ကျိုက်ထီးရိုးရှိ အထပ်မြင့်ဟိုတယ်များနှင့် ကန်ထရိုက် အလှူခံများကို ဖျက်သိမ်းမည်

ကျိုက်ထီးရိုးစေတီတော်ကြီးအနီးတွင် သတ်မှတ်အမြင့်ထက် ကျော်လွန်တည်ဆောက်ထားသည့် ဟိုတယ်များ၊ ဓမ္မာရုံများတွင် ဖွင့်လှစ်ထားသည့် တည်းခိုခန်းများကို ဖျက်သိမ်းမည်ဖြစ်သလို အတင်းအဓမ္မအလှူခံသည့် ကန်ထရိုက်အလှူခံများကိုလည်း ဖျက်သိမ်းတော့မည် ဖြစ်သည်။

စေတီတော်ကြီးအနီးတွင် ပေ ၃၀ ထက် ကျော်လွန်တည်ဆောက်ထားသည့် ဟိုတယ်အဆောက်အဦးများကို ခေတ်မီ နည်းပညာသုံးကာ ဖျက်သိမ်းသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရိုးရိုးလေးကုမ္ပဏီက တည်ဆောက်ထားသော ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ဟိုတယ်အခန်း ၁၃၅ ခန်းအပြင် ဥပဒေမဲ့စွာ ဆောက်လုပ်ခဲ့သော အခန်း ၁၀၆ ခန်း ပိတ်သိမ်းရေးကိုလည်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်အချို့က ဥပဒေမဲ့စွာဖြင့် ဟိုတယ်၊ တည်းခိုခန်းများ တည်ဆောက်ခြင်းကြောင့် ရှေးဟောင်း အဆောက်အဦ၏ မြင်ကွင်းကိုလည်းကောင်း၊ ဝန်းကျင်သဘာဝ မြင်ကွင်းကိုလည်းကောင်း အဟန့်အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့် မူလ ဘူမိမြေသားခိုင်မာမှုကို ပျက်စီးစေ၍ မြေသားပြတ်ရွေ့မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ နှစ်စဉ် ပြည်တွင်းပြည်ပမှ ဘုရားဖူး သိန်းပေါင်းများစွာ သွားရောက် ဖူးမေ ျှာ်လေ့ရှိကြသည်။ သို့သော် စေတီတော်မြတ်ကြီးတွင် တည်းခိုရန် နေရာထိုင်ခင်း ဈေးကြီးခြင်း၊ စနစ်မကျခြင်း၊ ဘုရားဖူးများ အလွန်များပြားသည့် အချိန်တွင် ဈေးများ မတန်တဆ တောင်းယူခြင်းများကို ဘုရားဖူးများ ကြုံတွေ့ရလေ့ရှိသည်။ တည်းခိုခ မတတ်နိုင်သောသူများသည် ဘုရားရင်ပြင်ပေါ်တွင် အိပ်စက်ကြရလေ့ ရှိသည်။

“သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ ရဟန်းရှင်လူ ပြည်သူအများ အခမဲ့ တည်းခိုရန် တည်ဆောက်ထားခဲ့သည့် ဓမ္မာရုံများကိုလည်း တည်းခိုခန်းများအဖြစ် ဥပဒေမဲ့စွာ ပြုပြင်တည်ဆောက်ခဲ့ကြပါသည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စေတီတော်၏ ဝတ္တကမြေအတွင်းရှိ လုပ်ငန်းရှင်များက တည်းခိုခန်း ပြုလုပ်ထားသောဓမ္မာရုံများကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်းရှင်လူ ပြည်သူအများ အခမဲ့တည်းခိုခွင့်ရရှိရေးအတွက် ဝန်ကြီးဌာနက ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ညှိနှိုင်း၍ ပြန်လည်ပြုပြင် ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုသည်

ထို့ပြင် ကျိုက်ထီးရိုးရှိ အလှူခံ ကန်ထရိုက်စနစ်ကိုလည်း ဖျက်သိမ်းတော့မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အလှူခံ ဌာနများ၊ အလှူခံပုံးများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မလျော်ညီစွာ ကန်ထရိုက်စနစ်ပေး၍ အတင်းအကြပ် အလှူငွေ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလှူခံဌာနများကလည်း အတင်းအဓမ္မ အလှူခံခြင်း၊ ကျိန်စာတိုက် အလှူခံခြင်းတို့ကြောင့် ဘုရားဖူး လာရောက်သူများအနေဖြင့် စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဘုရားကို ကြည်ညို သဒ္ဒါပွားနိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် စေတီတော် ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားအလှူခံဌာနများအား ကန်ထရိုက်ပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဖျက်သိမ်း၍ စေတီတော် ဝန်ထမ်းများဖြင့် အလှူခံပုံးအား နေ့စဉ် ရေတွက်ခြင်း၊ နောက်တစ်နေ့တွင် ဘဏ်သို့အပ်နှံခြင်း၊ အလှူခံဖြတ်ပိုင်းဖြင့် အလှူခံခြင်း အစရှိသည့် လုပ်ငန်းများကို ဂေါပကအဖွဲ့က စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စေတီတော်၌ ဘုရားဖူးများ ကပ်လှူကြသည့် ရွှေဆိုင်းများ အရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစားမမှန်ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ပြုပြင်နိုင်ရန်အတွက်လည်း ရွှေဆိုင်းတင်ဒါပေးသွင်းမှုစနစ် မှန်ကန်ရေးအတွက် ဝန်ကြီးဌာနက စီမံကြီးကြပ် ဆောင်ရွက်မည် ဖြစ်သည်။

ယခင် ဂေါပကအဖွဲ့ဝင် ၁၅ ဦးအနက် တစ်ဦးကွယ်လွန်သွားပြီဖြစ်ကာ သုံးဦးကို အနားယူခွင့်ပြုခဲ့ပြီး ယာယီဂေါပကအဖွဲ့ကို ကျန်ရှိသည့် ဂေါပကအဖွဲ့ဝင် ၁၁ ဦး၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦး၊ စုစုပေါင်း ၁၅ ဦးဖြင့် သြဂုတ် ၂၃ ရက်နေ့က စတင်ကာ ဖွဲ့စည်းပြီးဖြစ်သည်ဟု သိရသည်။

ဂေါပကအဖွဲ့ စည်းမျဉ်း(မူကြမ်း)ကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ၊ ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့ဖြင့် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သြဂုတ် ၂၅ ရက်နေ့က ပေးပို့ထားသည်ဟု ဆိုသည်။

ကျိုက်ထီးရိုးစေတီတော်တွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မလျော်ညီစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအသီးသီးကို ဥပဒေနှင့်အညီဖြစ်စေရန် စီမံ ကြီးကြပ်သွားမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များကို တည်ဆဲ ဥပဒေများနှင့်အညီ ဝန်ကြီးဌာနက နိုင်ငံတော်ကိုယ်စား တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar