ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံလေ့မရှိသည့်အပေါ် ပြန်ကြားရေးဝန်ကြီး ကာကွယ်ပြောကြား

နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲများ ပြုလုပ်လေ့မရှိပဲ မီဒီယာများအား ရှောင်ရှားနေသည်ဟုဆိုကာ ဂျာနယ်လစ်များက ဝေဖန်နေမှုများအပေါ် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ကာကွယ်ပြောကြားလိုက်သည်။

“သူအနေနဲ့ သတင်းထောက်တွေကို ပွဲတော်တော်များများမှာ တွေ့ဆုံခဲ့ပါတယ်။ ဥပမာအားဖြင့် ဧည့်သည်တော်တွေနဲ့ တွေ့ဆုံပြီးတိုင်း သတင်းစာရှင်းလင်းပွဲ အငယ်စားလေးတွေ ပြုလုပ်လေ့ရှိပါတယ်။ အကြီးကြီးတော့ မဟုတ်ပါဘူး” ဟု ဦးဖေမြင့်က Nikkei Asian Review မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အဆိုပါအင်တာဗျူးကို မဂ္ဂဇင်း၏ ဝက်ဘ်ဆိုက်တွင် ဇွန် ၁၄ ရက်နေ့က ဖော်ပြခဲ့သည်။

အစိုးရအနေနှင့် ပြည်တွင်းမီဒီယာများနှင့် ဆက်ဆံရန် ဝန်လေးနေသလို ဖြစ်နေသည်ဟု ဂျာနယ်လစ်များက ညည်းညူကြမှုများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်လည်း ဦးဖေမြင့်က “ပြီးခဲ့တဲ့လတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ခင်ဗျားနဲ့ သဘောတူပါတယ်” ဟု ပြောကြားသည်။

ယခင်အစိုးရထံမှာ အာဏာလွှဲပြောင်းရယူရသည့် လုပ်ငန်းစဉ်မှာ ရှည်ကြာပြီး ဝန်ကြီးဌာနများအနေဖြင့် ပြောရေးဆိုခွင့်ရှိသူများအား ရွေးချယ်ပြီးဖြစ်သည်ဟု ၎င်းက ထပ်မံဖြည့်စွက်ပြောကြားသည်။ “ကျွန်တော်တို့အခုအချိန်မှာ ရက် ၁၀၀ စီမံကိန်းကို လုပ်ဆောင်မှာ ဖြစ်ပြီးတော့ အကူးအပြောင်းကာလမှာ ဝန်ကြီးဌာနတွေအနေနဲ့ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောကြားသည်။

“အရင်တုန်းကတော့ ဝန်ကြီးဌာနတွေက သတင်းအချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တစ်ဖက်သတ် ဆက်ဆံရေးကို မလိုလားပါဘူး။ မီဒီယာဆိုတာ အစိုးရနဲ့ ပြည်သူကြားက နေရာကို ယူထားတယ်လို့ ကျွန်တော်တို့ရှုမြင်ထားပါတယ်” ဟု ဦးဖေမြင့်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ မဲပေးထားတဲ့ ပြည်သူတွေကို သတင်းပေးရုံတင် မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ အစိုးရကို ဘာပြောချင်လဲဆိုတာကိုပါ နားထောင်ပါတယ်” ဟု ၎င်းကပြောသည်။

ဂျာနယ်လစ်များအား ဖမ်းဆီးထောင်ချသည့် ဥပဒေများနှင့် စာနယ်ဇင်းဥပဒေများအား ပြန်လည်သုံးသပ်ရန်လည်း ဦးဖေမြင့်က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံရှိ မီဒီယာများသည် လွပ်လပ်စွာ ပြောဆိုရေးသားခွင့် မရရှိသေးသည့်အတွက် အဆိုပါအခြေအနေအား တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ တိုးတက်မှုတွေ ရှိလာပါတယ်။ ဒါပေမယ့် သတင်းထောက်တွေကို ဖမ်းဆီးမှုအချို့နဲ့ ထောင်ချခံရမှုတွေ ရှိနေပါတယ်။ ကျွန်တော်ထင်တာကတော့ ဒါဟာ ရှိနေတဲ့ ဥပဒေတွေကြောင့်အပြင် အရင်အုပ်ချုပ်ရေးအကျင့်ဟောင်းတွေကြောင့် ဖြစ်ပါတယ်” ဟု ဦးဖေမြင့်က ပြောကြားသည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မလိုက်ဖက်တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့၊ ဒါမှမဟုတ် ဖျက်သိမ်းဖို့အတွက် ကျွန်တော်တို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါတယ်” ဟု ဦးဖေသိန်းကပြောသည်။

စာနယ်ဇင်းဆိုင်ရာ ဥပဒေများကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ဥပဒေပြုသူတွေနဲ့ တရားစီရင်ရေးပိုင်းကလူတွေ စာနယ်ဇင်းပညာရဲ့ သဘောသဘာဝတွေ ပိုမိုသိရှိနားလည်သွားဖို့အတွက် ဂျာနယ်လစ်တွေအနေနဲ့ သူတို့နဲ့ တွေ့ဆုံစကားပြောဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

သတင်း- Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.