အိန္ဒိယက မြန်မာတပ်မတော်ကို ရဟတ်ယာဉ်နှင့် စစ်လက်နက်များ ထောက်ပံ့နေ

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် တပ်စွဲထားပြီး ၎င်းတို့အား တိုက်ခိုက်နေသည့် သောင်းကျန်းသူစခန်းများအား တိုက်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အိန္ဒိယက မြန်မာ့တပ်မတော်ကို ရဟတ်ယာဉ်နှင့် စစ်လက်နက်များ ထောက်ပံ့နေသည်ဟု အိန္ဒိယ သတင်းစာတစ်စောင်က ရေးသားထားသည်။

သောင်းကျန်းသူစခန်းများ တည်ရှိသည့်ဧရိယာများနှင့် နီးကပ်သည့်နေရာများတွင် စစ်အခြေစိုက်စခန်းများ ထားရှိနိုင်စေရန်အတွက် နယူးဒေလီက အဆင့်မြင့် စစ်လက်နက်များနှင့် ကိရိယာများကို မြန်မာ့တပ်မတော်ထံ စတင်ထောက်ပံ့နေပြီဖြစ်သည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Asian Age သတင်းစာက စက်တင်ဘာ ၅ ရက်နေ့က ရေးသားထားသည်။

ထို့ပြင် မြန်မာတပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလာစေရန်အတွက် ရဟတ်ယာဉ်များနှင့် အဆင့်မြင့်ပစ္စည်းများကိုလည်း အိန္ဒိယက ထောက်ပံ့ပေးသွားမည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။

သြဂုတ်လကုန်ပိုင်းက သမ္မတဦးထင်ကျော်၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်ကြားစောင့် တပ်ဖွဲ့ဝင်များအကြား အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသော နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် နှစ်နိုင်ငံ ထပ်လောင်း ကတိကဝတ် ပြုခဲ့ကြသည်ဟုလည်း သြဂုတ် ၂၉ ရက်နေ့က ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နှစ်နိုင်ငံ နယ်နိမိတ် တစ်လျောက်တွင် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် သောင်းကျန်းသူအဖွဲ့များ စခန်းချ လှုပ်ရှားနေမှုကို အိန္ဒိယက စိုးရိမ်ပူပန်လျက် ရှိသည်။

အဆိုပါ သောင်းကျန်းသူစခန်းများကို အိန္ဒိယတပ်ဖွဲ့ဝင်များက မကြာခဏ စစ်ဆင်ရေးဆင်နွှဲကာ တိုက်ခိုက်လေ့ရှိပြီး အဆိုပါတိုက်ခိုက်မှုများတွင် မြန်မာနိုင်ငံတွင်း ဝင်ရောက်တိုက်ခိုက်မှုများလည်း ရှိသည်ဟု သတင်းများ ထွက်ပေါ်လေ့ရှိသည်။ သို့သော် ထိုသို့သော သတင်းများကို နှစ်နိုင်ငံလုံးက ငြင်းဆိုလေ့ရှိကြသည်။

မြန်မာ့တပ်မတော်၏ စစ်အခြေစိုက်စခန်းများ ခြောက်လအတွင်း အသက်ဝင်လာမည်ဖြစ်သဖြင့် သောင်းကျန်းသူများ၏ လှုပ်ရှားမှုများလည်း နည်းပါးသွားမည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးက The Asian Age သတင်းစာကို ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar