ကိုဖီအာနန်နှင့် အကြံပေးကော်မရှင်က နေရပ်စွန့်ခွာခဲ့ရသူများနှင့် တွေ့ဆုံ

စစ်တွေ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋ္ဋိပက္ခများကြောင့် နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသူများသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့် စက်တင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်သည် နေအိမ်စွန့်ခွာခဲ့ရသူများနေထိုင်သည့် စခန်းများသို့ လှည့်လည်သွားလာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် မူဆလင်အသိုင်းအဝိုင်းအကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ဖြေလျော့စေရန်နှင့် ပြည်နယ်တွင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အကြံပေးရန် ကော်မရှင်အား ဦးဆောင်ရန် ကိုဖီအာနန်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်။

ကိုဖီအာနန်၏ ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ ခရီးစဉ်ကို စက်တင်ဘာ ၆ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းပါဝင်မှုသည် နိုင်ငံတကာ စွက်ဖက်မှု ဖြစ်သည်ဟုဆိုကာ ဒေသခံ အမျိုးသားရေးဝါဒီများက စစ်တွေမြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

၎င်းသည် စက်တင်ဘာ ၇ ရက်နေ့တွင် စစ်တွေမြို့အပြင်ဘက်ရှိ စခန်းများသို့ ရောက်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်က ပဋ္ဋိပက္ခများ ဖြစ်ပွားပြီး နောက်ပိုင်းမှ စတင်ကာ အဆိုပါစခန်းများတွင် မူဆလင်အများစုဖြစ်သည့် လူထောင်ပေါင်းများစွာ နေထိုင်နေကြရဆဲဖြစ်သည်။

မူဆလင်အသိုင်းအဝိုင်း သက်ကြီးရွယ်အိုများက ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြပ်အတည်းများနှင့် ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေးအပြင် သွားလာလှုပ်ရှားမှုများအတွက် ၎င်းတို့အပေါ်တွင် ချမှတ်ထားသော ကန့်သတ်မှုများကို ပြောကြားခဲ့ကြသည်။

“ဒီက ကျွန်တော်တို့ဘဝတွေဟာ အကျဉ်းသားတွေထက် ဆိုးပါတယ်” ဟု အသက် ၆၃ နှစ်အရွယ် ရိုဟင်ဂျာခေါင်းဆောင် ဦးအောင်ညိမ်းက အောင်မင်္ဂလာစခန်းတွင် ကိုဖီအာနန်နှင့် တွေ့ဆုံပြီးနောက် အေအက်ဖ်ပီကို ပြောသည်။ အဆိုပါစခန်းတွင် မူဆလင်များ နေထိုင်နေကြပြီး ပြင်ပသို့ ခွင့်ပြုချက်မရပဲ ထွက်ခွာခွင့် မရှိပေ။

“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်ဖို့လာတဲ့ ဘယ်သူကိုမဆို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒီမှာရှိတဲ့ မူဆလင်တွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေပေးဖို့ သူ့ကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.