ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်ဝန်ကြီး တွေ့ဆုံသည့် ဓာတ်ပုံ ပေါ်ထွက်လာ

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာနဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအား သွားရောက်တွေ့ဆုံခဲ့သည့် ဓာတ်ပုံသည် တရုတ်သတင်းမီဒီယာများနှင့် လူမှုကွန်ယက်များတွင် သြဂုတ် ၁၂ ရက်နေ့က ပေါ်ထွက်လာသည်။

၂၀၁၁ ခုနှစ်တွင် တာဝန်မှ အနားယူသွားပြီးနောက် လူမြင်ကွင်းသို့ ပေါ်ထွက်လာခြင်းမရှိသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ပထမဆုံး ပြန်လည် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ယခုတရုတ်ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတာဝန်မှ အနားယူပြီးချိန်မှ စတင်ကာ ပထဆုံး လက်ခံတွေ့ရှိခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။ သို့သော် မည်သည့်နေ့ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်ကိုမူ မသိရှိရပေ။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်ဝန်ကြီး တွေ့ဆုံနေသည့် ဓာတ်ပုံ။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တရုတ်ဝန်ကြီး တွေ့ဆုံနေသည့် ဓာတ်ပုံ။

မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၀ ရက်နေ့ ညက နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၄ ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင်များကို တွေ့ဆုံရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁၂ ရက်နေ့ ထုတ်ပြန်သည့် အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်အတူ တရုတ်ဝန်ကြီးနှင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့အား သွားရောက်တွေ့ဆုံခဲ့သည့် သတင်းဓာတ်ပုံများကို ဖော်ပြထားသော်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့မှုကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ်လ ၁၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတဟောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ကိုလည်း မစ္စတာဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရအဖွဲ့ဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့သည်။ ထို့နောက် စစ်တပ်က ကြောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ အာဏာ လွှဲပြောင်းပေးအပ်ပြီးနောက် ၎င်းကိုယ်တိုင် ရွေးချယ်ခဲ့သည်ဟု ယူဆရသည့် ဦးသိန်းစိန်အား သမ္မအဖြစ် တင်မြှောက်ကာ တာဝန်မှ အနားယူသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် သြဇာအာဏာ ရှိနေဆဲဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ယူဆထားကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.