ကီလိုဂရမ် ၃,၀၀၀ အထိ သယ်ဆောင်နိုင်သည်။
လက်တင်အမေရိကနှင့် မြောက်အာဖရိက နိုင်ငံများစွာအပါအဝင် မြန်မာနိုင်ငံက ရုရှား၏ အဆိုပါ လေ့ကျင့်ရေးတိုက်လေယာဉ်ကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ရုရှား၏ နိုင်ငံတော် နည်းပညာကော်ပိုရေးရှင်း (Rostec) မှ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန အကြီးအကဲ ဗစ်တာကလာဒေါ့ဗ်က RIA Novosti ကို ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ၂၀၁၇ မကုန်မီ အထူးတိုက်လေယာဉ် ပျံသန်းမှု လေ့ကျင့်ရေးစက်တစ်ခု တပ်ဆင်ရန် ရုရှားကျွမ်းကျင်သူများက စီစဉ်နေသည်ဟု သတင်းရရှိသည်။
သတင်း- Frontier